မိတ်ဆွေတို့ ကိုယ်စိတ် နှလုံး ၃ ပါးစလုံး ကျန်းမာချမ်းသာကြပါရဲ့လား။ မိတ်ဆွေတို့ကို မလွဲနိုင်လောက်တဲ့ ဗေဒင်တခု ကျနော် ဟောပါ့မယ်။ “ခင်ဗျား အခုတလော ကိုယ်လက် မအီမသာ ဖြစ်နေရမယ်။ နေရထိုင်ရတာ မလန်းဘူး။ ကိုယ်တွေ လက်တွေ မလှုပ်ချင်ပဲ ညောင်းညာ ကိုက်ခဲနေလိမ့်မယ်။ ဒါမှမဟုတ် အပရိက ဝေဒနာတခုခု ခံစားနေရ တယ်။” ဒီဟောချက် မှန်တယ် ဆိုရင် ကျနော် တော်လို့ မဟုတ်ပါဘူး။ မိတ်ဆွေလိုပဲ လူတိုင်းနီးပါး ခံစားနေကြရလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အခုလို အဓိပ္ပာယ် ဖွင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပြီးပြည့်စုံရမယ်။ ရောဂါဘယ မရှိရုံနဲ့ ကျန်းမာတယ် လို့ မဆိုနိုင်။ ကာယသုခ၊ စိတ္တသုခ၊ လူမှုသုခများ ပြီးပြည့်စုံရမယ် လို့ ဆိုထားပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ ဆိုရင် ကျနော်တို့ဆီက လူတော်တော် များများ ကျန်းမာရေးချို့တဲ့ စာရင်းထဲ ထည့်ရလိမ့်မယ်။ အထူးသဖြင့် လူမှုသုခမှာ ကျနော်တို့ အားလုံး စာမေးပွဲကျပါ လိမ့်မယ်။
လူမှုသုခ ပြည့်ဝစွာ မရခြင်းဆိုတာ လူမှုရေးကို အကြောင်းပြုသော အဆင် မပြေမှုများလို့ ပညာရှင်တွေက အနက် ဖွင့်တယ်။ ဥပမာ – မနက်စောစောစီးစီး အသံချဲ့စက်ဖွင့်သံ အကျယ်ကြီး ကြားရတာ၊ ရုံးသွားရုံးပြန် ဘတ်စ်ကား ကျပ်တာ၊ ရေ မီး မှန်မှန် မလာတာ၊ ဈေးသွား ငါးဝယ် လုပ်ကြတဲ့အခါ အလေးတင်းတောင်း အချိန်အတွယ် မမှန်တာ စတာတွေက လူမှုသုခ ပြည့်ဝစွာ မရခြင်းထဲမှာ အကျုံးဝင်တယ်။
ကျနော်တို့ လူ့အဖွဲ့အစည်းမှာ နေ့စဉ်နဲ့အမျှ ဖိစီးမှုတွေ ရှိနေတယ်။ အဲဒီလို ဖိစီးမှုတွေကြောင့် ကျန်းမာ ပျော်ရွှင်မှု မရဘဲ မကြည်မလင် ဖြစ်လာရတယ်။ အဆင်မပြေမှုတွေနဲ့ ကြုံလာတဲ့အခါ စနစ်တကျ ဖြေရှင်းရမယ့် အစား ရန်စွယ်ငေါငေါနဲ့ ဒေါသတကြီး တုံ့ပြန်ကြတယ်။ စိတ်တွေက ကြွပ်ဆတ်လာပြီး ထိလွယ်ရှလွယ် ဖြစ်နေတယ်။ ဒီအထဲ ရပ်နေရတဲ့ မြေ၊ ရှူနေရတဲ့လေ၊ သောက်နေရတဲ့ရေတွေက မသန့်။ ကိုယ်တိုင် သတိမထားမိဘဲ အဆိပ်သင့် ခံနေရတယ်။ ဌာနတွင်း အဆင်မပြေမှု၊ အိမ်တွင်းရေး ပြဿနာတွေ၊ လုပ်ငန်းခွင် အဆင်မချောမှု၊ ရပ်ရေးရွာရေး ကိစ္စကြီးငယ်တွေ စတဲ့ ကိစ္စ များမြောင်တွေကလည်း စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတယ်။
ကျန်းမာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့်က “အစားအသောက်တွေမှာ ဆားဓာတ် ပါမှန်းမသိ ပါနေတယ်။ ဝက်သားဟင်းလေးချက်ဆို စားလိုက်ရင် မငံဘူး။ ဆားအများကြီး ပါတယ်။ ဈေးကွက်ထဲက အချိုရည်အများစုမှာ ဆားဓာတ်ပါဝင်မှု များနေတယ်။ ကိုယ်မသိလိုက်ဘဲ ဆားတွေကို စားမိနေတယ်” လို့ ပြောတယ်။
သွေးတိုး ဆီးချို နှလုံး အရင်ကထက် ပို အဖြစ်များလာတယ်။ အရင်က အသက် ၄၀ ကျော်လူကြီးပိုင်း အရွယ်တွေမှ အဲဒါတွေ ဖြစ်တာ။ အခု နှစ်ဆယ်ကျော် သုံးဆယ်ကျော် လူငယ် လူလတ်ပိုင်း အရွယ်တွေမှာပါ တွေ့လာရပြီလို့ သူက ဆက်ပြောပါတယ်။
လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေက စိတ်ဖိစီးမှုဆီ တွန်းပို့ပေးနေတယ်။ ရာသီဥတု၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံးက စိတ်နဲ့ရုပ်ကို ပြဋ္ဌာန်းပေးတယ်။ ကျနော်တို့ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အဲသလို ပြဋ္ဌာန်းချက်တွေထဲက ဖောက် မထွက်နိုင်ဘူး။ အဆင်ပြေတာလည်းရှိ အဆင်မပြေတာလည်းရှိတာ ပါပဲ။ အဆင်မပြေမှုတွေ ကြုံရတာ ကြိမ်ဖန်များစွာ ကြုံလာတဲ့ အခါ အလိုလိုနေရင်း ဒေါသတွေ ထွက်လာတယ်။ အကဲဆတ်လာတယ်။ မသိစိတ်က ချက်ချင်း တုံ့ပြန်ချင် လာတယ်။
ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ကျန်းမာရေးကို ခြိမ်းခြောက် နေတာတွေထဲမှာ နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေ ထိပ်ဆုံးက ပါတယ်။ ဝိသမလောဘ စီးပွားရေးသမားတွေရဲ့ ပစ်မှတ်က ကလေးလူကြီး အားလုံး ဖြစ်နေတယ်။ ကလေးငယ်တွေ စားတဲ့ အရောင်အသွေးစုံ မုန့်အများစုက အိမ်နီးချင်းနိုင်ငံက နေ့စဉ် ဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဘာနဲ့ ဘယ်လို လုပ်ထားမှန်း မသိတဲ့ မုန့်တွေက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ ခွင့်ပြုချက် မပါဘူး။ သက်တမ်းလွန် ကုန်ဆုံးရက် ဖော်ပြ မထားဘူး။ မုန့်တခုရဲ့ တန်ဖိုးကလည်း ငွေကျပ်ငါးဆယ်၊ တရာလောက် သာ ရှိတာမို့ ကလေးအများစု လက်လှမ်းမီတယ်။ အရောင်အသွေးလှလှ မုန့်တွေက ကလေးတွေရဲ့ အိပ်ကပ်ထဲက ပိုက်ဆံတွေကို မျက်စပစ်နေတယ်။
ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆီတွေကရော ဘယ်လောက်ထိ အရောအနှောကင်းလဲဆိုတာ မသေချာဘူး။ စားအုန်းဆီကိုပဲ ဆီအနံ့ရော ရောင်းချနေတာတွေက ဈေးကွက်ထဲမှာ ရှိနေတယ်။ မြောင်းဆီ ချက်ဆီတွေကလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဟိုးလေး တကျော်ကျော် တွေ့ခဲ့ရ ဖတ်ခဲ့ရ။ ငွေကြေး တတ်နိုင်လို့ မဟုတ်ဘဲ ပစ္စည်းကောင်းကောင်းကို ချွေချွေတာတာ သုံးချင်သူတွေ အတွက် အခွင့်အရေး နည်းလွန်းလှတယ်။
“ကျနော် စားအုန်းဆီ မစားချင်ဘူးဗျာ။ စားအုန်းဆီ တလ ၄ ပိဿာကုန်ရာက ပဲဆီ စစ်စစ် ၂ ပိဿာလောက်ပဲ သုံးမယ် စဉ်းစားထားတယ်။ ပဲဆီလို့ တံဆိပ် ကပ်ရောင်းတဲ့ ဗူးသွပ်ဆီကိုပဲ မျက်စိမှိတ် သုံးရမှာပဲ။ ငွေကြေးတတ်နိုင်လို့ မဟုတ်ပဲ ကျန်းမာရေး လိုက်စားချင်လို့ ပဲဆီစစ်စစ်ကို သုံးချင်ရင်တောင် ပဲဆီစစ်စစ်ရဖို့ သိပ်မသေချာဘူး။ စားအုန်းဆီ ကို ပဲဆီနံ့ ထည့်တာနဲ့ တိုးချင်တိုးနေနိုင်တယ်” လို့ ရတနာပုံတက္ကသိုလ်က ဘာသာရပ်ဆိုင်ရာ ပါမောက္ခက ရင်ဖွင့်တယ်။
မြန်မာတွေရဲ့ ကျန်းမာရေးက မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ ကျန်းမာရေး ဘက်ဂျက်က အခြားဝန်ကြီးဌာနတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေသေးတယ်။ ၂၀၁၄-၂၀၁၅ခုနှစ်မှာ ကျန်းမာရေး အသုံးစရိတ်က ဘက်ဂျက်ရဲ့ ၆ ဒသမ ၄၁ ရာခိုင်နှုန်းသာ သုံးစွဲထားတယ်။ ကျန်းမာရေး ဘက်ဂျက်က ကျပ်သန်းပေါင်း ၆၅၂၇ ဘလီယံ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ပြည်သူတဦးချင်း ဆီက ကျန်းမာရေး အသိရှိရှိနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် စောင့်ရှောက်ဖို့ လိုတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေတတ် စားတတ်ဖို့ အများကြီး သင်ယူကြရဦးမှာ ဖြစ်ပါတယ်။ အနေအထိုင် အစားအသောက် မဆင်ခြင်လိုက်တာနဲ့ နှလုံး သွေးတိုး ဆီးချို တွေက အဆင်သင့် စောင့်နေမှာပါ။ နိုင်ငံတော်ရဲ့ စေတနာကြောင့် လမ်းထိပ် ထွက်လိုက်ရင် အရက်ဆိုင် ဘီယာဆိုင်တွေက ဆီးကြိုနေတယ်။ မန္တလေးသားတွေ ဂုဏ်ယူမယ် ဆိုကြံဖန် ဂုဏ်ယူလို့ ရတာရှိတယ်။ နှစ်ပေါင်း တရာကျော်သက်တမ်း ရှိပြီး ယနေ့ထက်တိုင် လည်ပတ်နေတဲ့ စက်ရုံဆိုလို့ မန္တလေးမြောက်ပြင်က အရက်ချက် စက်ရုံပဲ ရှိတယ်။
နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ အားတက်သရော ဖိတ်ခေါ်ထားတာကြာပြီ ဖြစ်ပေမယ့် ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေ ဝန်ဆောင်မှု လုပ်ငန်းတွေက လာကြည့် လှည့်ပြန် အဆင့်သာ ရှိတယ်။ ဘီယာစက်ရုံနဲ့ စီးကရက် စက်ရုံတွေ ကတော့ စက်ရုံတောင်တည်နေကြပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပဲခူးမှာ ဘီယာစက်ရုံ တရုံအသစ် ဖွင့်လှစ်နိုင်ခဲ့ပါပကော။
ခင်ဗျားတို့ ကျန်းမာရေး ကောင်းမွန်ဖို့ ကိုယ်တိုင် ကျန်းမာရေး လိုက်စားဖို့ လိုပါတယ်။ ကျန်းမာရေး လေ့ကျင့်စရာ နေရာဖြစ်တဲ့ အားကစားကွင်း တချို့နဲ့ အပန်းဖြေ ပန်းခြံအချို့ကတော့ ကာလရွေ့လျောပြီး ပျောက်ကွယ်သွားပါပြီ။ မောင်ပိုင်စီးတဲ့ ခရိုနီတွေကြောင့် ကွန်ဒိုဖြစ်သွားရတဲ့ အားကစားကွင်းတွေလည်း ရှိသလို အသင်းအဖွဲ့ပိုင်ကနေ ပါတီပိုင် ဖြစ်သွားတဲ့ ပန်းခြံတွေလည်း ရှိတယ်။ မျိုးတုံးပျောက်ကွယ်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေထဲမှာ လူထု အားကစားကွင်းတွေ၊ ပန်းခြံတွေ၊ ထည့်ရမယ့်ကိန်းဆိုက်နေပြီ။
ကျန်းမာရေး လိုက်စားဖို့ အတွက် အားကစားကို တကယ် စိတ်ဝင်စားရင် မနက်စောစောနဲ့ ညနေခင်းတွေမှာ လမ်းလျှောက်လို့ ရတယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာတင် အပေါ့စားလေ့ကျင့်ခန်းတွေ ငွေကုန်ကြေးကျ ခံစရာ မလိုဘဲ လုပ်လို့ ရတယ်။ အားကစားခန်းမ သွားကစားမှ မဟုတ်ပါဘူး။ ပြေးစက်ဝယ်ထားမှ မဟုတ်ဘူး။ လက်သန်းလုံးလောက် တုတ်ပြီး အရှည်တလံသာသာလောက်ရှိတဲ့ ကြိုးတချောင်းရရင်ပဲ ကြိုးခုန်လို့ ရပါပြီ။
စင်ကာပူရဲ့ ဝါရင့်ဝန်ကြီးချုပ် ဂိုချောက်ထောင်ကတော့ သူ့နိုင်ငံသားတွေကို ဆော်သြလိုက်ပါပြီ။ “အနုပညာနဲ့ အားကစား လုပ်ကြပါစို့ ဗျား”တဲ့။ မိတ်ဆွေ ခင်ဗျားလည်း ကျန်းမာရေးအတွက် အားကစားလိုက်စားဖို့ အချိန်တန်ပါပြီ။ အားကစား လုပ်ဖို့ ပျင်းနေရင် အထူးကုဆေးခန်းကြီးတွေက ခင်ဗျားကို ဖိတ်ခေါ်ပြီး ခင်ဗျားအိပ်ကပ်ထဲက ပိုက်ဆံတွေ ကို ဆွဲဆွဲထုတ်ပြီး ယူသွားနိုင်တယ် ဆိုတာ သတိပြုမိဖို့ပါပဲ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်။)