အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍတွင် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည်ပေါင်းစည်းရေး ဆိုသည့်(DDR) လုပ်ငန်းစဉ် ကို လက်ခံကြရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်၏ သဘောထားကို မကြာခင်ရပ်ပိုင်းက ထုတ်ဖော်ပြောဆိုလာပြန်သည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များအကြား ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ဇွန်လ ၂၉ ရက်က နေပြည်တော် ဘုရင့်နောင် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်က လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) လုပ်ငန်းစဉ်ကို လက်ခံရေး ထပ်မံပြောဆိုလာခြင်းအပေါ် စစ်တပ် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR) ပြုလုပ်ရေးပြောဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ သဘောထားမည်သို့ရှိမည် ဆိုသည်ကို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဒီလဆန်းပိုင်းက လော်ခီးလာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ Mr. Sun Guoxiang နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့တွေ့တော့ ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ DDR လုပ်ငန်းစဉ်ကို လက်ခံဖို့ပြောသွားတာတွေ့ရတယ်။
ဖြေ ။ ။ ဟုတ်တယ်။ မတ်လတုန်းကလည်း အဲဒါကို သူတို့ပြောပါတယ်။ သူတို့ဘက်ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို DDR လိုပဲ သူတို့ကတော့အကောင်အထည်ဖော်ချင်တယ်။ ကျနော်တို့ကတော့ နှစ်ပေါင်း ၆၀ ကျော် ယုံကြည် စိတ်ချလို့မရတဲ့ အနေအထားမျိုးပေါ်မှာ တို့ရဲ့တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ အနေအထားမျိုးမဖြစ်သင့်ဘူး။ တဖက် ကလည်း တို့နိုင်ငံက ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝရှိတဲ့နိုင်ငံလည်း မဟုတ်ဘူးဗျ။ တပ်ကနေ အာဏာတွေအများကြီး ယူထားတဲ့ အနေအထားအပေါ်မှာ တို့မှာ တပ်တွေကို အားလုံးဖျက်သိမ်းရမယ်ဆိုတဲ့ တဖက်သတ်အမြင်မျိုးကလည်း လက်ခံလို့ မရဘူးလေဗျာ။
ဒါပေမယ့်ပေါ့ဗျာ။ နိုင်ငံတခုမှာ တပ်မတော်တခုပဲရှိရမယ်ဆိုတဲ့ မူကို တို့လည်း လက်ခံတယ်။ ဒါပေမယ့် အနာဂတ်မှာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်။ တပ်မတော်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုနဲ့ အညီဘယ်လိုဖွဲ့စည်းမလဲ။ ဘယ်လို ပြင်ဆင် မလဲစတဲ့ ကိစ္စလေ အဲဒါကလည်း အများကြီး စကားပြောသေးတယ်ဗျ။ သူတို့ (တပ်မတော်) ဘက်ကတော့ လုံးဝ ပြင်ချင်တဲ့ပုံမရှိဘူး။ အဲဒါမျိုးဆိုရင်လည်း တို့က လက်ခံလို့မရဘူး။
တို့ဘက်ကတော့ တို့ရဲ့ တပ်တွေကို ပြည်နယ်လုံခြုံရေး တပ်တွေသဘောမျိုးနဲ့ပေါ့ဗျာ အဲလိုထားပြီးတော့မှ တနိုင်ငံလုံးရဲ့ တပ်မတော်ဦးဆောင်မှုရဲ့ အောက်မှာ နေသွားမယ်။ အဲဒီပုံစံမျိုး ဖြစ်သင့်တယ်။ ဒါက တပ်တွေကို ဒီလိုခွဲထားခြင်းအားဖြင့် စစ်တပ်က အာဏာသိမ်းတဲ့ပုံစံမျိုးမလုပ်နိုင်ဖို့ အကာအကွယ်ပေးပြီးသား ဖြစ်သွားမယ်။ တဖက်ကလည်း ယုံကြည်မှုမရှိတဲ့ အတွေ့အကြံအရပေါ့ဗျာ။ နှစ်ဖက်စလုံးက အာမခံချက်ရှိဖို့ကတော့ အဲသလို နေဖို့ သင့်တယ်လို့ တို့ဘက်ကတော့ ခံယူတယ်ဗျ။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အထဲမှာ လက်ရှိအချိန်ဟာ ပါတီစုံနိုင်ငံရေးကို သွားနေတာဖြစ်လို့ ဘယ်သူ မဆို၊ ဘယ်အဖွဲ့အစည်းမဆို တရားဥပဒေနဲ့အညီသာ လိုက်ပါဆောင်ရွက်ရမယ်လို့ ပြောထားတာလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာရော အန်ကယ်တို့အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ဥပဒေနဲ့ အညီဆိုတဲ့ စကားလုံးကလေ အဓိပ္ပါယ် အမျိုးမျိုးဆွဲလို့ရနေတယ်ဗျ။ တို့ဘက်ကလည်း ဥပမာ အပစ်ရပ်တယ် ဆိုပါစို့။ ပြည်တွင်းမှာတော့ ဒီအစိုးရရဲ့ ဥပဒေကျင့်သုံးရမယ့်လိုက်နာရမယ့် ဥပဒေတွေကိုတော့ လိုက်နာမှာပဲဗျ။ ဒါပေမယ့် ဥပဒေနဲ့ အညီဆိုတာ ရှေ့လုပ်ငန်းစဉ်တွေ တို့နဲ့ညှိနှိုင်းရာမှာ တို့ရဲ့လွတ်လပ်ခွင့်တွေအားလုံးကို သူတို့ရဲ့ ဥပဒေနဲ့ ချုပ်ကိုင် ထားတဲ့ သဘောမျိုးသက်ရောက်နိုင်တယ်လေ။ အဲတော့ တို့က အဲဒီဟာကို ဘယ်လိုလုပ်လက်ခံလို့ရမလဲ။ လက်ခံလိုက်ရင် တို့မှာ ဘာမှ လှုပ်ရှားလို့မရတော့ဘူး။ လုပ်လို့ မရတော့ဘူး။
သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ စသဖြင့်ပေါ့ဗျာ။ ဥပဒေကို အားလုံးလိုက်နာ စသဖြင့်ပေါ့ဗျာ။ ကနေ့ကတော့ နိုင်ငံရေးဆွေးနွေးဘက်တွေ ဖြစ်နေတော့ သူ့လွတ်လပ်ခွင့်နဲ့ သူ့အနေအထားနဲ့ သူ ရှိရမှာပေါ့။ အဲဒါကို တဘက်က အားလုံး ငါ့လက်အောက်မှာ လာနေဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ဥပဒေနဲ့ကိုယ် ချုပ်ကိုင်လိုက်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်ဖို့ မသင့်ဘူးပေါ့လေ။ ကျနော်ကတော့ အဲသလိုမျိုး မြင်တယ်ဗျ။
မေး ။ ။ အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြင်ဆင်လာတဲ့ (NCA) မူကြမ်းကို လက်မခံသလို လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးက ဖွဲ့စည်းပေးလိုက်တဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ ကိုလည်း လက်မခံဘူးဆိုပြီး သိရတယ်။ အဲဒါလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ အေး အဲဒါလည်း မရေရာသေးဘူးဗျာ။ ပထမတော့ အဲဒီသဘောရှိတာပေါ့ဗျာ။ ဒါကို မကြာခင်မှာ ဦးအောင်မင်းတို့ကလာပြီး တော့မှ အဖြေပေးမယ်လေ။ အဲဒီအဖြေပေးတဲ့အခါကြမှ အတိအကျသိမယ်ဗျ။
မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောဆိုနေတဲ့ အပေါ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလား။ ဘယ်လို အခြေအနေတွေဖြစ်လာနိုင်လဲခင်ဗျ။
ဖြေ ။ ။ အေးဗျ။ ဒီလိုပဲ တင်းမာနေရင်တော့ အလှမ်းဝေးသွားနိုင်တယ်။ တဖက်ကတော့ အစိုးရဘက်က ပြောပြောနေတဲ့ အနေအထားက တို့ကပဲ အချိန်ဆွဲချင်သလိုလို ဒီအစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေး မလုပ်ချင်သလိုလို အဲလိုပုံစံမျိုး ပြောနေတာကတော့ မမှန်ဘူးဗျ။ အမှန်ကတော့ တို့ကတော့ လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ဖြစ်စေချင်တယ်။ အဲဒီအနေအထားမျိုးမှာ အပစ်အခတ် ရပ်စဲရေး မြန်မြန်ဖြစ်လေ ကောင်းလေပေါ့ဗျာ။ အေးဒါပေမယ့် စိတ်ချရလောက်တဲ့ အနေအထားမျိုးတော့ ဖြစ်စေချင်တာပေါ့။
မေး ။ ။ မကြာခင်ရက်ပိုင်းက ထွက်လာတဲ့ ဝန်ကြီး ဦးအောင်မင်း ရေးတဲ့ ဆောင်းပါးထဲမှာ လက်ရှိ အခြေ အနေဟာ ငြိမ်းချမ်းရေးလုပ်ဖို့ လက်မလွှတ်သင့်တဲ့ အချိန် အခါကောင်းလို့ဆိုတယ်။ တဖက်မှာ တိုင်းရင်းသားတွေက NCA ကို လက်မှတ် ထိုးဖို့ရာ အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားတယ်။ အစိုးရကကြတော့ တချို့အဖွဲ့တွေကို လက်မခံချင်ဘူးဆိုတော့ ဒီအချိန်အခါ ကောင်း ဆိုတာက အားလုံးပါဝင်ရေးမဟုတ်တဲ့ အချိန်အခါကောင်းဆိုတဲ့ ပုံစံမျိုးဖြစ်မနေဘူးလား။
ဖြေ ။ ။ အဲဒါကလည်း သူတို့ဘက်က တို့ဘက်ကို ပြောထားတဲ့ ကိစ္စလေ MNDAA ရယ်၊ TNLA ရယ်၊ AA ရယ် အဲဒီသုံးဖွဲ့ကို အပစ်ရပ်ရေး ထဲမှာ လက်မခံသေးဘူး။ နောက်ချန်ထားမယ်ဆိုတဲ့ ကိစ္စကလည်း သူတို့ပြန်ပြီး လက်ခံတယ်ဆိုတဲ့ သဘောထား မျိုးလည်း ရှင်းရှင်းလင်းလင်း မပြောသေးဘူးဗျ။ အဲဒီကိစ္စလည်း တို့ဘက်က တော်တော်လေးကို စိတ်မချမ်းမသာတော့ ဖြစ်မိတယ်။
မတ်လ ၃၁ ရက်နေ့ (NCA မူကြမ်း) လက်မှတ် မထိုးခင်မှာ ရှင်းရှင်းကြီးပြောထားတယ်။ နှစ်ဖက် သဘောတူစာချုပ်ထဲမှာလည်း ရေးထားတယ်။ အခု မူကြမ်းအဆင့် အနေအထားမှာပဲ လက်မှတ်ထိုးတာဖြစ်တယ်။ မူကြမ်းဆိုတာကတော့ အတည်ဖြစ်သေးတာ မဟုတ်ဘူး။ တို့ဘက် NCCT အနေနဲ့လည်း အပြီးအပိုင် ဆုံးဖြတ်ပေးနိုင်တဲ့ အဆင့်မျိုးမရှိဘူး။ အခု အဲဒီမူကြမ်းကို UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) အနေနဲ့ကတော့ UPCC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ) ကိုတင်ရမယ်။ တို့ဘက်ကလည်း ထိပ်သီးခေါင်းဆောင်တွေကို တင်ပြရမယ်။ အဲဒီမှာ လိုအပ်တဲ့ ပြင်ဆင်မှု ရှိရင် ပြင်ဆင်၊ ဖြည့်စွက်မှုရှိရင်လည်း ပြင်ဆင်ပါ။ ဖြည့်စွက်ပါ စသဖြင့်ပေါ့ဗျာ။
အဲလိုပြင်ဆင်ဖြည့်စွက်ပြီးရင် ထပ်ပြီးတော့မှ ဆွေးနွေးရမယ်။ အဲလိုမျိုး အတိအကျ ပြောထားသားပဲဗျနော်။ မီဒီယာမှာလည်း ပြောထားတယ်။ စာချုပ်ထဲမှာလည်း ရှိတယ်။ ဒါပေမယ့် အခုကျတော့ဗျာ အဲဒီစာချုပ်ကို မပြင်ချင်တော့ဘူး။ မဖြည့်ချင်တော့ဘူး။ အဲသလိုပြောလာတယ်။ အဲဒါလည်း တို့ဘက်ကတော့ တော်တော်လေး စိတ်မကောင်းဘူးဗျာ။ ဒါကတော့ စိတ်ပျက်စရာကြီး ဖြစ်နေတယ်ဗျာ။ ဒီလောက်ပြောထားတဲ့ စကားကို ဟိုတုန်းက တမျိုးပြောပြီးတော့ အခုတမျိုးပြောတော့ နောက်ထပ် ဘယ်လိုလုပ်ယုံကြည်စိတ်ချလို့ ရတော့မလဲဗျ။