မြန်မာနိုင်ငံ ရခိုင်ပင်လယ်ပြင်နှင့် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းတို့မှ ဖမ်းဆီးရမိထားသည့် လှေစီးဒုက္ခသည် ၉၀၀ ကျော်တို့အား အာဏာပိုင်များက ရခိုင်ပြည်နယ် မောင်တောဒေသ၌ ခေတ္တ ထိန်းသိမ်း စောင့်ရှောက်ပေးထားသည်။
ထိုလှေစီး ဒုက္ခသည် အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု မြန်မာအစိုးရ အာဏာပိုင်များက ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရကလည်း ၎င်းတို့ နိုင်ငံသား ဟုတ် မဟုတ် စိစစ်မှုများ ပြုလုပ်၍ ၎င်းတို့ နိုင်ငံသား မှန်ကန်ပါက ခေါ်ယူမည်ဟု မြန်မာ အစိုးရကို ပြောဆိုထားသည်။
သို့သော် ပထမ ဖမ်းမိသည့် ၂၀၀ ကျော်ကို ပြန်လည် ခေါ်ယူရန် နှောင့်နှေး ကြန့်ကြာနေချိန်တွင် နောက်ထပ် ၇၂၇ ဦးကိုပါ မောင် တောဒေသသို့ ပို့ဆောင်လိုက်သည့်အတွက် ပြဿနာ တစုံတခု ဖြစ်ပေါ်လာမည်ကို ရခိုင် ပြည်သူလူထုအတွင်း စိုးရိမ်မှုများရှိနေ သကဲ့သို့ မကျေနပ်မှုများလည်း ရှိနေကြသည်။
ထိုလှေစီးဒုက္ခသည်အရေးနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး စသည့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင် သဘောထားများကို ဧရာဝတီ သတင်းထောက် ခင်ဦးသာ က မေးမြန်းထား ပါသည်။
ဦးဘရွှေ
မောင်တော ဒေသခံ
မောင်တောမြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံ တိုင်းရင်းသားလူမျိုးတွေကတော့ လှေစီးပြေး ဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုရှိတာတော့ အမှန်ပါပဲ။ ရခိုင်ပင်လယ်ပြင်မှာမိတဲ့ ပထမ ၂၀၈ ယောက်ကို မောင်တောမှာ ထားတဲ့အပြင် ဧရာဝတီတိုင်းမှာ မိတဲ့ ၇၀၀ ကျော်ပါ ထပ်ရောက်လာတော့ ဒေသခံတွေက ပိုပြီး စိုးရိမ် နေကြပါတယ်။ အာဏာပိုင် အဖွဲ့တွေကလည်းပဲ ဒီလူတွေကို မောင်တောမှာ ထားမယ်ဆိုတာကို ဒေခံပြည်သူတွေနဲ့ ဆွေးနွေး တိုင်ပင်တာ၊ သဘောထားမေးမြန်းတာ၊ အသိပေးတာမျိုး ဘာမှ မရှိပါဘူး။
ဒီတော့ ဘာတွေ ဖြစ်လာမလဲ၊ နောက်ထပ်ကော ရောက်လာကြဦးမှာလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတယ်။ အဲဒါကြောင့် ဘူး သီး တောင်၊ မောင်တောမှာရှိတဲ့ လူမှုရေး၊ ဘာသာရေး၊ ရပ်မိရပ်ဖတွေဟာ ပြည်သူလူထု ကိုယ်စား အစည်းအဝေးတခုကို ဇွန်လ ၄ ရက်မှာ လုပ်ပြီးတော့ ကြေညာချက်တခုထုတ်ပြန်ပြီး သက်ဆိုင်ရာ တွေကို ပို့ပေးခဲ့ပါတယ်။ ဒီလူတွေကို မောင်တောမှာ အကြာကြီး ထားမယ်ဆိုရင် ဆန္ဒထုတ်ဖော်သွားမယ်ဆိုတာကို ကြေညာချက် ထုတ်ခဲ့တယ်။ လောလောဆယ်တော့ စောင့်ကြည့်နေကြတုန်းပါ။
ဦးမဏိသာရ
အလိုတော်ပြည့်ကျောင်း ဆရာတော်၊ မောင်တောမြို့
ဘုန်းကြီးတို့ လူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဒီလူတွေအပေါ်မှာတော့ မေတ္တာထားပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီသင့်ပါတယ်။ ဒါပေမယ့် ဒီဒေသမှာပဲ အစု အပြုံလိုက် ထားမယ်ဆိုရင်တော့ ဒီလူအုပ်စုထဲမှာ ဘယ်လိုလူတွေပါလာမယ်မှန်း လဲ မသိဘူး။ အကြမ်းဖက်တဲ့လူလည်း ပါလာနိုင်တယ်။ ဒီဒေသမှာက ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု လူဦးရေဟာ အင်မတန် နည်းပါးနေတဲ့ အတွက် စိုးရိမ်မှုတွေ အများကြီး ရှိနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စစ်ဆေးဦးမယ်ဆိုတော့ ဘယ်လောက်ကြာဦးမလဲ မသိသေးဘူး။ ဒီတော့ ဒီကြားထဲမှာ တခုခုဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ မောင်တောနယ်ဆိုတာ ဘင်္ဂါလီတွေ ပေါများတဲ့ နေရာဆိုတော့ ဒီလူတွေကို အစုလိုက်ကြီး၊ အကြာကြီးထားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်၊ အန္တရာယ် ရှိလာနိုင်တယ်၊ မလိုလားအပ်တာတွေ ဖြစ် လာနိုင်တယ်လို့ ဘုန်းကြီးက သုံးသပ်ချင်တယ်လေ။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်းပဲ ဒီလူတွေကို စစ်ဆေးပြီးမှ ခေါ်မယ်လို့ ကြား တယ်။
ပထမ ၂၀၀ ကျော်ကိုတောင် ပြန်မခေါ်သေးတော့ နောက်ထပ် ၇၀၀ ကျော်ဆိုတော့ ထောင်ဂဏန်း ဖြစ်နေပြီ။ ဒီတော့ အကြာကြီး ထားမယ်ဆိုရင် ဒုက္ခသည် စခန်းတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဒီဒေသမှာ ဒုက္ခသည် စခန်းမရှိဘူးလေ။ အဲဒါကြောင့် မြန်မြန် ပြန်ခေါ်စေချင်တယ်။
ဒေါ်မညိုအေး
ရခိုင် အမျိုးသမီး အဖွဲ့
လှေစီးဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ ကမ္ဘာက အမျိုးမျိုးပြောနေကြတယ်။ အမှန်ကတော့ ဒီလူတွေက ဘင်္ဂလားဒေ့ရှ်က လူတွေပါပဲ။ လှေစီးထွက်ရတဲ့ အဓိက အကြောင်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ ပေါက်ကွဲမှုကြောင့်ပဲ။ ဒါကို နိုင်ငံတကာက မပြော ဘူး။ ဒီလူတွေကို တွေ့တိုင်း၊ မြန်မာနိုင်ငံက၊ ရခိုင်ပြည်က လာတာဆိုပြီးတော့ ပြောနေတယ်။ မြန်မာနိုင်ငံကိုပဲ လက်ညှိုးထိုးနေကြ တယ်။
အခု မောင်တောမှာ ရောက်နေတဲ့သူတွေကို မြန်မာအစိုးရကရော၊ ဘင်္ဂလားဒေ့ရှ် အစိုးရကပါ စစ်ဆေးနေတာ တွေ့တယ်။ စစ်ဆေးပြီးရင် ဘာတွေ ဆက်လုပ်မယ်ဆိုတာကို ကျမတို့က စောင့်ကြည့်နေတယ်။ UN အဖွဲ့၊ အာဆီယံ အဖွဲ့ကပါ ဖိအားပေးနေတာလည်း တွေ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေ၊ လုပ်စရာတွေ ကျမတို့မှာ အများကြီး ရှိနေတယ်။ လတ်တလောမှာတော့ အစိုးရ ဘာလုပ်မလဲ ဆိုတာပဲ စောင့်ကြည့်နေတယ်။ အစိုးရ ရဲ့ ဆောင်ရွက်မှုအပေါ် မူတည်ပြီး ကျမတို့က ဆောင်ရွက်သွားမှာပါ။
ဦးအေးသာအောင်
ရခိုင် အမျိုးသား ပါတီ
ဒီလှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီတွေ ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံ အစိုးရအနေ နဲ့ နိုင်ငံတကာကိုလည်း သက်သေပြလိုက်နိုင်တယ်။ လှေစီးပြေးတွေ တွေ့တိုင်း မြန်မာနိုင်ငံကဖြစ်တယ်၊ ရခိုင်ပြည်က ဖြစ်တယ် ဆိုပြီးတော့ နိုင်ငံတကာ ကရော၊ UN ကရော အမြဲတမ်း ပြောလေ့ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ပြောသင့် ပြောထိုက်တာထက် ပိုပြီးတော့ မြန်မာနိုင်ငံ ကို ပြောနေတာတွေ တွေ့ရတယ်။ လှေစီးပြေးသူတွေ တွေ့တိုင်း မြန်မာနိုင်ငံကလို့ပဲ ပြစ်တင်စွပ်စွဲ ပြောနေတာ ကြာပြီ။
ဖမ်းမိထားသူတွေကို မြန်မာအစိုးရနဲ့ အတူ UN အဖွဲ့တွေ၊ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် ကိုယ်တိုင် လာစစ်တော့မှ ဘင်္ဂလားဒေ့ရှ်က ဆိုတာ ပိုသေချာသွားတယ်။ ဒါပေမယ့် အခုထိ ဘင်္ဂလားဒေ့ရှ်က သူ့နိုင်ငံသားတွေကို လာမခေါ်သေးဘူး။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ သူ့နိုင်ငံက ထွက်သွားရင် ပြန်လက်ခံဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ အဲဒါဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ပဲ။ UN နဲ့ နိုင်ငံတကာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကို တာဝန်ယူဖို့ တခါမှ ပြောဆို၊ တိုက်တွန်း၊ ဖိအားပေးတာမျိုး မလုပ် ဘူး။ ဘင်္ဂါလီတွေဟာ ရခိုင်ပြည်ကို အများအပြားဝင်နေသလို၊ အိန္ဒိယကိုလည်း ၁၂ သန်းလောက်ဝင်နေပြီ။ ဒါကို အိန္ဒိယကလည်း အမြဲပြောတယ်၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က အလေးမထားတဲ့ အပြင် UN ကရော၊ နိုင်ငံတကာကပါ မကြားချင်ယောင် ဆောင်နေကြတယ်။
နောက်ပြီးတော့ ၂၀၈ ဦးဟာ ရခိုင်ပင်လယ်ပြင်မှာ မိလို့ မောင်တောကို ပို့တာလက်ခံလို့ရတယ်။ ဟိုင်းကြီး ကျွန်းမှာ မိတာကို ဘာကြောင့် ရခိုင်ပြည်ထဲကို သွင်းလာရတာလဲ။ အမှန်ဆိုရင် ဟိုင်းကြီးကျွန်းမှာ မိရင် ဟိုင်းကြီးကျွန်းမှာထားပြီး၊ နိုင်ငံတကာရော၊ UN ရော၊ ဘင်္ဂလားဒေ့ရှ် အစိုးရကိုပါ အဲဒီကို ခေါ်ပြီး စစ်ဆေးရမှာပေါ့။ ပြီးမှ တဆင့်ပြီး တဆင့် လုပ်သွားရမယ့်ကိစ္စပါ။
ဘင်္ဂါလီတွေ့တိုင်း၊ မွတ်စလင် တွေ့တိုင်း ရခိုင်ပြည်ကို ပို့ရမှာလား။ ဒီလူတွေနဲ့ပတ်သက်ပြီး ဖြစ်လာသမျှ ပြဿနာကို ရခိုင်ပြည်ကို လွှဲချရမှာလား။ အဲဒီလို အပြုအမူမျိုးကို ကျနော်တို့ လုံး၀ လက်မခံဘူး။ ကန့်ကွက်ပါတယ်။
ဘင်္ဂါလီတွေကို ဧရာဝတီတိုင်းမှာ မထားဖို့ ပုသိမ်မှာ မြို့နယ် ၂၀ ကျော်က ဆန္ဒပြကြတယ်။ ဒီတော့ ရခိုင်ပြည်ထဲကို ပို့လိုက်တယ်။ အဲဒါကြောင့် ရခိုင်ပြည်သူတွေကလည်းပဲ ဆန္ဒပြဖို့ လိုတယ်။ ဆန္ဒပြသင့်တယ်။
ဒီလူတွေနဲ့ပတ်သက်ပြီးတော့ ပွက်ပွက်ညံအောင် ပြောနေကြတဲ့ UN အပါအဝင် နိုင်ငံတကာအဖွဲ့တွေကလည်းပဲ လက်တွေ့ ပါဝင် ကူညီ ဖြေရှင်းပေးသင့်တယ်။ မြန်မာနိုင်ငံ အစိုးရကလည်းပဲ UN ကိုရော၊ နိုင်ငံတကာကိုရော၊ ဘင်္ဂလားဒေ့ရှ် အစိုးရကိုပါ ပြတ်ပြတ် သားသား ပြောပြီးတော့ လုပ်သင့်တာ လုပ်ဖို့ လိုအပ်တယ်။
ဦးသန်းထွန်း
စစ်တွေမြို့ ရပ်မိရပ်ဖ
ဘင်္ဂါလီ လှေစီး ဒုက္ခသည်ကိစ္စ ပြောမယ်ဆိုရင် ပထမ ၂၀၈ ယောက်ကို ရခိုင်ပင်လယ်ကမ်းခြေဖြစ်တဲ့ အငူမော် ကမ်းခြေမှာတွေ့တယ်။ အဲဒီတော့ မြန်မာနိုင်ငံအစိုးရကလည်းပဲ နိုင်ငံတကာ ဖိအားကြောင့် သော်လည်းကောင်း၊ လူသားချင်း စာနာတဲ့ အနေနဲ့လည်းကောင်း ဒီလူ ၂၀၈ ယောက်ကို မောင်တောမှာ ခဏထားပြီးတော့ ကူညီစောင့်ရှောက် ကျွေးမွေးထားတာကို ကျနော်တို့ ရခိုင်ပြည်သူတွေက နားလည်ပေးနိုင်တယ်။ စာနာပေးနိုင်တယ်။
ဒါပေမယ့် နောက်ထပ် လူ ၇၂၇ ဦးကို ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမှာ မိတယ်။ ဒီလူတွေကို အမှန်တကယ် လူသားချင်း စာနာမှု ရှိတယ် ဆိုရင် အဲဒီနေရာမှာပဲ ကမ်းပေါ်တင်ပြီးတော့၊ အဲဒီနေရာမှာ နိုင်ငံသား စိစစ်တာ၊ မေးမြန်း စစ်ဆေးတာတွေ လုပ်သင့်တယ်။
သို့သော် ဒီလူ ၇၀၀ ကျော်ကို အဲဒီမှာ မထားဖို့ ဧရာဝတီတိုင်းက ပြည်သူတွေ ဆန္ဒပြတော့ အဲဒီမှာ မလုပ်ခဲ့ဘဲနဲ့ ရခိုင်ကို ပို့ဆောင်တဲ့ ကိစ္စအပေါ်မှာတော့ ရခိုင်ပြည်သူတွေက မကျေနပ်ကြပါဘူး။ သဘောမတူကြဘူး။ ပထမ ၂၀၈ ဦး ကိစ္စမှာလည်း UNHCR ပါဝင် ပတ်သက်နေတယ်လို့ ရခိုင်ဒေသခံတွေက ယူဆနေကြတယ်။ အခုတခါ နောက်ထပ် လူတွေပါ ရောက်လာတဲ့ အပေါ်မှာလည်းပဲ UNHCR နဲ့ ဆက်စပ်မှုတွေ ရှိနေတယ် ထင်ရတယ်။
နောက်ပြီးတော့ ပြည်ထောင်စုအစိုးရအနေနဲ့ မွတ်စလင် တွေ့တိုင်း ရခိုင်ပြည်နယ်ကို ပို့ရဖို့ဆိုတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နေတာကို ကျနော်တို့ ရခိုင်ပြည်သူတွေက လုံး၀ မနှစ်သက်ပါ၊ မကျေနပ်ပါ။ အဲဒီ အစီအစဉ်ကို ကန့်ကွက်လိုတယ်။
ပထမ ၂၀၈ ယောက်တုန်းက လူတွေကို စစ်ဆေးပြီးတော့ ပြန်ခေါ်တော့မယ်ဆိုပြီး ဟိုရက်ရွှေ့၊ ဒီရက်ရွှေ့ လုပ်နေတယ်။ ဒီလ ၇ ရက် နေ့မှာတော့ ပထမ အသုတ်က လူတွေကို စတင်ခေါ်ယူမယ်လို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ တခုကြားတာက ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို အရင်တုန်းက ရောက်နေတဲ့ မွတ်စလင် ၂ သောင်းကျော်ကို ပြန်ခေါ်ဖို့ မြန်မာအစိုးရကို ဖိအားပေးနေတယ်လို့ သိရ တယ်။ အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပရိယာယ် အပေါ်မှာလည်း ကျနော်တို့ မယုံသင်္ကာ ဖြစ်လာတယ်။
အဲဒီတော့ ၂၀၈ ယောက် ပြဿနာတောင် မပြီးနိုင်သေးဘဲ နောက်ထပ် ၇၀၀ ကျော် ထပ်ရောက်လာတော့ ဘယ်လို ဆက်လုပ်ကြ မယ်ဆိုတာကို စောင့်ကြည့်နေတယ်။
ဦးဦးလှစော
ရခိုင် အမျိုးသားပါတီ
အဲဒီ လှေစီးသမားတွေနဲ့ပတ်သက်ပြီးတော့ နေ့စဉ် ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ ဆက်လုပ်မယ် ဆိုတာ ကို ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်သူလူထုကို ပွင့်လင်း မြင်သာမှုရှိရှိ အသိပေးဖို့ လိုအပ်တယ်။ အခုတော့ အစိုးရက ဘာလုပ်နေ တယ်ဆိုတာကို ပြည်သူတွေက သေချာမသိဘူး။ ဂျာနယ်တွေ၊ ရေဒီယိုတွေက ပြောတာ၊ ရေးကြတာလောက်ပဲ သိနေရတယ်။
ရေရေလည်လည် ဘာမှ မသိတော့ ပြည်သူတွေက စိတ်ခံစားမှု အမျိုးမျိုး ရှိလာနေကြတာပေါ့။ ပွင့်ပွင့်လင်းလင်း မရှိတော့ အစိုးရကို ယုံကြည်မှုနည်းတာပေါ့။ အစိုးရကို လူထုက အစကတည်းက ယုံကြည်မှုမရှိတော့ ပိုဆိုးတာပေါ့။
ဒီကိစ္စသည် အလွန်တရာ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် အစိုးရက သူတို့ဆောင်ရွက်နေတာတွေကို ပြည်သူတွေကို နေ့တိုင်း သတင်းပေးနေဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီတွေ ဘယ်ကပဲလာလာ တွေ့သမျှလူတွေ၊ ခိုးဝင်သူတွေကို ရခိုင်ပြည် မှာ စုပြုံထားမယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ရပ်အပေါ် ရခိုင်ပြည်သူတွေက စိုးရိမ်တယ်။
ဒီပြဿနာတွေကို ဖြေရှင်းမယ် ဆိုရင် အဓိကတော့ အစိုးရ ရဲ့ ပွင့်လင်း မြင်သာမှုနဲ့ ပြတ်သားမှု ရှိဖို့ပဲ။ ခိုးဝင်လာသူကို ခိုးဝင်လာသူ အလျောက် ပြတ်ပြတ်သားသား လုပ်ရမယ်။ အရေးယူရမယ်။ နိုင်ငံတကာနဲ့ ညှိနှိုင်းတာက တပိုင်းပေါ့။
အခုက အစိုးရ ကိုယ်တိုင်က လိုရင်တမျိုး မလိုရင်တမျိုး လုပ်နေတယ်ဆိုတော့ လူထုက ပိုပြီး စိုးရိမ်မှုရှိနေတယ်။ အခုဆိုရင် ပြည်သူ တွေ အေးဆေးတည်ငြိမ် အချိန်မှာ ဒီပြဿနာက ပေါ်လာတယ်။ ဒီကိစ္စက ရခိုင်ပြည်သူတွေနဲ့ဘာမှ ပတ်သက်တာ မဟုတ်ဘူး။ အခု ပြဿနာဟာ ဘာနဲ့တူလည်း ဆိုတော့ တည်ငြိမ်အေးဆေးစွာ နေထိုင်နေကြတဲ့ ရခိုင်ပြည်သူတွေကို၊ တည်ငြိမ်နေတဲ့ ရေပြင်ထဲကို ခဲတလုံး ဝုန်းကနဲ ပစ်ထည့်လိုက်သလို ဂယက်ရိုက်ခတ်သွားတာမျိုး ဖြစ်သွားတယ်။
အစိုးရ မပွင့်လင်းတာတွေ၊ ညံ့ဖျင်းတာတွေအပြင် နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံတကာ မီဒီယာတွေကလည်းပဲ ဘုမသိ၊ ဘမသိဘဲ လိုက်ဖွနေ၊ အော်နေကြတော့ ပြဿနာက ပိုရှုပ်ကုန်တယ်။
နောက်တခုက မွတ်စလင် အုပ်စုတွေကလည်းပဲ စနစ်တကျ လုပ်တဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ ညီလာခံနဲ့လည်းပဲ ဆက်စပ်နေတယ်။ တကယ့် အချိန်ကိုက်ပဲ။ လှေစီးပြေး ပြဿနာကတော့ အော်စလိုမှာ မလုပ်ခင်ကပင် ဇာတ်လမ်းက အစပျိုးနေပြီး ဖြစ်တယ် ဆိုတော့ ဒီဟာတွေက အားလုံးနဲ့ ဆက်စပ်တွေးရမယ့် ကိစ္စပါ။