ပလတ်စတစ်ကတ်များနှင့် ဘဏ်စနစ် ထူထောင်ခြင်း (သို့) MPU ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်လင်းထွဋ်နှင့် အင်တာဗျူး

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀ဝ၃ ခုနှစ်က မြန်မာနိုင်ငံတွင် ဘဏ်အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး ဆယ်စုနှစ် တခုနီးပါး ကြာမြင့်ခဲ့သည့်နောက် အစိုးရက ငွေဖြည့်သုံးသည့်ကတ် (Debit Cards) များကို Myanmar Payment Union (MPU) ၏ ကြီးကြပ်မှု ဖြင့် အသုံးပြုရန် ၂၀၁၂ ခုနှစ် တွင် စတင်ခွင့်ပြုပေးခဲ့သည်။

ပြည်တွင်းရှိ ဘဏ်များ၏ အခန်းကဏ္ဍက အားနည်းနေဆဲ ဖြစ်ပြီး နည်းပညာ ချို့ယွင်းမှုနှင့် အခြေခံ လိုအပ်ချက်များ ကြောင့် သုံးစွဲသူများကို နှောင့်နှေး စေသော်ငြား ငွေဖြည့်သုံးသည့်ကတ် (Debit Cards) သုံးစွဲမှု က ရေပန်းစားလာခဲ့ သည်။ ဧရာဝတီမှ ကျော် ဆုမွန်က MPU ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်လင်းထွဋ်အား ငွေသားကိုင်ဆောင်စရာ မလိုသည့် လူမှုအဖွဲ့အစည်း (Cashless Society) နှင့်ပတ် သက်သော သူ၏ အမြင်ကို မေးမြန်းထားပါသည်။

မေး။ ။ Myanmar Payment Union (MPU) ကို ဘယ်အချိန်မှာ စတင်တည် ထောင်ခဲ့ပြီးတော့ ဘယ်သူက ဦးဆောင်ခဲ့တယ် ဆိုတာသိပါရစေ။

ဖြေ။ ။ အရပ်သားအစိုးရ တက်လာတဲ့ ၂၀၁၁ ခုနှစ်မှာ MPU ကို စတင်တည်ထောင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လက်အောက်မှာ တည်ထောင်ခဲ့တာပါ။ MPU ကို မတည်ထောင်ခင်မှာ ငွေပေးချေမှု စနစ် ဖွံ့ဖြိုးရေး ကော်မတီ ဆိုတာ ရှိပါတယ်။ အစိုးရက အဲ့ဒီကော်မတီနဲ့ ကျနော်တို့ကို ပေါင်းပြီးတော့ ၂၀၁၁ ခုနှစ်မှာ MPU ကို တည်ထောင်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဥက္ကဋ္ဌကတော့ အဲ့ဒီအချိန်မှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌပါပဲ။ အဖွဲ့ဝင် ဘဏ်တွေက ဒုဥက္ကဋ္ဌ ရာထူးနဲ့ တခြားရာထူးတွေမှာ ဝင်ရောက် လုပ်ကိုင်လာကြတယ်။

၂၀၁၁ ခုနှစ် နှောင်းပိုင်း MPU ကို တည်ထောင်ပြီးတဲ့ နောက်မှာတော့ အဖွဲ့ဝင်ဘဏ်တွေက သန်း ၂၀ဝ စီ ရှယ်ယာ ထည့်ဝင် ခဲ့ကြတယ်။ မူလအစက နိုင်ငံတော်ပိုင်ဘဏ် ၃ ခု အပါအဝင် အားလုံးပေါင်း ၁၅ ဘဏ်ရှိ တယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ MPU ရဲ့ ငွေ ဖြည့်သုံးတဲ့ကတ် Debit Cards တွေကို သုံးစွဲသူတွေ ဆီကို စတင်ဖြန့်ချိခဲ့တယ်။ အဲဒီ အချိန်မှာ တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့ဝင်ဘဏ်တွေဆီက Debit Cards သုံးစွဲသူတွေ အတွက် ငွေထုတ်နိုင်တဲ့ ATM စက်က ၄ လုံးပဲ ရှိပါတယ်။ အခုလက်ရှိ ၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ဝင် ဘဏ်ပေါင်းက ၂၁ ဘဏ်နဲ့ တနိုင်ငံလုံးမှာ အဆင့်သင့် သုံးနိုင်တဲ့ ATM စက်ပေါင်း ၁၃၀ဝ ကျော် ရှိနေပါပြီ။

မေး။ ။ မြန်မာနိုင်ငံမှာ အကြွေးဝယ်ကတ် စစ်စစ် Credit Cards တွေကို ဘယ်အချိန်မှာ အသုံးပြု နိုင်မှာလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။ တကယ်တော့ ၂၀ဝ၃ ခုနှစ် ဘဏ်အကျပ်အတည်း မတိုင်ခင်အချိန်မှာ Credit Cards တွေကို ထုတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆက် မလုပ်ဖြစ်တော့ဘူး။ ၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ကတ်အခြေခံသုံး စနစ်တွေ ပြန်ပြီး စတင်လာပါတယ်။ Credit Cards တွေကို ခွင့်ပြုပေးဖို့ အဖွဲ့ဝင်ဘဏ်တွေ ကိုယ်စား ကျနော်တို့ ဗဟိုဘဏ်ကို တောင်းဆို ခဲ့ပါသေးတယ်။ ကျနော်တို့မှာ ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာ ရေးစနစ်တွေ လိုအပ်နေတဲ့ အတွက် ဗဟိုဘဏ်က မကြာခင် ခွင့်ပြုပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ပါတယ်။ အဲဒါကြောင့် ဗဟိုဘဏ်က ခွင့်ပြုချက် ရတဲ့ အချိန်မှာ Credit Cards တွေကို ထုတ်လုပ်ဖို့ အဆင့်သင့်ဖြစ်နေဖို့ အဖွဲ့ဝင် ဘဏ်တွေ ကိုတိုက်တွန်း ထားပါတယ်။

မေး။ ။ အခုလက်ရှိ MPU မှာ ဘယ်နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့တွေနဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေ ပါသလဲ။

ဖြေ။ ။ China Union Pay ရဲ့ လက်အောက်ခံ ဖြစ်တဲ့ Union Pay International (UPI) နဲ့ Japan Credit Burean (JCB) တို့က ကျနော်တို့နဲ့ အတူတူ လုပ်ပါတယ်။ သူတို့ရဲ့ ကတ်တွေကို ဒီမှာ စပြီးအသုံးပြုဖို့ ၂၀၁၃ ခုနှစ်က လုပ်ဆောင်ခဲ့ ပါတယ်။ အခုလက်ရှိမှာ JCB-MPU နဲ့ UPI-MPU ဆိုပြီးတော့ အမျိုးအစား တခုအနေနဲ့ မကြာခင် ထုတ်လုပ်သွားဖို့ ရှိပါတယ်။ ဗဟိုဘဏ်ကနေ ခွင့်ပြုချက်ရတဲ့ အချိန်မှာ ကျနော်တို့ အဖွဲ့ဝင် ဘဏ်တွေကနေ ထုတ်ပေးပါ လိမ့်မယ်။ MPU ကတ်တွေကို အဖွဲ့ဝင်ဘဏ်တွေရဲ့ Network တွေနဲ့ ချိတ်ဆက်ပြီးတော့ ပြည်ပ နိုင်ငံတွေ မှာပါ သုံးစွဲနိုင်ပါတယ်။ အဲဒါ ကြောင့် မြန်မာနိုင်ငံသား ကတ်ကိုင်တဲ့ သူတွေလည်း အခြားနိုင်ငံသားတွေလို ပိုက်ဆံကိုင်စရာ လိုတော့မှာ မဟုတ်ပါဘူး။ UPI နဲ့ JCB တို့က ဘဏ်လောကမှာ အချိန်အတော်ကြာ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတွေ ပါ။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ လုပ်ငန်းကို ဘယ်လို အဆင်ပြေအောင် လုပ်မလဲ ဆိုတာတွေကို သူတို့တွေဆီ ကနေ ကျနော်တို့ သင်ယူနိုင်ပါတယ်။

မေး။ ။ MPU အနေနဲ့ နည်းစနစ်တွေကို မြှင့်တင်ဖို့ ဘယ်လု်အစီအစဉ်တွေ ရှိပါသလဲ။ နည်းပညာ ချို့ယွင်းမှုကြောင့် ATM စက်တွေကနေ ပိုက်ဆံ ထုတ်လို့ မရတဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်နေတယ် လို့ အချို့ ကတ်သုံးစွဲ သူတွေဆီ ကနေ သိရပါ တယ်။

ဖြေ။ ။ ATM စက်တွေမှာ ပိုက်ဆံထုတ်တဲ့ အခါ မိမိတို့ရဲ့ လျှို့ဝှက်နံပါတ်ကို ၃ ကြိမ်မှားနှိပ်မိရင် ကတ်ကို ပြန်ထုတ်လို့ မရတော့ဘူးလို့ အချို့က ပြောကြတယ်။ အဲဒါက ကျနော်တို့ ကတ်သုံးစွဲတဲ့သူတွေကို ကာကွယ်ပေးတာ ပါ။ တကယ်လို့ ကတ်ပိုင်ရှင် အစစ် ငွေထုတ်တယ် ဆိုရင် လျှို့ဝှက်နံပါတ် ၃ ကြိမ် မှားစရာ အကြောင်း မရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီ အတိုင်းပါပဲ။ တကယ်လို့ လျှို့ဝှက်နံပါတ်ကို ၃ ကြိမ် မှားနှိပ်မိမယ် ဆိုရင် လိမ်ညာမှုလို့ ယူဆရတဲ့ အတွက် စက်က ကတ်ကို သိမ်းလိုက်ပါလိမ့်မယ်။ အဲဒါကြောင့် ကတ်သုံးစွဲတဲ့သူတွေကို လျှို့ဝှက် နံပါတ် ပေးတဲ့အခါ မှတ်မိလွယ်တဲ့ နံပါတ်ကို ပေးဖို့ အမြဲ သတိပေးပါတယ်။ အခုလက်ရှိနဲ့ စာရင် ၂၀၁၂ ခုနှစ်က လုပ်ဆောင်မှုတွေက တော်တော် ဆိုးပါတယ်။

အခုတော့ အင်တာနက် လိုင်းတွေလည်း အရင်ကနဲ့ စာရင် ကောင်းလာပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် အဆင် ပြေတယ် လို့ မပြောနိုင်ပါဘူး။ ကတ်တွေကို စထုတ် တဲ့အချိန်မှာ ကျနော်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရသလို သုံးစွဲသူတွေ ဘက်ကလည်း အခက်အခဲတွေ ရှိတယ် ဆိုတာ ကျနော်တို့ သိပါတယ်။ ဘာပဲ ဖြစ်ဖြစ် သုံးစွဲသူတွေကို ကျေးဇူးတင် သလို မီဒီယာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်း ကြီး အောင်မြင်ဖို့ အတွက် ကတော့ MPU တခုတည်း နဲ့ မလုပ်ဆောင်နိုင်ပါဘူး။ အစိုးရ၊ ရှယ်ယာရှင်တွေနဲ့ သုံးစွဲသူတွေပါ အတူတကွ လုပ်ဆောင်မှ ရမှာပါ။

မေး။ ။ ATM စက်တွေကနေ ပိုင်ရှင် မဟုတ်သော အခြားလူက ဝင်ရောက်ပြီး ငွေထုတ်နေမှု အပါအဝင် ကတ်တွေကို လိမ်လည်သုံးစွဲမှု တွေကနေ သုံးစွဲသူတွေကို ကာကွယ်ဖို့ အတွက် ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ဒီလိုလိမ်လည်မှုတွေ ကတော့ နေရာတိုင်းမှာ ဖြစ်နေတာပါ။ ဒီမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ကတ်လိမ်လည်မှုတွေ ကတော့ တကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ တနှစ်တိုင်းမှာ ကတ်လိမ်လည်မှု တွေကြောင့် ဆုံးရှုံးတဲ့ ငွေက ဒေါ်လာ သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒါကြောင့် ကတ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက နောက်ဆုံးပေါ် နည်းစနစ်တွေကို သုံးပြီး တော့ လိမ်လည်မှုတွေ မဖြစ်အောင် ကာကွယ်ကြတယ်။ ကျနော်တို့လည်း အဲဒီ နည်းလမ်း အတိုင်း လုပ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ က ဒီလုပ်ငန်းကို နောက်ကျမှ ဝင်လာပြီးတော့ အခြား နိုင်ငံတွေ ကနေ သင်ခန်းစာ တွေ ရရှိနိုင်တဲ့ အတွက် ဒီမှာလည်း နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီးတော့ ကာကွယ် ပေးနိုင်ပါတယ်။

မေး။ ။ နိုင်ငံတွင်းမှာ MPU ကတ် သုံးစွဲသူ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ MPU ကတ် သုံးစွဲသူပေါင်း ၁ သန်းခန့် ရှိပါတယ်။ ခုချိန်မှာတော့ ကျနော်တို့ ငွေဖြည့် သုံးတဲ့ကတ် (Debit card) တခုတည်းပဲ ထုတ်နိုင်ပါသေးတယ်။ တကယ်လို့ အကြွေးဝယ်ကတ် (Debit card) ပါ ထုတ်နိုင်မယ် ဆိုရင် တော့ သုံး စွဲသူ ၂ သန်းကနေ ၅ သန်း လောက် အထိ နှစ်စဉ်တိုးလာပြီးတော့ သုံးစွဲသူပေါင်း သန်း ၃၀ ထိ တိုးလာမယ် လို့ မျှော်လင့်ပါတယ်။

မေး။ ။ ဗဟိုဘဏ်က (Debit card) တွေကို ထုတ်ဖို့ ခွင့်ပြုပေးလိုက်ရင် မြန်မာနိုင်ငံသားတွေ အနေနဲ့ အရင်က (Debit card) တွေကို မကိုင်ဖူးတာကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် လို့ ထင်ပါသလဲ။

ဖြေ။ ။ Credit Card ကို အသုံးပြုရတဲ့ ကောင်းကျိုးတွေ ကတော့ ကိုယ်လစာ မထုတ်ရသေးဘူး၊ တခုခု အရေးတကြီး ဝယ်စရာ ရှိတယ် ဆိုရင် Credit card ကို သုံးလို့ ရတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကတ်ကို အလွန်အကျွံ သုံးမယ် ဆိုရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ဟန်ချက်ညီဖို့ အတွက်တော့ ကျနော်တို့ နည်းလမ်းတွေ ရှာရပါဦးမယ်။ ဒါပေမယ့် ဒီနည်းလမ်း ကသာ ရှေ့ဆက်ရမယ့် ငွေသား ကိုင်ဆောင်စရာ မလိုတဲ့ လူမှုအဖွဲ့အစည်း (Cashless Society) ကို ကူး ပြောင်းဖို့ အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကျနော် ထင်တာကတော့ အစိုးရအနေနဲ့ Credit card တွေကို ထုတ်ခွင့် မပေးခင် အချိန် တော်တော်ယူနေပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့အနေနဲ့ ထောင့်ပေါင်းစုံ ကနေ စဉ်စားနေလို့ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဗဟိုဘဏ်နဲ့ အလုပ် တွဲလုပ်တဲ့အခါ တခြား နှောင့်နှေးမှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါသလား။

ဖြေ။ ။ အခုဆိုရင် ဗဟိုဘဏ်က သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်နေပေမယ့် အချို့လုပ်ငန်းစဉ်တွေမှာ ဗဟိုဘဏ်ကြောင့် ကြန့်ကြာမှုရှိတယ် ဆိုတာ ကျနော်သဘောတူပါတယ်။ သူတို့လည်း လူအရင်းအမြစ် ပြဿနာနဲ့ ရင်ဆိုင်နေရတယ် လို့ ကျနော် ထင်ပါတယ်။ တကယ်လို့ သူတို့က လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်မယ်၊ ပေးမယ် ဆိုရင်တော့ ကျနော်တို့ လူမှုအဖွဲ့အစည်းမှာ ဈေးကွက် ပိုမို လျင်မြန်စွာ ဖွံ့ဖြိုးလာရေး အတွက် ပိုကောင်းသွား ပါလိမ့်မယ်။

မေး။ ။ MPU ကို အများပိုင်ကုမ္ပဏီ အဖြစ် ပြောင်းလဲဖို့ ကိစ္စရဲ့ နောက်ဆုံးအခြေနေကရော ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ကိုယ်ပိုင်မူဝါဒတွေ ရေးဆွဲဖို့ အတွက် ပြည်တွင်း အတိုင်ပင်ခံ ကုမ္ပဏီနဲ့ အလုပ် တွဲလုပ်နေ ပါတယ်။ တနှစ်အတွင်း လုပ်ငန်းစနိုင်မယ် လို့ ရည်ရွယ်ထားပါတယ်။ နှစ်လအတွင်း အစိုးရ ဆီမှာ ကုမ္ပဏီမှတ်ပုံတင် ခွင့် လျှောက်ထားသွားမှာ ဖြစ်ပါတယ်။ တနှစ်အတွင်း လုပ်ငန်းစနိုင်ဖို့ ရည် မှန်းထားပါတယ်။ အများပိုင် ကုမ္ပဏီ တည်ထောင်ပြီးပြီဆိုရင် ကျနော်တို့က စီးပွားရေး အဖွဲ့အစည်းတခု အနေနဲ့ ရပ်တည်သွားမှာပါ။ ဒါကြောင့် အကျိုး အမြတ် ရရှိနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့ ရဲ့ ငွေပေးချေတဲ့ နည်းစနစ်တွေကို အဆင့်မြှင့်တင် ပြီးတော့ ဈေးနည်းနည်းနဲ့ သုံးစွဲနိုင်အောင် ဆောင်ရွက် သွားပါမယ်။ နောက်ပိုင်းမှာ အခြားနေရာတွေကို လည်း လုပ်ငန်းတိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ။

(၂၀၁၅ ခုနှစ် ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဆုမွန်၏ “Banking On Plastic” ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading