အန်ဒမန်ပင်လယ်ထဲမှာ မျောနေတဲ့ လှေစီးဒုက္ခသည်တွေရဲ့ ပုံရိပ်တွေကို မီဒီယာတွေမှာ တွေ့ရတော့ ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ဦးလေးတွမ်ရဲ့ တဲကလေး (Uncle Tom’s Cabin) ဆိုတဲ့ ဝတ္တုတစ်ပုဒ်ကို သွားသတိရမိတယ်။ ၁၈ ရာစုလောက်က လူမည်းတွေကို ကျွန်အဖြစ် ရောင်းဝယ်ကြတဲ့ အကြောင်းကို အခြေခံပြီး ရေးထားတဲ့ အမေရိကန် စာရေးဆရာမ Harriet Beecher Stowe ရဲ့ ကမ္ဘာကျော် ဝတ္တုတပုဒ်ပါ။
ကျွန်စနစ်ဖျက်သိမ်းဖို့နဲ့ ကျွန်ကုန်ကူးသူတွေကို အရေးယူဖို့အတွက် ဘယ်လိုပဲ ဥပဒေတွေ ရေးဆွဲပြီး ဘယ်လိုပဲ နိုင်ငံတကာ သဘောတူညီစာချုပ်တွေ ချုပ်ခဲ့ပေမယ့် ၁၇ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ငွေဝယ်ကျွန်စနစ်ဟာ အခုထိ မပျက်သုဉ်းသေးပါဘူး။ နည်းပညာတွေ ဆက်သွယ်ရေးတွေ ဖွံ့ဖြိုးလာတဲ့၂၁ ရာစုထဲမှာတောင် “လူကုန်ကူးမှု” ဆိုတဲ့ နာမည်တစ်မျိုးနဲ့ ရှင်သန်ဆဲပါပဲ။
လူမည်းငွေဝယ်ကျွန်တွေကို ကြာပွတ်တွေနဲ့ရိုက်ပြီး ခိုင်းစေခဲ့ကြသလိုပဲ ၂၁ ရာစု ခေတ်မှာလည်း လူကုန်ကူးခံရတဲ့လူတွေဟာ လိပ်ကျောက်မြီးနဲ့ ရိုက်ပြီး ခိုင်းစေခံရတယ်။ လက်နက်တွေနဲ့ ခြိမ်းခြောက်ခိုင်းစေ ခံရတယ်။ မိုဘိုင်းဖုန်းတွေကတဆင့် လူကုန်ကူးခံရသူရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေဆီကို ငွေညှစ်တောင်းခံမှုတွေ လုပ်လာကြတယ်။
ကမ္ဘာပေါ်က စစ်ဘေးဒဏ်သင့်တဲ့၊ သဘာဝကပ်ဆိုးကျရောက်တဲ့၊ ဆင်းရဲမွဲတေမှု တွေရှိနေတဲ့ နိုင်ငံတိုင်းမှာ ငွေဝယ်ကျွန်စနစ် ရှိနေဆဲပဲ ဆိုတာကို ခေတ်သစ်လူကုန်ကူးမှု တွေက သက်သေပြနေပါတယ်။
ပြီးခဲ့တဲ့လကပဲ အေပီသတင်းဋ္ဌာနရဲ့ တနှစ်ကျော်ကြာ ခြေရာခံ စုံစမ်းဖေါ်ထုတ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနားကျွန်းပေါ်မှာ ၂ နှစ်နီးပါး ကျွန်ပြုခံထားရတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုအပါအဝင် ရေလုပ်သား တထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ပါဝင်တဲ့ မြန်မာရေလုပ်သား ငါးရာကျော်ကို သက်ဆိုင်ရာအစိုးရချင်း ပူးပေါင်းပြီး မိခင်နိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းက လူကုန်ကူးသူတွေရဲ့ လျှို့ဝှက်စခန်းတခုကို ထိုင်းရဲတွေက ဖေါ်ထုတ်နိုင်ခဲ့ပြီး၊ အဲဒီနောက်မှာ တဆက်တည်း ပေါ်ပေါက်လာတဲ့ အန်ဒမန်ပင်လယ်ထဲက ရာချီတဲ့လှေစီးဒုက္ခသည်တွေရဲ့အရေးဟာ ဒေသတွင်းအစိုးရတွေရဲ့ လူသားခြင်းစာနာမှုရေချိန်ကို စမ်းသပ်ခဲ့ပါတယ်။
လှေစီးဒုက္ခသည်တွေကို သူ့ထက်ငါ ပင်လယ်ထဲတွန်းပို့နေခဲ့တဲ့ ဒေသတွင်းအစိုးရတွေ ထဲမှာမှ အဲဒီလှေတွေပေါ်မှာပါဝင်နေတဲ့ “ရိုဟင်ဂျာ”ဒုက္ခသည်တွေအရေးကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှု အများဆုံးခံခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
မြန်မာတွေက ဘင်္ဂါလီလို့ခေါ်ပြီး နိုင်ငံတကာက “ရိုဟင်ဂျာ”လို့ အသိအမှတ်ပြုထားတဲ့ လူသားအုပ်စုတစုကို မြန်မာရော ဘင်္ဂလားဒေ့(ရ်ှ)ကပါ နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ကြတဲ့အတွက် နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစူးစိုက်မှုကို ပိုပြီးခံရပါတယ်။
မြန်မာအစိုးရက သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ပေမယ့်လည်း ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မတိုင်ခင်နဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာတေ့ာ ယာယီဧည့်နိုင်ငံသားလက်မှတ် (White Card) တွေထုတ်ပေးပြီး မဲပေးခွင့်ပြုခဲ့ဖူးပါတယ်။
မြန်မာအစိုးရက တရားဝင်ထုတ်ပြန်တဲ့စာရင်းအရ ယာယီဧည့်နိုင်ငံသားလက်မှတ် (White Card) ထုတ်ပေးထားခဲ့ဖူးတဲ့ လူဦးရေကတင် ၇ သိန်းလောက် ရှိပါတယ်။ ဒါပေမယ့် ၂၀၁၅ နှစ်ဦးပိုင်းမှာပဲ အဲဒီလက်မှတ်တွေကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရက ပြန်အပ်ခိုင်းခဲ့တာကြောင့် လူလေးသိန်းလောက်က ပြန်အပ်ခဲ့တယ်လို့ သိရပါတယ်။
လှေစီးဒုက္ခသည်ပြဿနာ
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး ပင်လယ်နယ်နမိတ်ချင်းထိစပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်း ပေါများတဲ့ နိုင်ငံတွေမှာ အလုပ်ရှာဖွေဖို့ ပင်လယ်ထဲကို လှေကြီးတွေနဲ့ စွန့်စား ထွက်လာကြတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့(ရှ်)လူမျိုးတွေကို “Boat People” ဆိုပြီး ကမ္ဘာ့မီဒီယာတွေထဲမှာ မကြာခဏ ဖော်ပြလာကြပါတယ်။
မြန်မာရော ဘင်္ဂလားဒေ့(ရှ်)မှာပါ အလုပ်အကိုင် အခွင့်အလမ်းနည်းပြီး ဆင်းရဲတွင်း နက်သထက်နက် လာကြတဲ့အတွက် ပင်လယ်ပြင်ကြီးကိုသာ ဆင်းရဲတွင်းက လွတ်ရာ တခုတည်းသော ထွက်ပေါက်အဖြစ် သဘောထားခဲ့ကြပုံ ပေါ်ပါတယ်။ တကယ်တော့ ပင်လယ်ကြီးဟာ သူတို့ထွက်ပြေးလာခဲ့တဲ့ ဆင်းရဲတွင်းထက် ပိုဆိုးတဲ့ ငရဲခန်းတခု၊ သားရဲတွင်းတတွင်း ဖြစ်နေခဲ့မှန်း သိခဲ့ကြပုံ မရပါဘူး။
ထိုင်းနိုင်ငံ ဒါမှမဟုတ် မလေးရှား အင်ဒိုနီးရှားစတဲ့နိုင်ငံတွေဟာ ထွက်ခွာသွားနှင့်ကြတဲ့ ဆွေမျိုးသားချင်းတွေ ရှိနေတဲ့နေရာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနိုင်မယ်လို့ ထင်ရတဲ့ သူတို့ရဲ့ အိပ်မက်နိုင်ငံတွေ ဖြစ်ကြတယ်။ ဒါကြောင့်လည်း မိသားစုတွေရဲ့ ဘဝတက်လမ်းအတွက် ဖောင်ဖျက်ခရီးတွေကို စွန့်စားသွားရောက်ဖို့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့(ရှ်) လူငယ်အတော်များများက ရွေးချယ်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီဖက်နှစ်တွေမှာတော့ လူမှောင်ခိုလုပ်ငန်းကို စီးပွားဖြစ်လုပ်ငန်းကြီးတခုလို လုပ်လာကြတဲ့ လူပွဲစားတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အကျင့်ပျက်ခြစားတဲ့ နယ်စပ်လုံခြုံရေးဝန်ထမ်းတွေက လူတွေရဲ့ အသက်တွေဘဝတွေကိုရင်းပြီး ကူးသန်းရောင်းဝယ်မှု ပြုကြတဲ့ ၂၁ ရာစုခေတ် ငွေဝယ်ကျွန်စနစ်ကို အသက်သွင်းလာခဲ့ကြတယ်။
UNHCR က လတ်တလော ထုတ်ပြန်တဲ့စာရင်းဇယားအရ လူမှောင်ခိုဂိုဏ်းတွေဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက မတ်လအထိ ၃ လအတွင်း ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူ နှစ်သောင်းခွဲ လောက်ကို လှေကြီးတွေပေါ်မှာ တင်ဆောင် လူကုန်ကူးခဲ့ကြတယ်။ အဲဒီအရေအတွက်ဟာ၂၀၁၄ ခုနှစ်နဲ့နှိုင်းစာရင် နှစ်ဆလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့(ရှ်) နယ်စပ် ဒုက္ခသည်စခန်းတွေနဲ့ အနီးအနားမှာ နေထိုြင်ကတဲ့ ပညာမဲ့ အလုပ်အကိုင်မဲ့တဲ့ လူငယ်တွေ၊ အကာအကွယ်မဲ့တဲ့ ကလေးတွေနဲ့ ပျိုရွယ်တဲ့မိန်းမငယ်တွေဟာ လူမှောင်ခိုသမားတွေရဲ့ သားကောင်တွေ ဖြစ်လာခဲ့တယ်။
ထိုင်းနိုင်ငံမှာ ကယ်ဆယ်ထားခံရတဲ့ ဘူးသီးတောင်၊ မောင်းတောနဲ့ စစ်တွေ ဒုက္ခသည်စခန်း တွေကလာတဲ့ လှေစီးဒုက္ခသည် အမျိုးသမီး ၇ ယောက်နဲ့ လတ်တလော တွေ့ဆုံမေးမြန်း ထားတဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့(Human Rights Watch)ရဲ့ အင်တာဗျူး မှတ်တမ်းတွေအရ သူတို့ ၇ ယောက်စလုံးဟာ အလိုမတူပဲ အဓမ္မရောင်းစား ခံခဲ့ရတဲ့သူတွေလို့ သိရပါတယ်။
သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ အားလုံးဟာလည်း ခပ်ဆင်ဆင်တွေပါပဲ။ သူတို့ကို အနိုင်ကျင့်ခေါ်ဆောင်သွားခဲ့တဲ့ ယောကျာ်သားတွေထဲမှာ မြန်မာစစ်သားတွေ၊ ရဲတွေနဲ့ မြန်မာ-ဘင်္ဂလားဒေ့(ရှ်) နှစ်နိုင်ငံနယ်စပ်က လက်နက်ကိုင်လူပွဲစားတွေ ပါဝင်ပါတ်သက်နေတယ် လို့ပြောကြပါတယ်။
ရောင်းစားခံလိုက်ရလို့ လှေပေါ်ရောက်လာတဲ့ ဒုက္ခသည်အမျိုးသမီး ၇ ယောက်ထဲမှာ ၆ ယောက်ဟာ ၁၃ နှစ်သမီးကနေ ၁၈ နှစ်အရွယ်အထိ ပါဝင်ပြီး သူတို့ အားလုံးလိုလိုဟာ ကျောင်းမနေခဲ့ရပါဘူး။ ကျန်တဲ့တစ်ယောက်ကတော့ စစ်တွေ IDP စခန်းက “ခါလီဒါ” ဆိုတဲ့ ၂၅ နှစ်အရွယ် မိခင်တဦး ဖြစ်ပါတယ်။
ခါလီဒါက သူ့အင်တာဗျူးမှာ ပြောခဲ့တာက “တကယ်တော့ ကျမ မလေးရှားကို မသွားချင်ပါဘူး၊ ကျမကို အလုပ်ရမယ်လို့ လိမ်ပြောပြီး လှေပေါ် ပို့လိုက်ကြတာပါ။ ကျမကို ခေါ်သွားခဲ့တဲ့ လူပွဲစားတွေက ကော့သောင်းမြို့က မြန်မာနိုင်ငံသားတွေပါ” လို့ဆိုပါတယ်။
ခါလီဒါ အပါအဝင် လူလေးရာလောက်ကို ပင်လယ်ထွက်မယ့် လှေကြီးတစင်းပေါ်ကို တင်ပေးလိုက်ပြီးတော့ ထိုင်း-မလေးရှား နယ်စပ်နားမှာရှိတဲ့ ပဒါန်းဘီဆာ (Padang Besar) ဆိုတဲ့နေရာနဲ့ သိပ်မဝေးလှတဲ့ တောတွင်းစခန်း တခုဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။
စခန်းမှာရှိတဲ့ လူတွေထဲမှာ ဘင်္ဂလားဒေ့(ရှ်) ၅၀ လောက်က လွဲပြီး ကျန်တဲ့ ၃၀၀ ကျော်က ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ခါလီဒါက ပြောပြခဲ့တယ်။ အဲဒီစခန်းကနေထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ခါလီဒါကို ထိုင်းရွာသားတယောက်က တွေ့သွားခဲ့ပြီး လူမှောင်ခိုသမားတွေဆီကို ဘတ်ငါးထောင်နဲ့ ပြန်ရောင်းစားခဲ့ပြန်ပါတယ်။ ထွက်ပြေးခဲ့တဲ့အတွက် ခါလီဒါကို လူမှောင်ခိုသမားတွေက ရိုက်နှက်ခဲ့ကြတယ်။ မလေးရှားကိုပို့ဖို့ သူတို့တောင်းတဲ့ပိုက်ဆံကို မပေးနိုင်တဲ့အတွက် ခါလီဒါ့ ခြေထောက်တွေ လက်တွေကို ဆေးလိပ်မီးနဲ့ထိုးပြီး နှိပ်စက်ခဲ့ကြတယ်။
အဲဒီစခန်းမှာ တလလောက်ကြာအောင် ဆက်နေခဲ့ရပြီး ဒုတိယအကြိမ် ထွက်ပြေးပြန်တဲ့ ခါလီဒါဟာ ရာဘာစိုက်ခင်းတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းအလုပ်သမားတွေနဲ့တွေ့ပြီး ထိုင်းရဲတွေ လက်ထဲအပ်တာ ခံလိုက်ရပြန်ပါတယ်။ အဲဒီနောက် ခါလီဒါဟာ ထိုင်းအကျဉ်းထောင်ထဲမှာ ၅ လလောက်နေခဲ့ရပြီး စစ်တွေကို ပြန်ဖို့ရာ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အတွက် ဘယ်လိုပြန်ရမှန်းမသိပဲ အခက်တွေ့ နေခဲ့ပါတယ်။
ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံမဲ့ဧည့်သည်
“ရိုဟင်ဂျာ”ဆိုတာ ၁၉၆၀ခုနှစ်များကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက မေယုနယ်ခြားခရိုင်ဒေသမှာ မှီတင်းနေထိုင်နေကြတဲ့လူဦးရေ ၅သိန်းလောက်မှာ လေးပုံသုံးပုံလောက်ဟာ ရိုဟင်ဂျာတွေဖြစ်ကြတယ်လို့ ၂၀၁၂ခုနှစ်ထုတ် ရန်ကုန်အဝေးသင် တက္ကသိုလ် ပထမနှစ် – သင်ရိုးညွှန်းတမ်း ပြဌာန်းစာအုပ် ပထဝီဝင် အမှတ်စဉ် – ၁၀၀၄ ရဲ့ စာမျက်နှာ ၉၄မှာ ရေးသားထားတာကို အခုလို တွေ့ရပါတယ်။
“မေယုနယ်ခြား ခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါးရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါးလုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာ လူမျိုးဖြစ်၍ ရခိုင်၊ ဒိုင်နက်၊ မြို၊ ခမွီး စသော တိုင်းရှင်းသား လူမျိုးစုများလည်း နေထိုင်လျက်ရှိသည်။”
၁၉၆၁ ခု မေလကစပြီး ရိုဟင်ဂျာတိုင်းရင်းသားဘာသာနဲ့ မြန်မာ့အသံတိုင်းရင်းသားဘာသာ အစီအစဉ်မှာ တပတ်သုံးကြိမ်လွှင့်ခဲ့ဖူးပါတယ်။
မဆလခေတ်က စစ်အာဏာရှင်ဦးနေဝင်းလက်ထက်မှာ နဂါးမင်းစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာတွေကို တိုက်မထုတ်ခင်အထိ သူတို့မှာ အခြားသေ ာဗမာပြည်သားများကဲ့သို့ အမျိုးသားမှတ်ပုံတင်တွေ ကိုင်ဆောင်ခွင့်ရခဲ့ဖူးပါတယ်။
၁၉၇၈ခုနှစ်မှာစတင်ခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၂သိန်းခွဲလောက်ဟာ ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ကို ပြေးဝင်ခိုလှုံခဲ့ရတယ်။ ဘင်္ဂလားဒေ့(ရှ်) အစိုးရက လက်မခံပဲပြန်ပို့ခဲ့လို့ အများစုဟာ မေယုခရိုင်ထဲကို ပြန်ရောက်လာခဲ့ကြတယ်။
မဆလအစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အတည်ပြုပြီးကတည်းက ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ခြောက်အိပ်မက်တွေစခဲ့တော့တာပါပဲ။
မွေးရာပါနိုင်ငံသားအဖြစ်အသိအမှတ်မပြုပဲ ဧည့်နိုင်ငံသားတွေအဖြစ်သာနေထိုင်ခွင့် ရခဲ့တဲ့အတွက် သူတို့ရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုချုပ်ခြယ်ခံခဲ့ရရုံသာမကပဲ ပညာသင်ယူခွင့်၊လက်ထပ်ခွင့်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါကန့်သတ် ခံခဲ့ရတယ်။
စစ်အစိုးရလက်ထက် ၁၉၉၁မှာ ရိုဟင်ဂျာတွေကိုတိုက်ထုတ်တဲ့စစ်ဆင်ရေးတစ်ခု ထပ်လုပ်ခဲ့တဲ့အခါမှာတော့ ဘင်္ဂလားဒေ့(ရှ်)မြေပေါ်ကဒုက္ခသည်စခန်းတွေမှာ UNHCR လက်မှတ်ရ ရိုဟင်ဂျာဒုက္ခသည် သုံးသောင်းနီးပါးရောက်ရှိသွားခဲ့ပါတယ်။
သည်လိုနဲ့ မြန်မာပြည်ရဲ့ အနောက်တံခါးဝက ရခိုင်ပြည်နယ်ထောင့်ကျဉ်းကလေးထဲမှာ ပညာမဲ့၊ အလုပ်အကိုင်မဲ့၊ အနာဂါတ်မဲ့နေထိုင်ကြရင်း ဆယ်စုနှစ်သုံးစုအတွင်းမှာပဲ သိန်းချီသော ဧည့်နိုင်ငံသားတွေကနေ ၁.၃ သန်း ကျော်တဲ့အထိ လူဦးရေပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။
မြန်မာ့သက်ရှိတင်ပို့ကုန်များ
မြန်မာပြည်က“တိုင်းရင်းသား လူသားပေါင်းစုံ”ဟာ မြန်မာနိုင်ငံရဲ့တရားမဝင်တင်ပို့ကုန်တွေ အဖြစ် အိမ်နီးချင်းနိုင်ငံတွေမှာ တဖြေးဖြေး ရောက်ရှိနေခဲ့တာဟာ ဆယ်စုနှစ်၂ စု လောက်ကြာခဲ့ပါပြီ။
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် ရွှေ့ပြောင်းလုပ်သားဋ္ဌာနက ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ ထိုင်းနိုင်ငံမှာ ရောက်နေခဲ့တဲ့ လူဦးရေ ၂ သန်းခွဲလောက်ဟာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပါတယ်။ မလေးရှားမှာ ၅ သိန်းကျော်လောက်ရှိပြီး စင်္ကာပူမှာ ၂ သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ထိုင်း-မြန်မာ နယ်စပ်တလျောက်က ဒုက္ခသည်စခန်း ၉ ခုမှာ ရှိနေခဲ့တဲ့ တသိန်းခွဲလောက်ရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ခုချိန်ထိ ပြန်ခေါ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲမှာလည်း UNHCR အသိအမှတ်ပြု ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း သုံးသောင်းနီပါးရှိနေခဲ့တာ ၁၉၉၀ နောက်ပိုင်းကတည်းကပါ။
အဲဒီ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတာက ကမ္ဘာ့ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာက အလှုရှင်နိုင်ငံတွေအပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ တရုပ်၊ ဘင်္ဂလားဒေ့(ရှ်) အစရှိတဲ့နိုင်ငံတွေပါပဲ။ ဒါကြောင့်လည်း အခုလိုမျိုး နယ်စပ်ဖြတ်ကျော်ရောက်လာကြတဲ့ ဒုက္ခသည်တွေအရေး ကြုံပြီဆိုတိုင်း မြန်မာအစိုးရကို အရင်ဆုံးဖိအားပေးဖို့ ဖြစ်လာတာပါ။
လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပထမဆုံး အစည်းအဝေးကို မေလ ၂၈ ရက်နေ့က တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ Zeid Ra’ad Al Hussein က ဗီဒီယိုလင့်က တဆင့် လုံခြုံရေးကောင်စီ အစည်းအဝေးသို့ အကျဉ်းချုပ် တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂက လူတွေ ထွက်ခွာပြေးရတဲ့ ဇစ်မြစ်အကြောင်းအရာကို ဖြေရှင်းဖို့ တိုက်တွန်းနေပါတယ်။
မေလ ၂၉ ရက် ဘန်ကောက်မှာ ကျင်းပတဲ့ လှေစီးဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ နိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ ပါတဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကာကွယ်စောင့်ရှောက်ရေး လက်ထောက်ကော်မရှင်မင်းကြီး ဗော်လ်ကာတာ့ခ်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုတိုက်တွန်းပါတယ်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ကုလသမဂ္ဂအနေနဲ့ ပြဿနာကို မြန်မာနိုင်ငံ တနိုင်ငံတည်းအပေါ် ပုံချဖို့ မလုပ်ပါနဲ့လို့ ပြောပြီး ဒါဟာ ဒေသတွင်း ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။
အမြစ်တွယ်ကြီးထွားလာခဲ့တဲ့ နယ်စပ်ဖြတ်ကျော် လူမှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်ထားတာကို ကြိုဆိုကြရမှာပါ။ ဒါပေမယ့် လူမျိုးရေး ဘာသာရေး ခွဲခြားနှိမ်ချ ဆက်ဆံတာတွေကို ပြည်တွင်းရေးသာဖြစ်တယ်လို့ ဖုံးကွယ်နေတာကတော့ မဖြစ်သင့်တော့ပါဘူး။
ဘာပဲပြောပြော ထိုင်း-မလေးနယ်စပ်က လူမှောင်ခိုအကျဉ်းစခန်းတွေထဲမှာ အစာငတ်ရေငတ်နဲ့ လူမသိသူမသိ ကွယ်လွန်သွားခဲ့ရတဲ့ နိုင်ငံမဲ့အကျဉ်းသားတွေ၊ အန်ဒမန်ပင်လယ်ထဲမှာ ဆိုက်ကပ်စရာ ဆိပ်ကမ်းမဲ့ မျောနေတဲ့လှေကြီးတွေပေါ်က သက်ရှိရောင်းကုန်တွေ၊ အစာရေစာလုကြရင်းနဲ့ လှေပေါ်မှာတင် အချင်းချင်း သတ်ဖြတ်ခံရတဲ့ ၂၁ ရာစုခေတ်ရဲ့ ငွေဝယ်ကျွန်တွေဟာ လူသားစင်စစ် ဧကန်ဖြစ်ကြတယ်ဆိုတာကလွဲပြီး ဘာကိုမှ သက်သေပြနိုင်ခြင်း မရှိတော့ပါဘူး။
သေသည်၏ အခြားမဲ့မှာ သူတို့ရဲ့ နိုင်ငံသားဖြစ်မှု၊ လူမျိုးဘာသာ ဆိုတာတွေကို သယ်ဆောင် မသွားခဲ့နိုင်တော့ပါဘူး။ လူသား ဂုဏ်သိက္ခာ ကင်းမဲ့စွာ သေဆုံးခဲ့ရခြင်းကတော့ သူတို့ရဲ့ လူ့ဘဝဖြစ်တည်မှုကို မျက်ကွယ်ပြုနိုင်သူတို့အတွက် အရှက်တရားတွေပဲ ချန်ထားရစ်ခဲ့တော့တယ်။
(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး သတင်းစာဆရာ စာရေးဆရာတဦး ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံမှတ်တမ်းတင်သူလည်း ဖြစ်သည်။)