မန္တလေးမြို့မှာ နှစ်သက်တမ်း အကြာရှည်ဆုံး အသင်းဖြစ်တဲ့ မလွန်ဆန်လှူအသင်းပြီးရင် ဒုတိယ သက်တမ်း အရှည်ဆုံးကတော့ မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းကြီးပဲ ဖြစ်ပါတယ်။ ဒေသအခေါ်အရ မန္တလေး ကုန်စည် ဒိုင်ပဲဖြစ်ပါတယ်။
အသင်းကြီးရဲ့ သက်တမ်း ဟာ ၂၀၁၅ ခုနှစ်မှာ နှစ် ၈၀ ပတ္တမြားရတု တိုင်ခဲ့ ပါပြီ။ နှစ် ၈၀ ကြာ တည်တံ့ အောင် ထိန်းသိမ်းလာခဲ့ပြီး ကုန်သည် ပွဲစား ကနေ ပွဲရုံ၊ စက်ရုံများအဆုံး ကောက်ပဲသီးနှံ တွေကို အဓိက အရောင်းအဝယ်လုပ်နေတဲ့ မန္တလေးဈေး ကွက်ရဲ့ ကောက်ပဲသီးနှံ ဈေးကွက်ကြီး တခုဆိုလည်း မမှားပါဘူး။
ဒီမန္တလေး ကုန်စည်ဒိုင်အသင်းကြီးဟာ ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့က အကျိုးအမြတ် မယူတဲ့ ထူးချွန် စီးပွားရေး အသင်းအဖွဲ့အဖြစ် နိုင်ငံတော် သမ္မတချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်လက်မှတ် ရရှိထား တဲ့ အသင်းတခု ဖြစ်လာပါတယ်။ အဲဒါတွေကြောင့် သက်တမ်း နှစ် ၈၀ ကြာ ဂုဏ်သတင်းတွေနဲ့ ထိန်းသိမ်းလာတဲ့ မန္တလေး ကုန်စည်ဒိုင် အသင်းကြီး အကြောင်းကို ကုန်စည်ဒိုင်ရဲ့ ဥက္ကဋ္ဌ ဦးသက်တင်နဲ့ သတင်းထောက် မြတ်ပြည့်ဖြိုးက သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။
မန္တလေး ကုန်စည်ဒိုင် အသင်းကြီးမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်းကို ပြောပြပေးပါ။
၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်ကမှ ဥက္ကဋ္ဌ ရွှေးချယ်ပွဲမှာ အသင်းသားတွေရဲ့ ရွှေးချယ် တင် မြောက်မှုကြောင့် ဥက္ကဋ္ဌ ဖြစ်လာတာပါ။
ကုန်စည်ဒိုင်အသင်းသားအနေနဲ့ရော သက်တမ်း ဘယ်လောက်ရှိပြီလဲ။
အသင်းသား အနေနဲ့ကတော့ ဟိုအရင် အရေး အခင်း မတိုင်မီကလို့ ပြောရမယ်။ ကျောင်းပြီးတော့ မိဘ လက်ငုတ် လက်ရင်းဖြစ်တဲ့ ဂျုံစက်လုပ်ငန်းကို ဝင်လုပ်ဖြစ်ပါတယ်။ အဲနောက်ပိုင်း ဒိုင်စဆင်းတာ ပါပဲ၊ ဒိုင်က လူကြီးတွေက အသင်းသားအဖြစ် လုပ် ထားသင့်တယ်ဆိုလို့ လုပ်လိုက်တာပါ။ အဲတုန်းက တော့ အသင်းကြီး အနေနဲ့ အသင်းသားကဒ်တွေ ဘာတွေမရှိသေးပါဘူး။ ကထိန်ကြေး ဆောင်လိုက် တာနဲ့ အသင်းသားတန်း ဖြစ်တာပါပဲ။ အသင်းသား သက်တမ်းဆိုရင် နှစ် ၃၀ လောက် ရှိပါပြီ။
မန္တလေး ကုန်စည်ဒိုင်မှာ အသင်းဝင်ချင်သူ အတွက် ဘာတွေ လိုအပ်ပါသလဲ။
အရင်ခေတ်ကတော့ ကထိန်ကြေး ဆောင် လိုက်တာနဲ့ အသင်းသား ဖြစ်တာပါပဲ။ အခုကတော့ အသင်းဝင် ချင်တဲ့သူတွေလည်း များသလို စီးပွားရေး လုပ်ငန်းတွေကလည်း ပိုကျယ်ပြန့်လာတဲ့အတွက် အသင်းသား ဖြစ်ဖို့အတွက် အဓိက စည်းကမ်းချက် သုံးခု ထုတ်ထားပါတယ်။ ပထမကတော့ နိုင်ငံသား ဖြစ်ကြောင်း မှတ်ပုံတင်ရှိသူ ဖြစ်ရပါမယ်။ မန္တလေး မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နေထိုင်သူ၊ အဲနယ် နိမိတ်အတွင်းက အိမ်ထောင်စု စာရင်းမှာရှိသူ ဖြစ်ရပါမယ်။ နောက်ဆုံးတစ်ခုက တော့ ပိုင်ဆိုင်မှုအနေနဲ့ မြေ ဒါမှမဟုတ် အိမ်ဂရန် ရှိရပါမယ်။ ဒါတွေနဲ့ ကိုက်ညီရင်တော့ အသင်းသား အဖြစ် လျှောက်ထားနိုင်ပြီး အသင်း ဝင်ကြေး ငါးသိန်းနဲ့ အဆောက်အဦကြေး နှစ်သိန်း သွင်းပြီးရင် အသင်းသားဖြစ်ပါပြီ။ အခု အသင်း အဆောက် အအုံအဖြစ် ဆောက်ထားတဲ့ စိန်ရတုခန်းမကြီးက အရင်အသင်းသားတွေရဲ့ ငွေနဲ့ ဆောက်ထားတဲ့ အတွက် နောင်အသင်းသားတွေမှာလည်း ဒါကို သက်ရောက်မှု ရှိရမယ်ဆိုပြီး အဆောက်အအုံကြေး အဖြစ် ကောက်ယူ တာဖြစ်ပါတယ်။
နိုင်ငံသားမှတ်ပုံတင်ရှိရမယ် ဆိုတာက ကိုယ့် နိုင်ငံသားကိုပဲ အသင်းဝင်အဖြစ်လက်ခံမယ့် သဘောလား။
နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတွေလည်း မန္တလေးမှာ အများကြီး ရှိတာပါပဲ။ အထူးသဖြင့် တရုတ်လူမျိုးပေါ့။ ပြီးတော့ သူတို့အများစုကလဲ အိမ်မြေတွေ ပိုင်ထားကြတော့ အသင်းကလဲ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ဘောင်ဝင်နေတဲ့အတွက် သူတို့ကိုလည်း အသင်းသားအဖြစ် လက်ခံပါတယ်။ သူတို့က အသင်းသား အရေအတွက်ရဲ့ ငါးပုံတပုံလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က လုပ်ငန်းရှင်ကြီးတွေ များပါတယ်။ လုပ်ငန်းကြီးတော့ ထင်သာမြင်သာရှိတဲ့ သဘောပါ။
မြေပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ရမယ် ဆိုတာ ဘာကြောင့်ပါလဲ။
အဓိကကတော့ ရောင်းမှား ဝယ်မှားကိစ္စတွေကို ကာကွယ်နိုင်အောင်လို့ပါ။ အသင်းကြီးထဲမှာ စီးပွား ရေး လုပ်ငန်း အမျိုးမျိုး လုပ်နေသူတွေ အများကြီး ရှိပါတယ်။ ပိုင်ဆိုင်မှု အထောက်အထား တခုခု ပြနိုင်မယ် ဆိုရင်တော့ အဲဒီကိစ္စတွေကို အထိုက် အလျောက်တော့ လျော့ချနိုင်မယ့် သဘောပါ။
လက်ရှိမှာရော အသင်းသားနဲ့ ကိုယ်စားလှယ် အရေအတွက် ဘယ်လောက်ရှိလဲ။
အသင်းသား ၁၉၀ဝ ကျော်နဲ့ ကိုယ်စားလှယ် ၃၀ဝ၀ နီးပါး ရှိပါတယ်။ အသင်းသား တစ်ယောက်မှာ ကိုယ်စားလှယ် နှစ်ဦး ထားခွင့် ရှိပါတယ်။ ဒိုင်မှာ နေ့စဉ် အရောင်းအဝယ် လာလုပ်နေတဲ့ ကုန်သည် ပွဲစား စုစုပေါင်း တထောင်ဝန်းကျင်လောက် ရှိပါ တယ်။
အသင်းသားမဟုတ်ဘဲ အသင်းမှာ လာရောက် လေ့လာချင်ရင်ရော ရပါသလား။
အသင်းသား မဟုတ်ဘူးဆိုရင် ဧည့်ဝင်ခွင့်ကတ် နဲ့ ဝင်လေ့လာလို့ရပါတယ်။ အသင်းသား တယောက် ရဲ့ အာမခံနဲ့ ဧည့်ဝင်ခွင့်ကတ် လုပ်ရပါတယ်။ အဲဒီ အတွက် နိုင်ငံခြားသားဆိုရင် တသောင်းကျပ်၊ ပြည် တွင်း ဆိုရင်တော့ ၃၀ဝ၀ ကျပ် ကောက်ပါတယ်။
ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ဘယ်လိုစည်းကမ်း တွေ သတ်မှတ်ထားပါသလဲ။
အသက် အကန့်အသတ်အဖြစ် အသက် ၅၀ မှ ၇၀ အတွင်း ဖြစ်ရပါမယ်။ အသင်းသားသက်တမ်း အနည်းဆုံး ၇ နှစ် ရှိရပါမယ်။ အလုပ် အမှုဆောင်၊ အမှုဆောင်ထဲမှာ ပါဝင်ဖူးသူ ဖြစ်ရပါမယ်။ ဥက္ကဋ္ဌ သက်တမ်းက ၂ နှစ်ပါ။ နှစ်ပြည့်လို့ ပြန်အရွေးခံရရင် တကြိမ်ထပ် တာဝန် ယူရပါတယ်။ နှစ်ကြိမ် (၄ နှစ်) ပြည့်သွားရင်တော့ တခြား တယောက်ကို ရွေးချယ် တင်မြှောက်ရပါတယ်။
ကုန်စည်ဒိုင်ရဲ့ လက်ရှိ အရောင်းအဝယ်ပုံစံနဲ့ အခြေအနေကိုလည်း သိပါရစေ။
အရောင်းအဝယ်ကတော့ မန္တလေးတိုင်းထဲက မဟုတ်ဘဲ အညာရော၊ အောက်ပိုင်းက တောင်သူ တွေက မန္တလေးက ပွဲရုံ၊ ကုန်သည်တွေဆီ ပဲ၊ ပြောင်း၊ နှမ်း၊ ဂျုံ စတဲ့ ကောက်ပဲသီးနှံတွေကို ပို့ပေး တယ်။ မန္တလေး ဈေးကွက်အဖြစ် ဒိုင်မှာ ပွဲရုံတွေ၊ ကုန်သည်တွေက တဆင့် ပြန်လည် ရောင်းချကြ တယ်။ တရုတ်လိုင်း သီးနှံသမား တွေကလည်း မန္တလေး-မူဆယ်ကနေ ဈေးကွက်ကို ဒီကနေပဲ တန်းတင်ပို့ကြတယ်။ သူ့ရာသီနဲ့သူ သီးနှံတွေက တော့ ဈေးကွက်မှာ အဆက်မပြတ် ဝင်နေတာပါပဲ။ ဒိုင်အခြေအနေဆိုရင်တော့ ဒိုင်မှာတော့ အသင်း သား မြန်မာလုပ်ငန်းရှင်တွေ တော်တော် လျှော့ကျ သွားတယ်။ ၁၉၉၀ နောက်ပိုင်း န.ဝ.တ(နိုင်ငံတော် ငြိမ်ဝတ် ပိပြားရေးနဲ့ တည်ဆောင်ရေးအဖွဲ့) အစိုးရ လက်ထက်မှာ ဈေးကွက် စီးပွားရေးစနစ် ဖြစ်လာ တယ်။ အဲဒီနောက်ပိုင်းမှာ တရုတ် လူမျိုးတွေ ဝင်လာတာ များလာတယ်။ ဟိုအရင်တုန်းကလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ နည်းတယ်။
မန္တလေး ကုန်စည်ဒိုင်မှာ ရောင်းမှား ဝယ်မှား ကိစ္စတွေမဖြစ်အောင် အသင်းကြီးဘက်က ဘယ်လို သတိပေး ဆောင်ရွက်ချက်တွေ ရှိပါသလဲ။
အဓိကကတော့ လေရောင်း လေဝယ် မလုပ် ကြဖို့။ အခုလို ပဲပေါ်ချိန်၊ အရောင်းအဝယ် တအား သွက်တဲ့ အချိန်ဆို ဖြစ်တတ်တယ်လေ။ အဲလိုအချိန် ဆို အသင်းက တာဝန်ရှိသူတွေက အသင်းတိုက်ရှေ့ မှာ ကြေညာ ဘုတ်နဲ့ သတိပေးတယ်။ ကိုယ့်အသင်း သားအချင်းချင်း ထိန်းဖို့လည်း အခါအားလျော်စွာ သတိပေးပါတယ်။
တကယ်လို့ ရောင်းမှား ဝယ်မှား ကိစ္စတွေ ဖြစ်လာရင် အသင်းဘက်က ဘယ်လို တာဝန်ယူ ဖြေရှင်းပေးပါသလဲ။
အဲလိုကိစ္စမျိုးကလည်း ပြဿနာတက်တော့မှ ပေါ်လာတာလေ။ မတက်သေးဘူးဆိုရင်တော့ အားလုံးက နားလည်မှုနဲ့ လုပ်နေကြတာပဲ။ ကုန်သည် က အသင်းကြီးကို တိုင်ကြားရင်တော့ ဆောင်ရွက် ပေးပါတယ်။ ပြီးတော့ အသင်းသား အချင်းချင်းဖြစ် တဲ့ ကိစ္စကိုပဲ အသင်းကဖွဲ့ထားတဲ့ ပဋိပက္ခ ဖြန်ဖြေ ရေးအဖွဲ့က တာဝန်ယူ ဖြေရှင်းပေးပါတယ်။ နစ်နာ သူတွေ ထိုက်သင့်တဲ့ တန်ရာတန်ကြေး ပြန်ရဖို့ ဈေးဖြတ်ပေးတာတို့၊ နစ်နာသူ ဘက်က မကျေနပ်လို့ တရားစွဲမယ်ဆိုရင်လည်း အသင်းကြီးက သက်သေ အဖြစ် လိုက်ပေးပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ထူးဆောင် လက်မှတ် ရရှိခဲ့တဲ့ အကြောင်းလေးလည်း သိပါရစေ။
မနှစ်က လျှောက်လွှာတင် ဖြစ်တာပါ။ အရင် ဥက္ကဋ္ဌ ဦးသိန်းထွန်း လက်ထက်ကပါ။ မန္တလေးတိုင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက ဒီလို လျှောက် ထားနိုင်တယ်၊ လျှောက်ထားဖို့အတွက် သူတို့ သတ် မှတ်ထားတဲ့ အချက် ၁၇ ချက်နဲ့လည်း ကိုက်ညီ တယ်ဆိုလို့ လျှောက်လိုက်တာပါ။ ရန်ကုန်ဘုရင့် နောင် ကုန်စည်ဒိုင်က ပထမဆုနဲ့ မန္တလေးအသင်းက ဒုတိယဆု ရရှိခဲ့ပါတယ်။
အသင်းကြီးက လူမှုရေးလုပ်ငန်းတွေလည်း လုပ်တယ်ဆိုတော့ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ပါသလဲ။
တနှစ်တခါ ကထိန်ခင်းတာကတော့ ဟိုအရင် အသင်းကြီး စတည်ထောင်ချိန်ကနေ အခုချိန်ထိ ပါပဲ။ နှစ်စဉ် မေလဆိုရင် မန္တလေးမြို့မှာရှိတဲ့ လူမှု ရေးအသင်း ၁၂ သင်းကို ငွေလှူဒါန်း ပွဲလုပ်ပါတယ်။ ပြီးတော့ အသင်းရဲ့ ငွေရတု၊ ရွှေရတုစတဲ့ နှစ်ပတ် လည်တွေမှာ အထိမ်းအမှတ်အနေနဲ့ ဘုန်းကြီး ကျောင်းဆောင်တွေ ဆောက်လုပ် လှူဒါန်းတာတွေ ရှိပါတယ်။
ဥက္ကဌက ဂျုံစက် လုပ်ငန်းလုပ်တယ်ဆိုတော့ မန္တလေးက SME’s(အသေးစား၊ အလတ်စား လုပ်ငန်း)ဂျုံစက်တွေ ရပ်တည်နိုင်ဖို့ အဓိက အခက် အခဲက ဘာတွေဖြစ်မလဲ။
အဓိက အခက်အခဲကတော့ မန္တလေး ဂျုံ လောကမှာ ဂျုံစက် စက်ကြီး နှစ်စက် ပေါ်လာတယ်။ အိုကေနဲ့ ဒုံးပျံ။ သူတို့က နိုင်ငံခြားက လာတဲ့ဂျုံစေ့ တွေ ဝယ်ကြိတ်တယ်။ စက်အား၊ငွေအား ကောင်းတဲ့ အတွက် ဈေးကွက် ချဲ့လာတယ်။ ဈေးလျော့ ရောင်း တာတို့၊ အြွေကးပေးတာတွေ လုပ်လာတယ်။ ဦးတို့ စက်အသေးတွေရဲ့ အရင်း ဆိုတဲ့ ပမာဏက သူတို့ အတွက် တအား မြတ်နေပြီ။ အဲမှာပဲ ငွေမထားနိုင်တဲ့ ဖောက်သည် မထိန်းနိုင်တဲ့ စက်တွေ တော်တော် များများ ပြုတ်သွားကြတယ်။ ဂျုံကလည်း အဓိက ကိုယ့်တံဆိပ်၊ ကိုယ့်အရည်အသွေးနဲ့ ရပ်တည် နိုင်ဖို့ ပါပဲ။ ဟိုးအရင်က မန္တလေးမှာ ဂျုံစက် ၁၀၅ စက်ရှိခဲ့ တာ၊ အခုဆို ၁၉ စက်ပဲ ရှိတော့တယ်။ အဲဒီထဲမှာ မြန်မာလုပ်ငန်းရှင်ပိုင်တာဆိုလို့ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်ပဲ ကျန်ပါတော့တယ်။
အစိုးရအနေနဲ့ SME’s ဂျုံစက်တွေအတွက် ဘာတွေထောက်ပံ့ပေးစေချင်လဲ။
အစိုးရကတော့ SME’s အတွက် ငွေချေးတာ တွေ ဘာတွေလုပ်နေတယ်တော့ ကြားပါတယ်။ တကယ်လိုအပ်တဲ့ လုပ်ငန်းရှင်တွေဆီ ရောက်သွား ရင်တော့ ကောင်းပါတယ်။ ပြီးတော့ ဂျုံဆိုတာမျိုးက အဓိက စားကုန် မဟုတ် တော့ SME’s ဂျုံစက် တွေအပေါ် အစိုးရအနေနဲ့လည်း သိပ်အာရုံမရှိဘူး ထင်ပါတယ်။ တောင်သူကလည်း ဈေးကောင်းမရ တော့ မစိုက်ချင်ကြဘူး။ တကယ်တမ်းတော့ မြန်မာ့ ဂျုံက မျိုးကောင်းပါတယ်။ ဒါပေမဲ့ ဈေးမရတော့ တောင်သူက ပဲတွေ ပိုစိုက်လာကြတယ်။ အဲဒီချိန်မှာ ကုန်ကြမ်းရှားလာသလို ဂျုံစေ့ဈေး အတက်အကျမခံ နိုင်တဲ့ စက်သေးတွေက ပြုတ်ကုန်ကြတာပါပဲ။ ဆီစက်သမားတွေလည်း ဒီလိုပါပဲ။
လက်ရှိအချိန်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား တဲ့ သက်တမ်းက ၂ လ ကျော်ပဲ ရှိသေးတယ်ဆိုတော့ အသင်းကြီးအတွက် ရှေ့ဆက်ပြီး ဘာတွေ ဆောင် ရွက်သွားဖို့ ရှိပါသလဲ။
ရှေ့အဆက်ဆက်က လူကြီးတွေက အသင်း ကြီး ကောင်းဖို့အတွက် အများကြီးလုပ်ခဲ့ကြတာ ဆို တော့ ကိုယ့်လက်ထက်ကျတော့လည်း ပိုတိုးတက် စေချင်ပါတယ်။ ပြီးတော့ လူကြီးတွေက နေရာပေးလို့ ခုလို နေရာရလာတာပါ။ ဒါကြောင့် လူကြီးတွေ ချမှတ်ခဲ့တဲ့ မူတွေမပျက်၊ နောင်လာမဲ့ မျိုးဆက်သစ် လူငယ်တွေကို နေရာပေးပြီး သူတို့နဲ့ လက်တွဲအလုပ် လုပ်သွားဖို့ ရှိပါတယ်။ အခုဆို အသင်းသားလူငယ် တွေနဲ့ ဦးစီးပြီး နည်းပညာနဲ့ ပတ်သက်တဲ့ IT အဖွဲ့ မျိုးတွေ၊ အသင်းကြီးတသင်းဖြစ်တဲ့အတွက်ဥပဒေ ရေးရာအဖွဲ့တွေ ဖွဲ့စည်းသွားဖို့ ရှိပါတယ်။