ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ ၉၆ နှစ်မြောက် မွေးနေ့ကို မေလ ၁၀ ရက်က ကျင်းပပါတယ်။ အဲဒီ မွေးနေ့ပွဲကို တက်ရောက်လာတဲ့ တောင်ကိုရီးယားနိုင်ငံက ကဗျာဆရာ မစ္စတာ မွန်းချန်ဂီး(Moon Changgil) ကို ဆရာကြီး ဒဂုန်တာရာ နဲ့ ပတ်သက်တဲ့ အမြင်သဘောထား၊ ကိုရီးယား-မြန်မာ စာပေ အနုပညာ ဆိုင်ရာများ စတဲ့ ဧရာဝတီ က ကိုစိုးက တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။
မစ္စတာ မွန်းချန်ဂီးဟာ ၁၉၅၈ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ ဂျောန်လာနယ် မြောက်ပိုင်း ဂင်းမ်ဂျယ်မြို့မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ် မှာ စာပေအနုပညာ နယ်ပယ်ကို စတင် ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ကိုရီးယား ကဗျာဆရာအသင်း အဖွဲ့ဝင်၊ ကိုရီးယား စာရေးဆရာ အသင်း အဖွဲ့ဝင်၊ International စာပေအဖွဲ့ ကိုရီးယားနိုင်ငံရဲ့ အဖွဲ့ဝင်၊ Creation 21ဆိုတဲ့ စာအုပ်တိုက်ရဲ့ ကိုယ်စားလှယ်၊ ဂိုယန်းင်မြို့ ပြည့်သူ့အမျိုးသား အလုပ်အကိုင် ကိုယ်စားလှယ်များ အသင်း အဖွဲ့ဝင် နဲ့ Democratic society အဖွဲ့ဝင် ဖြစ်ပါတယ်။
မေး။ ။ ဆရာကြီး ဒဂုန်တာရာ ရဲ့ အသက် ၉၆ နှစ်မြောက် မေံွးနေ့ လာတက်ရတဲ့ အတွေ့အကြုံ ခံစားမှုကို ပြောပြပေးပါ။
ဖြေ။ ။ ဆရာကြီးနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေကို တက်ဖြစ်တာ များပါတယ်။ အခုလို တက်ရောက်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ မနှစ်ကလည်း တက်ရောက်ခဲ့ပါတယ်။ နောက်နှစ်တွေလည်း တက်ရောက်မှာပါ။ နောက်နှစ်တွေမှာလည်း အခမ်းအနား ဆက်လက် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ဆရာကြီး ဒဂုန်တာရာကို ဘယ်လို စသိခဲ့ပါသလဲ။
ဖြေ။ ။ ဆရာကြီး သတင်းကို ကိုရီးယားမှာ စတင်ကြားခဲ့ပါတယ်။ မြန်မာပြည်မှာ ကဗျာတွေ၊ စာတွေ ရေးတဲ့ နိုင်ငံတကာ အထိ နာမည်ကြီးတဲ့ ပုဂ္ဂိုလ် တဦးလို့ အရင်သိခဲ့ပါတယ်။ ဒါကြောင့် ဆရာကြီးကို တွေ့ချင်တဲ့ အတွက် မြန်မာပြည်ကို လာရောက်ဖို့ စိတ် ကူး ခဲ့တယ်။ ကိုရီးယားမှာ တဆင့်စကား တဆင့်နား အနေနဲ့ ဆရာကြီး အကြောင်းကို အရင်ကြားသိခဲ့ရပါတယ်။ ကိုရီးယားမှာရှိတဲ့ NLD အဖွဲ့ဝင်တွေဆီကနေလည်း အများဆုံးကြားခဲ့ ရပါတယ်။ အဲဒီနောက် ကိုရီးယားမှာ ထုတ်တဲ့ ဂျာနယ်တခုမှာ ရေးဖို့ ဆရာကြီး ရှိတဲ့ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ ဆရာကြီးအိမ်ကိုသွားပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ။
မေး။ ။ ဆရာကြီး ဒဂုန်တာရာကို ဘယ်လိုမြင်သလဲ။ ငြိမ်းချမ်းရေး သမားလို့ပဲ မြင်သလား။
ဖြေ။ ။ ဆရာကြီးဟာ လူရော၊ ကာယအား ဉာဏအား အကုန်လုံး နိုင်ငံအတွက် လူမျိုးအတွက် အများကြီးကို အင်တိုက်အားတိုက် လှုပ်ရှား လုပ်ကိုင်ခဲ့လို့ လေးစားထိုက်တဲ့ လူတယောက်လို့ ကျနော် ထင်ပါတယ်။ ကိုရီးယားမှာလည်း ဆရာကြီးလို ဆရာ တယောက် ရှိပါတယ်။ သူကလည်း စာပေလှုပ်ရှားမှုတွေကို ဆရာကြီးလိုပဲ လုပ်ပါတယ်။
မေး။ ။ ဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးနဲ့ အခုလက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့ ယုံကြည်နေပါတယ်။ အခု တချို့တဝက်လည်းရနေတယ် ဆိုတော့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရမယ်လို့ ထင်ပါတယ်။
မေး။ ။ ဆရာကြီး ဒဂုန်တာရာ ရဲ့ စာတွေ ၊ ကဗျာတွေထဲက ကြိုက်နှစ်သက်တာရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ဆရာ မောင်သာနိုး အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာ ၂ ပုဒ်ကို ကြိုက်ပါတယ်။ အိုဘယ့် သုခမိန် အသို့နည်း(O Sage, How are you?) နဲ့ ဖွဲ့လိုသော ကဗျာ တပုဒ်(The Poem I Want to Write) ဖြစ်ပါတယ်။
မေး။ ။ ကိုရီးယားနဲ့ မြန်မာ စာပေအနုပညာ ၊ ယဉ်ကျေးမှု ဘယ်လိုကွာခြားမှု ရှိသလဲ။
ဖြေ။ ။ တော်တော်များများကတော့ တူညီပါတယ်။ ယဉ်ကျေးမှုအရ ကွဲပြားတာ သိပ်မရှိပါဘူး။ သမိုင်းအရ ဆိုရင်လည်း ဂျပန် လက်အောက် ရောက်ခဲ့ရတာတွေ၊ အဖိနှိပ်ခံခဲ့ရတာတွေဟာ တူညီကြပါတယ်။
မေး။ ။ ကိုရီးယားနဲ့ မြန်မာ စာပေ လွတ်လပ်ခွင့်ကြတော့ရော ဘယ်လို ကွာခြားပါသလဲ။ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အဆိုးကြီးလည်း ကျနော် မမြင်ပါဘူး။ ဒါကတော့ အစိုးရရဲ့ အားနည်းချက်လို့ မြင်ပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ သတင်း လွတ်လပ်ခွင့်တွေ ရှိစေချင်ပါတယ်။ ကိုရီးယားမှာလည်း အရမ်းပြင်းပြင်းထန်ထန် ရေးခွင့်မရှိပါဘူး။ အခုအချိန်အထိ ဖမ်း ဆီး အရေးယူတာမျိုးတွေ ရှိနေပါတယ်။
မေး။ ။ မြန်မာအကြောင်း ကဗျာတွေ ရေးထားတယ်လို့ သိရပါတယ်။ အဲဒီ ကဗျာတွေထဲက ကြိုက်နှစ်သက်တဲ့ကဗျာကို ပြောပြပေး ပါဦး။
ဖြေ။ ။ ရေးတာကတော့ သိပ်မများသေးဘူး။ ၁၀ ပုဒ်တောင် မပြည့်သေးပါဘူး။ အခု ဆရာကြီး ဒဂုန်တာရာ မွေးနေ့ပွဲမှာ ဖတ်ပြခဲ့တဲ့ ကဗျာ ၂ ပုဒ်ကို အကြိုက်ဆုံးပါပဲ။ ရန်ကုန်မြို့က ပန်းရောင်းတဲ့ မိန်းမပျိုလေး ခေါင်းစဉ်နဲ့ ရေးထားတဲ့ ရွှေတိဂုံ ဘုရားမှာ ပန်းရောင်း တဲ့ မိန်းကလေး အကြောင်းနဲ့ နောက်တပုဒ်က ၅လပိုင်းမှာ မူဒွန်း တောင်တက်ခဲ့သော မိန်းကလေး ခေါင်းစဉ်နဲ့ ရေးထားတဲ့ကဗျာ ဖြစ် ပါတယ်။ ။
ကိုရီးယား ဘာသာနဲ့ ရေးထားပြီး မြန်မာလို ဘာသာပြန်ထားတဲ့ မစ္စတာ မွန်းချန်ဂီး ရဲ့ မြန်မာအကြောင်း ရေးထားတဲ့ ကဗျာ တပုဒ် ကို ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။
ရန်ကုန်မြို့က ပန်းရောင်းတဲ့ မိန်းမပျိုလေး
မွန်းချန်ဂီး
ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားရဲ့အရှေ့ ပန်းရောင်းတဲ့ မိန်းမပျိုလေးဆီ
ရိုးသားစူးရှတဲ့ အကြည့်တစုံနဲ့အတူ တိုးကပ်သွားခဲ့
အရဲစွန့်လို့ အနီးနားသွား ချစ်ခြင်းတွေကို ဖွင့်ဟချင်ရဲ့
ငြိမ်သက်စွာ ပန်းကလေးကိုရှူလို့ တရားစာ ရွတ်ဖတ်
ငြိမ်းချမ်းလှတဲ့ ဘဝပိုင်ရှင် ရန်ကုန်က ပန်းရောင်းတဲ့ မိန်းမပျို
ပန်းတွေက တလှေကြီး
သူ့စိတ်ကူးယဉ်ကမ္ဘာထဲက ဖယ်ခွာမရတဲ့ဟန် အင်မတန်မှ ဆန်းကြယ်
ဘယ်သူဝယ်ပါ ဝယ်သလောက်များတဲ့ ပန်းတွေရယ်လို့
ပန်းလေးတွေ ရောင်းရငွေဟာ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဖို့များလား
ရောင်းကုန်ရင်ကော သဒ္ဓါကြည်ဖြူ မြတ်ဘုရားကို ထပ်လောင်းကာသာ လှူလေမလား
ဘာစကားရယ်မျှ မဆိုလေသော အို…မိန်းမပျို
ပန်းရောင်းတဲ့ မိန်းကလေးနဲ့ကို ဘာမှ မဆိုင်သလို
လမ်းပေါ်မှာ တင်ပျဉ်ခွေကာထိုင် အကြာကြီး ဆုတောင်းနေလိုက်ပုံများ
ကျနော်ကတော့ အဲဒီ ပန်းရောင်းတဲ့ မိန်းမပျိုလေးကို ချစ်မြတ်နိုးမိပါရဲ့
ကျနော်ကတော့ ပန်းကလေးတွေကို ကြည့်ပြီး ဘုရားစာတွေ ရွတ်နေတဲ့
အဲဒီ ပန်းရောင်းတဲ့ မိန်းမပျိုလေးကို ချစ်မြတ်နိုးမိပါရဲ့
ဘုရားကျောင်းကန်က ဆန်းပြားထူးထွေ ရုပ်ပွားတော်တွေထက်
ကတ္တရာလမ်းမှာ ခြေဗလာကျင်း နီရောင်သင်္ကန်း ဆင်ကာမြန်းတဲ့ ဘုန်းတော်ကြီးတွေထက်
နိဗ္ဗာန်ရောက်ကြောင်း ခက်ခဲကြိုးကုတ် အားထုတ်ရှာတဲ့ မိန်းမပျိုအား တဖက်သတ်သာ ချစ်မြတ်နိုးမိပါရဲ့
အဲဒီနောက် အလယ်ဘုံက မြန်မာပြည် ရှင်နေမင်းကြီးရဲ့ ချိုမြတဲ့ အလင်းရောင်တန်းတွေ
ငါ့ရင်ဘတ်ဆီသို့ အကြောင်းပြချက်မဲ့ တိုးဝေ့ကာ ဝင်ရောက်ကြကုန်
ဒါပေမယ့် ဘယ်တတ်နိုင်ပါ့၊ နီးကပ်ခွင့်မရနိုင်တဲ့ အိန္ဒြေကြီးလှစွာသော
ပန်းရောင်းတဲ့ ရန်ကုန်က မိန်းမပျိုငယ်
ပန်းကလေးတွေ ရောင်းရင်း တရားဂုဏ်တော်ကိုပွားများ နိဗ္ဗာန်ရောက်ကြောင်း
ခက်ခဲ ကြိုးကုတ် အားထုတ်ရှာတဲ့ မိန်းမပျိုအား တဖက်သတ်သာ ချစ်မြတ်နိုးမိပါရဲ့
ကျနော်ကတော့ သတိရနေရပါစေသား၊ ထာဝရ တဖက်သတ် ချစ်မြတ်နိုးခွင့် ရရပါစေသား
အကျပ်အတည်း အခက်အခဲတွေ များပြားလှတဲ့ ခေတ်ကာလကြီးမှာ
နိဗ္ဗာန်ရောက်ကြောင်း ခက်ခဲ ကြိုးကုတ် အားထုတ်ရှာတဲ့ ထိုမိန်းမပျိုလေးကို……။