မန္တလေးကို အလည်အပတ်ခရီး လာရောက်သူတွေအဖို့ မဖြစ်မနေ သွားရောက်လေ့လာဖို့ ကြိုးစားလေ့ရှိကြတဲ့နေရာတခုကတော့ မန္တလေးနန်းတွင်းပဲဖြစ်ပါတယ်။ တိတိကျကျပြောရရင် မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ စိုးစံခဲ့တဲ့ နန်းတွင်းထဲက မြနန်းစံကျော်ရွှေနန်းတော်ပါ။
မန္တလေးသားစစ်စစ်ဖြစ်တဲ့ စာရေးသူဟာ နန်းတွင်းထဲကို မရောက်ဖြစ်တာကြာပါပြီ။ စာရေးသူတင် မဟုတ်ပါဘူး။ အခြားမန္တလေးဒေသခံ အများစုဟာလည်း မန္တလေးနန်းတွင်းထဲကို သိပ်မရောက်ဖြစ်ကြတော့ပါ။ မန္တလေးဒေသခံတွေဟာ နန်းတွင်းထဲကို ဝင်ဖို့ထက် ကျားမြီးသာဆွဲချင်ကြပါတယ်။ နန်းတွင်းထဲသွားဖို့ မကြိုးစားချင်ကြပါဘူး။
အဓိက အကြောင်းအရင်းကတော့ နန်းတွင်းအဝင်အထွက် အစစ်အဆေး အမေးအမြန်းတွေရယ်၊ နန်းတွင်းထဲရောက်သွားရင်လည်း ဟိုနေရာမဝင်ရ၊ ဒီနေရာမဝင်ရဆိုပြီး နန်းတွင်းထဲက စစ်တပ်ရဲ့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြောင့် မသွားဖြစ် မရောက်ဖြစ် မလေ့လာဖြစ်ကြတော့တာဖြစ်ပါတယ်။ မတော်လို့ တားမြစ်ထားတဲ့နေရာတွေကို မသိနားမလည်နဲ့ ဝင်မိတယ်ဆိုရင် ဘာဖြစ်မှန်းမှ မသိနိုင်တာကိုး။ ဝင်ရထွက်ရ၊ သွားရလာရ ခက်ခဲတဲ့ အခြေနေတွေကြောင့် မန္တလေးက လူငယ်အများစုဆို နန်းတွင်းထဲ မရောက်ဖူးကြလို့ အထဲမှာ ဘာရှိမှန်းကို မသိကြတော့ပါဘူး။
တနင်္ဂနွေရုံးပိတ်ရက်တခုမှာတော့ ရန်ကုန်က မိတ်ဆွေတဦးက သွားလေ့လာချင်တယ်ဆိုလို့ နန်းတွင်းထဲကို လိုက်ပို့ဖြစ်ပါတယ်။ ထုံးစံအတိုင်း အဝင်ပေါက်မှာ စစ်သည်တဦးရဲ့ အစစ်အဆေးခံယူပြီး ပါလာတဲ့ လိုင်စင်ကို အပေါင်သဘောမျိုးထားခဲ့ရပြီးနောက် ဆိုင်ကယ်ကို ဆင်းတွန်းကာ နန်းတွင်းထဲကို စတင်ခြေချမိခဲ့ပါတယ်။ ဒီလိုအခြေနေဟာ ရန်ကုန်သားဧည့်သည်အတွက် အထူးအဆန်းသဖွယ်ဖြစ်နေပါတယ်။
နန်းတွင်းထဲ စိတ်တထင့်တင့်နဲ့ ဟိုနားဒီနား လျှောက်ပတ်ပြီး မြနန်းစံကျော်ရွှေနန်းတော်ကြီး အပေါ် နန်းတော်ဖွဲ့စည်းပုံတွေ ဓာတ်ပုံတွေ၊ ရှေးဟောင်းပုံစံတူ ပြုလုပ်ထားတဲ့ ရုပ်တုတွေ၊ အသုံးအဆောင်တွေ၊ အဆောက်အဦးတွေကို လေ့လာကြပါတယ်။ ဒီလို ဟိုနားဒီနားကြည့်ရင်းနဲ့ မြနန်းစံကျော်ရဲ့ အနောက်ဘက် ယဉ်ကျေးမှု ပြတိုက်ထဲကိုရောက်ရှိကာ လေ့လာမိပြန်ပါတယ်။
ယဉ်ကျေးမှု ပြတိုက်ဟာ နန်းတော်ရဲ့ အနောက်ဘက်မှာ မထင်မရှားတည်ရှိနေလို့ ပြတိုက်ရှိနေမှန်းတောင် မန္တလေးမြို့ခံတွေရော လာရောက်လေ့လာသူတွေရော သိပ်မသိရှိကြပါဘူး။ ဒီနေ့မှာတော့ အားလပ်ရက် တနင်္ဂနွေမို့လားတော့မသိပါဘူး၊ ပြတိုက်ထဲမှာ လာရောက်လေ့လာသူ အနည်းငယ်တွေ့ရပါတယ်။ ပုံမှန်ရက်တွေဆို လူ သိပ်မရှိလှပါဘူး။
ရတနာပုံခေတ် ကုန်းဘောင်နောက်ဆုံးမင်းဆက်ရဲ့ အသုံးအဆောင်တွေ လက်ရာတွေဟာ ပြတိုက်လို့ ဆိုတဲ့ အထဲမှာ မထင်မရှား ပြသထားတာကိုတွေ့ရတော့ အားမလို အားမရဖြစ်တဲ့အပြင် စိတ်လည်းမကောင်းမိပါဘူး။
ပြတိုက်လို့ပြောပေမယ့် နေရာက ခပ်ကျဉ်းကျဉ်းလေးဖြစ်ပါတယ်။ အဲဒီနေရာကျဉ်းလေးထဲမှာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်က ရှေးဟောင်းတိုင်၊ သစ်သားပေါ်မှာ ထွင်းထားတဲ့ နန်းမြို့တည်မော်ကွန်း သစ်သားချပ်၊ မင်းတုန်းမင်းရဲ့ ဝတ်လဲတော်ပုဆိုး၊ သီပေါဘုရင် ပြင်သစ်ကနေမှာယူ အသုံးပြုခဲ့တဲ့ ဖန်သလွန်၊ စုဖုရားလတ် လက်ရေးတော်မူရင်း၊ မက္ခရာမင်းသား အသုံးပြုခဲ့တဲ့ သလွန် အပါအဝင် ရတနာပုံခေတ်အခါက အဝတ်အစားအချို့နဲ့ သမိုင်းဝင် အခြားအသုံးအဆောင်ပစ္စည်းတွေကို ခေတ်မမီစွာ၊ ဆွဲဆောင်မှု ကင်းမဲ့စွာ ခင်းကျင်းပြသထားပါတယ်။
ပြသထားတဲ့အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် တာဝန်ယူထားရတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဟာ ကုန်းဘောင်ခေတ်(ရတနာပုံခေတ်) ရှေးဟောင်းပစ္စည်း အသုံးအဆောင်တွေကို သိမ်းထားတာလား၊ အများပြည်သူလေ့လာခွင့်ရအောင် ပြသထားတာလားဆိုတာကို မသဲကွဲပါဘူး။ တာဝန်ကျေ လုပ်ထားသလိုဖြစ်နေပါတယ်။
ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းထားတာက အဓိကရည်ရွယ်ချက်လို့ပြောရင်လည်း မင်းတုန်းမင်း ဝတ်လဲတော်ပုဆိုးဆိုရင် အလုံပိတ်မှန်သေတ္တာထဲမှာ ဒီအတိုင်းခေါက်လျက်လေး ထည့်ထားတာပါ။ နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိတဲ့ အဝတ်အထည်ကို ဒီအတိုင်း သိမ်းထားမယ်ဆိုရင် သဘာဝအရ ဆွေးမြေ့ ပျက်စီးလာမှာဖြစ်ပါတယ်။ အခု လက်ရှိအခြေအနေမှာကို တော်တော်လေး ယိုယွင်းနေပါပြီ။ ပျက်စီးစပြုနေပါပြီ။ ပြတိုက်ထဲမှာ ထားရှိတဲ့ အခြား အဝတ်အထည်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ ဒီရှေးဟောင်းအဝတ်အထည်တွေကို နိုင်ငံတကာ နည်းပညာအကူအညီတွေနဲ့ ထိန်းသိမ်းတော့မယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ယဉ်ကျေးမှုဝန်ကြီးက မီဒီယာတွေကို ပြောကြားခဲ့တာ ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ စလုံးရေးတောင်မစရသေးတဲ့အပြင် ထိန်းသိမ်းဖို့ အစီအစဉ်တွေ စိတ်ကူးတွေရော ရှိပါသေးရဲ့လားလို့တောင် မေးခွန်းထုတ်ချင်ပါတယ်။
ဒီလိုပါပဲ နန်းမြို့တည်မော်ကွန်း စာမူရင်းဆိုရင်လည်း မန္တလေးမြို့အတွက် အင်မတန် အဖိုးတန်တဲ့ရှေးဟောင်းပစ္စည်းပါ။ အဲဒီမော်ကွန်းစာဆိုရင်လည်း ဒီအတိုင်း သစ်သားခုံလေးပေါ်မှာ တင်ပြီး ပြသထားပါတယ်။ အဆင့်မြင်မြင့် ထိန်းသိမ်းထားမယ်ဆိုရင် တန်ဖိုးပိုရှိလာမှာဖြစ်ပါတယ်။
ပြတိုက်ဆိုတာ အများပြည်သူလေ့လာနိုင်ဖို့ ပစ္စည်းတွေ လက်ရာတွေ၊ အသုံးအဆောင်တွေကို တစုတစည်းထဲထားရှိ ပြသထားရတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုပြတိုက်ထဲမှာ ပြီးလွယ် စီးလွယ် ခင်းကျင်းပြသထားတာဟာ စိတ်ဝင်စားစရာမကောင်းသလို၊ ဆွဲဆောင်မှုလည်းမရှိလှပါဘူး။ ဆွဲဆောင်မှုမရှိရင် လာရောက်လေ့လာသူလည်း သိပ်ရှိမှာမဟုတ်ပါဘူး။
ရတနာပုံခေတ် ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင်စိုးစံခဲ့တဲ့ မန္တလေးနေပြည်တော်ကြီးမှာ အဲဒီခေတ်အခါက ကျန်ရှိခဲ့တဲ့ အသုံးအဆောင်၊ ပစ္စည်း၊ လက်ရာတွေရှိနေပါလျှက် ရေရှည်တည်တံ့အောင် မထိန်းသိမ်းနိုင်၊ အများပြည်သူလာရောက်လေ့လာဖို့ အဆင့်မီပြတိုက်မရှိသေးတာတွေဟာ အင်မတန်မှ ရှက်စရာကောင်းပါတယ်။ ဒီတာဝန်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အစိုးရတွေမှာ အဓိက တာဝန် ရှိပါတယ်။
ခေတ်မီတိုက်တာတွေ၊ လမ်းတွေ၊ တံတားတွေကို ပိုက်ဆံရှိရင် အချိန်မရွေး အသစ်ဆောက်လုပ် ဖန်တီးလို့ရပါတယ်။ သမိုင်းဝင် ရှေးဟောင်းပစ္စည်းတွေကတော့ ပိုက်ဆံနဲ့ ဆောက်လုပ် ဖန်တီးလို့မရပါဘူး။ တန်ဖိုးလည်း ဖြတ်လို့ မရပါဘူး။ သမိုင်းတွေကို ပြောပြနေတဲ့ ရှေးဟောင်းအသုံးအဆောင်တွေ လက်ရာတွေ၊ ပစ္စည်းတွေကို ခေတ်မီမီ ထိန်းသိမ်းပြီး
အများပြည်သူ စိတ်ဝင်စားဖွယ်ဖြစ်အောင် အဆင်မီပြသနိုင်ဖို့ အဆင့်မီပြတိုက်ကြီးတစ်ခု မန္တလေးမှာ လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်။
အဆင့်မီ ပြတိုက်ကြီးတခုသာ ရှိလာရင် နန်းတွင်းထဲက ယဉ်ကျေးမှုပြတိုက်ရှိ ရှေးဟောင်းပစ္စည်းတွေတင် မကပါဘူး။ ကွဲကွဲပြားပြားရှိနေတဲ့ ရတနာပုံခေတ် ကုန်းဘောင်မင်းဆက် ရှေးဟောင်းသမိုင်းဝင် ပစ္စည်းတွေပါ စုံစုံညီညီ ထိန်းသိမ်းထားရှိ ပြသလာနိုင်မှာဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)