မင်းသားဝေဠုကျော်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်း အသင်း၏ တပ်ခွဲမှူးဖြစ်ပြီး ထိုအသင်း၏ ရာသက်ပန် အဖွဲ့ဝင်လည်းဖြစ်သည်။ သူသည် ဝေဠုကျော် ဖောင်ဒေးရှင်း ကို ၂၀၁၁ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး စစ်မက်ဖြစ်ပွားသည့် တိုင်းရင်းသားဒေများ၌ ဒေသဖွံ့ဖြိုးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သူဖြစ်သည်။ ကိုဝေဠုကျော်နှင့် သူ၏ဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ ဦးဖုန်ကြားရှင်ခေါင်းဆောင်သော ကိုးကန့် အဖွဲ့ဟု လူသိများသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်တို့ အကြား ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွါပုန်းရှောင်နေကြရသည့် ကိုးကန့်ဒေသက ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်နင်းများ သွားရောက် လုပ်ဆောင်ပေးနေလျှက်ရှိသည်။ ကိုးကန့်ဒေသကနေပြန်လာပြီး ကရင် အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ ခေတ္တ ရောက်ရှိနေသည့် ကိုဝေဠုကျော် ကို စစ်မက်ဖြစ်ပွားနေသည့် ကိုးကန့်ဒေသအခြေအနေ၊ ဒုက္ခသည်များ၏ အခြေအနေတို့ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ကိုးကန့်ဒေသမှာ လေးလလောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ပေးခဲ့တယ်ဆိုတော့ ဘယ်သူတွေကို ဘယ်လိုအကူအညီတွေ ပေးနေတာလည်းဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျနော်ပထမဦးဆုံးတက်သွားတုန်းကတော့ ကြက်ခြေနီး အသင်းအနေနဲ့ပေါ့နော်။ ဟိုရောက်တော့ စစ်ဘေးရှောင် ဆင်းလာတဲ့ မြန်မာပြည်အလယ်ပိုင်းကလူတွေ၊ များသောအားဖြင့် နတ်မောက်တို့ တောင်တွင်းကြီးတို့ဆိုတဲ့ဘက်က လူတွေက ကြံသွားခုတ်ကြတယ်။ သူတို့တွေပြန်ဆင်းပြေးလာတာကို ကျနော်တို့ ကယ်ခဲ့ကြတာပေါ့။ ကျနော်တို့လက်နဲ့တင် လူဦးရေ ၉၀၀၀ လောက် ကယ်ခဲ့ရတယ်။
ကျနော်တို့မရောက်ခင်သူတို့ ကယ်ထားတာနဲ့ဆိုရင် ကွမ်လုံမြို့ကို ဖြတ်ဆင်းလာတဲ့ စာရင်း အရ အားလုံးပေါင်း လူ ၁ သောင်း ၄ ထောင်နီးနီးလောက် ရှိတယ်ပေါ့နော်။ အဲဒါတွေကို ကူညီကယ်ဆယ်ခဲ့တယ်။ မန်ဆူချောင်းရဲ့ စာရင်းအရဆိုရင်တော့ ၁၇၀၀၀ လောက်ရှိတာပေါ့။ မရောက်ဘဲနဲ့ ဖြတ်ဆင်းသွားတာတွေလည်း ရှိကောင်း ရှိမှာပေါ့။ ဆိုတော့ (အရေအတွက်အရ) လျော့စရာတော့ အကြောင်းမရှိဘူး။ တိုးစရာပဲအကြောင်းပဲရှိတာပေါ့။ အဲဒီလူတွေကို သွားပြီးတော့ ကူညီကယ်ဆယ်ခဲ့တယ်။
အခုတော့ ဒေသက ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်တဲ့အတွက် ဒေသပြန်လည်ဖွံ့ဖြိုးရေးအတွက် ကျနော်က ဝေဠုကျော် ဖောင်ဒေးရှင်း အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းထဲမှာ ကော်မတီဖွဲ့တဲ့ အထဲမှာ ကျနော်တို့ ဖောင်ဒေးရှင်းက ပါသွားတဲ့ အတွက် ကျနော် ဟို (ကိုးကန့်ဒေသ) မှာ ဒေသဖွံ့ဖြိုးရေး အလုပ်တွေလုပ်နေတာပါ။
မေး ။ ။ ဝေဠုကျော်တို့ရောက်တော့ ဒုက္ခသည်တွေအခြေအနေက ဘယ်လိုတွေ့ရလဲ။
ဖြေ ။ ။ ဒုက္ခသည်တွေ အခြေအနေဆိုတာက ကျနော်တို့ ဒီဘက်ကို ပြန်ဆင်းလာတဲ့ မြန်မာပြည်အလယ်ပိုင်းကပေါ့နော်။ ကြံသွားခုတ်ကြတဲ့၊ အခြားလက်လုပ်လက်စား သွားလုပ်ကြသူတွေအားလုံးဟာ စစ်ဖြစ်ခါစမှာ သူတို့တရုတ်ပြည်ထဲကို နီးစပ်ရာ ဝင်ပြေးသွားတယ်ပေါ့။ စစ်က တဖြည်းဖြည်းနဲ့ ကြာလာတဲ့ အခါကြတော့ ပြန်ဆင်းပြေးကြတယ်ပေါ့နော်။ ဆင်းပြေးတဲ့ အခါမှာ သူတို့ တညအိပ် နှစ်ရက်ခရီး လမ်းလျှောက်ရတယ်။
အဲဒါက ဘယ်ကိုရောက်ဖို့လည်းဆိုတော့ လုံထန် (လောက်ကိုင်မြို့နယ်) ဆိုတဲ့ နေရာကို ရောက်ဖို့ လုံထန်ဆိုတာက ချင်းရွှေဟော်ရဲ့ နောက်ဆုံးအပိုင်ပေါ့။ ကျနော်တို့ ကြက်ခြေနီကို ကန့်ထားတယ်။ ချင်းရွှေဟော်ကို ကျော်ပြီး မသွားရဘူး။ ကန့်ထားတဲ့အတွက် ချင်းရွှေဟော်ရဲ့ နောက်ဆုံးရွာဖြစ်တဲ့ လုံထန်အထိ သွားပြီးတော့ ကျနော်တို့ ကူညီ ကယ်ဆယ် ခဲ့တယ်ပေါ့။ လုံထန်ကလည်း နောက်ဆုံးတော့ အဓိကတိုက်ပွဲကြီး ကြီးသွားတဲ့ Main နေရာဖြစ်တာပေါ့။
မေး ။ ။ ဒေသခံတွေပြောနေကြတာက လောက်ကိုင်မြို့ပေါ်မှာ တခြားတချို့နေရာတွေမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးတာ တွေ ရှိနေတယ်လို့ ပြောနေကြတယ်။ ကိုဝေဠုကျော် သိကြားထားတာတွေဘယ်လို၊ ဘယ်လောက်ရှိတယ် ဆိုတာ ပြောပြပေးပါဦး။
ဖြေ ။ ။ အဲဒီအချိန်မှာ ကျနော်တို့က လုံထန်ကိုပဲသွားခွင့်ရခဲ့တယ်။ ပထမပိုင်း မြို့ထဲ (လောက်ကိုင်) မှာဖြစ်သွားတဲ့ အခြေ အနေအရတော့ သေကျေပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ အဲဒါကတော့ ကိုးကန့် (ဒေသခံပရဟိတ) အဖွဲ့တွေစီမှာ စာရင်း ရှိပါတယ်။ ကိုးကန့်အဖွဲ့ဆိုတာ လက်နက်ကိုင်အဖွဲ့ကိုပြောတာမဟုတ်ပါဘူး။ ဒေသခံ အဖွဲ့အစည်းတွေကောက်ထားတာရှိပါတယ်။ သူတို့ ကိုယ်တိုင်ပဲ ဒါတွေအားလုံးကို သဂြို ၤလ် ပေးခဲ့တာ။ သူတို့မှာ ဓာတ်ပုံတွေရှိပါတယ်။
မေး ။ ။ ဒေသခံတွေတချို့ ပြောတာက ဒုက္ခသည်တွေ တချို့ဟာ အိမ်ကို ပြန်ရောက်မလာနိုင်ကြသေးဘူး။ ရောက်လာသူ တချို့ကလည်း ဒုက္ခသည်စခန်း တွေကို လှည့်ပြန်သွားကြတယ်လို့ ဆိုကြတယ်။ ခုန ကိုဝေဠုကျော် ပြောတဲ့ တည်ငြိမ်စ ပြုလာပြီဆိုတဲ့ အခြေအနေနဲ့ ဘယ်လိုပုံစံတွေ ဖြစ်နေလဲဆိုတာ သိသလောက် ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဟုတ်ကဲ့ တည်ငြိမ်စဆိုတာက မြို့ထဲမှာ တိုက်ပွဲတွေ မဖြစ်တော့ဘူး။ မြို့နဲ့လည်း လှမ်းသွားပြီပေါ့။ အရင်တုန်း ကတော့ သေနက်သံတွေ၊ လက်နက်ကြီးသံတွေကြားနေရတယ်။ အခုတော့ ကြားရတဲ့ အဆင့်မဟုတ်တော့ဘူး။ ဝေးသွားပြီ။ ဝေးသွားပြီဆိုတဲ့ အခြေအနေကြတော့ တချို့ကလည်း ပြန်လာကြတယ်။ တချို့ကလည်း ပစ္စည်းသိမ်းပြီး ပြန်သွားကြတယ်။ မှန်ပါတယ်။
ဆိုတော့ အဲဒါက သူတို့ရဲ့ အကြောက်တရားတွေ မပြီးသေးဘူးလို့ ထင်တာပေါ့နော်။ တိုက်ပွဲတော့ မဖြစ်တော့ပါဘူး။ သူတို့ စိုးရိမ်ပြီး ပြန်မလာကြသေးတာပဲဖြစ်ပါလိမ့်မယ်။ ကျနော်တောင် သွားနေသေးတာပဲ ဟို (လောက်ကိုင်) မှာ။ ကျနော်တောင် တောက်လျှောက်ဆင်းလာခဲ့တာပဲ။ မြန်မြန်လူတွေပြန်ရောက်လာပြီး မြန်မြန်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ် ဆိုရင်တော့ မြန်တာပေါ့။
အခုတော့လည်း ကိုယ့်အိမ်ကို ပြန်လာပြီး ပြန်သွားကြတယ်။ တချို့ကြတော့လည်း ပစ္စည်းတွေသယ်ပြီး ပြန်သွားကြတယ်။ တရုတ်ဘက်အခြမ်းမှာ သူတို့ ကိုးကန့် (ဒုက္ခသည်) တွေက အနေများတယ်။
မေး ။ ။ ကိုဝေဠုကျော်တို့ ကိုးကန့်ဒေသကိုသွားပြီး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်တဲ့ အခါမှာ ကြုံတွေရတဲ့ အဓိက အခက်အခဲတွေက ဘာတွေများဖြစ်မလဲ။
ဖြေ ။ ။ အခက်အခဲကတော့ ဘာမှမရှိဘူး။ အုပ်ချုပ်ရေးမှူးကို ကျနော်တို့ တင်ပြတယ်။ ကျနော်တို့ ဘယ်ရွာတွေကို သွားလို့ ရပြီလဲ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ရွာတွေက သူတို့သွားခွင့်မပြုသေးတဲ့ ရွာတွေရှိတယ်။ ရန်သူနဲ့ အရမ်း ကပ်နေသေးလို့ ရွာကလည်း အားလုံးပေါင်း ၂၇၀ ရှိတယ်။ အဲဒီ ရွာပေါင်း ၂၇၀ ထဲမှာ သွားလို့ရတဲ့ ရွာတွေကို သွားတယ်။ ဒုက္ခသည်တွေ ပြန်သွင်းလို့ရတဲ့ ရွာတွေကို ပြန်သွင်းပေးတယ်။
အဓိကကတော့ သူတို့မှာ စီးပွားရေးတော်တော် အခက်အခဲဖြစ်သွားတာပေါ့။ ကြံခုတ်ရမယ့်ရာသီမှာ ကြံဧကပေါင်း သိန်းနဲ့ချီ ပျက်စီးသွားတယ်။ ပျက်စီးသွားတယ်ဆိုတာ စစ်ကြောင့်ပျက်စီးသွားတာမဟုတ်ဘူး။ မခုတ်လိုက်ရတာ ရက်လွန်သွားတယ်။ သုံးလလောက်လွန်သွားကတည်းကိုက ကြံတွေက ပွင့်ကုန်ပြီ။ ခြောက်ကုန်ပြီ။ ခြောက်ကုန်တဲ့ အတွက်ကြောင့် ဈေးကွက်မှာ အရောင်းအဝယ်က မဖြစ်သလောက်နီးနီးဖြစ်သွားတဲ့အခါကြတော့ သူတို့မှာ အခက်အခဲတွေအများကြီးရှိတယ်။
အဲတော့ ကျနော်တို့က စားနပ်ရိက္ခာပေါ့။ ဆန်၊ ဆီ၊ အပြင် ဆားပါပို့ပေးရတယ်။ ဆားရှားတဲ့ အရပ်ဖြစ်နေတဲ့ အတွက်ကြောင့် မလို့။ ခေါက်ဆွဲခြောက်ပေါ့။ အဲဒီက ကိုးကန့် (ပရဟိတအသင်း) အဖွဲ့တွေနဲ့ ကျနော်တို့ ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီးတော့ လှူပေးနေတယ်။
မေး ။ ။ အဲဒီကိုးကန့်ဒေသမှာ တည်ငြိမ်မှုတွေကလည်း မရှိသေးဘူး။ အစိုးရကလည်း အရေးပေါ် အခြေအနေကို ထပ်ပြီးတော့ တိုးထားတယ်။ ဆိုတော့ ဒေသဖွံ့ဖြိုးရေးတွေအများကြီး တိုးမြှင့်လုပ်ဆောင်ရမယ့် အခြေအနေတွေရှိတယ်။ ကိုဝေဠုကျော်တို့ အနေနဲ့ ထပ်ပြီး တိုးမြှင့်လုပ်ဆောင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိလဲ။
ဖြေ ။ ။ အခုဟာက တချို့ရွာတွေက လူတွေအကုန်လုံး ပြေးမသွားဘူး။ မပြေးသွားတဲ့ ရွာတွေမှာလည်း လူတွေက စားနပ်ရိက္ခာ ရှားပါးသွားတယ်။ အဲရွာတွေကို လှူတယ်။ နောက်ပြီးတော့ တချို့ရွာတွေက အကုန်လုံးပြေးသွားတယ်။ ပြေးသွားတော့ ကြက်၊ ငှက်၊ တိရစ္ဆာန်က အစ သေကျေပျက်စီးထားတဲ့အခါကြတော့ အဲဒီဟာတွေ ကျနော်တို့က ရှင်းလင်း၊ မြှုပ်နှံပေးရေးပေါ့။
အဲဒီကနေဖြစ်ထားတဲ့ ယင်ကောင်တွေက အများကြီးပဲ။ ဆိုတော့ မိုးကျလာလို့ရှိရင် ဝမ်းရောဂါ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် ကျနော်တို့ ပိုးသတ်ဆေးဖြန်းရေး ဒါတွေကစပြီး ကျနော်တို့ တတ်နိုင်သလောက် လုပ်ပေးနေရတာပေါ့။ တချို့ နေရာကြတော့လည်း ချက်ချင်းသွားလုပ် ချက်ချင်းပြန်ဆိုတဲ့ ရွာတွေရှိတယ်။ လုံခြုံရေးအရ စိတ်မချရသေးတဲ့ အခါကြတော့။ တချို့ရွာတွေကြတော့လည်း ကျနော်တို့ သန့်ရှင်းရေးအထိ လုပ်ပေးနိုင်တဲ့ အခြေအနေ ရှိတာပေါ့။
မေး ။ ။ ကိုးကန့်ဒေသမှာ ကိုဝေဠုကျော်တို့ ကူညီကယ်ဆယ်ရေး လုပ်ပေးဖို့အတွက်ကို အလှူငွေတွေက ဘယ်ကနေ ဘယ်လိုရလဲ ဆိုတာလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ အလှူငွေကတော့ တတ်နိုင်သလောက်ကို ကျနော်တို့ စုပြီးယူသွားတယ်ပေါ့နော်။ အခုဆိုရင် ကမ္ဘောဇဂရု ကမ္ဘောဇ KBZ ဘဏ်ပေါ့။ လောလောဆယ် သိန်းသုံးရာ လှူဒါန်းပေးလိုက်တယ်။ လောလောဆယ် ဒါနဲ့သွားပြီး ကျနာ်တို့ အလုပ်လုပ် နေပါတယ်။
တကယ်တမ်းလုပ်ရမယ်နေရာရောက်သွားတော့ ငွေရေး၊ ကြေးရေး လိုအပ်တယ်ဆိုတာ အများကြီးပေါ်လာတယ်။ အဲဒီ အတွက်ကို အလှူခံပြီးသွားရုံနဲ့ မပြီးဘူး။ ပြီးတဲ့အခါမှာ နောက်ကနေပြီး ကျနော်တို့ ဝေဠုကျော် ဆိုတဲ့ ကုမ္ပဏီထောင်ပြီးတော့ အဲဒီကရတဲ့ ဝင်ငွေထဲကနေပြီးတော့မှ ရာခိုင်နှုန်းတခုကို တခါတည်း ဖောင်ဒေးရှင်းထဲကို ထည့်လိုက်ပြီး တောက်လျှောက်လှူလို့ ရအောင် ကျိုးစားနေပါတယ်။
မေး ။ ။ တကယ့်ဝေးလံတဲ့ ဒေသက တောရွာတွေမှာတော့ ထိထိရောက်ရောက် အကူ အညီတွေ ပေးနိုင်တာမရှိသေးဘူးလို့ပြောကြတယ်။ ဆိုတော့ ကိုဝေဠုကျော်တို့ အကူအညီပေးနေတဲ့ အနေအထားက ထိရောက်တယ်လို့ ပြောလို့ရပါ့မလား။
ဖြေ ။ ။ ထိရောက်တယ်လို့တော့ ပြောလို့မရဘူးခင်ဗျ။ တချို့ဝေးလံတဲ့နေရာတွေမှာတော့ မှန်ပါတယ်။ နောက်ဆုံး တိုက်ပွဲနဲ့ နီးစပ်တဲ့နေရာတွေကြတော့ ကျနော်တို့ သွားလို့မရသေးဘူးလေ။ တိုက်ပွဲဖြစ်ပွားတဲ့ တောင်ခြေနားအထိ ကျနော်တို့ ရောက်ခဲ့ ပါတယ်။ တာရွှေထန်တို့ ဘာတို့ဆိုတာတွေကိုလည်း ကျနော်တို့ ရောက်ခဲ့ပြီးပါပြီ။
မေး ။ ။ ကိုးကန့်ဒေသခံတွေက သူတို့ဒေသမှာ စစ်ပွဲတွေကြောင့် လက်ရှိအခြေအနေအထိ ကျီးလန့်စာစား အနေအထားပဲ ရှိတယ်လို့ပြောတယ်။ ကိုဝေဠုကျော်တို့သွားတဲ့ အခါမှာ ဒေသခံတွေက ဘယ်လောက်တောင် စိုးရိမ်ကြောင့်ကျနေကြတဲ့ အခြေအနေမျိုးတွေ့ရလဲ။
ဖြေ ။ ။ ရွာမှာရှိတဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်ကြောင့်ကျမှုကတော့ ရှိနေတုန်းပါပဲ။ ဒါပေမယ့် ကိုယ့်အိမ်ကိုကျတော့ မပြန်လို့မရဘူးလေ။ ပြန်လာတဲ့ အခါကြတော့လည်း စားနပ်ရိက္ခာက အခက်အခဲရှိနေတယ်။ ရှိတော့ ကျနော်တို့က စားနပ် ရိက္ခာနဲ့ အရေးကြီးတဲ့ စိတ်ဓာတ်မြှင့်တင်ရေး တခုပြန်လုပ်ပေးရတယ်။ ကျနော်တို့ကိုယ်တိုင်လာနေပြီ။ ပြီးတော့ ဖြစ်နေတဲ့ အခြေအနေကလည်း ဒါက ကိုးကန့်နဲ့ ဗမာနဲ့ ဖြစ်နေတဲ့ အခြေအနေမဟုတ်ဘူး။ စစ်ပွဲကသက်သက် ကိုးကန့်သည် ကျနော်တို့ နိုင်ငံရဲ့ ၁၃၅ မျိုးထဲမှာ ပါတဲ့ ကျနော်တို့ တိုင်းရင်းသားတွေပဲ။ ကိုးကန့်နဲ့ ဗမာနဲ့ဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ ဟာကို ရှင်းပြတယ်။
သူတို့က ဗမာမြင်ရင် ကြောက်နေတာတို့ ဒါမျိုးတွေဖြစ်နေမှာစိုးလို့ နောင်တချိန်မှာလည်း ဗမာတွေက အဲဒီမှာ သွားပြီး အလုပ်လုပ်ကြရဦးမှာလေ။ ဆိုတော့ ကိုယ့်ဗမာလူမျိုးတွေနဲ့ တခြားတိုင်းရင်းသားတွေကို စိတ်ခံစားမှုတခုကြောင့် နှိမ်တာတို့ ပြဿနာ ဖြစ်တာတို့ မဖြစ်စေချင်တဲ့ သဘောအရ ဗမာလူမျိုးတွေက ကိုးကန့်ကို ကူညီတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့ အပင်ပန်းခံပြီးတော့ သွားပြီးလုပ်ပေးတာပါ။
မေး ။ ။ ကူညီကယ်ဆယ်ရေးကို အဲ့ဒီဒေသမှာ သွားလုပ်ဖို့အတွက် ဘယ်လို စိတ်ကူးပေါ်လာတာလဲ။
ဖြေ ။ ။ ကျွန်တော်က ကြက်ခြေနီ ရာသက်ပန်အသင်းဝင်လည်းဖြစ်တယ်။ တပ်ဖွဲ့ဝင်လည်းဖြစ်တယ်။ တိုက်ပွဲတွေဖြစ်ပြီ ဆိုတဲ့အခါကျတော့ ဒုက္ခသည်တွေ အများကြီးဆင်းလာတယ်။ ပြီးတော့ ကျွန်တော်က လောက်ကိုင်ဒေသကို ၂၀၁၄၊ ၁၁ လပိုင်း လောက်တုန်းက “ကွမ်လုံ ရက် ၄၀” ဇာတ်ကားရိုက်ရင်းနဲ့ ကျွန်တော်ရောက်ခဲ့ဖူးပါတယ်။ အတော်သာယာပြီးတော့ အတော်ပျော်စရာကောင်းတဲ့ မြို့ပါ။
အဲ့တုန်းကလည်း ကျွန်တော် ကွမ်လုံမှာ တည်းတယ်။ ကွမ်လုံမှာ တည်းတဲ့အခါကျတော့ ကွမ်လုံကြက်ခြေနီနဲ့ ပေါင်းပြီးတော့ ကျွန်တော်က အဲ့ဒီမှာ သွေးအသင်းတို့၊ ပြီးတော့နောက် ဆေးရုံသန့်ရှင်းရေးတို့ အတူလုပ်ခဲ့ တဲ့အခါကျတော့ နောက်ပြီးတော့ ကျွန်တော် အဲ့မှာ နည်းပြလုပ်ခဲ့ပါသေးတယ်။ သွားဖွားသင်တန်းမှာ ရှေးဦးသူနာပြု နည်းပြလုပ်ပေးခဲ့ပါသေးတယ်။ အဲ့တော့ ဒီကွမ်လုံ ကြက်ခြေနီနဲ့ ကျွန်တော်နဲ့က အမြဲတမ်းအချိတ်အဆက်ရှိနေ တယ်။
တချို့ဟာတွေ ကျွန်တော်လှူပေးခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ လူနာတင်တဲ့ ပစ္စည်း တချို့လှူပေးခဲ့တာတွေရှိတယ်။ ဖြစ်လည်းဖြစ်ရော သူတို့ ကျွန်တော့်ဆီဖုန်းဆက်တယ်။ ကိုဝေဠု ဒီမှာတော့ ဖြစ်ကုန်ကြပြီ။ မြို့ကလည်းသေးတယ်။ ဒုက္ခသည်တွေကလည်း အများကြီးဆင်းနေတယ်။ ဆင်းတော့ ကြာရင် စားနပ်ရိက္ခာ လောက်မှာ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော့်ကို လှမ်းပြီး သူတို့ဘက်က အကြောင်းကြားတော့ ကျွန်တော်ထွက်ခဲ့မယ်ဆိုပြီး ကျွန်တော်လည်း ကျွန်တော့်ဟာ ကျွန်တော်ကောက်ပြီးစုလိုက်တယ်။
သိန်း ၈၀ လောက် လက်ထဲရတာနဲ့ ကျွန်တော်လည်း ထွက်သွားလိုက်တာပေါ့နော်။ ထွက်သွားပြီးတော့ ဒီက သွားတုန်းကတော့ ဒီမှာလည်း ထွက်ခွင့်တောင်းတယ်။ သူတို့လည်း ဗြုန်းကနဲ မပေးနိုင်ဘူး။ ဒါပေမယ့် လားရှိူးရောက်တော့မှပဲ ကျွန်တော်တို့ ကြက်ခြေနီ အသင်းချုပ်ကြီးကနေ ကြက်ခြေနီအဖြစ်နဲ့ ဆက်သွားဖို့ ခွင့်ပြုလိုက်တယ်။ သူတို့ ကြက်ခြေနီအသင်းကြီးရဲ့ ဦးစီးကွပ်ကဲမှုအောက်မှာပဲ ကျွန်တော်တို့ အလုပ်လုပ်သွား တယ်။ အဲ့တော့ ကျွန်တော့် ဒီက စားနပ်ရိက္ခာတွေပါသွားတယ်။
နောက်တစ်ခါ အခု သမ္မတကြီး ဂုဏ်ထူးဆောင်ပေးလိုက်တဲ့ မြဝတီ ဦးလှထွန်းတို့ အဖွဲ့ကနေ ခေါက်ဆွဲခြောက်တွေ ထပ်ပြီး လာပို့တယ်။ လားရှိူးအထိပေါ့။ သူတို့လည်း လားရှိူးကို ကျော်ပြီးလာလို့မရဘူး။ ကျွန်တော်တို့ လားရှိူးအထိဆင်းယူပြီးတော့ ကျွန်တော်တို့ အဲဒီစားနပ်ရိက္ခာနဲ့ အကြာကြီး ထိန်းထားခဲ့ရတာပေါ့… မြို့ကို။
မေး ။ ။ ကိုးကန့် ဒေသရဲ့ ပြန်လည်ထူထောင်ရေးအခြေအနေက ဘယ်လောက် ကြာမယ်လို့ ခန့်မှန်းလဲ။
ဖြေ ။ ။ ပြန်လည်ထူထောင်ရေးဆိုတာ ဒီလိုဗျ။ ပျက်စီးသွားတယ်ဆိုတဲ့ဟာက ခုနကလို စိုက်ခင်းတွေ ပျက်စီးသွားတယ်။ ရွာတွေက ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ ရွာတွေကတော့ အိမ်တွေ ဘာတွေ ထိတယ်ဆိုတာလည်း ကြီးကြီးမားမားကြီး တရွာလုံးပျက်သွားတယ်လို့ ပြိုသွားတယ်လို့ မရှိပါဘူး။ တလုံးတစ်လေ ဒီလောက်ပါပဲ။ နေလို့ရတယ်ပေါ့နော်။
ပြန်လည်ထူထောင်ရေးဆိုတာတော့ လောလောဆယ်မှာ သူတို့ရဲ့ စိုက်ခင်းတွေပျက်စီးသွားမှုကြောင့် ဒီနှစ် သူတို့ ရာသီလွန်လို့ မခုတ်ရတဲ့အတွက် သူတို့မှာ ဝင်ငွေမရှိလို့ စားရိပ်ရိက္ခာကိစ္စရှိမယ်။ ပြီးတဲ့အခါကျတော့ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးတော့ လုပ်ပေးဖို့လိုမယ်ဗျ။ သူတို့ အကြောက်တရားကြားထဲမှာ နေနေကြရတယ်။
မေး ။ ။ ဒါပေမယ့် တစ်ဖက်မှာ တိုက်ပွဲတွေဖြစ်နေရင် ဘယ်လိုလုပ် တည်ငြိမ်နိုင်မလဲ။
ဖြေ ။ ။ အဲ့ဒါဆိုရင်တော့ မတည်ငြိမ်နိုင်ပါဘူး။ အဲ့ဒါကတော့ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ဝေးသွားပြီ ဆိုတဲ့အတွက် တည်ငြိမ်စပြုလာပြီလို့ ပြောလို့ရတာပေါ့။ အရင်ကတော့ ဖြစ်ဖြစ်ချင်းက မြို့ထဲမှာ ဖြစ်တာကိုး။ မြို့နားတစ်ဝိုက်မှာ အရမ်းကပ်ပြီးတော့ ဖြစ်တာ။ ခုက အရမ်းဝေးသွားပြီ။ ဘာသံမှလည်း မကြားရဘူးဆို တော့ တချို့လည်း ပြန်လာနေကြပြီ။ တော်တော်လေး စည်ကားစလေးပြန်တောင်ပြုလာပြီ။ များသောအားဖြင့် ကိုးကန့်တွေပြန်လာတာထက် ဗမာတွေ အရောက်များတယ်။ ဗမာတွေ အများဆုံး ပြန်ရောက်လာကြတယ်။
မေး ။ ။ ကိုဝေဠုကျော် ဖောင်ဒေးရှင်း စဖွင့်ရတဲ့ ရည်ရွယ်ချက် နည်းနည်းလောက်ပြန်ရှင်းပြပါလား။
ဖြေ ။ ။ ကြာခဲ့ပြီဗျ။ ကျွန်တော် ၂၀၁၁ ကတည်းကဖွဲ့တာပါ။ ဒီဘက် ဒေသတွေကို လာတာ များလာတဲ့အခါကျတော့ အားလုံးကလည်း ဝိုင်းအကြံပေးတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်လေးတွေ ဦးတည်ပြီးတော့ ဖောင်ဒေးရှင်းလေးတခုဖွဲ့ထားရင် တစုံတခု နိုင်ငံတော်အစိုးရနဲ့ ငြိစွန်းမှု မဖြစ်နိုင်ဘူးပေါ့နော်။ ဖြစ်ရင်လည်း နည်းနည်း ကိုယ့်ရဲ့ ရည်ရွယ်ချက်လေး ပြလို့ ရတဲ့အတွက် ပြဿနာမကြီးကျယ်နိုင်ဘူးဆိုပြီး ဖွဲ့ဖြစ်တာပါ။
စဖွဲ့တုန်းကဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်က စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းရန်၊ ကျနော်တို့ လုပ်လို့မပြီးပါဘူး။ ဝိုင်းဝန်းလို့ပဲရမှာပါ။ အဲ့ဒါပြီးလို့ရှိရင် ဒေသခံများရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်နိုင်ရန်၊ ဒေသခံများရဲ့ ပညာရေးကို ဝိုင်းဝန်းသင်ကြားပေးနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေးများကို လုပ်ကိုင်နိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက် ၄ ချက်နဲ့ပါ။ ခုတော့ အဲ့ရည်ရွယ်ချက် ၄ ချက်မှာ တစ်ခုတော့ ထပ်တိုးပါမယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင် နိုင်ရန်ဆိုပြီးတော့ပေါ့။
မေး ။ ။ အခု ကိုဝေဠုကျော်က လူမှုရေးလုပ်ငန်းကိစ္စထဲမှာ ဇောက်ချပြီး လုပ်နေပြီဆိုတော့ အနုပညာပိုင်းကိစ္စတွေမှာကော ဘယ်လိုရှိလဲ။
ဖြေ ။ ။ အဲ့ဒီဘက်မှာတော့ ဒီလိုပေါ့။ အားလျော့သွားတာပေါ့။ အခုဆိုရင် ကျွန်တော် လေးလကျော်ပြီပေါ့။ ကားလုံး၀ မရိုက်နိုင်တာပေါ့နော်။ မရိုက်နိုင်ဆို ကျွန်တော် ဒီလောက်ကိုင်ဒေသ စစ်ဘေးတွေအတွက် သွားရောက်ကူညီကယ်ဆယ်တာရယ်၊ အခု ပြန်လည်ထူထောင်ရေးမှာ ဝိုင်းဝန်းကူညီနေတာတွေကြောင့် မရိုက်နိုင်ပါဘူး။ ဒါပေမယ့် တခုတော့ လုပ်ဖြစ်ဖို့ရှိပါတယ်။ အဲ့ဒါကတော့ ကျနော် လောက်ကိုင်စစ်ဘေးကိုအခြေခံသော ကြက်ခြေနီဇာတ်ကားတစ်ခုတော့ ရိုက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဇာတ်လမ်းတွေအများကြီးရခဲ့တယ်ပေါ့။
မေး ။ ။ မြန်မာနိုင်ငံမှာ လူမှုကူညီရေးလုပ်နေကြတဲ့ လူတွေအထဲ ကိုဝေဠုကျော် အားအကျဆုံးလူက ဘယ်သူဖြစ်မလဲဗျ။
ဖြေ ။ ။ ကိုကျော်သူပါ။ သူက ကျနော်တို့ရဲ့ ရှေ့ဆောင်လမ်းပြပါ။ ကျနော်ကိုယ်တိုင်လည်း နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ နှစ်ပေါင်းများစွာလုပ်ခဲ့ပါတယ်။ နာဂစ်တုန်းကဆိုရင်လည်း ကိုကျော်သူရဲ့ ညွှန်ကြားမှုနဲ့ မြောင်းမြတို့ လာပွတ္တာတို့မှာ အဦးဆုံးစထွက်ခဲ့တာပါ။ အဲဒီမှာလည်း ကျနော် ကူညီပေးခဲ့နိုင်တယ်ပေါ့နော်။ ဒါပေမယ့် အကိုနဲ့ ကျနော်နဲ့ကို နှိုင်းနှိုင်းပြီးပြောတယ်။ ကျနော်အရမ်းရှက်ပါတယ်။ ကျနော် ကိုကျော်သူလောက် မလုပ်နိုင်သေးပါဘူး။ ကိုကျော်သူဟာ ကျနော့်ရဲ့ ဆရာပါ။ ကျနော့်ရဲ့ အကိုဆိုလည်း ဟုတ်ပါတယ်။ ဆရာဆိုလည်း ဟုတ်ပါတယ်။ ကျနော် အမြဲတမ်းလေးစားနေရတဲ့ ပရဟိတ သမားတွေထဲမှာ သူဟာ တဦးအပါအဝင်ပါ။