ကရင်ပြည်နယ်၊ KNU ထိန်းချုပ်ဒေသ လော်ခီးလာတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံ တရပ်ကျင်းပ နေပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စကို အဓိကထား ဆွေးနွေးနေကြသည်။ နိုင်ငံ လွတ်လပ် ရေး ရရှိပြီးချိန်မှစ၍ နှစ်ပေါင်း ၆၀ ကျော် လာပြီဖြစ်သော ပြည်တွင်းစစ်မီးကို နေ့ချင်း ညချင်း အဆုံး မသတ် နိုင်သကဲ့သို့ု ငြိမ်းချမ်းရေး ကိုလည်း ၁ နှစ်၊ ၂ နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ယူဆပြောဆို တွေး ထင်နေလျှင် ထိုကဲ့သို့ တွေးထင် နေသူသည် ရူးသွပ်နေသူ တဦးသာ ဖြစ်လိမ့်မည်။
သမ္မတဦးသိန်းစိန်အာဏာရလာပြီး နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေး လုပ်ငန်းများကို အသား ပေး လုပ်ဆောင်ရန် ကြိုးစားလာခဲ့ပြီး သမ္မတရုံး၏ကိုယ်ပွားဟု ခေါ်ဝေါ်သမုတ်ကြသည့် MPC (Myanmar Peace Centre- မြန်မာ ငြိမ်းချမ်းရေး စင်တာ) ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထိပ်တိုက်တွေ့ ဆုံဆွေးနွေးမှုများ ဆက် တိုက် ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းဆွေးနွေးပွဲများတွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အကြီးအကဲ သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက ဦး ဆောင် ပါဝင်ဆွေးနွေးလျက်ရှိပြီး နောက်ပိုင်း တပ်မတော်မှ ထိပ်ပိုင်း အကြီးအကဲများကို စေလွတ်ဆွေးနွေးခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း အချိန်တိုအတွင်း အပစ်အခတ်ရပ်စဲရေး(NCA) လက်မှတ် ရေးထိုးနိုင်တော့မည်ဟု နိုင်ငံတကာ ကို ပြောဆိုလျက်ရှိသည်။ သို့သော်လည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ လက်တွေ့ ဖြစ်မလာသေးချေ။
အပစ်ရပ် စာချုပ် (မူကြမ်း) ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် စုပေါင်းအဖွဲ့ (NCCT) တို့အကြား မတ်လ ၃၁ ရက် နေ့ တွင် လက်မှတ်ထိုးနိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန်ကိုယ်တိုင် MPC တွင်ကျင်းပသည့် အပစ်ရပ်စာချုပ်(မူကြမ်း) လက်မှတ် ထိုးပွဲ တက်ရောက်ခဲ့သည်။ ထိုတိုးတက်မှုများကို အပေါင်းလက္ခဏာဟု ဆိုလျှင် ဆိုနိုင်သည်။ တကယ့်လက်တွေ့တွင် တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရကြားတွင် ယုံကြည်မှု အရမ်း တိမ်လွန်းလှသည်။ တိုင်းရင်းသားများနှင့်အစိုးရအကြား ယုံကြည်မှု အရမ်းနည်းပါးနေသည်။
တိုင်းရင်းသားခေါင်းဆောင်များက တပ်မတော်၏ အခန်းကဏ္ဍကိုလည်း အကြီးအကျယ် တွက်ဆ စဉ်းစားနေကြသည်။
လော်ခီးလာညီလာခံတွင် KNU ခေါင်းဆောင်ပိုင်းက NCA လက်မှတ်ထိုးနိုင်ရေးကို လိုလားသော်လည်း ကချင်ခေါင်း ဆောင်က အစိုးရကို သတိထားကြရန် သံသယဖြင့် သတိပေးလိုက်သည်။
MPC ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် တပ်မတော် ခေါင်းဆောင်ပိုင်းက အားတက်သရော ပါဝင်မှု မရှိဟု သုံးသပ် ကြသည်။ တပ်မတော်က တိုင်းရင်းသားများ လက်မခံသည့် သူ၏ မူဝါဒ ၆ ချက်ကို ဆွဲကိုင်ထားဆဲ ဖြစ်သည်။ MPC ၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို လက်ရှိတပ်မတော် ခေါင်းဆောင်ပိုင်း က အာရုံသိပ်မလာဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
၂၀၁၁ -၂၀၁၂ ခုနှစ်ကတည်းက သမ္မတဦးသိန်းစိန် စတင်ခဲ့သော ပြည်တွင်းစစ်ရပ်စဲရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုသည် ယခုအခါ ပြောင်းပြန်သဘော အနုတ်လက္ခဏာဆောင်သော အကျိုး သက်ရောက် မှုများဆီ ဦးတည်နေပြီဖြစ်သည်။
တိုင်းရင်းသားအဖွဲ့များအတွင်း (KNU နှင့် ကရင်လက်နက်ကိုင် အဖွဲ့များ) စည်းလုံးမှု အကွဲအပြဲများ ပိုများလာခြင်း၊ မြန်မာ နိုင်ငံ မြောက်ပိုင်းတွင် အထူးသဖြင့် ကိုးကန့် ၊ ပလောင် နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပိုမို ဖြစ်ပွားလာခြင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက လက်နက်၊ လူသူ အင်အား ပိုမို စုဆောင်းပြီး တပ်ကို အခိုင်အမာ တည်ဆောက် လာခြင်း၊ ယခင်က တပ်အင်အားပင် မရှိသော တိုင်းရင်းသား အဖွဲ့များလည်း ငွေကြေးထောက်ပံ့မူများနှင့် လက်နက်၊ လူသူ စုဆောင်းပြီး သူတို့၏ ထိန်းသိမ်းနယ်မြေများတွင် သေနတ်သံ ပြန်ပေါက်ခြင်း တို့ကဲ့သို့ ငြိမ်းချမ်းရေး အတွက် အနုတ် လက္ခဏာ များစွာ ဖြစ်ပေါ်လာသည်။
လော်ခီးလာ တိုင်းရင်းသားညီလာခံတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(ခေါ်) ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ပလောင် (တအောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရကိ္ခုင့် တပ်မတော် တို့က တိုင်းရင်း သားစုပေါင်းတပ်ဖွဲ့ (NCCT) နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။ သို့သော် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီတွင် အဖွဲ့ဝင်များအဖြစ် ဆက်လက်ရပ်တည်နေကြဆဲဖြစ်သည်။
နောက်ဆုံးအချက်ကတော့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အိမ်နီးချင်းနိုင်ငံ များနှင့် အနောက်နိုင်ငံများက တက်ကြွ သော အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ထိုနိုင်ငံများတွင် နော်ဝေ၊ အမေရိကန် ၊ ဂျပန် နှင့် နယ်နမိတ်ချင်း ထိစပ်နေသော အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့ပါဝင်ကြသည်။
ထိုကဲ့သို့ အိမ်နီးချင်း နှင့် အနောက်နိုင်ငံများမှ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရားဝင် ပေါ်ပေါ်ထင်ထင် လာခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ထိုနိုင်ငံများ ပါဝင်လာသည့် အတွက် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အရေးပိုပြီး မြန်ဆန် ကောင်းမွန်လာမည်ဟု ယူဆ၍ မရပေ။ ထိုနိုင်ငံများသည် သူတို့၏ အကျိုးစီးပွားနှင့် ပထဝီဝင် နိုင်ငံရေး အကျိုး အမြတ်အတွက်လည်း အာရုံစိုက်ကြခြင်းဖြစ်ရာ ၎င်းတို့၏ ပါဝင်မှုက ငြိမ်းချမ်းရေးအတွက် အပေါင်းလက္ခဏာ ဟု မဆို နိုင်ပေ။
လော်ခီးလာ ညီလာခံတွင်လေ့လာသူအဖြစ် တက်ရောက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေး နမ်ဗီးယားက NCA ခေါ် ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေးကို ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ရေးထိုးသင့်ကြောင်း တွန်းအားပေးပြောဆိုသည်။ လက်မှတ်ထိုးပြီးလျှင် Political Dialogue ခေါ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ စတင် နိုင်ပြီဟု ဦးသိန်းစိန် အစိုးရ လေသံအတိုင်း ကုလသမဂ္ဂက သံယောင်လိုက်ပြောဆိုလာသည်။
အပစ် အခတ် ရပ်စဲရေး စာချုပ်ထိုးသည့်တိုင် တိုက်ပွဲများ ဆက်ဖြစ်နေလျှင် အပစ်ရပ်စာချုပ်သည် အကျိုး သက်ရောက် မရှိ သော စက္ကူပေါ်မှ လက်မှတ်များသာပေလိမ့်မည်။ တိုင်းရင်းသားနှင့်အစိုးရ ၂ဖက် စလုံးတွင် ငြိမ်းချမ်းရေးလိုချင်သည့် စိတ်အာသီသနှင့် ယုံကြည်မှုများရှိမှသာလျှင် ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အကောင် အထည် ဖော် နိုင်မည်ဖြစ်သည်။