အခု ရက်ပိုင်းအတွင်း Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ဓာတ်ပုံနဲ့အတူ ထင်မြင်ဝေဖန်ပြောဆိုမှုကို ရေးသားပြီး Share ကြတာ တွေ့ရပါတယ်။ စာပေရေးသားတဲ့ စာရေးဆရာမ ရွှေရေးထင်ထင် ဆိုတာထက် သူ့ရဲ့ မော်ဒယ်ပို့စ် ဓာတ်ပုံတွေကို စိတ်ဝင်စားတာက ပိုတယ် ဆိုရင်လည်း မမှားပါဘူး။ ရွှေရေးထင်ထင် ဆိုတာကို စိတ်ဝင်စားလာကြတဲ့ အွန်လိုင်းပရိသတ်တွေ များပြား လာတာကြောင့် ရွှေရေးထင်ထင်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုစာပေတွေ ရေးသားတာလဲ၊ ဘာကြောင့် သူ့ရဲ့ စာပေထက် လူကို ပိုပြီးစိတ်ဝင်စား လာကြတာလဲ ဆိုတာကို သိရှိစေဖို့ ဖော်ပြပေးချင်တာကြောင့် စာရေးဆရာမ ရွှေရေးထင်ထင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ရွှေရေးထင်ထင်ဆိုတာ နာမည်အရင်းပဲလား၊ ဘယ်လိုစာပေ အမျိုးအစားတွေ ရေးပါသလဲ။
ဖြေ။ ။ ရွှေရေးနာမည်အရင်းက ရွှေရေးထင်ထင်ပါပဲ။ မေမေပေးထားတဲ့ နာမည်ပါ။ ကလောင်နာမည်ကိုလည်း အထွေအထူး ရွေးထားတာ မဟုတ်ပါဘူး။ စာရေးတော့လည်း မေမေပေးထားတဲ့ နာမည်ရင်းကိုပဲ ပြန်ပြီး သုံးထားတာပါ။ ပညာအရည်အချင်းက Business နဲ့ ကျောင်းပြီးထား ပါတယ်။ ရွှေရေးရဲ့ Life က သာမန်ပါပဲ။ တခြား ထွေထွေထူးထူးကြီး မရှိပါဘူး။ ပညာသင်ခဲ့တဲ့ အချိန်ကတည်းက ကိုယ့်ဘာသာ ကဗျာလေးရေး၊ စာလေးရေး လာခဲ့တယ်။ ဒါပေမယ့် ဘယ်ကိုမှတော့ ချပြခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်တော့ မဂ္ဂဇင်းတိုက်တွေကို ဝတ္ထုတိုလေးတွေ ပို့ဖြစ်တယ်။ မြင်ကွင်းတို့၊ အိုင်ဒီယာ၊ Fashion Image မဂ္ဂဇင်းတွေကိုပေါ့။ အဲဒီတုန်းက ရွေးခံခဲ့ရခြင်း မရှိဘူးပေါ့။ နောက်တော့ စာရေးတာ ကြာလာခဲ့တော့ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက စိတ်ကူးချိုချို စာပေတိုက်က ထုတ်တဲ့ ကလေးပုံပြင်စာအုပ်မှာ ရွှေရေး ပထမဆုံးအနေနဲ့ စာမူ စပါခဲ့တယ်။ ကိုယ်က အချစ်ဝတ္ထု၊ ကဗျာ၊ အဆွေးစာတွေ ရေးပေမယ့် စစခြင်းပါတဲ့ စာမူကျတော့ မှတ်မှတ်ရရ ကလေးပုံပြင် ဖြစ်နေတာပေါ့။ နောက်ပိုင်း ကလေးမဂ္ဂဇင်းတွေမှာ ပုံပြင်လေးတွေ လိုက်ပြီးပို့ခဲ့တယ်။ အဲဒီမှာတော့ ပါလာတယ်။ နောက်တော့ ရွှေရေးဖေဖေက ထိုင်းမှာရှိတဲ့ အတွက် ဖေဖေ့ဆီ ခဏအလည်သွားတဲ့အချိန်မှာ ဟိုရောက်တော့ ရွှေရေးအတွက် ဘာမှလည်း အထွေအထူး လုပ်စရာမရှိတဲ့ အချိန်ပေါ့။ ပညာရေးဘက်မှာလဲ Study လုပ်တာကို ခဏနားထားတဲ့အချိန်လေ။ အချိန်က အများကြီးရှိနေတယ်။ အဲဒီအချိန်မှာ Facebook ကို စသုံးလာခဲ့တယ်။ အဲမှာက လိုင်းကလည်း ကောင်းတဲ့အခါကျတော့ သုံးဖြစ်လာတယ်။ အဲဒီမှာ Facebook မှာ ကဗျာလေးတွေ တပုဒ်စ၊ နှစ်ပုဒ်စ တင်ဖြစ်တယ်။ ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ဘူး။ အွန်လိုင်းမှာ ကဗျာဆရာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း မဟုတ်ဘူး။ ဒီအတိုင်း ဘယ်သူကိုမှ ချမပြဘူးတဲ့ ကဗျာလေးတွေကို အွန်လိုင်းမှာအရင်ချပြခဲ့တယ်။ အဲဒီအချိန်မှာ ပရိသတ်တွေက ထပ်ပြီးတင်ပါဦး၊ သူငယ်ချင်းတွေ ကလည်း ထပ်ပြီးတော့ တင်ပါဦးဆိုပြီး အားပေးကြတယ်။ အဲဒီမှာ တပုဒ်ကနေနှစ်ပုဒ်၊ နှစ်ပုဒ်ကနေ သုံးပုဒ် တင်လာဖြစ်တယ်။ အဲဒီမှာ အွန်လိုင်းမှာလက်စွမ်းပြလာတဲ့ ကဗျာဆရာအနေနဲ့ပဲ လူတွေသိလာကြတယ်။
မေး။ ။ ကဗျာတွေရေးပြီး သိလာကြတယ်ဆိုတော့ ဘယ်လိုကဗျာတွေ ရေးဖြစ်လဲ။
ဖြေ။ ။ ရွှေရေးအဓိက ရေးဖြစ်တဲ့ကဗျာတွေက အလွမ်းအဆွေး ကဗျာတွေ ပိုများပါတယ်။ ဘာ အထွေအထူး အကြောင်းအရာ မျိုးရယ်တော့ မရှိပါဘူး။ ရွှေရေး ရေးဖြစ်တာကလည်း ရွှေရေးက သီချင်းနားထောင်ရင်လည်း အလွမ်းအဆွေး သီချင်းမျိုးလေးတွေပဲ ကြိုက်ပြီး နားထောင်ဖြစ်တာကိုး။ အဲဒီတော့ ကိုယ်နားထောင်တာများတဲ့ အလွမ်းသီချင်းအတိုင်းပဲ ကိုယ်ရေးတဲ့ ကဗျာကလည်း အလွမ်းအဆွေး ကဗျာလေးတွေ ဖြစ်တယ်။ နောက်တခုက ရွှေရေးကဗျာမှာ ကာရန်တွေ သုံးတာများတယ်။ အခုခေတ်ကတော့ မော်ဒန်ကဗျာတွေ ရေးတာ များတာပေါ့နော်။ ဒါပေမယ့် ရွှေရေး နှစ်သက်တာက ဟိုးအရင်က ဦးပုညရဲ့ လေးချိုးတို့၊ ရတုတို့ ဖတ်တာတွေ များပြီးတော့ နှစ်သက်တဲ့ အပိုင်းကလည်း အဲဒီအပိုင်းဆိုတော့ ရွှေရေး ရေးဟန်က အခုပုံစံနဲ့ နည်းနည်းလေး ကွဲတာပေါ့။ ကဗျာကလည်း ကာရန်ပါတဲ့ အလွမ်းကဗျာလေးတွေ ဖြစ်လာတာပေါ့။ နောက်ပိုင်းကျတော့ ကဗျာ Group Page လေးတခု စပြီး ထူထောင်ဖြစ်တယ်။ ဒါကလည်း သူငယ်ချင်းတယောက်က အကြံဉာဏ်ပေးပြီး ကမ်းလှမ်းခဲ့တာ မို့လို့ပါ။ သူကလည်း တက်သစ်စ ဓာတ်ပုံဆရာ တဦးဖြစ်တယ်၊ သူက သူ့ရဲ့ ဓာတ်ပုံလေးတွေနဲ့ ရွှေရေးရဲ့ ကဗျာတွေနဲ့ပေါင်းစပ်ပြီးတော့ Page လေးမှာတင်မယ်ဆိုတဲ့ အိုင်ဒီယာလေးနဲ့ ကမ်းလှမ်းလာတော့ ရွှေရေးလည်း အဲဒါလေးကို သဘောကျမိတယ်။ အဲဒီမှာ ရွှေရေးရေးတဲ့ ကဗျာတွေက အချစ်ကဗျာ၊ အဆွေးကဗျာတွေ မဟုတ်တော့ဘဲနဲ့ ဘဝနဲ့ရသ ကဗျာလေးတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံလေးတွေကလည်း ဘဝနဲ့ရသကို ပြတဲ့ ပုံလေးတွေဖြစ်နေတယ်။ အဲဒီမှာ ဘဝရသ သရုပ်ဖော်ကဗျာလေးတွေကို ပြောင်းပြီးတော့ ရေးဖြစ်လာတယ်။ အဲဒီက Group Page မှာ တင်ပြီးတော့ လူနည်းနည်း ပိုပြီးတော့ သိလာတယ်ပေါ့။
မေး။ ။ ဝတ္ထုကရော ဘယ်လိုအကြောင်းအရာတွေ ရေးဖြစ်တာလဲ။ ဘယ် မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရဖူးလဲ။
ဖြေ။ ။ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေကလောင်သစ် ကဏ္ဍမှာ သဝေထိုးခခွေး ဝစ္စနှစ်လုံးပေါက် ခွေးဆိုတဲ့ ဝတ္ထုတိုလေး စပြီး ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဝတ္ထုရဲ့ အကြောင်းအရာကတော့ အဆောင်မှာနေတဲ့ မိန်းကလေးတယောက်က ခွေးလေးတကောင်ကို အစပြုပြီး အချစ်ဖြစ်ပေါ်လာတဲ့ အကြောင်းလေးပါ။ အချစ်ဇာတ်လမ်းလေး သက်သက်ပါပဲ။ အဲဒါလေးကလည်း ရွှေရေး ပထမရေးထားတုန်းက တော်တော်လေး ရှည်တယ်။ မဂ္ဂဇင်းတိုက်ကို ပို့မယ်ဆိုတော့ အတိုချုံ့ပြီးတော့ ပို့လိုက်တာပါ။ နောက်ထပ်လည်း ဝတ္ထုတိုလေးတွေ ရွှေအမြုတေကို ပို့ထားတာလေးတွေ ရှိပါသေးတယ်။ အမှန်အတိုင်းပြောရရင် ရွှေရေးကြိုက်တာ၊ အားသန်တာက စုံထောက်ဝတ္ထု၊ နောက်ပြီးတော့ အချစ်ဝတ္ထုပေါ့။ အချစ်ဝတ္ထုဆိုပေမယ့် စုံထောက်နဲ့ အချစ်ကို ရောထားတဲ့ ဝတ္ထုကို ပိုကြိုက်တယ်။ ဒါကြောင့်ကိုယ်တိုင်လည်း အချစ်၊ စုံထောက်၊ ဟာသ ရောထားတာကို ရေးဖြစ်တယ်။ ပိုကြိုက်တယ်။ ဒါပေမယ့် ဝတ္ထုတိုကျတော့ အဲဒီလိုပုံစံက နည်းနည်းခဲယဉ်းတယ်။ စာမျက်နှာ အခက်အခဲကြောင့်ပေါ့။ ဝတ္ထုရှည်တွေ ရေးရင်တော့ အဲဒီလိုပုံစံမျိုးပဲ ရေးတယ်။
မေး။ ။ စာရေးဆရာထဲမှာရော ဘယ်သူ့ စာတွေအဖတ်များလဲ၊ ဘယ်သူရဲ့ စာပေးရေးသားမှုက ကိုယ့်ကို လွှမ်းမိုးမှုတွေရှိလဲ။
ဖြေ။ ။ ငယ်ငယ်ကတည်းက မေမေဝယ်ပေးခဲ့ပြီး ရွှေရေးစဖတ်ဖြစ်တာက ဆရာကြီးရွှေဥဒေါင်းရဲ့ ဝတ္ထုတွေပါပဲ။ နောက် ဆရာကြီး ဒဂုန်တာရာကို ကြိုက်တယ်။ နောက်ပိုင်း ဆရာမဂျုး၊ ကလျာ (ဝိဇ္ဖာ၊သိပ္ပံ) ကိုကြိုက်တယ်။ မောင်သန်းဆွေ (ထားဝယ်) ရဲ့ သမိုင်းစာအုပ်တွေလည်း အရမ်းကြိုက်တယ်။ စာတော့ အစုံဖတ်ပါတယ်။
မေး။ ။ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက် Facebook ပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ဆိုပြီး နာမည်ကြီးလာပြီး လူတွေ သတိထားလာမိကြတာ ဘာကြောင့်လို့ ထင်မိလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ဒါက ပြောရမယ်ဆိုရင် သုံးပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ ရွှေရေးက Facebook သုံးကြတဲ့ သူတွေ ထုံးစံအတိုင်း ကိုယ့်ရဲ့ ဓာတ်ပုံ အလှလေး တင်လိုက်တယ်။ ဒီဓာတ်ပုံကလည်း ရွှေရေးအမြင်ကို ပြောရမယ်ဆိုရင် ဘာမှ အထွေအထူး ပြောစရာမရှိဘူးပေါ့။ မိန်းကလေးတွေ အမြင်ဆိုရင် သူဟာ ကိုယ်လုံးပေါ် အကျႌလေး ဝတ်ပြီး ရိုက်ပြီးတင်ထားတယ်လို့ပဲ မြင်မယ်။ ရွှေရေးအနေနဲ့ လည်း ဒီလိုပဲ ကိုယ်လုံးပေါ် Fitting ဖြစ်တဲ့ အကျႌႌလေး ဝတ်ပြီး ရိုက်ထားတယ်။ အပြင်သွားခါနီးလေးမှာ မေမေက ဧည့်ခန်းမှာ ဖမ်းပြီးဖုန်းနဲ့ ရိုက်လိုက်တာပဲ ရှိတယ်။ ဒါပေမယ့် ပို့စ်ကတော့ ကိုယ်က ကိုယ်ဖတ်ဖူးထားတဲ့၊ မြင်ဖူးထားတဲ့ မဂ္ဂဇင်းတွေထဲက မော်ဒယ်လေးတွေ ပုံစံအတိုင်းပဲ ပေးလိုက်မိတာ။ ဓာတ်ပုံတင်မယ် ဆိုတော့ ဒီပုံလေးကတော့ သူများနဲ့မတူဘူး၊ ဆန်းတယ်၊ ဒီပုံလေးတော့ တင်လိုက်မယ်ဆိုပြီး တင်ဖြစ်လိုက်တယ်။ အဲဒီပုံကို တင်ပြီးတော့မှ ဒီပုံကို လူတွေက ဘယ်လို အာရုံစိုက်မိသွားကြလဲ မသိဘူး။ တော်တော် Share သွားကြတယ် ။ Share သွားကြတာကလည်း အမျိုးသား Account တွေက များတယ်။ မိန်းကလေးတွေ အမြင်မှာ ဘာမှမဟုတ်ပေမယ့် ပုရိသတွေရဲ့ အမြင်မှာတော့ ဒီဓာတ်ပုံဟာ ဘာကို အာရုံစိုက်ချင်စရာ ဖြစ်လဲ ဆိုတာတော့ ရွှေရေးမသိဘူး။ အဲဒီလို ဓာတ်ပုံကို Share ပြီးတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ သူတို့က ရွှေရေးကို စာတွေ၊ ကဗျာတွေ ရေးတဲ့ စာရေးသူဆိုတော့ သူတို့က Share ရင် စာရေးဆရာမ၊ ကဗျာဆရာ ဆိုပြီး ခေါင်းစဉ်တပ်ပြီး Share တယ်။ နောက်ပိုင်းကျတော့ ပုံတွေ ပိုပြန့်လာတော့ နောက်တမျိုး ခေါင်းစဉ်တပ်တယ်။ နာမည်ကြီး စာရေးဆရာမဆိုပြီး ထပ်ရေးတယ်။ အဲဒီတော့ လူတွေက ပိုပြီးသိလာပြီးပိုပြီး ပွပွ၊ပွပွ လာပြီး နာမည်ကြီး စာရေးဆရာမ ဆိုပြီး ဓာတ်ပုံရိုက်ထားတာကလည်း မော်ဒယ် ပုံစံမျိုးနဲ့ဆိုပြီးတော့ အဲဒီမှာသူတို့ ဝေဖန်လို့ရတဲ့ ဘောင်ထဲ ဝင်သွားပြီးတော့ ပိုပြီး ပြန့်ကားသွားတဲ့ သဘောပါ။
မေး။ ။ ဓာတ်ပုံကရောအရင်က တင်ဖူးလား။ အရင်တုန်းက တင်တာနဲ့ အခုကရော ဘာတွေများ ကွာခြား သွားလဲ။
ဖြေ။ ။ ဓာတ်ပုံက အရင် ရွှေရေး ဘန်ကောက်မှာ Facebook စသုံးထဲက တင်ဖြစ်ခဲ့ပါတယ်။ ပုံတွေ တင်လာခဲ့ ပါတယ်။ အမြဲတမ်းတော့ တင်တာမဟုတ်ပါဘူး။ ကိုယ်ဓာတ်ပုံ ရိုက်ရင် ရိုက်ဖြစ်သလို၊ ရိုက်တဲ့ အထဲကလည်း ကိုယ် လှမယ်ထင်တဲ့ ပုံတွေကို တင်ဖြစ်တာပါပဲ၊ အခု Share နေကြတဲ့ ပုံကိုလည်း ဘယ်အချိန်က စတင်ဖြစ်လဲ ဆိုတာတောင် သေချာ မမှတ်မိတော့ဘူး။ ဒီမေလအတွင်းမှာပဲ တင်ဖြစ်တာပါ။
မေး။ ။ ဓာတ်ပုံတင်ပြီး နေ့ချင်းညချင်း ကိုယ့်ကိုလူတွေ Share ကြ၊ စိတ်ဝင်တစား ပြောကြတဲ့အပေါ်မှာရော ဘယ်လိုများ ခံစားမိလဲ။
ဖြေ။ ။ ဒီပုံကိုတင်ပြီး ၃၅ မိနစ်အတွင်းမှာ ရွှေရေး အကောင့်ထဲကပဲလား၊ အပြင်ကလား မသိဘူး။ ရွှေရေးရဲ့ တခြားပုံ၊ သုံးလေးပုံကို တွဲပြီးတော့ သူ့ကိုလည်း ဝန်းရံကြပါဆိုပြီး ပုံတင်ပြီး Share လိုက်တာတွေ့တယ်။ သူက တခြား Page မှာ တင်လိုက်တာကို ရွှေရေးရဲ့ သူငယ်ချင်းတယောက်က မြင်ပြီး ရွှေရေးကို Screen Shoot လုပ်ပြီး ပို့လာတယ်။ အဲဒီလို ပို့လာတော့ ပထမ တော်တော် အံ့သြသွားမိတယ်။ နောက်ပိုင်းတွေလည်း အဲဒီလိုမျိုးတွေ ရေးပြီး တင်လာကြတာ တွေ့တော့ သူငယ်ချင်းတွေ ကလည်း သူတို့ တွေ့သမျှ လာလာ ပြကြတယ်။ အံံ့သြမိတာနဲ့အမျှ နောက်ပိုင်းမှာ Comment ပေါင်းစုံလည်း ဝင်လာကြတာ အများကြီးပဲ။ တစ် အချက်က အံ့သြတယ်၊ နောက်ပိုင်း တဖြည်းဖြည်း များလာတော့ ရွှေရေး ထိတ်လန့်လာတယ်။ ကိုယ်မသိလိုက်တဲ့ အချိန်မှာ ဖြစ်တာလေ။ ကိုယ်က အိမ်မှာ တီဗီလေး ကြည့်လိုက်၊ စာရေးဖို့ အကြံထုတ်လိုက် လုပ်နေတဲ့အချိန်၊ အကြံမရလို့ ရေခဲသေတ္တာကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတဲ့ အချိန်လေ။ စားလိုက်သောက်လိုက်နဲ့ အဲဒီလို အချိန်ကုန်နေတဲ့ အချိန်မှာ Facebook မှာ ကိုယ့်ကို ဘာတွေလုပ်နေမှန်း မသိလိုက်ဘူး။ သိလိုက်တဲ့အချိန်မှာ တော်တော်လေး ပြန့်နှံ့နေတာကို တွေ့လိုက်ရတော့ တော်တော်လေး ထိတ်လန့်ပြီး ကြောက်သွားမိတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီဝင်လာတဲ့ Friend Request တွေကလည်း အများကြီး၊ Follower တွေကလည်း အများကြီး ဖြစ်နေပြီ၊ Message တွေ ပို့တာလည်း အများကြီး ဖြစ်လာတယ်။ ဘယ်လောက်ထိ များလာလဲဆိုရင် ရွှေရေး Chat Box ဆိုရင် ဖွင့်ဖတ်လို့ မရတော့ဘူး။ အကောင့်က အရမ်းလေးလာတယ်။ သူတို့ကို Accept လုပ်ပေးဖို့ ပြောလာတဲ့ သူတွေအများကြီးမှာ လူကောင်း တချို့ကို ရွှေရေး ပြန်လုပ်လိုက်တယ်။ သို့သော်လည်း Fake Account လို့ထင်ရတဲ့သူ တချို့ကိုတော့ ရွှေရေး မလုပ်ပေးဘူး။ အဲဒီမှာ သူတို့ဆီက အမုန်းပွားတဲ့စာတွေ ထပ်ပို့လာကြတယ်။ အဲဒီစာတွေကို ရွှေရေး လျစ်လျူရှု လိုက်တယ်။ နောက်ပိုင်း သိလာရတာက ရွှေရေး Fake Account လို့ ထင်ပြီးလျစ်လျူရှုလိုက်တဲ့ Account ထဲက လူတချို့က ရွှေရေးတင်ထားတဲ့ ပုံတွေအောက်မှာ မကောင်းတဲ့ Comment တွေ၊ ပိုပြီးဆိုးရွားတဲ့ Comment တွေကို ရေးပြီး ပိုပြီး ဖြန့်ဝေလာတာကို တွေ့ရတယ်။ အမုန်းပွားစရာ တခုကြောင့်၊ မကျေနပ်မှု တခုကြောင့် သူတို့ ပိုပြီး ဖြန့်ဝေလေ၊ ရွှေရေးကို ပိုပြီးသိလာလေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့ ကိုယ့်အကြောင်းတွေ ဖြန့်တဲ့ Post တွေကို အများကြီး မြင်ရတာ များလာတော့ ရယ်ချင်လာတယ်။ ဘယ်လိုမှ စိတ်ထဲမရှိတော့ဘူး။ သူတို့ရေးတာ၊ ပြောတာကို ရယ်ချင်တာပဲ ရှိတော့တယ်။ နောက်ပိုင်းမှာ ရွှေရေး အကြောင်းကိုမှ မဖွရင်၊ မပြောရင် သူတို့ နာမည် မကြီးတော့ သလိုပဲ ဖြစ်လာလို့ ရွှေရေးကိုပဲ ဖွနေကြတာလို့ သူငယ်ချင်းတွေ ပြောတာကို သိရတယ်။ ရွှေရေး အကြောင်းနဲ့ ပတ်သက်ပြီး၊ ကဗျာတွေ၊ Post တွေ ရေးတင်ကြတယ်။ ဝေဖန်သံတွေရှိတယ်။ တချို့ကကျတော့ ရွှေရေးဘက်ကနေ ရပ်တည်ပြီးတော့ အကောင်းဘက်နေ ရေးပေးကြတာ ရှိတယ်။ ဝေဖန် တိုက်ခိုက်တဲ့သူတွေကို သူတို့ဘက်က ပြန်ပြီး ရေးပေးတဲ့ Post တွေ တင်ပေးကြတယ်။ ကိုယ့်ဘက်က ရပ်တည်ပေးတဲ့ သူတွေ၊ ကိုယ့်ဘက်က ရေးပေးကြတဲ့ သူတွေကို ရွှေရေး အရမ်း ကျေးဇူးတင်မိတယ်။ ဒါပေမယ့် ရွှေရေးက ဖြူလား၊ မည်းလား၊ ဝလား၊ ပိန်လား၊ ပုလား၊ မသိဘဲ ဝေဖန် နေကြတဲ့ သူတွေကိုတော့ အံ့သြမိတယ်။ ရယ်လည်း ရယ်ချင်မိတယ်။
မေး။ ။ တချို့ ရွှေရေးထင်ထင်ဆိုတာ မိန်းကလေး အစစ်မဟုတ်ဘူး၊ အကောင့်ကလည်း Fake account လို့ ထင်နေကြတဲ့သူတွေ ရှိတယ်နော်။
ဖြေ။ ။ အဲဒီလို Fake Account လို့ အထင်ခံရတာက ကနဦး စသုံးတုန်းကပါ။ ဘာကြောင့်လဲ ဆိုတော့ ရွှေရေး အကောင့် စသုံးတုန်းကဆိုရင် ဓာတ်ပုံတွေ မတင်ရဲဘူးပေါ့နော်။ ဓာတ်ပုံမတင်ဘဲ ကဗျာတွေပဲ တင်တော့ ရွှေရေးက ကိုယ်တိုင် ကဗျာမရေးဘဲ တခြားသူ တဦးဦးရေးတဲ့ ကဗျာတွေကို ကူးယူပြီး ပြန်တင်တယ်လို့ ထင်ကြတယ်။ အဲဒီမှာ မဖြစ်တော့ဘူး၊ ငါတော့ ဓာတ်ပုံလေးတွေ တင်မှပဲဆိုပြီး ဓာတ်ပုံလေးတွေ ရိုက်ပြီး တင်လိုက်တယ်။ အဲဒီလို ဓာတ်ပုံ တင်နေတဲ့ကြားက အခုအချိန်အထိ Fake Account လားလို့ အမေးခံရတယ်။ အခုနောက်ပိုင်း ဘယ်လို ပိုဆိုးလာလဲ ဆိုတော့ ရွှေရေးရဲ့ ပုံတွေနဲ့ Fake Accountတွေ ဖွင့်ပြီး သုံးနေကြတယ်။ ဒီတော့ သူငယ်ချင်းတွေတောင် ပြန်မေး လာကြတယ်။ ဟိုဘက်မှာ နင့်ပုံနဲ့သုံးနေတာက အစစ်လားတဲ့။ ရွှေရေးကရော အတုလားတဲ့၊ တခြား မိန်းကလေး တယောက်ပုံကို ရွှေရေးကယူပြီး သုံးထားတာလား၊ ကဗျာတွေကလည်း သူများရေးထားတဲ့ ကဗျာတွေကို ယူသုံး နေတာလား၊ အဲဒီလို မျိုးတွေ ခဏခဏ မေးလာကြတယ်။ အဲဒီအတွက် ရွှေရေးစိတ်မဆိုးပါဘူး။ ဒါက အချိန်တန်ရင် အမှန် ပေါ်ပေါက်လာမယ့် ကိစ္စပဲလေ။ အခု ရွှေရေးသုံးနေတဲ့ Account က Shweyae Htin Htin ဆိုတဲ့ Account နဲ့ Shweyae Htin Htin ဆိုတဲ့ Page ဆိုတာ နှစ်ခုပဲ သုံးပါတယ်။ နောက်တခုက ပေါင်းစပ်ခြင်း အနုပညာ အလင်္ကာ ဆိုတဲ့ Page လေးကို သုံးပါတယ်။ နောက်တခုက ရွှေရေးက အပြင် သိပ်မထွက် ဖြစ်ဘူး။ ဖုန်းနံပါတ် လာတောင်းရင်လည်း မပေးဘူး။ ဒါကြောင့် ပွဲတွေ ဖိတ်ရင်လည်း သိပ်မသွားဖြစ်ဘူး။ အပြင်ထွက်တာ နည်းတဲ့အတွက် ရွှေရေးကို အပြင်မှာ သိပ်မတွေ့ဖူးကြဘူး။ ရွှေရေးထင်ထင် ဆိုတာကို သေချာမသိကြဘူး။ ဒါကြောင့်လည်း Fake Account လုပ်ပြီး တင်နေတယ်ပဲ ထင်ကြတာ ပါပါတယ်။
မေး။ ။ ရွှေရေးထင်ထင်ကို မင်းသမီး၊ မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းလာကြတာ ရှိတယ်လို့လည်း သိရတယ်။ အဲဒါရော လုပ်ဖြစ်မှာလား။ စာရေးတာအပြင် တခြား ဘယ်လို အနုပညာ ဖန်တီးမှုတွေရော ရှိပါသလဲ။
ဖြေ။ ။ အဲဒါတော့ မလုပ်ဖြစ်ပါဘူး။ ရွှေရေး ဒါရိုက်တာဦးသိန်းဟန်(ဖီးနစ်)နဲ့သိတာက သူနဲ့က ရွှေရေးက ဇာတ်ညွန်းလေးတွေ ရေးထားတာ ရှိတယ်လို့ ပြောပြထားဖူးတာ ရှိပါတယ်။ ဇာတ်ညွှန်း ကိစ္စလေးတွေ ပြောထားတာ ရှိတာပါ။ အဆိုတော် ကိုမိုးမိုးနဲ့လည်း ရွှေရေး သီချင်းလေးတွေ ရေးထားတာရှိတယ်လေ။ ရွှေရေး ရေးထားတဲ့ သံစဉ်လေးတွေ ရှိတယ်။ သီချင်းလေးတွေ ရှိတာ ကိုမိုးမိုးကို ပြချင်တာကြောင့် ကိုမိုးမိုးတို့နဲ့ တွေ့ဆုံဖြစ်တာ ရှိပါတယ်။ ရွှေရေးစိတ်ဝင်စားတာ အဓိက စာရေးသားခြင်းပါပဲ၊ ဇာတ်လမ်းဇာတ်ကွက် ရေးသားတာ၊ ဝတ္ထုရေးမယ်၊ ကဗျာရေးမယ် ဒါကတော့ အဓိကပေါ့။ သီချင်းရေးတာကတော့ ရွှေရေးရဲ့ အဓိက ဝါသနာမဟုတ်ပါဘူး။ ဒါပေမယ့် သူကလည်း ကဗျာနဲ့ သက်ဆိုင်နေတယ်၊ စကားလုံးတွေ၊ ကာရန်တွေ ရေးတာပဲပေါ့။ အရမ်း မရေးဖြစ်သော်ငြားလည်းပဲ ရံဖန်ရံခါ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အခါကျရင် ရေးဖြစ်တယ်ပေါ့။ တခြားတခြားသော လူတွေကလည်း ရွှေရေးပုံတွေကို မြင်တဲ့အခါ သရုပ်ဆောင် လုပ်သင့်တယ်၊ သရုပ်ဆောင်လုပ်ပါလား ဆိုပြီး ပြောကြတာရှိတယ်။ တော်တော်များများ လာပြောကြတယ်။ ကမ်းလှမ်းတာလည်းရှိတယ်။ အဲဒီလို လုပ်ဖို့တော့ ရွှေရေး စိတ်မဝင်စားသေးပါဘူး။ နောက်တခုလည်း ရှိသေးတယ်။ ရွှေရေးကဗျာတွေ ရေးပြီး Group Page လေး လုပ်ပြီးတဲ့ အချိန်မှာ သူတို့က ကဗျာစာအုပ်တွေ ထုတ်မယ်ဆိုပြီး ကမ်းလှမ်း လာကြတာတွေလည်း ရှိတယ်။ ဒါပေမယ့် ရွှေရေးက ကနဦး ထုတ်ဝေတဲ့ စာအုပ်က ကဗျာစာအုပ် မဖြစ်ချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်မှာက ကဗျာစာအုပ်ကို ပိုက်ဆံ ပေးပြီး ဝယ်ဖတ်တဲ့သူဆိုတာ အရမ်းရှားပါတယ်။ အွန်လိုင်းမှာသာ တွေ့ရင် ဖတ်ကြတာ များတယ်။ ဒါကြောင့် ကဗျာစာအုပ်အနေနဲ့က အောင်မြင်ပြီး ပေါက်ဖို့က ခဲယဉ်းတယ်။ ဒါကြောင့်ရွှေရေးက ပထမဆုံးစာအုပ်ကို လုံးချင်း ဝတ္ထုပဲ ထုတ်ချင်တယ်။ ဒါကြောင့် ကဗျာစာအုပ်ကိုလည်း ရွှေရေး အခုထိ မထုတ်ဖြစ်တာပါ။ အရင်တုန်းက လုံးချင်းဝတ္ထု အရှည်တွေ အများကြီးရေးဖူးတယ်။ အဲဒီတုန်းကတော့ ကိုယ့်ဇာတ်ကို ကိုယ် တော်တော်ကောင်းလှပြီ ထင်နေတာလေ။ ဒါပေမယ့် လတွေ တော်တော်ကြာသွားလို့ ပြန်ဖတ်ကြည့်တဲ့ အခါကျတော့ သိပ် အားမရတော့ဘူး။ ပရိသတ်ကို ချပြလောက်တဲ့အထိ မကောင်းသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် မြင်မိတယ်။ အဲဒီအထဲကမှ ရွှေရေး ကြိုက်တဲ့ အချစ်ရယ်၊ ဟာသရယ်၊ စုံထောက်ရယ် ပေါင်းပြီရေးထားတဲ့ ဝတ္ထုရှည်တပုဒ်ကို တော်တော်ကြိုက်တုန်းပဲ၊ ကနဦး ဝတ္ထု ထုတ်ဖြစ်မယ်ဆိုရင် အဲ့ဒီဝတ္ထုကို ရွှေရေး အရင်ဆုံးထုတ်ဖြစ်မယ် ထင်ပါတယ်။ ပရိသတ်ကို ချပြရင်လည်း ပရိသတ် တော်တော်များများ ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ Facebook မှာလည်း အခန်းဆက်အဖြစ် တင်သွားဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ။ ကိုယ်က စာပေရေးသားပြီး ဖန်တီးသူတယောက်အဖြစ် သတ်မှတ်ခံချင်တဲ့အခါမှာ ကိုယ့်ကို ဓာတ်ပုံကြောင့်ပဲ ပရိသတ်က ပိုပြီးသတိထား၊ အားပေးတဲ့အပေါ် ခံစားချက်က ဘယ်လိုရှိလဲ။
ဖြေ။ ။ အဲဒါကိုလည်း စိတ်ထဲ နည်းနည်း မကျေနပ် ဖြစ်မိတယ်ရှင့်။ ရွှေရေးက ချပြတာက ရွှေရေးရဲ့ အလုပ်အနေနဲ့၊ ဝါသနာအနေနဲ့ ချပြတာက စာပေ၊ ဓာတ်ပုံတင်တာက ရွှေရေးရဲ့ ကိုယ်ပိုင် Life အနေနဲ့ ဓာတ်ပုံလေးတွေတင်တာ။ ဒါပေမယ့်သူတို့ပိုပြီး စိတ်ဝင်စား သွားကြတာက ဓာတ်ပုံဖြစ်နေတယ်။ စာပေကိုတော့ သူတို့မေ့နေကြတယ်။ ရွှေရေးက စာရေးသူတယောက် ဆိုတာကို တော်တော်များများက မေ့နေကြတယ်။ ဒါပေမယ့် အဲဒီအထဲမှာ တချို့သော ခင်မင် အားပေးတဲ့ ပရိသတ်တွေ ရေးလာကြတာရှိတယ်။ ဓာတ်ပုံကြောင့် ရွှေရေးကို ပိုသိလာတယ်။ Wall ထဲက စာတွေကို လာဖတ်ကြတယ်။ ဓာတ်ပုံကြောင့် စာတွေကို နောက်ပိုင်းမှာ အားပေးလာကြတဲ့ သူတွေလည်း အများကြီးရှိလို့ ဝမ်းသာပါတယ်။
မေး။ ။ ပရိသတ်စိတ်ဝင်စားကြတဲ့ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ အပြင်က Lifestyle နဲ့ ကာရိုက်တာက ဘယ်လိုမျိုးလဲ။
ဖြေ။ ။ ရွှေရေးအပြင်မှာနေဖြစ်တဲ့ ပုံစံက အမြဲလိုလို အိမ်တွင်းပုန်းပြီး စာရေးမယ်၊ စားမယ်၊ သောက်မယ်။ အဲဒီလို ပုံစံပဲ။ နောက်ပြီးတော့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်း နည်းတယ်။ Facebook မှာသာခင်မင်ကြတဲ့ သူငယ်ချင်းတွေ ရှိတာ၊ အပြင်မှာကျတော့ ငယ်ပေါင်းကြီးဖော်လို ပေါင်းတဲ့သူငယ်ချင်းလည်း မရှိဘူး။ နည်းတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ စွဲစွဲမြဲမြဲနဲ့ စာရေးဖြစ်လာတာ။ အပြင်ကလည်း မေမေနဲ့ တခါတရံ Shopping ထွက်တာကလွဲရင် သိပ်မထွက်ဖြစ်ဘူး။ Lifestyle က ပေါ့ပေါ့ပါးပါး နေတတ်တယ်။ စာရေးစာဖတ်တာ ဝါသနာပါတယ်၊ တီဗီကြည့်တာ ဝါသနာပါတယ်၊ မုန့်စားတာ ဝါသနာပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ နေတတ်ပါတယ်။
မေး။ ။ ရွှေရေးထင်ထင်က ထိုင်းကိုလည်း သွားခဲ့တယ်ဆိုတော့ အဲဒီမှာ ကျောင်းကော တက်ခဲ့တာလား။
ဖြေ။ ။ ကျောင်းတက်ခဲ့တာ မဟုတ်ပါဘူး။ ထိုင်းမှာက ရွှေရေး ဖေဖေရှိတယ်လေ။ ဖေဖေ့ ကျန်းမာရေး မကောင်းတော့ ရွှေရေက ဖေဖေ့နားကို သွားခဲ့တာပါ။ ဒါပေမယ့် သတ်မှတ်ထားတာထက် ကြာကြာလေး နေဖြစ်တယ်ပေါ့။
မေး။ ။ ရွှေရေးထင်ထင်ကို ပလတ်စတစ် ဆာဂျရီ လုပ်ထားတယ်ဆိုတဲ့ ပြောသံလည်း ကြားရပါတယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုများ ဖြေရှင်းချက်ပေးချင်ပါလဲ။
ဖြေ။ ။ ဖြေရှင်းချက် မပေးခင် အရမ်းအရမ်း ရယ်ချင်ပါတယ်။ အဲဒီစကားကို အဲဒီလိုပဲ ပြောချင်ပါတယ်။ ဒီကိစ္စက ကိုယ်က စိတ်ဆိုးပြီး သက်သေပြမယ်ဆိုပြီး သက်သေပြလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးလေ။ လူတွေကရွှေရေးကို တိုက်ရိုက်လာမေးကြတာလည်း ရှိတယ်။ အဲဒီအခါကျရင် ရွှေရေးဘာမှမပြောဘဲ လျစ်လျူရှုလိုက်တယ်။
(ဘေးမှာ ထိုင်နေသည့် ရွှေရေးထင်ထင်၏ မိခင်။ ။ အဲဒါက သမီးရဲ့ ငယ်ငယ်က ဓာတ်ပုံလေးတွေ ကြည့်ရင် သိပါတယ်။ နောက်ပြီးဒါက သူက သေးဖို့ပဲ ခွဲစိတ်သင့်ရင်တောင် ခွဲစိတ်ရမှာပါ။ ဟုတ်တယ်လေ။ ဒီဒဏ်ကို ခံနိုင်ရင်ခံ၊ မခံနိုင်ရင် ခွဲစိတ်ပေါ့။)
မေး။ ။ ရွှေရေးထင်ထင်က ဘာလူမျိုးလဲ။ အခု အသက်ဘယ်လောက်ရှိပါပြီလဲ။
ဖြေ။ ။ ဗမာစစ်စစ်ပါပဲ။ သူငယ်ချင်းတွေကတောင် နောက်နေသေးတယ်။ အဖေကလည်း ဗမာ၊ အမေကလည်း ဗမာဖြစ်ရဲ့သားနဲ့ သူတို့ဗမာလို့ မထင်ကြဘူးဆိုတော့ ဘိုးဘိုးနဲ့ဘွားဘွားကိုပဲ မေးကြည့်ရမယ်ဆိုပြီး ရယ်စရာ ပြောနေသေးတယ်။ ရွှေရေးက 91 Born ပါ။
မေး။ ။ ရွှေရေးထင်ထင်နဲ့ ပတ်သတ်တဲ့ လူတော်တော်များများ ပြောကြတဲ့ အကြောင်းအရာတွေ အပေါ်မှာရော ဖြေရှင်းပြောပြဖို့ အစီအစဉ်မရှိဘူးလား။
ဖြေ။ ။ အဲဒီလိုတော့ ရွှေရေးဖြေရှင်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ Facebook ရဲ့ သဘောကိုက အစ တခုကို အမြဲဆွဲထုတ်ဖို့ ရှာနေကြတဲ့ သဘောမှာ ရှိတယ်လေ။ ဥပမာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတရား တခု ပေါ်လာရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းတရားကို သူတို့ ဆွဲထုတ်ကြမယ်။ လူမှုရေးနဲ့ ပတ်သက် ရင်လည်း မကြီးကြီးလာအောင် ဆွဲပြီးဖွကြမယ်။ ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ကားလေး နာမည်တခု ထွက်လာရင်တောင်မှ အဲဒီ ဇာတ်ကားနာမည်ကို လှပတဲ့ နာမည်လေးတခုကိုတောင်မှ သူတို့ ပျက်သွားအောင် လုပ်ချင်လုပ်ကြမယ်၊ စိတ်ဝင်စားစရာတခုခုကို အချိန်ပေးပြီးတော့ အမြဲ ရှာဖွေနေကြတဲ့ သူတွေအတွက်ကျတော့ ကိစ္စတွေဆိုတာ တခုပြီးတခု ပေါ်လာနေမှာပဲလေ။ လတ်တလော ရေပန်းအစားဆုံး ဖြစ်နေတာကတော့ ရွှေရေးအကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ သူတို့အတွက် နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းအရာ တခုခု ထပ်ရသွား ပါလိမ့်မယ်။ အဲဒီအခါကျရင် ရွှေရေးအကြောင်းက ငြိမ်ပြီးတော့ အေးသွားမှာပါ။
မေး။ ။ ရှေ့ဆက်ပြီး ဆရာမရွှေရေးထင်ထင်ရဲ့ ဘယ်လိုအနုပညာ ချပြမှုမျိုးကို ပရိသတ်က တွေ့မြင်ရမှာပါလဲ။
ဖြေ။ ။ ရွှေရေးအဓိက လုပ်ဖို့ကတော့ စာရေးခြင်းနဲ့ ပတ်သက်လို့ပါပဲ။ နံပါတ်တစ် စာတွေရေးမယ်၊ လုံးချင်း ဝတ္ထု ထုတ်နိုင်ဖို့ ရွှေရေးကြိုးစားမယ်။ နောက်တခု ရွှေရေး ဇာတ်ညွန်းတွေ ရေးပါမယ်။ နောက်ပြီးတော့ ကဗျာတွေ ဆက်ရေးပါမယ်။ တခြား ပြောချင်တာကတော့ အွန်လိုင်းမှာ ရွှေရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက်ပဲ မကောင်းပြောပါစေ၊ ဝေဖန်နေပါစေ ရွှေရေးထင်ထင်ကတော့ ရယ်စရာလို့ မြင်တာကလွဲပြီး တခြားဘာမှ ပြောစရာ မရှိပါဘူးလို့။
မေး။ ။ ရွှေရေးထင်ထင်ရဲ့ အနာဂတ်ကကော စာရေးတာတခုပဲလား။ တခြား စီးပွားရေး၊ ဒါမှမဟုတ် အလုပ်တခုခု လုပ်ဖို့ရော ရှိပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ ရွှေရေး အိမ်မှာ ပဲ Home ကျူရှင်အနေနဲ့ စာသင်နေပါတယ်။ သင်တာက အဓိက TOFEL ၊ IELTS အတွက် အင်္ဂလိပ်စာပေါ့။ နောက်ပြီး Accounting နဲ့ပတ်သတ်တာကိုလည်း သင်ပါတယ်။ အဲဒါက ပြင်ပက သူတွေထက် ရွှေရေးနဲ့ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်း၊ ကလေးတွေကို သင်ပေးဖြစ်တာပါ။