ကိုယ်ပိုင်သံစဉ် တေးသီချင်းများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီးခတ် သီဆိုကာ ဂီတလောကထဲ ဝင်လာသူ ကချင် တိုင်းရင်းသား အဆိုတော် နောနော်ကို “အတိုင်းထက် အလွန်ပဲ” ဆိုသည့် သူ့ ပေါက်သီချင်းနှင့် ပရိသတ်က တွဲသိကြ သည်။ သူဖန်တီးသည့် ကိုယ်ပိုင် သံစဉ်သီချင်းများကို နိုင်ငံကျော် Rocker ကြီး လေးဖြူ ကလည်း သီဆိုထားသည်။ ယခု လက်ရှိ အချိန်တွင် သူ၏ ၅ ခွေမြောက် တကိုယ်တော် တေးစီးရီးကို စီစဉ်နေပြီဟု သိရသည်။
နောနော်၏ လက်ရှိ ဂီတအလုပ်များ၊ ကိုယ်ပိုင်သံစဉ် အပေါ် ခံယူချက်၊ သူ၏ အချစ်ရေး အစရှိသည်တို့ကို ဧရာဝတီ သတင်းဌာနမှ ရန်ပိုင်နှင့် မင်းကိုကိုတို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခိုက် မေးမြန်းခဲ့ပါသည်။
မေး။ ။ ကိုနောနော် လက်ရှိလုပ်နေတဲ့ အနုပညာ အကြောင်းလေး ပရိသတ်ကို ပြောပြပေးပါလား။
ဖြေ။ ။ ကျနော့်ရဲ့ ၅ ခွေမြောက် စီးရီးလို့ ပြောရမှာပေါ့။ ဒရမ်ပိုင်းတွေ ပြီးသွားပြီ။ သီချင်း ရွေးချယ်မှု အပိုင်းတွေ ပြီးသလောက် ဖြစ်ပြီ။ ထွက်ဖို့တော့ နောက် ၂ လလောက် ကြာဦးမယ်။ အဲဒီ ၂ လ ပြီးရင်တော့ ကျနော့် ပရိသတ် လက်ထဲ ထည့်နိုင်ပြီ။
မေး။ ။ ကိုယ်ပိုင်သံစဉ်တွေပဲ လား။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ ကိုနောနော်က ကော်ပီမဆိုဘဲ ကိုယ်ပိုင်သံစဉ် တမျိုးတည်းကို ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုတာ ဘာကြောင့်လဲ။
ဖြေ။ ။ ကျနော် အဲဒီလို လုပ်ဖြစ်တာက ကျနော် တီးရတာ အရမ်းဝါသနာပါတယ်။ သီချင်း ရေးတာလည်း ဝါသနာ ပါတယ်။ အဲဒီတော့ ကျနော်က အဲဒီဘက်ကို ပိုအားသန်သွားတာ။ ကိုယ်ရေးတဲ့ သီချင်းကို ဆိုရတာ ကိုယ့်စိတ်ထဲမှာ ကျေနပ်သလို ခံစားရတယ်။ အဲဒါကြောင့် ကျနော် လုပ်ဖြစ်တာပါ။
မေး။ ။ IC နဲ့ ထွက်မှာလား။ ဒါမှမဟုတ် ကိုနောနော်ရဲ့ Blaze Band နဲ့ပဲလား။
ဖြေ။ ။ ကျနော် IC နဲ့ လုပ်ထားတာတော့ ကြာပြီ။ ပထမဦးဆုံး လုပ်ဖြစ်တာ အတိုင်းထက်အလွန် မတိုင်ခင်က ပေါ့။ အကြောင်း ကြောင်း ကြောင့် ကျနော် မအားတာ ရယ်၊ ဆရာချစ် မအားတာရယ်၊ အဲဒါကြောင့် ကြာသွားတယ်။ ဒါပေမယ့် ဆရာချစ်ကိုလည်း မှာထားပြီးပါပြီ၊ ကျန်တဲ့အပိုင်းလေးတွေကို လက်စပ်သတ်ပေးဖို့ ပေါ့ နော်။ အခု နောက်ဆုံး ထွက်မယ့် အခွေက IC နဲ့ပဲ ထွက်မလား၊ ကျနော်တို့ Blaze နဲ့ ထွက်မလား ဆိုတာ ပြောရမှာ နဲနဲခက်နေ တယ်။ ပြိုင်တူများ ပြီးသွား မလားပေါ့နော်။
မေး။ ။ ကိုနောနော်ရဲ့ ကိုယ်ပိုင်သီချင်းတွေကို ဘာကြောင့် ကိုလေးဖြူက အများဆုံး ဆိုတာလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော် မပြောပြတတ်ဘူး။ ဒါပေမယ့် ကျနော်ကတော့ အရမ်း ဝမ်းသာပါတယ်။ ကိုလေးဖြူ ဆိုပေးလို့။
မေး။ ။ ကိုလေးဖြူနဲ့ တွဲပြီး ကိုရေးတဲ့ သီချင်းတွေကို ကြားရတာ ဘယ်လို ခံစားရလဲ။ သူနဲ့ လိုက်ဖက်တယ် လို့ ထင်လား။
ဖြေ။ ။ ကိုလေးဖြူကတော့ သီချင်းဆိုတဲ့ အပိုင်း ကျနော်တို့ လိုက်မမီဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ Rock ဘုရင်လို့ ပြောရမှာပေါ့ နော်။ သူလုပ်တဲ့ သီချင်းတွေ အားလုံးက ကောင်းတယ်။ ကျနော်တို့ သီချင်း ပေးလိုက်ရင်လည်း ကျနော့် အတွေ့အကြုံ အရ ဆိုရင် သူက သေချာလုပ်တယ်။ အိမ်တအိမ် ဆောက်သလိုပဲ။ လုံးဝ ဖောင်ဒေးရှင်း ကောင်းကောင်းလေးနဲ့ ဆောက်တယ်။ အဲဒီမှာ သီချင်းတွေ ကောင်းကောင်း ထွက်လာတာပဲ။
မေး။ ။ လူတွေက ကိုယ်ပိုင်သံစဉ် နောက်ကို လိုက်လာကြပြီ။ ကိုလေးဖြူတို့ ကိုမျိုးကြီးတို့လည်း လုပ်လာ ကြပြီ။ အရင်လည်း လုပ်ခဲ့တယ်။ ကိုနောနော်တို့ ပြန်စ လုပ်လိုက်တော့ ကိုယ်ပိုင်သံစဉ် ရေစီးကြောင်းက ပိုဖြစ်လာတယ်။ အဲဒီ အပေါ်မှာ ဘယ်လို ယူဆသလဲ။
ဖြေ။ ။ အခု မြန်မာနိုင်ငံမှာ ကိုယ်ပိုင်သံစဉ် ရေစီးကြောင်းက အရမ်းများသွားပြီ။ တိုးတက်တဲ့ အပိုင်းတွေ ရှိတယ်။ ဖန်တီးမှု အပိုင်းမှာရော၊ သီချင်း ထုတ်လုပ်မှု အပိုင်းမှာရော တကယ် ကျေနပ်စရာ ကောင်းတယ်။
မေး။ ။ ၁၉၈၀ ကျော်လောက်က ဂီတလောကနဲ့ အခု ဘယ်လို ကွာခြားသွားတယ် ထင်လဲ။ ပြောပြပေးပါလား။
ဖြေ။ ။ ခြားနားချက်က ရှိတယ်။ အရင်တုန်းက ကျနော့် အမြင် ဆိုရင် Music အဲဒီလောက် မများသေးဘူး။ ရော့ခ်နဲ့ ပေါ့ပ်၊ အဲဒီလောက်ပဲ လက်လှမ်းမီသေးတာ။ တအား သိသာတယ်၊ ကျနော်တို့ ပရိသတ်တွေ အတွက် ရွေးချယ်စရာ သိပ် မရှိဘူး။ အခု နောက်ပိုင်းကျတော့ Music တွေက အရမ်းများသွားပြီ။ ပေါ့ပ်တွေ ရော့ခ်တွေ ဟစ်ပ်ဟော့ပ်တွေ …။ ပရိသတ်တွေ ကလည်း များလာတယ်။ သူ့ပရိသတ်နဲ့သူ ဖြစ်ကုန်ပြီ။ အဲဒီ တခုကတော့ တိုးတက်မှု အပိုင်းတွေပေါ့။
မေး။ ။ ဆုတ်ယုတ်မှု အပိုင်းကို ဘယ်လို သုံးသပ်မိလဲ။
ဖြေ။ ။ ဆုတ်ယုတ်မှု အပိုင်းကျတော့ ကျနော် မတွေ့မိသေးဘူး။
မေး။ ။ ကိုနောနော်တို့ သီချင်းအခွေတွေ ထွက်တယ်။ အဲဒီအခွေတွေရဲ့ အကျိုးအမြတ် ဘယ်လိုရှိလဲ။
ဖြေ။ ။ အဲဒါတော့ ကျနော် အမှန်အတိုင်း ပြောမယ်။ မလေ့လာထားတော့လေ၊ ကျနော် ပြောရခက်တယ်။ ကျနော်က ပရိုဂျူဆာနဲ့ အပြတ်လုပ်တာ များတယ်။ ကျနော်ကြုံရင် မေးကြည့်လိုက်ပါဦးမယ်။
မေး။ ။ ကိုနောနော်ရဲ့ လူငယ် ပရိသတ်တွေကို ဘာများ ပြောချင်လဲ။
ဖြေ။ ။ လူတွေအားလုံး ကျနော် အပါအဝင် အောင်မြင်ချင်တဲ့ သူတွေချည်းပဲ ဗျ။ အောင်မြင်ချင်ရင် ဘုရားများများ ရှိခိုး၊ မိဘဆရာကို ရိုသေ လေးစား၊ ဒါဆို အောင်မြင်ရမယ်လို့ ကျနော် ခွန်အားပေးချင်တယ်။
မေး။ ။ ကိုနောနော်လည်း ဘာသာရေး အရ လူပ်ရှားမှုတွေ ဆက်ကပ်မှုတွေ ရှိတယ်။ မြန်မာပြည်က လူငယ် တော်တော် များများက ကိုနောနော်ရဲ့ ပရိသတ်တွေပါပဲ။ တယောက်နဲ့ တယောက်ကြားမှာ အမုန်းတရားတွေ ပြောကြ ဆိုကြတဲ့ အပေါ်မှာ ဘယ်လိုများ ပြောချင်လဲ။
ဖြေ။ ။ ကျနော့် အနေနဲ့ အမုန်းတရားတွေ ပြောမယ့် အစား ချစ်ချင်းမေတ္တာတွေ ပိုပြောစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ်တမ်း စဉ်းစားကြည့်မယ် ဆိုရင် လူတမျိုးပဲ ရှိတယ်။ ချိုပေါက်နေတဲ့ လူမရှိဘူး၊ အဲဒါ လူ မဟုတ်ဘူး။ ဥပမာ အနေနဲ့ ပြောတာပါ။ လူတွေ အားလုံးက ညီအစ်ကို မောင်နှမတွေပဲ။ ဘာကြောင့်လဲ၊ လူပဲ ရှိတယ်လေ။ လကမ္ဘာမှာ လူ သွားနေလို့ မရသေးဘူး။ ဒီကမ္ဘာပေါ်မှာပဲ အောက်စီဂျင် ရှိတာ။ စည်းရုံးမှု လိုအပ်တယ်။
တကမ္ဘာလုံး၊ အားလုံးက ဘုရား သားတော်ချည်းပဲ။ ဘာသာရေးကို ပြောတာ မဟုတ်ဘူးနော်။ ဘုရားရဲ့ သားသမီးတွေ ချည်းပဲ။ အထဲမှာ ဝိညာဉ်ရှိတယ်။ လူတိုင်းသိတယ်။ မကောင်းတာ အားလုံးက စာတန်ဆီက လာတာ။ အဲဒါ သတိပြုပြီးတော့ စိတ်ထဲမှာ မကောင်းမှုတွေ ပေါ်လာရင် အကောင်းနဲ့ ပြန်ဖြေသိမ့်ဖို့ ကျနော် ခွန်အားပေးချင်တယ်။ အကြံ ပြုချင်တာပေါ့နော်။
ကျနော် ကိုယ်နှိုက်လည်း ဒီလို လုပ်တယ်။ လူပဲလေ၊ တခါတလေတော့လည်း မကောင်းတဲ့ဟာတွေ ဝင်ဝင်လာတယ်။ အဲဒါ ဘယ်လို ပြန်နိုင်ရမလဲ။ ဘုရားပြောတဲ့ စကား၊ ဘာသာတရား အားလုံးကောင်းတယ်။ ဘုရားပြောထားတယ် နားထောင်၊ နားထောင်ပြီးတာနဲ့ လိုက်လျှောက်ဖို့ ကျနော် အားပေးချင်တယ်။ အဲဒါဆိုရင် မကောင်းတာတွေ နည်းသွားမယ်၊ မုန်းတာတွေ နည်းတွေမယ်။ ဘာကြောင့် များနေလဲ။ ရှင်းရှင်းလေးပဲ ဒါကတော့။
မေး။ ။ ကိုနောနော်က ဘာသာရေးအရ ကြည့်ရင် လူသားအားလုံး ချစ်ခင်ဖို့၊ သဘာဝရဲ့ ရင်သွေးငယ်တွေ ဆိုတဲ့ ပုံစံအတိုင်း ပြောသွားတယ်။ အဲဒီအတိုင်း လူတွေကို ခံယူစေချင်တာလား။
ဖြေ။ ။ မှန်ပါတယ်။ ကျနော်ရယ်လို့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူအားလုံး ငြိမ်းချမ်းရေး လိုအပ်တယ်။ အားလုံး လိုအပ်နေတာ မေတ္တာတရား။ ဘယ်သူမှ ကိုယ့်ကို မုန်းတာ မကြိုက်ဘူး၊ ကိုယ့်ကို ချစ်တာ ခံချင်တဲ့ သူတွေချည်းပဲ။ ကျနော်က နိုင်ငံရေးလည်း မဟုတ်ဘူး၊ ဘာသာရေးလည်း မဟုတ်ဘူး၊ လူတွေရဲ့ ဓလေ့ကို ပြောပြတာ။ အားလုံးက မေတ္တာ ငတ်နေတဲ့ သူတွေချည်းပဲ။ အဲဒါကြောင့် မေတ္တာပေးကြတာ ပေါ့။ တကယ်တမ်း လုပ်မယ် ဆိုရင် ဒါအကောင်းဆုံး ပေါ့။
မေး။ ။ ကိုနောနော်ရဲ့ အချစ်ရေး ပြောပြပေးနိုင်မလား။
ဖြေ။ ။ အဲဒါတော့ လောလောဆယ် မပြောသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျနော့်မှာ မရှိသေးလို့ပါ။
မေး။ ။ သတင်းတွေ ကြားနေရတာက။
ဖြေ။ ။ ဒါတွေက ကောလာဟလတွေပါ။
မေး။ ။ တကိုယ်တော် စင်တင်ရှိုးလုပ်ဖို့ ရှိလား။ ဘယ်တော့လဲ။
ဖြေ။ ။ ရှိတယ်။ ကျနော့်အခွေ ထွက်တဲ့ အချိန်မှာ တခါတည်း လုပ်မယ်။
မေး။ ။ သီချင်း အသစ်တွေက ဘယ်လိုပုံစံ ရှိလဲ။
ဖြေ။ ။ သီချင်းပုံစံ လေးတွေကတော့ နည်းနည်းကွဲပြီးတော့ ရေးထားတယ်။
မေး။` ။ ကိုနောနော် ဟိုတုန်းက ဂစ်တာတလုံးနဲ့ တော်တော် ကဲခဲ့တယ် လို့ ကြားဖူးတယ်၊ ဟုတ်လား။
ဖြေ။ ။ ဟုတ်ပ။ ကျနော်က နိုင်ငံကျော် လူဆိုးပဲလေ။ ။