“တရားမဝင်ပြောင်းရွှေ့ဝင်ရောက်လာသူတွေက ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ သူုတို့တွေက ကျနော်တို့ဆီမှာ တရားဝင်ကျောင်းတက်ချင်ကြတယ်။ သူတို့က ဒီနိုင်ငံမှာ နေချင်ကြပြီး ဒီနိုင်ငံရဲ့ အနာဂတ်မှာ ပါဝင်ချင် ကြတယ်။ အမေရိကန်ဆိုတာ ရွှေ့ပြောင်းအခြေချသူတွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်တခုဖြစ်တယ်။ ဘယ်တိုင်းပြည်က လာတဲ့သူပဲဖြစ်ပါစေ၊ ထက်မြက်ပြီး ကြိုးစားတဲ့လူငယ်ထုကို ကျနော်တို့တွေ ကြိုဆိုသင့်ပါတယ်။ ရွေ့ပြောင်းလာတဲ့သူတွေကို အခွင့်အလမ်းသစ်တွေ ဖမ်းဆုပ်နိုင်အောင် ကူညီပေးမယ်ဆိုရင် တိုင်းပြည် ပိုမို တိုးတက်စေမှာ ဖြစ်တယ်”
အမေရိကန်သို့ တရားမဝင်ပြောင်းရွှေ့အခြေချလာသည့်သူများ၏ ကလေးငယ်များ ကောလိပ်ဆက်လက်တက်နိုင်စေရန် အတွက် အစိုးရ၏ စကောလားရှစ် ပရိုဂရမ်တခုဖြစ်သော The Dream,Us သို့ ဒေါ်လာငါးသန်းလှူဒါန်းသည့်အကြောင်း ဖေ့ဘွတ်ပဲ့ကိုင်ရှင် မာ့ခ်ဇူကာဘတ်က ဇွန်လ ၁၇ရက်နေ့က သူ၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည့်အထဲမှ စာကြောင်းတချို့ဖြစ်ပါသည်။
အမေရိကန်သို့ တရားမဝင်အခြေချလာသူများ၏ သားသမီးများမှာ အထက်တန်းတွင် အခမဲ့ တက်ခွင့်ရသော်လည်း ကောလိပ်တက်ရာတွင် စရိတ်စကကြီးမြင့်သည့်အတွက် စကောလားရှစ်ပေးထားခြင်း ဖြစ်သည်။ ခိုးဝင်လာသူများ၏ သားသမီးတွေပဲဆိုကာ ပစ်မထားဘဲ အမေရိကန်လူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်သော ဘဝဖြင့် ရပ်တည်နိုင်စေရန် အစိုးရမှ မတည်ကာ ဇူကာဘတ်တို့ကဲ့သို့ သူဌေးများက တတ်အားသရွေ့လှူဒါန်းနေကြခြင်းဖြစ်သည်။ မည်မျှပင် အမျှော် အမြင်ကြီးလိုက်သည့် အစိုးရနှင့် ပြည်သူများပါလိမ့်ဟု အားကျစိတ်များတဖွားဖွားပေါ်လာမိပါသည်။
သူများနိုင်ငံ၊ သူများအစိုးရ၊ သူများသူဌေးများ၏ လှူဒါန်းပုံ၊ အမျှော်အမြင်ကြီးပုံတို့ကို အားကျစိတ်ဖြင့် မျှော်ကြည့်ပြီးသောအခါ ထုံးစံအတိုင်း မိမိဒေသဘက်သို့ ပြန်ကြည့်မိပါတော့သည်။ မြန်မာနိုင်ငံရှိ မြို့ကြီးပြကြီးများတွင် ကျူးကျော်နေထိုင်သူများစွာ ရှိပါသည်။
အစိုးရနှင့်ခရိုနီများကလည်း ကျူးကျော်များကို ဘယ်လိုဖယ်ရှားရမလဲဆိုသည့်ကိစ္စကိုသာ ခေါင်းထဲထည့်နေကြပါသည်။ ကျူးကျော်များဘဝ ဘယ်လိုမြှင့်တင်ရမလဲဆိုသည့်ကိစ္စကိုမူ စိတ်ဝင်စားမှု မရှိသလောက်ဖြစ်သည်။ အမှန်စစ်စစ်မူ အစိုးရနှင့်ခရိုနီ သူဌေးများသာမကပါ။ သာမန်လူအများစုလည်း ကျူးကျော်များနှင့် မပတ်သက်ချင်ကြဘဲ ခပ်ကင်းကင်း နေထိုင်လေ့ရှိကြပါသည်။
ဖေ့ဘွတ်ပဲ့ကိုင်ရှင် ဇူကာဘတ်ကဲ့သို့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေက ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တွေပါ၊သူတို့ကို တတ်အားသရွေ့ကူညီခြင်းက ကျနော်တို့ လူ့အဖွဲ့အစည်းပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ် ဆိုသည့် ခံယူချက်မျိုးရှိသည့် နိုင်ငံရေးသမားများ၊သူဌေးများ၊ပြည်သူများ ကျနော်တို့ဆီတွင် နည်းပါးပါသေး သည်။
တချို့ကတော့ ကျုးကျော်တွေလည်း သူ့ဘာသာသူနေ၊ ငါတို့လည်း ငါတို့ဘာသာ နေမယ်၊ ဘာဖြစ်လဲဆိုသည့် ခံယူချက် တော့ရှိကြပါသည်။ ကိုယ့်ဘာသာနေ၍ မရသည့်ကိစ္စရပ်များလည်း ရှိပါသေးသည်။
ယခုလ ၁၂ ရက်နေ့က အမရပူရမြို့နှင့် မန္တလေးမြို့ဆုံရာကြား နဂါးဆိုသည့် ရပ်ကွက်လေးတွင် မနက် နှစ်နာရီခွဲ အချိန် ခန့်၌ အုပ်စုဖွဲ့ရမ်းကားမှုကြီးတခုဖြစ်ခဲ့ပါသည်။အနီးအနားလူများမှ တားမြစ်ရန်ကြိုးစားသော်လည်း အသက်မသေချင် ငြိမ်ငြိမ်နေဆိုကာ နာရီဝက်မျှ စိတ်ရှိ လက်ရှိ ဖျက်ဆီးပြီးမှ ပြန်သွားကြခြင်းဖြစ်သည်။ ၎င်းတို့အုပ်စုထဲမှ တယောက်မှာ ဆိုင်ကယ်လိုင်စင်ကျန်ခဲ့ပါသည်။ လိပ်စာမှာ မြို့သစ်လိပ်စာဖြစ်ပါသည်။
မန္တလေးမြို့သဘာဝ လူအသေအပျောက်မရှိလျှင် ဖြစ်ပြီးတာတွေ ပြီးပါစေတော့ဆိုကာ အဆိုပါအမှုအား ရဲစခန်းတွင် အမှု ဖွင့်ထားခြင်းတော့ မရှိသေးပါ။
တကယ်တော့ မန္တလေးမြို့တွင် ညအခါ အုပ်စုဖွဲ့သွားလာကာ လမ်းမများပေါ်တွင် ရပ်နားထားသည့် ကားများ၊ ဆိုင်ကယ် များ၊ ဆိုင်း ဘုတ်များအား အကြောင်းမဲ့ ဖျက်ဆီးသွားကြသည်ကို မြို့ခံများ ခံစားနေရသည်မှာ နှစ်ကာလ ကြာမြင့်ပြီဖြစ်ပြီး တရားခံလည်း မိခဲပါသည်။ လွန်ခဲ့သော ၂ နှစ်ဝန်းကျင်ကမူ ထိုကဲ့သို့လမ်းဘေးတွင် ရပ်ထားသည့်ကားများကို အုတ်နီခဲဖြင့် ထုပြေးသည့် ဆိုင်ကယ် အုပ်စုတစုကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်နိုင်ခဲ့ပါသည်။ အဆိုပါ အဖွဲ့မှ လူငယ်တယောက် ကို အဘယ့်ကြောင့် ဒီလိုဖျက်ဆီးရတာလဲဟု ရဲစခန်းတွင် စစ်ဆေးရာ မနာလိုလို့ပါဆိုသည့် တခွန်းသာ ဖြေပါသည်။
တောင်သမန်ကန်ရေပြင်တွင် ရေမှုန်တန်းများတဖွားဖွားထအောင် အရှိန်ပြင်းထန်စွာ မောင်းနှင်လာသည့် စက်လှေ တစီး ကို မြင်လိုက်ရသည့်အခါတွင်မူ ကမ်းနားတွင်ငါးဖမ်းနေသည့် တရာဝန်းကျင်ခန့်ရှိသော လူအုပ်ကြီးထံမှ ဆဲသံဆိုသံများ ဟိန်းခနဲပေါ်ထွက်လာသည်။ ခဏအကြာတွင် စက်လှေပေါ်မှ လူများက လေးခွများဖြင့် တဖုန်းဖုန်းပစ်ကြသကဲ့သို့ ရေစပ် စပ် တွင် ရပ်နေသည့် လူအုပ်ကြီးမှ အုတ်ခဲ၊ကျောက်ခဲများ၊လေးခွများဖြင့် တရစပ်ပြန်ပစ်နေကြတော့သည်။ ကမ်းဘက်မှ လူအုပ်စုတစုက ဓားရှည်များ၊ ဝါးရင်းတုတ်များ ဆွဲကိုင်ကာ အသည်းအသန်ပြေးလာရင်း ရေထဲသို့ ခုန်ဆင်းကြသည်။
ဆယ့်ငါးမိနစ်ခန့်ကြာသောအခါတွင်မူ စက်လှေက တပ်ခေါက်ပြန်သွားသည့်အခါ ဘေးနားက ဝိုင်းကြည့်နေကြသော မိန်းမ ထုကြီးက ဟေးခနဲ တခဲနက် သြဘာပေးကြတော့သည်။ ငါးဖမ်းနေသည့် လူအုပ်ကြီးထံမှ ဆဲသံများက မရပ်သေးပါ။ မကျေ မနပ် ရေရွတ်ကြရင်း ငါးဆက်ဖမ်းနေကြပါတော့သည်။
တကယ်တော့ ထိုကဲ့သို့ ဖြစ်နေကြသည်မှာ ဒေသခံများအဖို့ အဆန်းတကြယ်မဟုတ်လှ။ တပတ်လျှင် နှစ်ရက်ခန့် နေ့ည မရွေးဖြစ်ပွားလေ့ရှိသည့် တောင်သမန်အင်း အနောက်မြောက်ထောင့်ရှိ ငါးတိုက်ပွဲတခုဖြစ်သည်။
ထိုကဲ့သို့ဖြစ်နေသည်မှာ ကြာပြီဖြစ်ပါသည်။ ဒါတင်မကသေးပါ။ မနက်စောစော တောင်သမန်ကန် အနောက်ဘက်ခြမ်းသို့ လမ်းလျှောက်ထွက်မည်ဆိုလျှင် မျက်စိမကစားဖို့တော့ လိုပါသည်။ ကန်ဘောင်တလျှောက် စိတ်တိုင်းကျ အပေါ့စွန့်၊ အလေးစွန့်နေသောသူများကိုတွေ့သွားလျှင် သာယာနေသော မနက်ခင်းလေး ပျက်စီးသွားနိုင်ပါသည်။
ကျူးကျော် နေထိုင်သူများပြားရာ မြို့သစ်ဘက်၊ တာရိုးဘက်တွင် အုပ်စုဖွဲ့ကာ ဂိုဏ်းဂဏဆန်ဆန် လှုပ်ရှားမှုများ ယခု နောက်ပိုင်းတွင် အားကောင်းလာသည်ကို တွေ့မြင်နေရပါသည်။
သတင်းထောက်တဦးမှ မန္တလေးမြို့၊ အနောက်မြောက်ဘက် တာရိုးဘေးနားရှိ နေအိမ်များကို ဓာတ်ပုံရိုက်ပြီးနောက် လက် ဖက်ရည်ဆိုင်တွင် ခဏဝင်ထိုင်ပါသည်။ လက်ဖက်ရည်ဆိုင်ရှင်က ခင်ဗျားဆိုင်ထဲမှာပဲနေ၊ မပြန်သေးနဲ့ဦးဟု သတိပေးသော်လည်း မှောင်လာပြီဖြစ်သည့်အတွက် ထပြန်လာခဲ့ရာ ခဏအကြာတွင် သူ့ကို ကုန်းသီးဖြင့် လှမ်းပစ်လေရာ အသည်းအသန် ဆိုင်ကယ်မောင်းပြေး လာခဲ့ရသည်။
နောက်တကြိမ်ကမူ အမရပူရ ကျောက်တော်ကြီးဘုရားဘက်တွင် ဖြစ်သည်။ ဘုရားရှုခင်းများ၊တောင်သမန်ရှုခင်းများအား ဓာတ်ပုံသွားရိုက်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျူးကျော်များက ထိုဘုရားဝင်းထဲတွင် ကြက်တိုက်နေကြပါသည်။ သူတို့အား ဓာတ်ပုံလာရိုက်သည်ထင်မှတ်ကာ နောက်က ဝိုင်းလိုက်လာ၍ အသက်လု ပြေးလာခဲ့ရပါတော့သည်။သာဓကဆောင်စရာများစွာ ရှိသော်လည်း လောလောလတ်လတ်ဖြစ်ခဲ့သည့်ဖြစ်ရပ်များထဲမှ အနည်းငယ်မျှသာ ဖော်ပြ လိုက် ခြင်းဖြစ်ပါသည်။ တရားမဲ့စရိုက်များ ပြုကျင့်လုပ်ကိုင်နေသူများသည် ကျူးကျော်နေထိုင်သူများသာဖြစ်ရမည်ဟု မဆိုလိုပါ။ မြို့ခံများလည်း ပါဝင်ပါသည်။ သို့သော် ကျူးကျော်နေထိုင်သူ များပြားသည့်နေရာများတွင် မှုခင်းဖြစ်နှုန်းများ သည်ကတော့ အမှန်ဖြစ်ပါသည်။
ကျူးပြဿနာဟူသည်မှာ အမှန်စစ်စစ်မြန်မာနိုင်ငံတခုတည်းတွင်သာ ကြုံတွေ့နေရသည်မဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအနှံ့မြို့ကြီး ပြကြီးများသို့ ပြောင်းရွှေ့လာသည့် ကျူးကျော်များကြောင့် မှုခင်းများပေါများလာကာ နဂိုရှိရင်းစွဲမြို့ခံများအား အန္တရာယ် ဖြစ်စေသည့် သာဓကများလည်း အများအပြားရှိပါသည်။
ထို့ကြောင့် ၎င်းတို့အစိုးရမှ တာဝန်ယူကာ ကျူးကျော်များအတွက် အလုပ်ကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ ငယ်ရွယ်သူများအား ငွေရလွယ်စေသော ဒုစရိုက်မှုများနှင့် ကင်းဝေးစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများဖြင့် လက်တွဲ ခေါ်ဆောင်စေခြင်း၊ စကောလားရှစ် အစီအစဉ်များ ဖော်ဆောင်ပေးခြင်းစသည့် မဟာဗျူဟာမြောက် စီမံကိန်းများ ဆွဲကာ နှစ်ရှည်စီမံကိန်းချပြီး လုပ်ဆောင်နေကြခြင်းဖြစ်သည်။
မန္တလေးမြို့တွင် ကျူးကျော်အင်အားစာရင်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် အတိအကျမသိရပါ။ မန္တလေး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတဦးက ဧည့်စာရင်းတိုင်နေသူများ၊ ကျူးကျော်များကို စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး မန္တလေးခရိုင်( ၇ မြို့နယ်တွင်) သိန်းဂဏန်းဝန်းကျင် ရှိမည်ဖြစ်ကြောင်း ကနဦး ခန့်မှန်း ထားပါသည်။
ထိုအထဲတွင် ကျူးကျော်နေထိုင်သူများ အနိမ့်ဆုံးအားဖြင့် သောင်းဂဏန်းရှိနိုင်ပါသည်။ မန္တလေးမြို့ပတ်ပတ်လည်တွင် ကျူးကျော်နေထိုင်ကြသည့် အစုအဖွဲ့များကို အလွယ်တကူပင် မြင်တွေ့နိုင်သော်လည်း အစိုးရအဖွဲ့ တာဝန်ရှိသူများ က တော့ ကျူးကျော်များနှင့်ပတ်သက်ရန် လက်ရှောင်လေ့ရှိပါသည်။
နိုင်ငံတကာမှ အစိုးရဧည့်သည်များ လာသောအခါမှ ၎င်းတို့လာရောက်မည့်လမ်းကြောင်းတွင် ကျူးကျော်တဲများ ရှိပါက တပွဲတိုး ဖယ်ရှားလိုက်ခြင်းဖြင့်သာ ဖြေရှင်းလိုက်ပါသည်။ အဆိုပါ ဧည့်သည်များပြန်သွားသည့်အခါတွင်မူ ဒုံရင်းက ဒုံရင်းသာဖြစ်ပါသည်။
ဇူကာဘတ်ကဲ့သို့ ဒေါ်လာသိန်းချီသောင်းချီမလှူနိုင်သော်လည်း တပိုင်တနိုင် ကူညီလုပ်ကိုင်နေသည့် အသင်းအဖွဲ့တချို့ တလေလည်း မန္တလေးမြို့တွင် ရှိပါသည်။
ကျူးကျော်နေထိုင်သူများ၏ သားသမီးများ ပညာတတ်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဆယ့်သုံးဦးမှ တဦးလျှင် ငွေကျပ် ငါးထောင်စီ ကနဦးစုပေါင်းထည့်ကာ မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်၊ ၂၆ဘီ လမ်းနှင့် ကမ်းနားလမ်းအနီးတွင် ငွေကြယ် ပွင့်လေးများဆိုသည့်နာမည်ဖြင့် စာကျက်ဝိုင်းလေးတခုဖွင့်လှစ်ထားပြီး ကျောင်းသား ကျောင်းသူ ၁၅၀ ကျော်ကို ပညာသင်ပေးနေကြပါသည်။ ကလေးငယ်များအတွက် စာရွက်စာတမ်းများ၊ ဗလာစာအုပ်များကိုမူ ပြင်ပ အလှူရှင်များထံမှ အလှူခံရရှိသော ငွေဖြင့် ဖြည့်ဆည်းပေးကြပြီး ရန်ပုံငွေ မလုံလောက်လျှင်တော့ အိတ်စိုက် ဖြေရှင်းသည့်ပုံစံဖြင့် သွားနေကြခြင်းဖြစ်သည်။
“ကျူးကျော်တွေရှိတဲ့ ပတ်ဝန်းကျင်မှာနေရထိုင်ရတာ မလုံခြုံပါဘူး။ ကျူးတွေကို အမြစ်ဖြုတ်ဖို့ လိုပါတယ်။ ဘူဒိုဇာနဲ့ မထိုးပါနဲ့၊ ရဲအင်အားနဲ့ မခြိမ်းခြောက်ပါနဲ့၊ ပညာတတ်အောင် သင်ပေးလိုက်ပါ။ ဒါဆို ကျူးမျိုးဆက်ကို အပြီးဖျောက်လို့ ရပါပြီ။ ဆွေစဉ်မျိုးဆက်ကျူးကျော်နေထိုင်ရတဲ့ ဘဝစက်ဝိုင်းထဲက ရုန်းထွက်နိုင်ဖို့အတွက် ပညာသည်သာ သူတို့အတွက် တခု တည်းသော အခွင့်အလမ်းပါ” ဟု ငွေကြယ်ပွင့်လေးများ စာကျက်ဝိုင်းမှ ကိုစစ်ငြိမ်းအေးက ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် ကိုပြောပါသည်။ စာကျက်ဝိုင်းလေး ရေရှည်တည်တံ့နိုင်ရေးအတွက် မနည်းရုန်းကန်နေကြကြောင်းလည်း ၎င်းက ဝန်ခံပါသည်။
ကျူးကျော်တို့၏ သားသမီးများအတွက် သီးသန့်လုပ်ကိုင်နေသော အသင်းအဖွဲ့မှာ မန္တလေးမြို့တွင် လွန်စွာနည်းပါး လှပါသည်။ အစိုးရမှ ကျောင်းပြင်ပ ပညာရေးဆိုသည့် အစီအစဉ်ဖော်ဆောင်ထားသော်လည်း ပီပီပြင်ပြင်ပေါ်ထွက် မလာသေး ပါ။
ထို့အတူ သူဌေးအများစုမှာ တခြားသော နေရာများတွင် လှူဒါန်းရန် လက်လွယ်သော်လည်း ကျူးကျော်များဘဝ အတွက် ူ ရေရှည်ထိရောက်သည့် လှူဒါန်းမှုမျိုး လွန်စွာနည်းပါးပါသည်။ မနက်စောစောတွင် ပလတ်စတစ်ကောက်ကာ ကိုးနာရီ ထိုးခါနီးမှ အသည်းအသန် ကျောင်းသွား၊ညနေကျောင်းဆင်းလျှင် မြစ်ကမ်းဘေးတလျှောက် သဲသယ်၊ပစ္စည်းသယ်ကာ ည ခုနှစ်နာရီထိုးမှ ညကျောင်း တက်ပြီး ပညာသင်ယူနေရသည့် ကလေးငယ်များပညာရေးအတွက်မူ လှည့်မကြည့်ကြပါ။
မကြာခင် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ မန္တလေးမြို့တွင် ထုနှင့်ထည်နှင့်ရှိသော ကျူးကျော်များ၏ မဲကို ရရှိရန်အတွက် ယခင်က ယောင်၍ပင် ခြေဦးမလှည့်ခဲ့ကြသော နိုင်ငံရေးပါတီများလည်း စည်းရုံးရေးဆင်းနေသည်ကို ယခု တွေ့နေရပါသည်။
စည်းရုံးရေးလည်း ဆင်းကြပါ။ ယခုတကြိမ် အာဏာရလာခဲ့လျှင်တော့ ကျူးကျော်များ ဘဝမြှင့်တင်ရေးအတွက် အစိုးရ၊ ပြည်သူများ ဝိုင်းဝန်းထောက်ပံ့ပေးနိုင်မည့် အစီအစဉ်မျိုး မဖြစ်မနေ ဖော်ဆောင်ပေးရန် လွှတ်တော်တွင်း တောင်းဆိုပေးဖို့ မမေ့ကြပါနဲ့ဟုသာ မေတ္တာရပ်ခံလိုပါတော့သည်။
(ဖိုးစမ်းချောင်း(GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)