၁၉၅၉ ခုနှစ် မြန်မာ့အသံမှာ စက်မှုလက်ထောက်အဖြစ် ကျနော် အလုပ်ရတော့ ပြင်ပက တိုက်ရိုက် အသံလွှင့်ရတဲ့ (Outdoor Broadcasting) တွေကို အင်မတန်ကြိုက်၊ စိတ်ဝင်စားလို့ တာဝန်လည်း ကျလေ့ရှိတယ်။ အထူးသဖြင့် ပါလီမန်လွှတ်တော်ထဲက အစိုးရပေါ် အယုံအကြည်မရှိ အဆို အခြေအတင်ဆွေးနွေးပွဲ၊ သမ္မတအိမ်တော်က ဘွဲ့ထူးပေးအပ်ပွဲ၊ ရွှေတိဂုံ စေတီတော်ပေါ်က ကဆုန်လပြည့်ပွဲတော်တွေပါ။
လွတ်အောင် ရှောင်နိုင်ခဲ့တာက မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ အခမ်းအနားပေါ့။
ကျနော်အကြိုက်ဆုံးက ဘောလုံးပွဲပဲ။ ဘောလုံးပွဲအတွက် တိုက်ရိုက်အသံလွှင့်သမား လူသစ်များ ရှာတဲ့အခါ အလားအလာရှိသူများကို ဘောလုံးပွဲခေါ်သွား၊ ပြောခိုင်းလို့ ကျနော်တို့ အသံသွင်းပေးရတယ်။ စက်မှုလက်ထောက် ဆိုတာက အသံလွှင့်အသံဖမ်း အင်ဂျင်နီယာကဌာနက အငယ်တန်း အမှုထမ်းပါ။ တကြိမ်မှာတော့ ကြီးကြပ်သူ ဒုတိယ ညွှန်ကြားရေးမှူး ဦးကြီးတင်ထံ ခွင့်တောင်းပြီး ကျနော်လည်း ရန်ကုန်တက္ကသိုလ်နဲ့ မီးရထားပွဲမှာ ဝင်ပြောကြည့်တယ်။
ကျနော်က တက္ကသိုလ်ဘောသမား အကုန်လုံးကို သိနေတယ်။ မြန်မာ့အသံက ဦးကျော်ညိန်း၊ ဦးတင်ဦး၊ အားကစားမှူးများ ဖြစ်ကြတဲ့ ဦးလှကြည် (ပဲခူး)၊ ဦးမောင်မောင် (ဧရာဝတီ) တို့ အောင်ဆန်းကွင်းကနေ တိုက်ရိုက် အသံလွှင်ပုံ အကြိမ်ကြိမ် တာဝန်ကျ၊ အနီးကပ်လည်း မြင်ဖူးထားပါတယ်။ ပြီးတော့ ၁၉၅၂ ခုနှစ် ပထမဆုံးအကြိမ် တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲ ဖိုင်နယ်အဖြစ် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့ ကစားကြပုံ ၈ တန်းကျောင်းသားဘ၀ ရေဒီယိုက ကြားခဲ့ရတာကလည်း နားထဲက ဘယ်တော့မှ မထွက်ပါ။
အဆင်ပြေသွားတာနဲ့ သင်တန်းတက် လေ့ကျင့် စစ်ဆေးရေး အောင်ကြတဲ့ ကျေးလက်အစီအစဉ်မှ အသံသရုပ်ဆောင် ဦးဝင်းမြင့်၊ ဝင်းဝင်းရုံ ပြဇာတ်တွေမှာ ပါခဲ့ဖူးသူ ဦးမောင်မောင်ယဉ်၊ သီချင်းအရေးကောင်း စကားလုံး အရွေးကောင်းတဲ့ ဦးမောင်မောင်သီတို့နဲ့ ကျနော်လည်း အတူပါခဲ့တာပေါ့။
အဲဒီတုန်းက ကျနော်က စာရေးဆရာ မောင်အောင်မွန် ဖြစ်နေပြီ။ ဘောလုံးအကြောင်း ဆောင်ပါးလေးတွေ စမ်းရေးနေပါပြီ။
သောတရှင်တွေ မျက်စိထဲမြင်လာအောင် ဘောလုံးပွဲကြည့် လက်တန်းပြောရတာမို့ ထစ်ငေါ့လို့မရ၊ အာဝဇ္ဇန်းရွှင်ရ၊ ဘက်မလိုက်ရ၊ ဘောလုံးသမားကို မလှောင်ရ၊ ဘောလုံးနဲ့ မပတ်သက်တာ လုံးဝမပြောရ စသဖြင့် ကျင့်ဝတ်တွေ စောင့်ထိန်းကြရင်း စတင်ခဲ့ရတယ်။ ဒိုင်လူကြီးက ပြစ်ဒဏ်ပေးတာ ဘာ့ကြောင့်ဆိုတာ ရှင်းပြနိုင်ဖို့ ဘောလုံးဥပဒေ နားလည်ရတယ်။ အားကစားမှူးကြီး နှစ်ယောက်ပြောပုံကို အတုခိုး၊ မေးတန်မေး သူတို့ကလည်း ရှင်းပြကြပေါ့။ ဒါပေမယ်လို့ မင်းတို့လွှင့်ကြဟေ့ ဆိုပြီး ဘယ်လွှတ်ပေးပါ့မလဲ။
လွှင့်နေကျ ပုဂ္ဂိုလ်ကြီး လေးယောက်ရဲ့ နံဘေးက ထိုင်ကာ လက်တွေ့လေ့လာကြရတယ်။ Microphone Fright ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ်လို့ ကျနော်တို့က မိုက်ကရိုဖုန်းထက် စည်းကမ်းကြီးတဲ့ ညွှန်ကြားရေးမှူး ဦးကျော်ညိန်းကို ပိုကြောက်နေမိတယ်။ သူအသံလွှင့်တဲ့အခါ သိပ်ဂရုစိုက် အလေးထားတာကိုး။ ကျနော်တို့ နည်းနည်းစီ စမ်းပြောရ၊ မှားလိုက်။ ပြင်လိုက်နဲ့မို့ ရင်မကော့နိုင်၊ ခေါင်းလေးငုံ့ မျက်စိလေး ပေကလပ် ပေကလပ်နဲ့ စတင်ခဲ့ရတာပါ။
စာရွက်ပေါ် ဘောလုံးကွင်းပုံ၊ ဘောသမားများ နာမည်နဲ့ နံပါတ် သူတို့ကစားတဲ့ နေရာတို့ကို ရေးချ မှတ်ထားရတယ်။ လူစားဝင်လာရင်၊ ဘယ်သူထွက်သွားတယ် စတာတွေကိုလည်း တိုက်ရိုက်အသံလွှင့်နေသူကို ကျန်လူတွေက ထောက်ကူရပါတယ်။ ဘောလုံး သွားလေရာနောက် တကောက်ကောက် မျက်စိက ထပ်ချပ်မကွာ လိုက်ကာ ပါးစပ်က တန်းပြောရတာပါ။ တချိန်တည်းမှာပဲ သူဘယ်သူ့ကို ဘောလုံးပေးမလဲဆိုတာ ကြည့်ရသလို၊ သူ့ခြေထောက်ထဲက ဘောလုံးဝင်လုမယ့် တဖက်အသင်းက ဘောသမားတွေကိုလည်း ကြည့်ရတာပေါ့။ ငေးဖို့ဝေးလို့ တွေးဖို့ မစဉ်းစားမိ၊ Second Thought ဆိုတာ မရှိ။
ကန်သွင်းတဲ့ဘောလုံး မဝင်ဘဲ ထွက်သွားရင် ဘယ်လို ဘေးထွက်သွားသလဲ ပြောပြရုံပဲ။ ပြစ်တင်ခြင်း၊ ချီးကျူးခြင်းက သောတရှင်များအလုပ်။ ဘောလုံးကွင်းမှာ စည်းရှိသလို၊ ဘောလုံးသမားများ စည်းမျဉ်းအတွင်းက ကစားကြရသလို ကျနော်တို့လည်း စည်းနဲ့ကမ်းနဲ့ လွှင့်နေခဲ့ကြတာပါ။
Radio Running Commentary လို့သုံးပေမယ့် ခုခေတ်စကားနဲ့ သုံးရရင် Radio Presenter ပါ။ ဘောလုံး သမား များအား ဝေဖန်သုံးသပ်တဲ့ Football Commentator များမဟုတ်ဆိုကာ အဲဒီခေတ်အခါက ဘောလုံးပရိသတ်လည်းနားလည်သလို ကျနော်တို့ကိုယ်တိုင်လည်း အသိရှိရပါတယ်။
ထရန်စစ္စတာ လက်စွဲရေဒီယိုလေးတွေ ပေါ်လာတော့ လူတွေက ကွင်းထဲကို ယူလာကြတဲ့အခါ ကျနော်တို့ ပေါ့လို့မရတော့၊ မှားရင် မိသွားပြီ။ ဘောလုံးနောက်ကို မျက်စိ ၂ လုံးအပြင် ဝိုင်းကြည့်ပေးရတယ်။
နိုင်ငံခြားပွဲဆိုရင်လည်း ဥပမာ၊ တဖက်အသင်းကို ကိုရီးယားလို့ ပြောသလို မြန်မာ အသင်းရှေ့ကလည်း “ကျနော်တို့” လို့ မထည့်ရဘူး။ ပရိသတ်ကလည်း ဘောလုံးချစ်တာမို့ တဖက်အသင်း ကောင်းလည်း လက်ခုပ်တီးတယ်၊ မြန်မာက ဂိုးသွင်းရင်တော့ အသံပိုကျယ်တာပေါ့။ ကျနော်တို့သာ သိပ်အူမမြူးဖို့ သတိထားရတယ်။
ဘောလုံးပွဲ စပေါ်လာကတည်းက အနိုင်အရှုံး ဆိုခဲ့တာမို့ နိုင်ရင်ပြုံး၊ ရှုံးတော့မှိုင် မဟုတ်လား။ မြန်မာ့အသံက ဘောလုံးပွဲတွေ အဲဒီလိုတိုက်ရိုက်အသံလွှင့်ပေးတာဟာ ဘောလုံးတိုးတက်ဖို့ အများကြီး အထောက်အကူ ပြုခဲ့ပါ တယ်။ မြန်မာ့ဘောလုံဟာ ဘောလုံးချစ်သူများလက် လုံးဝရှိနေတဲ့ ရွှေခေတ်ပါ။ ကိုယ့်တိုင်း ကိုယ့်ပြည်နယ်မှာ ပါဝင်ကစားခွင့် ဆိုတဲ့ဂုဏ်၊ အဲဒီကနေ ရန်ကုန် ပထမတန်း အသင်းကြီးတွေ၊ နောက်တဆင့်တက် လက်ရွေစင်ဖြစ်ရေး အလားအလာမို့ ဘယ်ဘောလုံးသမား မမက်ဘဲနေပါ့မလဲ။
အဲဒီခေတ်က မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေထဲ ဆင်မြူရယ်၊ အော်ကင်း၊ ဒီမဲလိုး၊ ပယ်ရီဒွေး၊ စောမြဇင်၊ ထူးဝါး၊ ဟန်ကိုလျံ စတဲ့ နာမည်တွေလည်း ပါတာကိုကြည့်ရင် မြန်မာ့ဘောလုံးလောက ဘယ်လောက် ကျယ်ပြန့်စုံလင်တာ မြင်နိုင်ပါလိမ့်မယ်။ ဘောလုံးသမားကောင်းဆိုတာ နေရာတကာက ထွက်တာပါ။
၁၉၆၅ ခုနှစ် ဒီဇင်ဘာလမှာ Radio Moscow မှာ အလုပ်သွားလုပ်ရတော့ ဆိုဗီယက်ယူနီယံက အားကစား အသံလွှင့်ပုံ (Sports Programed Production) လေ့လာခွင့် ရလိုက်တယ်။ ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲအတွက် ပြန်လာခဲ့ရပြီး စက်မှုလက်ထောက်ကနေ မြန်မာပိုင်း အစီအစဉ်မှာ ထုတ်လွှင့်ရေး လက်ထောက်အဖြစ်နဲ့ အသံလွှင့်သမားအစစ် ဖြစ်လာတယ်။ ပါဝင်တဲ့ အားကစား ၁၄ မျိုးအတွက် ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ အသံလွှင့်ပေးရတာ ဝမ်းသာဂုဏ်ယူစရာပါ။
အဲဒီကာလမှာ မြန်မာ့အားကစားအတွက် တဆစ်အချိုး၊ မြန်မာ့ဘောလုံး ထိုးဆင်းဖို့ ဖြစ်လာတာက အားကစား စည်းမျဉ်းဥပဒေ ထိန်သိမ်းလေးစားသူများ အထက်ကို ဘယ်နည်းနဲ့မဆို အနိုင်ရရေးအတွက် ပိုမိုဦးစားပေးသူတွေ ရောက်ရှိသွားတာကြောင့်လို့ဆိုတာ အခုဆောင်းပါးရေးချိန် ကျနော်သုံးသပ်လို့ ရလာတယ်။
ဘောလုံးအကြောင်း တတ်သိနားလည်ကြတဲ့ အားကစား ကလောင်ရှင်များအကြား လိုင်စင်ရ စစ်ဗိုလ်တွေဝင်ရေး လာကြသလို၊ မြန်မာ့အသံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပြီ။
ဘောလုံးပွဲတွေ အသံလွှင့်နေတာ အချိန်ကုန် ငွေဖြုန်းတာလို့ သဘောထားတဲ့ အကြီးအကဲသစ်က အသံလွှင့် ဘောလုံးပွဲစဉ်တွေ လျှော့ပစ်လိုက်တယ်။ နှစ်အတန်ကြာ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲများကို အဆင်ပြေ ချောမွေ့အောင် အသံလွှင့်လာခဲ့သူ၊ မြန်မာပိုင်း အစီအစဉ်က အားကစားကဏ္ဍ အားလုံးကို တာဝန်ယူ လုပ်ဆောင်နေရသူ ကျနော့်အတွက် ပြဿနာတက်ပုံက ဒီလိုပါ။
မန္တလေးမှာ ကျင်းပမယ့် မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်း ဘောလုံးပွဲ အသံလွှင့်ရာကို လိုက်ပါခွင့် မဲနှိုက်ဖို့ငြင်းတဲ့ ကျနော့်ကို ချန်ထားတယ်။
ကံဆိုးချင်တော့ ဘောလုံးပွဲမှာ ပြဿနာ တက်လာတော့ ဖြစ်တဲ့အတိုင်း မြင်တဲ့အတိုင်း ဆက်ပြီး အသံလွှင့်ဖို့ သူရန်ကုန်ကနေ လှမ်းအမိန့်ပေးတဲ့အတိုင်း ရေဒီယိုထဲ ချကုန်ကြပြီ၊ ကွင်းထဲဝင်လာကြပြီ၊ မီးရှို့ကုန်ကြပြီ စတဲ့အသံတွေ ဆူညံလာရာကနေ ရုတ်တက်ရက် ရပ်သွားတယ်။ နောက်တနေ့ ရုံးရောက်တော့မှ အထက်ကဆဲပြီး ရပ်မိန့် ပေးလိုက်ရတယ်ဆိုတာ ကျနော်သိလိုက်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ထိန်းထိန်းသိမ်းသိမ်း ပြောဖို့ ကျနော့်ကို လေ့ကျင့်ပေးထားတာပါ။
အသံလွှင့်သဘောကို နားမလည်၊ ဘောလုံးပွဲသဘာဝကို မသိသူလက်ထဲ လုပ်ကိုင်ခွင့်အဏာ ရောက်သွားလို့ မြန်မာ့အသံက ဘောလုံးပွဲ တိုက်ရိုက်အသံလွှင့်ခြင်း သမိုင်းတလျှောက် အကျည်းတန်အရုပ်ဆိုးဆုံး မှတ်တမ်းဖြစ်ခဲ့ရတယ်။
သူ့လက်ထက် ရုပ်သံလုပ်လာတော့ ကျနော် မြန်မာ့အသံက ထွက်လိုက်တယ်။
ကျနော်တို့ခေတ် သမိုင်းဝင် မှတ်တိုင်ကောင်း တခုကတော့ ဒီလိုပါ။ ၂ နှစ်ဆက်တိုက် ဗိုလ်စွဲထားတဲ့ ပဲခူးတိုင်း ဖိုင်နယ် တက်လာပြန်လို့ နိုင်ရင် ပြည်ထောင်စု ဒိုင်းကြီး အပိုင်ရတော့မယ်၊ ပဲခူးတိုင်းပရိသတ်က အောင်ဆန်းကွင်း လျှံရုံမက မြက်ခင်းစပ်အထိ ရောက်နေကြပြီ။ အသံစလွှင့်နေပြီမို့ ၂ ဘက်အသင်းအကြောင်း ပြောတာလည်း ကုန်သလောက် ဖြစ်နေပြီ။ အသံချဲ့စက်ကနေ မေတ္တာရပ်ခံလို့ လူတွေ နောက်ဆုတ်ပေးလည်း မထူးခြား။ ဒါဆို ပွဲဖျက်မလား ဘာလုပ်ကြမလဲ၊ ကျနော့ပါးစပ်က ပြောသာနေရ ခပ်ကြောက်ကြောက်။
ဘယ်လို ပြေလည်သွားသလဲ … ကြည့်။ ပဲခူးတိုင်း ပရိသတ်အသည်းစွဲ ဘောလုံးသမား နာသန်က နည်းနည်း နောက်ဆုတ်ပေးကြဖို့ ကွင်းပတ်လည် လိုက်တောင်းပန်တော့ ပွဲစနိုင်ခဲ့တယ်။ ဒီကနေ့ အနေအထားနဲ့ဆို လူမျိုးရေးခွဲခြားပြီး မိုးမွှန်အောင် ဆဲလိုက်ကြမှာ မြင်ယောင်ပါသေးတယ်။
ကိုယ့်အသင်း ကိုယ့်ဘောလုံးသမားတွေကို မချစ်ဘဲ ဘယ်နေပါ့မလဲ။ ယနေ့ FIFA က အကြီးဆုံး ပြစ်မှုလို့ သတ်မှတ်ကာ ပြင်ပြင်းထန်ထန် အရေးယူတဲ့ လူလူချင်းခွဲခြားမှု Racist မဖြစ်ရေး သိနားလည်သူများ မထောက်ပြကြပါက၊ ဘောလုံးဆိုတာ အပြားလား သုံးထောင့်လား မကွဲပြား၊ လူလူချင်း ခွဲခြားရေးသမားများ ဝင်ရှုပ်တာနဲ့ ဘောလုံးချစ်သူများ ရှေ့မှောက်ပြန်ရောက်စ မြန်မာလူငယ် ဘောလုံးသမားများခမျာ ဝါးလုံးခေါင်းထဲ ဖရောင်းတိုင်ထွန်းကာ ကစားကြရရှာလိမ့်မယ်လို့ တွေးမိကြောင်းပါ။
(စာရေးသူသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော သတင်းစာဆရာဟောင်း တဦးဖြစ်သည်)