လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘုတ်မှာ မေလ ၁၈ ရက်ကစပြီး အခွန်ကိစ္စနဲ့ပတ်သတ်ပြီး ပွက်ပွက်ညံတဲ့ ပို့စ်တွေ တခုပြီးတခု ဆက်တိုက် တက်လာပါတယ်။ အကြောင်းအရာကတော့ တခုထဲပဲ။ ဒါပေမယ့် တချို့က အစိုးရကို မေတ္တာပို့ကြတယ်။ တချို့က မကျေနပ်ကြောင်း ဝေဖန်ရေးသားကြတယ်။ တချို့ကတော့ “မြန်မာနိုင်ငံတွင် ဇွန်လ ၁ရက်နေ့အား သူတောင်းစားနေ့အဖြစ် သတ်မှတ်လိုက်ပါတယ်” ဆိုတဲ့ စာသားတွေတောင် ရေးသားကြ၊ မျှဝေကြတာတောင် တွေ့ရပါတယ်။
ပြည်ထောင်စု အခွန်ဥပဒေအရ ၂၀၁၅ ဇွန်လ ၁ ရက်မှစတင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရကိုယ်စား ဖုန်းအော်ပရေတာများက သုံးစွဲသူများထံမှ ကောက်ခံပြီး အစိုးရသို့ ပေးသွင်းသွားမည်ဖြစ်ပါသည် ဆိုတဲ့ အကြောင်းအရာကို ဖုန်းအော်ပရေတာများဖြစ်တဲ့ တယ်လီနော၊ အူရီဒူး၊ အမ်ပီတီတို့က ဖုန်းသုံးစွဲသူ ပြည်သူတွေထံ မက်ဆေ့ချ်တွေ ပို့ခဲ့ပါတယ်။ ငွေဖြည့်သူတွေအနေနဲ့ ငွေဖြည့်တိုင်း ကျပ် ၁၀၀၀ တန်ကို ကျပ် ၄၀၊ ကျပ် ၃၀၀၀ ကို ၁၄၃ ကျပ်၊ ကျပ် ၅၀၀၀ ကို ၂၃၀ ကျပ်၊ ကျပ် ၁၀၀၀၀ ကို ၄၇၆ ကျပ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ဖို့ အကြောင်းကြားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခွန်ကောက်မယ်လို့ စီစဉ်လိုက်တိုင်း ပြည်သူတွေအကြား ဝေဖန်သံတွေ၊ မှတ်ချက်ပေးသံတွေ၊ ကန့်ကွက်သံတွေ အမြဲကြားရလေ့ရှိပါတယ်။ ဘာကြောင့်ပါလဲ။
ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းကလည်း အခြားတိုင်းနဲ့ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ယာဉ်တွေ မန္တလေးမြို့ဝင်ရင် မြို့ဝင်ကြေးအခွန်အခ ကောက်ခံဖို့ စီစဉ်ခဲ့ကြရာမှာလည်း အများပြည်သူက
ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ တလဆိုင်ငံ့ခဲ့ရပြီး သက်ဆိုင်ရာဌာနတွေက ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။
အမှန်တကယ်တော့ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွန်အခတွေကို နိုင်ငံတော်ကနေ ပြည်သူတွေထံက ကောက်ခံရပါတယ်။ ပြည်သူတွေထံက အခွန်အခတွေနဲ့ နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုခြင်းအားဖြင့် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ဈေး၊ ကျောင်း၊ ဆေးရုံ စတာတွေကို
အသစ်ဆောက်လုပ်တာ ပြုပြင်မွန်းမံတာတွေကို အဆင့်မီမီ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားကြီး နံပါတ်တစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံလိုမျိုးမှာ စတိုးဆိုင်တွေက ဝယ်ယူရတဲ့ ပစ္စည်းပစ္စယ အားလုံးနီးပါးကို အခွန်ပေးဆောင်ရပြီး ရေသန့်ဗူးလိုဟာမျိုးတောင် ဝယ်ယူသုံးစွဲသူက အခွန်ဆောင်ရပါတယ်။ ပြည်နယ်တခုနဲ့ တခု အခွန်ကောက်ခံတဲ့ ပမာဏကတော့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ ဒါပေမယ့်
တူညီတာ တခုရှိပါတယ်။ အဲ့ဒါကတော့ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေအပြင် လာရောက်လည်ပတ်တဲ့ အခြားနိုင်ငံသားတွေဟာ ပေးဆောင်ရတဲ့အခွန်ကို ကြည်ဖြူစွာ
ပေးဆောင်ကြတာပါပဲ။
ဘာကြောင့် ကြည်ဖြူစွာ ပေးဆောင်နေသလဲလို့ မေးမြန်းကြည့်တဲ့အခါ ဒီအခွန်အခတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ လိုအပ်တဲ့အခြေခံအဆောက်အအုံတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေးလုပ်ငန်တွေ၊ လူသားချင်း စာနာထောက်ပံ့မှုလုပ်ငန်းတွေအပြင် လူမှုရေးစောင့်ရှောက်မှုကိစ္စတွေမှာပါ အမေရိကန်အစိုးရက တိတိကျကျမှန်မှန်ကန်ကန်
ပြန်လည်အသုံးပြုပေးနေလို့ပါတဲ့။
ဆိုလိုတာက အခွန်ထမ်းပြည်သူက အခွန်ကောက် အစိုးရ၊ အခွန်ကောက် ဝန်ထမ်း၊ အခွန်ကောက် စနစ်တွေ အပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိနေတာပဲ ဖြစ်ပါတယ်။ အခွန်ထမ်း ပြည်သူနဲ့ အခွန်ကောက် အစိုးရအကြား ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်စွာပြန်လည်အသုံးပြုပေးမှုတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေပါတယ်။
မြန်မာနိုင်ငံမှာတော့ အခွန်ကောက်ခံမှုနဲ့ပတ်သတ်ပြီး အစိုးရနဲ့ အခွန်ကေက်ခံတဲ့ ဌာနဆိုင်ရာတွေကို ပြည်သူတွေက ယုံကြည်မှု နည်းပါးနေပါတယ်။ သုမနကျောပြင်မှာ ဒဏ်ရာတွေ ဗလပွနဲ့ ဆိုသလိုပါပဲ ပြည်သူတွေ မယုံကြည်လောက်အောင်လည်း အခွန်နဲ့ပတ်သတ်ပြီး ရင်ဖွင့်စရာ မကျေမပ်စရာတွေ ကိုယ်စီကိုယ်ငှ ရှိနေခဲ့ကြပါတယ်။
စစ်အစိုးရလက်ထက်တွေတုန်းက အုပ်ချုပ်သူ စစ်အာဏာရှင်တွေဟာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်မျိုးစုံတွေ ထုတ်ပြန်ပြီး ပြည်သူတွေကို ဝန်ပိစေတဲ့ အခွန်အမျိုးမျိုး ကောက်ခံခဲ့ကြပါတယ်။ အခွန်အမျိုးမျိုးကောက်ခံပေမယ့် ပြည်သူတွေထံက တစ်နှစ်အတွင်း အခွန်ဘယ်လောက်ကောက်ခံရရှိပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ ဘယ်နေရာတွေမှာ ဘယ်လို စည်းစနစ်ကျနစွာ အသုံးပြုပါမယ်လို့ နှစ်ပေါင်းများစွာ အစီရင်ခံ ထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ပါဘူး။ သုံးစွဲပြီးပါကလည်း ဘယ်မှာသုံးတယ်၊ ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်လိုတယ်၊ ဘယ်လောက်ပိုတယ်ဆိုတာ ထုတ်ပြန်ပေးဖို့ဆိုတာကတော့ အဝေးကြီးပါပဲ။ ပြည်သူထံက ကောက်ခံရတဲ့ငွေကို ကိုယ့်ကိုယ်ပိုင်ငွေလို သဘောထားပြီး သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်းခဲ့ကြပါတယ်။
မိုဘိုင်းဖုန်းနဲ့ပတ်သတ်ပြီး စစ်အစိုးရလက်ထက် ကောက်ခံခဲ့တဲ့ သာဓကတခု ပြောပါရစေ။ တိတိကျကျပြောရရင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
လက်ထက်မှာဖြစ်ပါတယ်။ ဆက်သွယ်ရေးဌာနကနေ မိုဘိုင်းဖုန်း သုံးစွဲခွင့်ရဖို့ဆိုတာ မလွယ်ကူတဲ့အချိန်ပါ။ မိုဘိုင်းဖုန်းသုံးစွဲခွင့်ရရှိသူဟာ တရားဝင်သွင်းငွေ အပြင် တယကကြေး(တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရန်ပုံငွေ) ဆိုပြီး ဘဏ်ချလန်နဲ့ ဖုန်းတလုံးကို ကျပ်တသိန်းစီ ပေးသွင်းခဲ့ကြရပါတယ်။ အဲ့ဒီခေတ်ကာလကကို
မိုဘိုင်းဖုန်း အသုံးပြုခွင့်ရသူ ဦးရေ သိန်းချီရှိခဲ့ပါတယ်။ တလုံးကို ကျပ်တသိန်းနဲ့ အလုံးရေသိန်းချီဆို ကျပ်သိန်းပေါင်း သိန်းချီပြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကောက်ခံခဲ့တဲ့ တယကတွေဟာ ဘယ်လောက်ကောက်ခံရခဲ့တယ်၊ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာ ပြည်သူကို အစီရင်ခံတာမျိုး လုံးဝမရှိခဲ့ပါဘူး။
အခွန်ထမ်းပြည်သူတွေဟာ အခွန်ကောက်ခံတဲ့ အစိုးရကို မယုံကြည်သလို အခွန်ကောက်ခံဖို့ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေကိုလည်း မယုံကြည်ကြပါဘူး။ စစ်အစိုးရလက်ထက်က ကောက်ခံရတဲ့ အခွန်ငွေတွေအကုန် အစိုးရဆီရောက်မရောက် အသေချာ မပြောနိုင်ပေမယ့် အခွန်ကောက်ခံဖို့ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေဟာ တိုက်နဲ့ ကားနဲ့ နေထိုင်နိုင်ကြပါတယ်။ အချို့ဝန်ထမ်းတွေဆိုရင် မှန်မှန်ကန်ကန်နဲ့ အခွန်ပေးဆောင်ဖို့ လာရောက်တဲ့ အခွန်ထမ်းပြည်သူတွေကို တရားဝင် အခွန်မဆောင်ဖို့၊ အခွန်ရှောင်နိုင်ဖို့၊ ညှိနှိုင်းအခွန်ဆောင်ဖို့
အားပေးခဲ့တာတွေတောင် ရှိခဲ့ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ အခွန်မှန်မှန်ဆောင်ဖို့ မလွယ်ကူသေးတာ အထက်ပါ အကြောင်းအရင်းတွေက အဓိကကျနေပါတယ်။ နိုင်ငံတော်အနေနဲ့ ပြည်သူတွေထံက ထိုက်သင့်တဲ့ အခွန်ရချင်ရင်၊ ပြည်သူတွေကို ကိုယ့်အသိနဲ့ကိုယ် အခွန်ဆောင်စေချင်ရင်၊ ပြည်သူတွေထံက အခွန်ကောက်ခံမှုစနစ်၊ အခွန်သုံးစွဲမှု၊ အခွန်ကောက်ခံတဲ့ဝန်ထမ်းတွေကို ယုံကြည်မှုရှိအောင် ဦးစွာ ပြောင်းလဲတည်ဆောက်ဖို့ လိုပါတယ်။
နိုင်ငံ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းတွေ၊ တံတားတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ စတဲ့ တည်ဆောက်ရေးတွေအတွက် အခွန်အခကောက်ခံမှုက
အရေးကြီးတယ်ဆိုတာ နိုင်ငံတော်က သိရှိသလို ပြည်သူတွေကလည်း သိကြပါတယ်။ ဒါပေမယ့် ယုံကြည်မှု မရှိပဲနဲ့တော့ ပြည်သူက အခွန်အခတွေကို ကြည်ဖြူစွာ
ပေးဆောင်လိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့လို့သာ။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)