မြန်မာပြည်သူတို့အတွက် ရွှေဝယ်ယူခြင်းသည် အကျိုးအမြတ်ရရှိရန် သေချာသော ရင်းနှီးမြှုပ်နှံမှု နည်းလမ်း တခု ဖြစ်နေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကောင်းမွန်ထိရောက်သည့် ဘဏ်လုပ်ငန်းစနစ် မရှိခြင်းသည် ထိုရင်းနှီး မြှုပ်နှံမှုကို အားပေးနေသည့် အဓိပ္ပာယ်သက်ရောက်မှုရှိသည်။ ထို့ကြောင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်သာရရှိနိုင် သည့် မြန်မာနိုင်ငံတွင် ရွှေဈေးကွက်က တည်ငြိမ်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးကျော်ဝင်းသည် Myanmar Gold Development Public Company ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပြီး ဦးထုံ ရွှေဆိုင်၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ကျော်ဆုမွန်က သူနှင့် တွေ့ဆုံမေးမြန်းခဲ့သည့်အချိန်တွင် မြန်မာ နိုင်ငံ၏ ပြည်တွင်းရွှေဈေးကွက်နှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုများကို ဦးကျော်ဝင်းက ပြောပြခဲ့ ပါသည်။
ဧရာဝတီ။ ။ ဒီရွှေလုပ်ငန်းကို ဘယ်အချိန်က စတင်ခဲ့ပါသလဲ။ ဒီလုပ်ငန်းရဲ့ အစောပိုင်းကာလတွေ မှာ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ။
ဦးကျော်ဝင်း။ ။ ကျနော့် အဖေ ဦးထုံက ရွှေပန်းထိမ် လုပ်ငန်း ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော် သူအသက် ၁၇ နှစ်အရွယ်ကတည်းက စလုပ်ခဲ့တာပါ။ အဲဒီအချိန်ထဲက ရွှေလုပ်ငန်းက ကျနော်တို့ရဲ့ မိသားစု စီးပွားရေး ဖြစ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကျနော် ပထမဆုံး ဦးထုံရွှေဆိုင်ဖွင့်ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်မှာ ရန်ကုန်မှာ ပဲ နောက်တဆိုင်ထပ်ဖွင့်ပါတယ်။
ကျနော်မှတ်မိသလောက်ဆိုရင် ကျနော် အထက်တန်းကျောင်းသားဘဝက ရွှေတကျပ်သား ဈေးက ကျပ်ငွေ ၂၀ဝ နဲ့ ၃၀ဝ အတွင်းမှာပဲရှိတယ်။ အဲဒီအချိန်တုန်းက ရွှေထည်ပစ္စည်းတွေရောင်းတာ ကနေအလျော့တွက် လက်ခ အဖြစ်ပေါ့၊ အဲဒီကနေ ကျနော်တို့ ပိုက်ဆံရတယ်။ နောက်ထပ် ၅ နှစ် ၁၀ နှစ် လောက်ကြာတော့ ရွှေဈေးက တကျပ်သားကို ကျပ် ၃၀ဝဝ-၄၀ဝ၀ အထိဖြစ်သွားတယ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာတော့ ငွေစက္ကူတွေ တရားမဝင်ကြေညာမယ်ဆိုတဲ့ ကောလာဟလ တွေ မကြာခဏ ထွက်တယ်။ ရွှေဈေးလည်း အဲဒီကာလတွေဆိုရင် အရမ်းတက်သွားလေ့ရှိတယ်။ သူတို့ ကောလာဟလတွေ ကြားတိုင်း လူတွေက ရွှေတွေ အများကြီး ဝယ်ကြတယ်။ အထူးသဖြင့် ၁၉၈၅- ၈၆ ခုနှစ်ဝန်းကျင်မှာပေါ့။ အခြေအနေတခု မှာတော့ ရွှေဈေးကွက်က လုံးဝပုံမှန်မဟုတ်တဲ့အနေ အထားဖြစ်သွားလို့ ကျနော်တို့ ရန်ကုန်မှာရွှေ အရောင်း ရပ်ပစ်လိုက် ရဖူးတယ်။
အဲဒီအချိန်တုန်းက အစိုးရက ၁၀ဝ၊ ၇၅၊ ၂၅ နဲ့ ၃၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်တော့ ကြောင်းကြေညာခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ နောက်ကျ တော့ လူတွေက သူတို့ ရွှေပဲဝယ်စုသင့်တယ်လို့ ထင်သွားကြတယ်။ စစ်အစိုးရက ကျပ် ၁၀ဝဝနဲ့ ၅၀ဝ၀ တန်ငွေစက္ကူတွေ ထုတ်မယ် လို့ ကြေညာခဲ့တဲ့ ၁၉၉၅ နဲ့ ၂၀ဝ၉ ခုနှစ်တွေမှာလည်း ရွှေဈေးတက်နေ တုန်းပဲ။ အစိုးရ က ဝန်ထမ်းတွေကို လစာတိုးပေး တော့လည်း ရွှေဈေးတက်တယ်။
အရပ်သား အစိုးရတက်လာတဲ့ အခါမှာတော့ သူတို့က ငွေလဲနှုန်းကို ပုံသေလုပ်ခဲ့တယ်။ ရွှေဈေးလည်း တည်ငြိမ်သွားတယ်။ အခုဆိုရင် လူတွေက ရွှေဈေး ကွက်မှာ ဘယ်အချိန် ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲ ဆိုတာ သိလာကြပြီ။ ဘာကြောင့်လဲဆိုတော့မီဒီယာ တွေကနေ သတင်းအချက်အလက်တွေ ရရှိနိုင်လို့ပါ။
မြန်မာလူမျိုးတွေက ဘယ်အချိန်ကစပြီး အနာဂတ်ရင်းနှီးမြှုပ်နှံမှု အဖြစ်ရွှေကို သိသိသာသာ စုဆောင်းခဲ့ကြတာလို့ လေ့လာမိပါသလဲ။
မြန်မာဘုရင်တွေ ခေတ်ကတည်းက မြန်မာ တွေ ရွှေစုခဲ့ကြပါတယ်။ လူတွေက အခမ်းအနား တွေမှာ ရွှေဝတ်ဆင်ရတာကို သဘောကျတယ်။ ရေရှည် အကျိုးအမြတ်အတွက်လည်း ရွှေကို စုဆောင်း ခဲ့ကြပါတယ်။ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ရွှေကို ပိုပြီးတောင် စိတ်ဝင်စားလာကြတယ်။ လတ် တလောမှာ ဘဏ်စနစ်တွေ တိုးတက်လာပေမယ့် လူတွေက သဘောကျနေကြဆဲဖြစ်တဲ့အတွက် ရွှေစု တဲ့ အလေ့အထက ပျောက်ကွယ်သွားမှာ မဟုတ် ပါဘူး။ ဒါက အမြဲတမ်း အကျိုးအမြတ်ရနိုင်မယ့် စုဆောင်းနည်းဖြစ်ပါတယ်။
အတွေ့အကြုံတွေအရဆိုရင် ကမ္ဘာနဲ့ မြန်မာ နိုင်ငံမှာ ရွှေဈေး ဘယ်အချိန်တွေမှာ အမြင့်ဆုံး ရောက်ခဲ့ပါသလဲ။
ရွှေဈေး အမြင့်ဆုံး အချိန် က ၁၉၉၀ အစော ပိုင်း ပထမ အီရတ်စစ်ပွဲဝန်းကျင်လောက်မှာပါ။ ကမ္ဘာမှာ ရေနံဈေးတွေ တက်တော့ ရွှေဈေးတွေ လည်း တက်တယ်။ ၂၀၁၀ ခုနှစ်မှာ ရွှေဈေးက တအောင်စကို အမေရိကန် ၃၃ ဒေါ်လာ ဝန်းကျင် ကနေ ဒေါ်လာ ၁၉၀ဝ လောက်အထိတက်လာတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ ပြန်ကျသွားပြီး အခု ဆိုရင် တအောင်စကို ဒေါ်လာ ၁၁၀ဝ လောက်ရှိ တယ်။ မကြာခင်မှာ ရွှေဈေးကျသွားလိမ့်မယ်လို့ ကျနော် မထင်ဘူး။ မြန်မာဈေးကွက်မှာ ရွှေဈေး တကျပ်သားကို ကျပ် ၈၀ဝဝဝ၀ လောက်ရှိတုန်းက ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၁၉၀ဝ ရှိ တယ်။ အခုဆိုရင် တကျပ်သားကို ကျပ် ၆၈၀ဝဝဝ လောက်အထိကျသွားပြီး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ က ငွေကြေး ဖောင်းပွမှုကြောင့် ရွှေဈေးက ကမ္ဘာ့ ရွှေဈေးလောက် သိသိသာသာ ကျမသွားဘူး။
ငွေကြေးဖောင်းပွမှုက ရွှေဈေး အပေါ်ဘယ်လို သက်ရောက်မှုရှိပါသလဲ။ ဘယ်လို ဆက်စပ်ပါသလဲ။
ဒီမှာ ဘဏ်စနစ် အားနည်းတာကြောင့်လို့ ကျနော်ထင်တယ်။ တခြားနိုင်ငံတွေမှာ လူတွေက ပိုင်ဆိုင်မှုတွေ ရောင်းတဲ့ဝယ်တဲ့အခါ ငွေသားမလို ဘူး။ ဒါပေမယ့် ဒီမှာတော့ ငွေသားက အရာရာ အတွက် မရှိမဖြစ်လိုအပ်နေတယ်။ စီးပွားရေး ဖွံ့ဖြိုး လာတာနဲ့အမျှ ငွေသားလိုအပ်ချက်ပိုများလာပြီး ငွေကြေးဖောင်းပွမှုလည်း တိုးလာမှာပဲ။ ရွှေ အရောင်း အဝယ် လုပ်ဖို့ ကျနော်တို့ငွေတွေ အများကြီးလိုတယ်။ ပိုင်ဆိုင်မှုတွေဝယ်တဲ့ အခါမှာလည်း ကျနော်တို့ဆီက အရစ်ကျ ငွေချေစနစ် ကျင့်သုံးမှုတွေကလည်းသူများ နဲ့ မတူဘူး ။ဒါကြောင့် ဈေးကွက်ထဲမှာ ငွေကြေး စီးဆင်းမှုပိုပြီး လိုအပ်တယ်။ လိုအပ်ချက်ကို ဖြည့် နိုင်ဖို့အတွက် အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ် တဲ့အခါ ငွေကြေးဖောင်းပွမှုက တိုးလာပြန်တယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ရွှေထုတ်လုပ်မှု နှုန်း ကဘယ်လိုရှိပါသလဲ။
အခုထုတ်လုပ်မှုက အရမ်းများနေတဲ့ အတွက် မကြာခင်မှာ ရွှေထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါတယ်။ ထုတ်လုပ်မှုနှုန်းတွေ ကွဲပြားပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ခုလုံးမှာ ရွှေရှာဖွေနိုင်တာက အံ့ဩစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွှေထုတ်လုပ် မှုက အာဆီယံမှာ အမြင့်ဆုံးထဲမှာပါပါတယ်။ ဒါပေ မယ့် သဘာဝအရင်းအမြစ်ဆိုတာက အနှေးနဲ့ အမြန် ဆိုသလိုကုန်သွားမှာပဲ။ အခုဆိုရင် မိုးကုတ်နဲ့ ဖားကန့်မှာ ပတ္တမြား၊ ကျောက်စိမ်းနဲ့ ကျောက်မျက် တွေ ထုတ်လုပ်မှု လျော့ကျသွားပြီ။ ဒါပေမယ့် ရွှေထုတ်လုပ်မှုကတော့ နိုင်ငံအနှံ့မှာ ရွှေလုပ်ကွက် အသစ်တွေ ရှိနေတဲ့အတွက် ခုချိန်အထိ အတော် လေး ကောင်းနေသေးပြီးတော့ ဝယ်လိုအားကလည်း မြင့်နေပါတယ်။
လူတွေရဲ့ ဝယ်လိုအားနဲ့ ဆက်စပ်ပြီးတော့ ရွှေဈေးကွက်က ဘယ်လိုလည်ပတ်နေပါသလဲ။
ရွှေဈေးကွက်က တည်ငြိမ်နေတုန်းပါပဲ။ ပုံမှန် အားဖြင့် စီးပွားရေးသမားတွေက သူတို့လုပ်ငန်း မစခင် ရွှေစုပြီး သိမ်းထားတတ်ကြတယ်။ ဥပမာ တချို့က ပို့ကုန် ရာသီမစခင် ရွှေဝယ်ကြတယ်။ နောက်ကျတော့မှ ဒီရွှေကို ရောင်းပြီး သူတို့ လုပ်ငန်း မှာ သုံးကြတယ်။ ဒါပေမယ့် ဒီတခုတည်းကြောင့် ဝယ်လိုအား သိသိသာသာတက်အောင် မလုပ်နိုင်ပါ ဘူး။ ပုံမှန်အားဖြင့်တော့ ရောင်းလိုအားနဲ့ ဝယ်လို အားက ညီမျှပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ လည်း ရွှေကြိုက်တတ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်လိုမျိုး ဈေးကွက်တွေရှိပါတယ်။ ဒါ ကြောင့် ရွှေရောင်းတာက တရားမဝင်ဖြစ်နေရင် တောင်မှ ဈေးကွက်က လှုပ်ရှားနေတုန်းပါပဲ။ ပြည်တွင်းဈေးကွက်က နှေးနေတဲ့ အချိန်မှာတောင်မှ နယ်စပ်ကုန်သွယ်ရေးနဲ့ လုပ်လို့ ရပါတယ်။
အစိုးရက ဧပြီလထဲမှာ ဝန်ထမ်းလစာတွေတိုးပေး လိုက်တာကြောင့် ရွှေဝယ်လိုအား မြင့်တက်လာမယ် လို့ ထင်ပါသလား။
လစာတွေတိုးရင် ရွှေဈေးတက်မယ်လို့ တချို့ က ပြောကြတယ်။ ဒါပေမယ့် ကျနော့် အမြင်ကတော့ ဟုတ်တယ်။ ဈေးတက်လိမ့်မယ်။ ဒါပေမယ့် ပမာဏ အနည်းငယ်လောက်ပဲ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာ ဈေးကြောင့်ပါ။ လစာတွေ မတိုး ခင်ကတည်းက ရွှေဈေးကတက်ပြီးနေပြီ။ တကယ်လို့ ကမ္ဘာ့ရွှေဈေးတက်မယ်ဆိုရင်တော့ ပြည်တွင်း ဈေး လည်းတက်မှာပဲ။ ဒါပေမယ့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားပို မြင့်တဲ့အတွက် အများကြီးတက်မှာ မဟုတ်ဘူး။
အခုနှစ်ကုန်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး အနေနဲ့ စတော့အိတ်ချိန်း ပေါ်ပေါက်လာဖို့ရှိနေတာက ရွှေဈေးကွက် အပေါ်သက်ရောက်မှုရှိမယ်လို့ ထင်ပါ သလား။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးကျခဲ့ တာကြောင့် လတ်တလောမှာ လူတွေက ရွှေဝယ်ဖို့ ထက် ပိုင်ဆိုင်မှု ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရမ်း စိတ်ဝင်စားနေကြတယ်။ ဒါပေမယ့် စတော့ ဈေးကွက် ကြောင့် လူတွေက ရွှေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုလျော့ကျသွားမယ်လို့ ကျနော် မထင်ပါ ဘူး။ စတော့ ဈေးကွက်ရဲ့ သဘော သဘာဝအရ ကုန်ပစ္စည်း အမျိုးမျိုးကို လက်ခံမှာဖြစ်တဲ့ အတွက် ရွှေဈေးကွက်ဟာ စတော့ အိတ်ချိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တရပ်ဖြစ်လာနိုင်ပါတယ်။ အမျိုးအစား တွေ ကွဲပြားတဲ့အတွက် သူတို့ကလည်း ကွဲပြားတဲ့ ရှယ်ယာ ဈေးနှုန်းတွေနဲ့ ရောင်းချကြပါလိမ့်မယ်။ စတော့ ဈေးကွက်အကြောင်း လေ့လာဖို့ လူတွေ အချိန်လည်းယူရပါဦးမယ်။ ဒါပေမယ့် ရွှေဈေး ကွက် အကြောင်းကိုတော့ သူတို့က သိနေကြပြီ။ ရွှေဈေး အတက်အကျကိုတောင် ခန့်မှန်းနိုင်နေပြီ။ ဒါကြောင့် အဲဒီအချိန်မှာ ရွှေဈေးကွက် ကျဆင်းသွား မှာ မဟုတ်ပါဘူး။