ပညာရေးဝန်ကြီးဌာနသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အခမဲ့ပညာရေး အစီအစဉ်ကို အထက်တန်း အဆင့်အထိ တိုးချဲ့ဆောင်ရွက်မည်ဟု သိရသည်။ ကျေးဇူးလည်း တင်ရှိပါ၏ဟု ပြောလိုသော်လည်း ကျေးဇူးတင်ရမည့်ကိစ္စလား၊ ကိုယ့်တာဝန် ကိုယ်ကျေရမည့် ကိစ္စလေလား ခေတ္တစဉ်းစားနေရ၍ ကျေးဇူးတင် စကား ပြောခြင်းကို ခဏဆိုင်းငံ့ထား လိုက်ပါသည်။
၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်း ပညာရေးကို အခမဲ့သင်ကြားစေခဲ့ပြီး ယခု ၂၀၁၅-၁၆ တွင် အထက်တန်း အဆင့်အထိ တိုးမြှင့်ဆောင်ရွက်မည်ဟု ဆိုသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကဏ္ဍ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) အားလုံးအတွက် အခမဲ့ပညာသင်ကြားရေး ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၂၉ ဘီလီယံကျော် သုံးစွဲရန် လျာထား သည်ဟု သိရသည်။ ၂၀၁၅-၁၆ ဘတ်ဂျက် ခွဲဝေမှုအရ ပညာရေးကဏ္ဍအတွက် လျာထား ငွေ ကျပ် ၁၄၀၉ ဒသမ ၉၁၉ ဘီလီယံရှိသဖြင့် ထိုအထဲက အခြေခံ ပညာရေး အခမဲ့သင်ကြား ရေး အသုံးစရိတ် ၂၉ ဘီလီယံကျော် သုံးစွဲရန် လျာထားသည်ကို နှိုင်းယှဉ်ချိန်ဆလျှင် ကျေးဇူး တင်ရပါမည်လား သို့မဟုတ် ဝမ်းနည်းရမှာလား ဝမ်းသာရမှာ လား မိသိန်းကြည်ဆိုသည့် ရုပ်ရှင် ဇာတ်ကားနာမည်ကို ပြေးသတိရမိသည်။
ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ဘတ်ဂျက်ထဲက ပိုပိုမိုမိုပြောလိုက်ရမည်ဆိုလျှင် နှစ်စဉ် ၆ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိနေသေး သည်။
ယခုလာမည့် ပညာသင်နှစ် ၂၀၁၅-၁၆ တွင် အခြေခံပညာရေးအဆင့်အားလုံး တန်းကုန် အခမဲ့ ပညာသင်ကြား ခွင့် ရကြတော့မည်။ ပညာရေးဝန်ကြီးဌာနက ဤကဲ့သို့ ကြေညာ ထားသည်။ မူလတန်းအဆင့် ကျောင်းသား ငါးသန်းကျော်အတွက် တဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ဗလာ စာအုပ်ခြောက်အုပ် နှင့် ကျောင်းဝတ်စုံ တစုံစီကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား ၂ ဒသမ ၈ သန်းကျော်အတွက် ကျောင်းသုံး ပုံနှိပ် စာအုပ်များကို လည်းကောင်း၊ အထက်တန်း ကျောင်းသား ရှစ်သိန်းကျော်အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ကို လည်းကောင်း အခမဲ့ ဖြန့် ဝေမည်ဖြစ်သည်ဟု ဆိုသည်။ ဒါလား အခမဲ့ ပညာသင်ကြားရေး၊ မည်သို့ဆိုစေ ကျောင်းအပ်သည်ကအစ ဘာကြေး ညာကြေး အကြောင်းပြကြေးများ အခမဲ့ဖြစ်သည်ဟု မကြေညာလင့် ကစား ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ် အခမဲ့ထုတ်ပေးခြင်းကိုတော့ ယခု စတင်ကျေးဇူးတင်လိုက်ပါသည်။
အခြေခံပညာအဆင့်တွင် တန်းကုန်အခမဲ့ဟု သင်ကြားရေးစနစ် ကျင့်သုံးနေပါသည်ဟု ကြားသိနေရဆဲတွင် အခမဲ့ပညာရေး ဟူသည် အဘယ်နည်းကို ကျောင်းသားမိဘတို့ ဝေဝါး ထွေပြားနေကြပါသည်။ အခမဲ့ပညာရေး စနစ်ဟူသည် သူငယ်တန်းမှ ဒသမတန်းအထိ ပုံနှိပ် စာအုပ်များ ထုတ်ပေးခြင်း၊ ဗလာစာအုပ်များ ထုတ်ပေးခြင်း၊ ကျောင်း ဝင်ကြေး၊ ကျောင်းအပ်ကြေး၊ အခြား ဘာကြေး ညာကြေးများ လုံးဝ တပြားမှ မပေးကြေးဖြင့် ပြီးသွား ပါပြီလား၊ ဤသည်ကို အခမဲ့ပညာရေး စနစ်ဟု ခေါ်ဆိုပါသည်လား ဆိုသည်ကို ကျောင်းသားမိဘများက သိချင်နေကြသည်။
အခမဲ့ပညာရေး၏ နောက်ကွယ်တွင် အတန်းပိုင်ဆရာမ၏ မယူမနေရ ကျူရှင်၊ ပြင်ပဆရာများ၏ ကျူရှင်များ ကို အပြေးအလွှား တက်ရောက်နေကြရသည်ကို လယ်ပြင် ဆင်သွားသလို အထင်အရှား မြင်နေရပြီး ဖြစ်သည်။ တနိုင်ငံလုံးလွှမ်းခြုံသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ရုပ်လုံးပေါ်ပေါက်ရန် ဆွေးနွေးညှိနှိုင်းပြီး ပညာရေးဥပဒေ ပြဋ္ဌာန်းပြီးပါသော်လည်း ကျူရှင်စနစ် ပပျောက်ရေးကို အဘယ်ကြောင့် မလုပ်နိုင်ကြပါသနည်း။
လက်ရှိပညာသင်ကြားရေးကို စောဒကတက်ကြည့်လျှင် ကျောင်း စာသင်ခန်းထဲတွင် သင်ကြားသူနှင့် သင်ယူသူတို့ကြား တခါတည်း အပြီးအပြတ် စာတတ်အောင်ဘာကြောင့် သင်မပေးနိုင်ရလေသနည်း ကို ဆန်းစစ်ရမည်။
ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီ အမံများ ဆွေးနွေးညှိနှိုင်းကြရာတွင် ကျူရှင် စရိတ် ပပျောက်ရေး၊ ကျူရှင်စနစ် ပပျောက်ရေး အစီအမံများ မပါဝင်ခဲ့ချေ။ ဘက်စုံလွှမ်းခြုံ သော ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး ညှိနှိုင်းဆွေးနွေးပွဲများက ပေါ်ထွက်လာသော အခြေခံအချက်များအရ အမျိုးသား ပညာရေး ဥပဒေကြမ်း ပေါ်ထွက်လာသည်ဖြစ်ရာ ゞင်းဥပဒေ ကြမ်းအဆင့်မှာပင် ကျောင်းသားထုနှင့် ကျောင်းသားမိဘအများစုက ကျူရှင်စနစ်ပပျောက် ရေးကို အာမခံချက် ပေးမထားသော၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိသော၊ အဆင့်အတန်းခွဲခြားသော ပညာသင်ကြားရေးကို ဖြစ်ပေါ် နေစေသော အဆိုပါမူကြမ်းကို ကန့်ကွက်ခဲ့ကြပြီးဖြစ်၏။
ယခု ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အခြေခံပညာ အတန်း အားလုံး အခမဲ့ပညာရေးကို ခံစားခွင့်ရကြတော့မည်။ ကောင်းတော့ ကောင်းပါသည်။ ဒါပေမယ့် အခမဲ့ပညာရေး ဆိုသည်ကို အဓိပ္ပာယ် ပြည့်စုံမည်၊ အဓိပ္ပာယ်ပြည့်စုံ ဖို့ဆိုလျှင် ကျောင်းနေအရွယ် ကလေးငယ် အားလုံး ကျောင်းအပ်ချိန် ကျောင်းအပ်နှံရေး ရက်သတ္တတပတ် အတွင်း ကျောင်းအပ်နှံနှုန်း မြင့်တက်ရေး ဆောင်ရွက်ခြင်းနှင့်အတူ ကျောင်း ပြန်ထွက်နှုန်းကိုလည်း စနစ်တကျ စာရင်းကောက်သင့်သည်။ ဘာ ကြောင့် ကျောင်းပြန်ထွက်နေရသနည်း၊ မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်းသို့ တက်ရောက်သင်ကြားနှုန်း ဘာ ကြောင့် လျော့ကျသနည်းကို လေ့လာအဖြေရှာသင့်ပါသည်။
အခမဲ့ပညာရေး ဖော်ဆောင်ပေးနေပါသော်လည်း ကျောင်းသားများ၏ နောက်ကွယ်တွင် မိသားစု စားဝတ်နေရေး ပြဿနာရှိနေသည်။ ယင်းသည် ပညာသင်ကြားရေးအတွက် ကြီးစွာသော အဟန့်အတား ဖြစ်နေသည်။ မြန်မာပြည်သည် ဆင်းရဲနွမ်းပါးအဆင့်မှ ဆင်းရဲမွဲတေ အဆင့်သို့ လျော့ကျနေသည်။ အခမဲ့ ပညာရေးစနစ် ယခင်နှစ် ကတည်းက ကျင့်သုံးခဲ့သော်လည်း လက်ရှိတွင် မူလတန်းအဆင့်တွင် တက်ရောက်သင်ကြားသူ ၅ သန်းကျော်သာရှိပြီး ၎င်းတို့အထဲက ၂ သန်းကျော်သာ အလယ်တန်းအဆင့်သို့ ဆက်လက် ပညာဆည်းပူးနေ သည်ဟု ပညာရေးဝန်ကြီးဌာန၏ စာရင်းဖော်ပြချက်အရ သိရသည်။ သို့ဆိုလျှင် ကျောင်းသား ကျောင်းသူ ၃ သန်း လောက်သည် မူလတန်းပညာ အဆင့်ဖြင့်ပင် ပြီးသွားကြချေပြီ။
အခမဲ့ ပညာရေးစနစ်ကို ပုံဖော်လျှင် ထိရောက်မှုရှိစေရန် မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး အဖွဲ့ (CESR) အမျိုးသားအဆင့် ပညာရေး ကျွမ်းကျင်ပညာရှင် တဦးကတော့ ယခုလို သုံးသပ်ပြထားသည်။ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အခမဲ့ပညာသင်နိုင်သည့်စနစ် ထိရောက် အကောင်အထည် ပေါ် လာရန် အလုပ်ခွင်ဝင်နေရသည့် ကလေး၏ ဝင်ငွေကို အစိုးရက ကျခံကာ မိသားစုထံ ထောက်ပံ့ပေး၍ ကလေးကို ကျောင်းဆက်နေနိုင်ရေး ပံ့ပိုးပေးသင့်သည်ဟု ဆိုသည်။ ယင်း အစီအစဉ်အတွက် ဘက်ဂျက်ငွေကိုလည်း ၂၀၁၅-၁၆ ပညာသင်နှစ် ပညာရေးဘတ်ဂျက်တွင် ထည့်သွင်း တောင်းခံထားပြီးဖြစ် သည်ဟုလည်း သိရသည်။ ဖော်ပြခွင့် ရမည်ဆိုပါက ယခုနှစ် ပညာရေးဘတ်ဂျက်ကို မည်သို့ ထပ်မံ စိတ်ဖြာကာ မည်သည့်နေရာ၊ မည်သည့် အကြောင်း အရာကိစ္စများတွင် မည်မျှခွဲဝေ သုံးစွဲသွားမည်ကို ပွင့်လင်းမြင်သာ ဖော်ပြပေး စေလိုပါသည်။ သို့မှသာ မိဘပြည်သူများက အခမဲ့ပညာရေးကို အကြောင်းပြကာ ပညာရေး ကဏ္ဍ မြှင့်တင်ရေးကို တပွဲထိုး ဆေးမြီးတိုများဖြင့် ကုသနေသည်လား ရှင်းရှင်းလင်းလင်း စစ်ဆေးနိုင်မည် ဖြစ်သည်။
(မောင်လွင်ပြင်သည် သတင်းစာ၊ ဂျာနယ်များတွင် သတင်း ဆောင်းပါးများကို ပုံမှန်ရေးသားနေသူဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်)