တရုတ်ဇာတ်လမ်းတွဲ၊ ကိုရီးယားဇာတ်လမ်းတွဲတွေ ဆက်လက် ခေတ်စား နေသလို၊ MRTV 4 မှာ ပြသတဲ့၊ မြန်မာ ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ ထာဝရမန္တလေး၊ အချစ်ရဲ့ သင်္ကေတ၊ ပန်းနုသွေး စတဲ့ ဇာတ်လမ်းတွဲတွေက ပရိသတ် အားပေးမှု ရရှိခဲ့ကြပါတယ်။ အခုလည်း မြန်မာဇာတ်လမ်းတွဲထဲမှာ ပထမဆုံး သရဲ ဇာတ်လမ်းတွဲလို့ ပြောလို့ရတဲ့ ဝိဉာဉ်ရှိုက်သံ ဇာတ်လမ်းတွဲ ဆိုရင်လည်း ပရိသတ်တွေ ကြိုက်နှစ်သက်ပြီး အားပေးမှု ရရှိနေပါတယ်။
ဒီဇာတ်လမ်းတွဲဟာ မြန်မာသရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထား ပေမယ့် ထိုင်းဒါရိုက်တာက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကို ပရိသတ် နှစ်သက် လာတာနဲ့ အညီ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင် တွေကိုလည်း ပရိသတ်က သတိထားမိပြီး အားပေးလာကြ ပါတယ်။ ဒီဇာတ်လမ်းတွဲ ထဲက အဓိက သရုပ်ဆောင် မင်းသား အဖြစ်ပါဝင်တဲ့ အောင်မင်းခန့်ဟာ သရုပ်ဆောင်သစ် ဖြစ်ပေမယ့် ဇာတ်လမ်းတွဲနဲ့ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်တဲ့ အတွက် ပရိသတ် စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒါကြောင့် ဝိဉာဉ်ရှိုက်သံ ဇာတ်လမ်းတွဲမှာ ဟိန်းထွဋ်ခေါင် အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ အောင်မင်းခန့်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထားသမျှ ဖော်ပြပေးလိုက် ပါတယ်။
မေး။ ။ အောင်မင်းခန့်ရဲ့ အနုပညာလမ်းခရီး အစနဲ့ အနုပညာမျိုးရိုး ရှိမရှိကို ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော် အသက် ၁၈ နှစ်၊ ၁၉ နှစ်မှာ မော်ဒယ်လ် လောကထဲ စဝင်ခဲ့ပါတယ်။ အဲဒါက ၂၀၁၂ ခုနှစ် လောက်က ပါ။ မော်ဒယ်လ် သင်တန်းက ကိုဂျွန်လွင်ဆီမှာ တက်ခဲ့ပါတယ်။ အဲဒီက နေပြီးတော့ မဂ္ဂဇင်းတွေမှာ ဓာတ်ပုံရိုက်တယ်၊ ကြော်ငြာတွေ ရိုက်တယ်။ အဲဒီကနေ အခု MRTV 4 က စီးရီးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တယ်။ သရုပ်ဆောင် ကိုနိုင်းနိုင်းနဲ့ ကျနော်က ညီအစ်ကို တဝမ်းကွဲတော်ပါတယ်။ ကျနော် ငယ်ငယ်တုန်းက ဆိုရင် သူ့ ရှူတင်တွေ လိုက်လိုက်ကြည့်ဖူး တယ်။ အဲဒီမှာ သရုပ်ဆောင်လုပ်ဖို့ ဝါသနာ စပါခဲ့တာပေါ့။ နောက်ပိုင်းမှာ ကိုယ်လည်း တကယ် လုပ်ချင်လာတာနဲ့ လုပ်ဖြစ်ခဲ့တာ ပါ။ ပထမဆုံး လုပ်ဖြစ်တာက ကျနော် ကိုဂျွန်တို့နဲ့ Wedding Fair တခုကို လျှောက်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်အနေနဲ့ ဆိုရင် ဇာတ်လမ်းတွဲကို ပထမဆုံး စရိုက်ဖြစ်တာပေါ့။ အဲဒါကလည်း MRTV 4 က ရိုက်တဲ့ ထာဝရမန္တလေး ဆိုတဲ့ ဇာတ်လမ်းတွဲပါ။
မေး။ ။ အခု ဒုတိယ ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဝိဉာဉ်ရှိုက်သံ မှာရော ဘယ်လိုကြောင့် သရုပ်ဆောင် ဖြစ်ခဲ့တာလဲ။ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ အောင်မင်းခန့်ဘက်က ပြင်ဆင်ခဲ့ရတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဝိဉာဉ်ရှိုက်သံကို ရိုက်ဖို့ သူတို့က ကျနော့်ကို နောက်စီးရီး တကား ထပ်ရိုက်ဖို့ရှိတယ် တဲ့။ ဇာတ်လမ်းကို ကျနော် ဖတ်ကြည့်လိုက်တော့ ဒါလေးက ထူးခြားတယ် လေ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သရဲကား စီးရီးလည်း ဖြစ်တယ်။ ဇာတ်လမ်းလေး ကလည်း မဆိုးဘူး ဆိုတော့ ကျနော် ပါဝင်ဖြစ်ခဲ့တာပါ။ ပြင်ဆင်ခဲ့တာ ဆိုရင် ဒီကားထဲက ကျနော့်ရဲ့ ကာရိုက်တာကို ကျနော် သေချာသိအောင် ဖတ်တယ်။ ရိုက်ကွင်းပေါ် ရောက်ရင်လည်း ဒါရိုက်တာတွေ၊ တခြားသူတွေကို သေချာမေးမြန်းတယ်။ သရုပ်ဆောင်တဲ့ အခါမှာလည်း သေချာ အကောင်းဆုံးဖြစ်အောင် လုပ်တယ် ပေါ့။
မေး။ ။ ဒီဇာတ်လမ်းတွဲကို ပရိသတ်တွေ ကြည့်ရှုနှုန်း ဘာကြောင့် ပိုများတယ် လို့ မြင်မိလဲ။
ဖြေ။ ။ ကျနော်ထင်တာ ပြောရရင် ကျနော်လည်း မမြင်ရတဲ့ အရာတွေ ဆိုရင် သိပ်စိတ်ဝင်စားတယ် လေ။ ဥပမာ ဂြိုဟ်သားတွေ ဆိုရင်လည်း အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သရဲ ဆိုတာကလည်း မမြင်ရဘူးလေ။ မမြင်ရတဲ့ အရာဆိုရင် လူတွေက ပိုပြီး စိတ်ဝင်စားကြတယ်။ ဒါက ကျနော်ထင်တာပေါ့ နော်။ ဒီကားကိုလည်း ကျနော်တို့က ထိုင်းဘက်က လူတွေနဲ့ တွဲပြီး ရိုက်တာကိုး။ သူတို့က ဂရစ်ဖစ်ပိုင်းတွေရော၊ တခြားအပိုင်းတွေမှာရော သေသေချာချာ ကောင်းကောင်း လုပ်နိုင်တယ်။ ဒါကြောင့်လည်း ပိုစိတ်ဝင်စားကြတယ် လို့ ကျနော် ထင်တယ်။
မေး။ ။ ကိုယ်တိုင်ရော ဝိဉာဉ်တွေ၊ သရဲတွေ ရှိတယ် လို့ ယုံကြည်လား။
ဖြေ။ ။ အင်း … ဒါကတော့ မမြင်ရဘူး ဆိုတိုင်း မရှိဘူး ပြောလို့ မရဘူး။ ကြုံဖူူးတဲ့ သူတွေလည်း ကြုံဖူူးတာပဲ။ ကိုယ် ကိုယ်တိုင်သာ မကြုံဖူးတာ ပေါ့။ သူများတွေ ကြုံဖူးတော့လည်း မယုံဘူးတော့ မဟုတ်ဘူး ပေါ့။
မေး။ ။ ထိုင်းက ဒါရိုက်တာက ရိုက်ကူးတဲ့ အတွက် သူတို့နဲ့ အလုပ်တွဲလုပ်ရတဲ့ အခါ ကိုယ့်အတွက် ဘယ်လို အတွေ့အကြုံ၊ မှတ်သားစရာ၊ အခက်အခဲလေးတွေ တွေ့ရလဲ။
ဖြေ။ ။ အဓိက ကတော့ အလုပ် လုပ်တဲ့အခါ၊ ရိုက်ကွင်းပေါ် ရောက်တဲ့အခါ မြန်မာမှာလည်း ဒီလိုပါပဲ၊ သူတို့ဆီ လည်း ဒီလိုပါပဲ၊ သိပ် ကွာခြားမှုတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့ လိုချင်တဲ့ အိုက်တင်၊ ကျနော်တို့ လုပ်နေတဲ့ အိုက်တင် လေးတွေ၊ အဲဒါလေးတွေတော့ ကွာသွားတာပေါ့။ သူတို့လုပ်ခိုင်းတဲ့ အိုက်တင်လေးတွေနဲ့ ကျနော်တို့လုပ်တဲ့ အိုက်တင်လေးတွေက မတူဘူး လေ။ သူတို့ကျတော့ သူတို့ အမြင်၊ သူတို့ ပုံစံနဲ့ အိုက်တင်တွေ ကျနော့်ကို လုပ်ခိုင်း တယ်။ ရိုက်ကွင်းမှာ ရောက်တာနဲ့ သူတို့က ရိုက်ကွင်းတည်၊ ကင်မရာတွေချ၊ ဆက်တင်တွေ လုပ်ပြီးတာနဲ့ ကျနော့်ကို လာပြောတယ်။ ဒီ ဆင်န်းက ဒီလို၊ အိုက်တင်က ဒီလို ဖြစ်ချင်တယ်။
သူတို့ လာပြောတဲ့ပုံစံက ကျနော့်ကို မြန်မာဘက် ဒါရိုက်တာ၊ သင်ပြထားတဲ့သူတွေ သင်ပေးထားတာနဲ့တော့ မတူဘူး ခင်ဗျ။ အဲဒီလို ကွာခြားမှုလေးတော့ ရှိတယ်။ နောက်ပြီး စက်ပစ္စည်းတွေက အစ သူတို့ဆီက ပစ္စည်းတွေပဲ သုံးတယ်။ နည်းပညာပိုင်း ဆိုင်ရာမှာ ဆိုရင် ကိုယ် မမြင်ဘူးတဲ့ နည်းပညာတွေ တွေ့ရတယ် ပေါ့။ အလုပ် လုပ်တာချင်း တယောက်နဲ့ တယောက်၊ တနိုင်ငံနဲ့ တနိုင်ငံကတော့ မတူဘူးပေါ့။ သူတို့ဆီက ယူစရာရှိတာ၊ မှတ်သားစရာလေးတွေ ရှိတာကို ကျနော် ယူပါတယ်။
မေး။ ။ ဒီကားမှာ အောင်မင်းခန့်ရဲ့ သရုပ်ဆောင်မှုက အပိုအလို မရှိပေမယ့် ကိုနိုင်းနိုင်းရဲ့ သရုပ်ဆောင်ပုံနဲ့တော့ သွားသွားဆင်တယ် လို့ ပြောကြတယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုများ ပြောပြချင်လဲ။
ဖြေ။ ။ ပြောရရင် ကျနော်ကတော့ ကိုယ့်လမ်းနဲ့ ကိုယ်သွားပဲ၊ ဘယ်သူ့ အိုက်တင်ကို ယူတာတို့၊ ကိုနိုင်းနိုင်း အိုက်တင်ကို ယူတာတို့၊ ကမ္ဘာကျော်မင်းသား အိုက်တင်ကို ယူလိုက်တာတို့တော့ မရှိဘူးဗျ၊ ကျနော်က ကိုယ့်ပုံစံနဲ့ ကိုယ်သွားတာပဲ။ ဒါပေမယ့် ကျနော် ထင်တယ် ကိုနိုင်းနိုင်းနဲ့က သွေးနီးနေလို့လား မသိဘူး ခပ်ဆင်ဆင် ဖြစ်နေရင် တော့ ဖြစ်နေမယ် ထင်တယ်။ ကျနော်က အမြင်နဲ့ သင်တာ၊ အကြားနဲ့ သင်တာတို့တော့ ရှိမယ်။ ဒါပေမယ့် သူ့ပုံစံ အတိုင်းကြီး လိုက်လုပ်ရမယ် ဆိုတဲ့ အသိတော့ ကျနော် ထည့် မထားဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် တိုးထွက်မှ အောင်မြင်မှု တခု ဆိုတာ ဖြစ်မှာလေ။ သူများ ပုံစံ လိုက်လုပ်နေရင်တော့ ကိုယ်က ပုံစံတခု ခွဲထွက်ပြီး ဖြစ်မလာဘူးပေါ့။
မေး။ ။ အစ်ကို့ကို အားကျ နေရာကနေ ကိုယ်တိုင် သရုပ်ဆောင် လုပ်လာတဲ့ အခါ ကိုယ့်အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေ ရှိလာလဲ။
ဖြေ။ ။ အခုကတော့ ကျနော့် အတွက်က အလုပ်က သင်ပေးတာရော၊ ဆရာသမားတွေ သင်ပေးတာရော၊ ဝါရင့် သမ္ဘာရင့် အနုပညာရှင်တွေက သင်ပေးတာရောနဲ့ အဲဒီလို အတွေ့အကြုံ တွေတော့ ရှိတယ်။ ဒါပေမယ့် ကျနော့်မှာ တခြား လိုအပ်တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ လောလောဆယ် သရုပ်ဆောင်ရတဲ့ ဟာမှာတော့ ကျနော် ကတော့ အတတ်နိုင်ဆုံး လုပ်ကြည့်တယ်။ လုပ်ပြီးတော့ ဒါရိုက်တာကလည်း ပြန်ပြောတယ်၊ ကောင်းရင် ကောင်းတယ် ပြောတယ်၊ လိုအပ်ရင် ဘာလိုအပ်တာလဲ ပြောတယ်။ ကျနော်ကလည်း သူတို့လိုချင်တဲ့ ပုံစံအတိုင်းကို မရမက ရအောင်လုပ်တယ်။
မေး။ ။ ဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်တာလား။ တခြား ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေရော ရိုက်ဖို့ အစီအစဉ် ရှိလား။ လက်ရှိမှာ ဘာတွေ လုပ်နေလဲ။
ဖြေ။ ။ ကျနော် ဇွန်လပိုင်း အကုန်ကျရင် ကိုလူမင်းနဲ့ ရုပ်ရှင်ကားကြီး တကား ရိုက်ဖို့ ရှိပါတယ်။ ဒါရိုက်တာက ဦးမီးပွားနဲ့ ပါ။ လက်ရှိကတော့ MRTV 4 က လွှင့်မယ့် ဝင်္ကပါ စံအိမ်ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ရမယ်။ ပြင်ဦးလွင်မှာပါ။ ဒါကလည်း ထိုင်းက ဒါရိုက်တာနဲ့ပဲ ရိုက်ကူးနေတာပါ။ အဲဒါက ၈ လပိုင်း လောက်မှာ ရိုက်ကူးရေး ပြီးမယ်။ ဒါပေမယ့် Edit ထိုင်တာနဲ့ ဘာနဲ့ ဆိုရင် ဒီနှစ်ကုန်ပိုင်းလောက်မှ လွှင့်ဖြစ်မယ် ထင်တယ်။
ဒီကြားထဲမှာ ကျနော် ဗီဒီယို ဇာတ်ကားတွေ ရိုက်ထားတာတွေ ရှိပါတယ်။ အဲဒါတွေက ထုတ်လုပ်ရေးပိုင်းနဲ့ ဖြန့်ချိရေး ပိုင်းတွေပေါ်မှာ မူတည်တာပေါ့။ သူတို့ ဘယ်တော့လောက် ဖြန့်မယ် ဆိုတာတော့ မသိသေးဘူး။ ဗီဒီယိုရိုက်ကူးမှု အပိုင်း အတွက် သင်္ကေတ ထုတ်လုပ်ရေးနဲ့ ကျနော် စာချုပ်ချုပ်ထားတယ် လေ။ အခုတော့ သူတို့နဲ့ လေးကားပဲ ရိုက်ရသေးတယ်။ နောက် စိန်ဌေး ထုတ်လုပ်ရေးရယ်၊ ဒါရိုက်တာ ကြည်ဖြူသျှင်တို့နဲ့လည်း ရိုက်ထားပါသေး တယ်။
မေး။ ။ ကြိုးစားနေတဲ့ လူငယ်တယောက် အနေနဲ့ ဘယ်အရာတွေက ကိုယ့်တက်လမ်းမှာ ကျရှုံးစေပြီး ဘယ်အရာ တွေက အောင်မြင်မှုဆီကို ရောက်အောင် ပံ့ပိုးပေးနိုင်တယ် လို့ မြင်မိလဲ။
ဖြေ။ ။ အောင်မြင်တယ် ဆိုတာကလည်း ကြိုးစားအားထုတ်မှု ရှိမှပဲ။ လုံ့လဝီရိယလည်း ရှိရမယ်။ ဒါတွေလည်း လိုအပ်သလို၊ မအောင်မြင်စေတာ ကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း ဂရုမစိုက်၊ ဒါကို ငါ မလုပ်လည်း ဖြစ်ပါတယ်ကွာ လို့ ပြောနေတဲ့ သူမှာတော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ဒါလေး ဒီလိုလုပ်လိုက် ရပါတယ်၊ ပြီးပြီးရော ပြောတတ်တာ၊ ပျင်းတာ အဲဒီလို လူတွေက ကျနော်ထင်တယ် ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ဒါကို ငါ ဘယ်လိုဖြစ်အောင် လုပ်မယ်၊ ဒါကိုငါ ဘယ်လို တိုးတက်အောင် လုပ်လိုက်မယ် ဆိုတဲ့ အတွေးရှိတဲ့သူမှသာ အောင်မြင် တိုးတက်မယ် လို့ မြင်ပါတယ်။
မေး။ ။ အနုပညာ လောကမှာရော ရုပ်ရည်အပြင်၊ တခြား ဘယ်လို လိုအပ်ချက်တွေ ရှိသင့်တယ် လို့ ပြောပြချင်လဲ။
ဖြေ။ ။ ကျနော်ဆိုရင်လည်း ကျနော်ရဲ့ ရုပ်ရည်ကို အားပေးတာမျိုးထက် ကျနော့်ရဲ့ အနုပညာ အရည်အချင်းကို အားပေးတာကိုပဲ လိုလားပါတယ်။ ရုပ်ရည်ကို အားပေးတယ် ပြောတာကလည်း ကျနော့်ကိုယ် ကျနော် ချောတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရုပ်ရည် ဆိုတာကလည်း ငယ်တုန်းရွယ်တုန်းပဲ ရှိမှာလေ။ ဒီရုပ်ရည် ဆိုတာကလည်း သင်္ခါရ သဘောပဲ၊ ဒါတွေကလည်း ကြာလာရင် မြဲမှာ မဟုတ်ဘူး။ သူ့အသက်အရွယ် အပိုင်းအခြား ရောက်လာရင် ခဏလေးနဲ့ ပျောက်သွားမှာပဲလေ။ ရေရှည်မှာက ဘာပဲ ကျန်ခဲ့မလဲ ဆိုရင် ကိုယ့်ရဲ့ အနုပညာပဲ ကျန်ခဲ့မှာ။ ဒါကြောင့် ဒီကောင်လေး ချောလိုက်တာ၊ မိုက်လိုက်တာ ဆိုတဲ့ ရုပ်ရည်ကို အားပေးတာထက်၊ ဒီကောင်လေး သရုပ်ဆောင်တာ ကောင်းလိုက်တာ ဆိုတဲ့ အသံကိုပဲ ကျနော် ပိုကြားချင်ပါတယ်။
ကျနော့် ဆရာလည်း ပြောဖူးတယ်၊ အနုပညာ စလုပ်မယ် ဆိုရင် လူတယောက်ကို ဘာကို စကြည့်လဲ ဆိုတော့ ရုပ်ရည်ကို စကြည့်တယ်တဲ့၊ မှန်တယ်။ ဒီကောင်လေး ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာကို ရုပ်ရည်နဲ့ ပိုင်းဖြတ်ကြ တယ်။ နောက်တချက်က အဝတ်အစားကို ကြည့်တယ်။ ဒီကောင်လေး ဝတ်တတ်တယ်၊ စားတတ်တယ်၊ သေသေသပ်သပ် လုပ်တတ်တယ်၊ တတိယမှ ဘာကို ကြည့်လဲ ဆိုတော့ အနုပညာကို သွားကြည့်တာ။ ရုပ်ရည်ရှိတဲ့ အတွက် ခြေလှမ်းလှမ်းရတာ ပိုပြီးတော့ မြန်တာပေါ့။ ရုပ်ရည်လည်းရှိတယ် Talent ပါ ထပ်ပေါင်းလိုက်ရင်တော့ ပရိသတ်အားပေးမှုက ပိုပြီးကောင်းတာပေါ့။
မေး။ ။ ကိုယ်တိုင်ရော အနုပညာနဲ့ ပတ်သက်ရင် လေ့လာမှုအား၊ ဝမ်းစာဖြည့်မှု အပိုင်းက ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော့်ဆရာက ဦးငြိမ်းမင်းပါ။ သူက ဆရာအရင်းပါ။ ကျနော်နဲ့ ဆရာက အမြဲတမ်းတော့ မတွေ့ဖြစ်ပါဘူး။ ဒါပေမယ့် ကြုံတိုင်းကြုံတိုင်းမှာ အနုပညာ ဝမ်းစာအတွက်ရော၊ ရှောင်ရန်၊ ဆောင်ရန် တွေကိုရော တကယ့် ဆွေမျိုးရင်းချာ တယောက်လို အမြဲတမ်း ပြောဆို ဆုံးမ ပါတယ်။ ကျနော်ကလည်း မှတ်သားထားပါတယ်။ ဆရာက ပြောတာတွေကို ကျနော် ခေါင်းထဲမှာ ရိုက်ထည့်ထားတယ်။
လေ့လာမှု အပိုင်းမှာ ကျနော် ရုပ်ရှင်ဇာတ်ကားတွေ အကုန် ကြည့်တယ်၊ မြန်မာကား၊ အင်္ဂလိပ်ကား၊ ကိုရီးယားကား၊ အိန္ဒိယကား၊ တရုတ်ကား၊ ကြည့်ရင် ဇာတ်ကောင်ရဲ့ သရုပ်ဆောင်မှုကို သေချာကြည့်တယ်။ ကျနော့်သဘောက ဇာတ်လမ်း ဘယ်လောက် ကောင်းကောင်း သရုပ်ဆောင်က သရုပ်ဆောင်တာ မကောင်းရင် အဲဒီကားက အလကားပဲ။ သူတို့ ဒီအခန်းမှာဘာကြောင့် မျက်ခုံးကို ပင့်လိုက်တာလဲ၊ နှုတ်ခမ်းကို တွန့်လိုက်တာလဲ၊ အိုက်တင်တွေကို မှတ်ထားတယ်။ သူတို့စကားကို နားမလည်ပေမယ့် သူတို့ သရုပ်ဆောင်တာကို ကြည့်ရင် နားလည်တယ်။
ဘာပဲပြောပြော သူတို့ဆီကနေ ကျနော်တဆင့် ပြန်သင်ယူလိုက် တာပေါ့။ မြင်ဆရာပေါ့။ နောက်တခုက ကျနော့်ကို သင်ပေးတဲ့ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေ ပြောတာကိုလည်း သေချာ လေ့လာ မှတ်သား သင်ယူပါတယ်။ ကျနော် မမို့မို့မြင့်အောင်တို့၊ ဦးနေအောင်တို့ကို အရမ်း သဘောကျတယ်။ သူတို့က အချိန်တို အတွင်းမှာ မျက်လုံး၊ သရုပ်ဆောင်တာ အကုန် ပြောင်းသွားနိုင်တယ်။ ဒီလောကမှာ ဒီလောက်အထိ ရပ်တည်နေနိုင်တာကို သိပ် သဘောကျတယ်။ ကျနော်လည်း တနေ့ကျရင် သူတို့လို ဒီလောကမှာ ရပ်တည်နိုင်တဲ့သူ တယောက် ဖြစ်ချင်တယ်။ သူတို့ကို ကြည့်ပြီး အားကျတော့ ကြိုးစားချင်တဲ့စိတ် ပိုဖြစ်မိတယ်။
မေး။ ။ ရေရှည်မှာ အနုပညာရှင် တယောက်အနေနဲ့ပဲ ဆက်ရပ်တည်မှာလား၊ ကိုယ့်အနာဂတ်မှာ တခြား ဘယ်လို Plan တွေ ချထားတာမျိုး ရှိလဲ။
ဖြေ။ ။ ကျနော် လောလောဆယ်တော့ ဒီသရုပ်ဆောင်တာကိုပဲ တစိုက်မတ်မတ် လုပ်သွားမှာပါ။ တခြားတော့ လုပ်ဖို့ ဘာမှ အစီအစဉ် မရှိသေးပါဘူး။
မေး။ ။ အောင်မင်းခန့်ရဲ့ ကိုယ်ပိုင် Style က ဘယ်လိုမျိုးလဲ။
ဖြေ။ ။ တချို့က ကျနော်ကို မာနကြီးတယ် လို့ ထင်ကြတယ်ဗျ၊ ကျနော် မာန မကြီးပါဘူး။ ကျနော်က မျက်နှာ တည်တယ်။ မျက်နှာက ဒီအတိုင်းဆို မပြုံးတတ်ဘူး။ အဲဒီအခါ လူတယောက်က ကျနော့်ကို မြင်လို့ ပြုံးပြတဲ့အခါ ကျနော်က မမြင်ရင် ရုပ်တည်ကြီး ဖြစ်နေတတ်တယ်။ ပြန်မပြုံးပြ ဖြစ်တဲ့အခါ ကျနော့်ကို ရုပ်တည်ကြီးနဲ့ ဒီလူက မာနကြီးတယ် လို့ ထင်ကြတယ်။ တကယ်တမ်းက မာနကြီးတာ မဟုတ်ပါဘူး၊ ကြီးခြင်းလည်း မရှိပါဘူး။ လူတိုင်းက ပခုံးနှစ်ဘက် ကြားက ခေါင်းပေါက်တာပဲလေ။ တယောက်နဲ့တယောက် ဝမ်းစာခြင်းသာ မတူတာ ရှိမယ်။ အနုပညာ အလုပ်လုပ်မှ မာနကြီး နေကြတာ မဟုတ်ပါဘူး။ ဒီအတိုင်း အပြင်မှာ အလုပ်မလုပ်ဘဲ ထိုင်ပြီး မာနကြီးနေတဲ့ သူတွေ လည်း အများကြီးပါပဲ။ အပြင်မှာလည်း ကျနော့် ပုံစံက လွတ်လွတ်လပ်လပ် စတိုင်ပဲ နေတာပါ။ ကျနော့် Life Style က ချုပ်ခြယ်တာမျိုး မကြိုက်ဘူး။
မေး။ ။ အောင်မင်းခန့် အနနဲ့ ဘယ်လို ဖက်ရှင် ဝတ်ရတာမျိုးကို နှစ်သက်သဘောကျလဲ။
ဖြေ။ ။ ကျနော်ကတော့ ပုံမှန်ဆိုရင် ပေါ့ပေါ့ပါးပါး တီရှပ်ရယ်၊ ဂျင်းဘောင်းဘီရယ် ဝတ်ရတာ သဘောကျတယ်။ ဒီလောက်ပဲ ဝတ်တတ်တယ်။ ပွဲသွားမယ် ဆိုရင်တော့ ကုတ်၊ ရှပ် နဲ့ စတိုင်ပန်တွေ ဝတ်ဖြစ်တယ်။ စမတ်ကျတဲ့ စတိုင်ကို ရိုးရိုးရှင်းရှင်းပဲ ဝတ်တတ်ပါတယ်။
မေး။ ။ မော်ဒယ် ပြိုင်ပွဲတွေရော ဝင်ပြိုင်ခဲ့ဖူးသေးလား။
ဖြေ။ ။ ဟုတ်ကဲ့။ နှစ်ပွဲ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ Man Hunt ပြိုင်ပွဲမှာ Second Runner Up ရခဲ့တယ်။ နောက်တခုက Maximanfort ပြိုင်ပွဲမှာတော့ Winner ဆုရခဲ့တယ်။ နောက်ပိုင်းတော့ မပြိုင်ဖြစ်တော့ဘူး။
မေး။ ။ အနုပညာ အလုပ်ကို ဝါသနာပါတဲ့ လူငယ်တွေကို ဘယ်လို အကြံဉာဏ် ပေးချင်လဲ။
ဖြေ။ ။ အခုခေတ်က တအား လွယ်သွားပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ မိန်းကလေးဆိုရင် Miss World ပြိုင်ပွဲ၊ Miss Universe တို့ ပေါ်လာပြီ။ ယောက်ျားလေးတွေ ဆိုရင်လည်း Master Global စသဖြင့် နိုင်ငံတကာပွဲတွေ အများကြီး ပေါ်လာပြီ၊ MRTV 4 က အိမ်မက်ဆုံရာမှာ ဆိုရင်လည်း လူသိ တော်တော်များတယ်။ ဒီဘက်ခေတ်မှာ Supporting တွေ တအားကောင်းလာပြီ၊ သိပ်ကို တိုးတက်လာပြီ၊ လုပ်ချင်တဲ့လူငယ်တွေ လုပ်ချင်ရင် လုပ်သာ လုပ်ပါ။ ပွဲတွေလည်း အများကြီး၊ ပံ့ပိုးပေးမယ့် လူတွေလည်း အများကြီး ရှိလာပါပြီ။ ကိုယ့်ဘက်က ကြိုးစား အားထုတ်မှုလေး တခုသာ ရှိခဲ့မယ် ဆိုရင် ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ လွယ်ကူပါတယ်။
မေး။ ။ အောင်မင်းခန့်က ကိုယ်နဲ့ ပတ်သတ်တဲ့ ကောလာဟလတွေကို ဖြေရှင်းတတ်လား။ ကောလာဟလ ပြောတာ ကြုံရရင် ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ကျနော်ကတော့ မဖြေရှင်းတတ်ဘူး။ လူဆိုတာ ကတော့ ပြောကြမှာ ပဲ။ မဟုတ်ရင် ကိုယ်ကတော့ ရင်မော့၊ ခေါင်းမော့ပဲ၊ လိုက်တော့ မဖြေရှင်းတတ်ဘူး။ ကျနော်က အချင်းများတာ မကြိုက်ဘူး။ ဒါပေမယ့် ထားပါတော့ စကား တခွန်းကို ကျနော့်ကို တည့်ပြောလာရင်တော့ ကျနော် ရှင်းရဲတယ်။ တဘက်စကား တဘက်တည်း ကြားပြီး တခြားလူက ကျနော့်ကို လာပြောတာဆိုရင်တော့ ကျနော်ကတော့ သူ့ကိုဖြေရှင်းမှာ မဟုတ်ဘူး။ ပြောချင်ရင် ကျနော့်ကို တည့်လာပြော၊ ဒါဆိုရင်တော့ ကျနော် ရှင်းမယ်။ ရှင်းရမယ့်သူနဲ့ တည့်တိုးပဲ ကျနော် ရှင်းချင်တယ်။ ကြားထဲက လူကိုတော့ မပြောတတ်ဘူး။
မေး။ ။ အောင်မင်းခန့်ရဲ့ အချစ်ရေး အကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော့် အချစ်ရေး ကတော့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ဆိုတဲ့ သီချင်းလေ။ အဲဒါ ကျနော့် နှလုံးသားကို လာရိုက်နေလား မသိပါဘူး။ အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော် မရှိပါဘူး။ အချစ်နဲ့ ပတ်သက်ရင် ခံရတာ များနေတော့ မချစ်ချင်တော့ဘူး။ လောလောဆယ်မှာတော့ အလုပ်ပဲ လုပ်နေပါတယ်။ လုပ်မယ် ဆိုရင်တောင် တခါတည်းပဲ အိမ်ထောင် တန်းပြုလိုက်မယ်။ ရည်းစား မထားတော့ဘဲလေ။