ရန်ကုန်အခြေစိုက် အင်ဂျင်နီယာဖြစ်ပြီး ဆောက်လုပ်ရေးပရောဂျက်များစွာ၏ အကြံပေးအဖြစ် လုပ်ကိုင်နေသူ အင်ဂျင်နီယာ ဦးစန်းကြူ၏ နာမည်အား ရေပိုက်အလုပ်သမား တဦး သေဆုံးမှုဖြစ်ပွားခဲ့သော မန္တလေးမြို့ ၈၄ လမ်း၊၃၉ x ၄၀ကြားရှိ ဆောက်လက်စ အထပ်မြင့် Hotel ဆောက်လုပ်ရေးဆိုက်ထဲရှိ စည်ပင်က (ယခု ဖြုတ်သိမ်းလိုက်ပြီဖြစ်သည့်) စိုက်ထူထားသော ဆိုင်းပုဒ်တွင် တာဝန်ခံ အင်ဂျင်နီယာအဖြစ် နာမည်ရေးထိုးထားခဲ့သည်။ သို့သော် ၎င်းအနေဖြင့် အဆိုပါ ဆောက်လုပ်ရေးတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမရှိကြောင်း ပြောဆိုလာသည့်အတွက် အကြောင်းစုံ သိရစေရန် သတင်းထောက် ဖိုးစမ်းချောင်း(GG) က မေးမြန်းထားပါသည်။
မေး။ ။ အင်္ဂါနေ့က လူသေမှု ဖြစ်ခဲ့တဲ့ Hotel ဆောက်လုပ်ရေးမှာ အန်ကယ့်နာမည် တပ်ထားပါတယ်။ အဲဒီ ဆောက်လုပ်ရေးမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်က အကြံပေး အင်ဂျင်နီယာလုပ်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေက ကျနော့်ကို ငှားတယ်ဆိုရင် မန္တလေးကို လာပြီး အကြံပေးပါတယ်။ ဒါပေမယ့် မန္တလေးမှာ ဆောက်လုပ်ရေးလုပ်ငန်း တခါမှ မလုပ်ဖူးပါဘူး။ ဒီ၂၇ ထပ်နဲ့ Basement ၂ ထပ်ပါတဲ့ Hotel အဆောက်အအုံမှာ တရုတ်ပညာရှင်တွေက ဗိသုကာ ဒီဇိုင်းရော၊ Structure ဒီဇိုင်းရော ဆွဲပြီးတော့ သူတို့ပညာရှင်တွေနဲ့ပဲ ဆောက်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်က သူတို့ိုပိုင်ရှင်က ဆောင်ရွက်ပြီး မန္တလေးစည်ပင်သာယာကို ခွင့်ပြုချက်ရဖို့ တင်ပါတယ်။ အဲဒီလို တင်တဲ့အခါမှာ မန္တလေးစည်ပင်သာယာကနေ ဆောက်မယ့် အဆောက်အဦးက အထပ်သိပ်မြင့်တဲ့အတွက်ကြောင့် ရန်ကုန်မှာ အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ (CQHP – Committee for quality control of high rise building project) ရဲ့ ထောက်ခံချက် တောင်းပါတယ်။ ၁၂ ထပ်ခွဲနှင့် အထက် အဆောက်အဦးတွေကို High rise building လို့ သတ်မှတ်ပါတယ်။
အဲဒီ ပညာရှင်အဖွဲ့ရဲ့ အကြံပြုချက်၊ ထောက်ခံချက်ကို ရယူပြီးမှ မန္တလေးစည်ပင်သာယာရေးက ခွင့်ပြုမယ်လို့ ညွှန်ကြားပါတယ်။ အဲဒီလိုညွှန်ကြားတဲ့အခါ ပိုင်ရှင်က တရုတ်ပြည်က ဒီဇိုင်းတွေကို ရန်ကုန် CQHP အဖွဲ့ကနေ ထောက်ခံချက်ရရှိဖို့ ကျနော့်ကို အကူအညီတောင်းပါတယ်။ ဒါနဲ့ လိုအပ်တာတွေကို ကူညီပေးလိုက်တဲ့အခါ နောက်ဆုံးမှာ ရန်ကုန် CQHP အဖွဲ့ရဲ့ ထောက်ခံချက်ကို ရသွားပါတယ်။ အဲဒါကို စည်ပင်ပို့လိုက်တော့ စည်ပင်ကလည်း ခွင့်ပြုပေးလိုက်ပါတယ်။
မေး။ ။ ဘယ်လိုအပိုင်းတွေမှာ အန်ကယ်အနေနဲ့ ကူညီပေးလိုက်တာပါလဲ။
ဖြေ။ ။ သူတို့က တရုတ်ပုံစံနဲ့ လာတဲ့အခါ တရုတ်ပြည်မှာ သတ်မှတ်တဲ့ စံနှုန်းနဲ့ မြန်မာပြည်မှာ သတ်မှတ်တဲ့စံနှုန်းတွေက မတူညီပါဘူး။ ဒါကြောင့် တရုတ်ပြည်ရဲ့ စံသက်မှတ်ချက်တွေကို ဒီက ခွင့်ပြုထားတဲ့ မြန်မာ့စံနဲ့ ကိုက်အောင်ပြောင်းပြီး ခွင့်ပြုချက်ရအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရပြီးတဲ့အခါ ကျနော့်အပိုင်းက ဒီဆောက်လုပ်ရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိတော့ပါဘူး။ အဲဒီဆောက်လုပ်ရေးလုပ်ငန်းထဲကိုလည်း တကြိမ်မှ ဝင်မကြည့်ဖူးပါဘူး။
မေး။ ။ ဒါဆို အန်ကယ့်နာမည်ကို ဆိုင်းဘုတ်ချိတ်ထားမှန်း မန္တလေး စည်ပင်ဘက်က အကြောင်းကြားခြင်းမရှိသလို အန်ကယ်ကလည်း မသိဘူးလားခဗျ။
ဖြေ။ ။ ဆိုင်းဘုတ်ကို သူတို့ချိတ်ထားမှန်းလည်း ကျနော် မသိသလို သူတို့ကလည်း အကြောင်းမကြားပါဘူး။ မနေ့မှာ ဒီမှာ ဒီလိုလူသေသွားတယ်။ သတင်းထဲမှာ ကျနော့်နာမည်ပါနေတယ်ဆိုတာ ကျနော့်တပည့်တွေက အကြောင်းကြားပါတယ်။ သူတို့က အခုတော့ အဲဒီဆိုင်းဘုတ်ကို ဖြုတ်လိုက်ပါတယ်။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒီဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဒီဇိုင်းကိစ္စပြီးကတည်းက ပါဝင်ပတ်သက်ခြင်း မရှိပါဘူးဆိုတာကို မန္တလေးစည်ပင်သာယာကို စာတင်ပါမယ်။ မြန်မာပြည်နဲ့သင့်တော်ကိုက်ညီတဲ့ လုံခြုံစိတ်ချရတဲ့ ဒီဇိုင်းရရှိရေး ဆောင်ရွက်တာက ကျနော့်အပိုင်းပါ။ ဒီဇိုင်းကိစ္စပြီးသွားတဲ့နောက်မှာ သူတို့က ကျနော့်ကို အကြံပေး(Consultant)လည်း ထပ်မငှားပါဘူး။ သူတို့ကို တရားတွေ ဘာတွေစွဲတာမျိုးတော့ မလုပ်ပါဘူး။
မေး။ ။ ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေအပေါ် အန်ကယ့်အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ဆောက်လုပ်ရေးနဲ့ အက်ဆီးဒင့်ဆိုတာ တော်တော်ကို ခွဲခြားလို့မရပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် ခဏခဏ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးတာပေါ့။ Rule မရှိ၊ Regulation မရှိ၊ Safety awarness မရှိ၊ ဒါမျိုးတွေ အများကြီးဆိုတော့ ဘက်စုံချို့ယွင်းချက် ရှိနေပါတယ်။ အာဏာပိုင်၊ ငွေရှင်ကြေးရှင်၊ အင်ဂျင်နီယာ၊ ကြီးကြပ်တဲ့အပိုင်း၊အလုပ်သမားပိုင်း၊ အကုန်လုံးမှာ အားနည်းချက်ရှိနေတဲ့အခါ ဒါတွေ ခဏခဏဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ တယောက်နဲ့ တယောက် အပြစ်တင်နေဖို့ထက် ဒါ ဘာကြောင့်ဖြစ်တာလဲ၊ ဘာ အားနည်းချက်တွေ ဘာ အမှားတွေရှိလို့ ဖြစ်သလဲ၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဖြစ်လို့ ခံစားသွားရတဲ့သူတွေကို အတတ်နိုင်ဆုံး ဘယ်လိုလုပ်ပေးကြမလဲပေါ့။ တကယ့်တကယ် အသက်ကတော့ တန်ဖိုးအရှိဆုံးပါ။ ဘာနဲ့မှ လဲလို့မရပါဘူး။ ဒီအမှားမျိုး နောက်ထပ် မမှားမိအောင် ဘယ်လိုပညာပေးရမလဲဆိုတာတွေ လုပ်ဖို့ အရေးကြီးဆုံးပါ။
မေး။ ။ အလုပ်ရှင်နဲ့ အလုပ်သမားဘက်မှာ ဘာတွေ အားနည်းချက် ရှိပါသလဲ။
ဖြေ။ ။ ရန်ကုန်မှာ ကျနော်တွေ့ရသလောက်ကတော့ အလုပ်ရှင်၊ အလုပ်သမား ဘက်စုံအားနည်းပါတယ်။ အလုပ်ရှင်ကလည်း safety awareness မရှိဘူး။ Safety အတွက်လည်း ငွေကုန်ခံရမှန်းလည်း မသိဘူး။ ခံလည်း မခံချင်ကြဘူး။ အလုပ်သမားဘက်ကလည်း သူတို့ကို ခေါင်းဆောင်းဦးထုပ်ပေးရင် လေးလို့ ဆိုပြီး မဆောင်းဘူး။ လုံခြုံရေးဖိနပ်ပေးတယ်၊မစီးဘူး။ ဘောင်းဘီရှည်ဝတ်ဆိုရင် မဝတ်ချင်ဘူး၊ ပုဆိုးပဲ ဝတ်ချင်တယ်။ အမြင့်တွေမှာ ခါးသိုင်းကြိုးသိုင်းပါဆိုရင် အလုပ်မဖြစ်ဘူးဆိုပြီး မသိုင်းချင်ဘူး။ ဒါမျိုးတွေကြောင့် ပညာပေးဖို့ အပိုင်းတွေ တော်တော်လေး လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။
မေး။ ။ ကြီးကြပ်စစ်ဆေးတဲ့အပိုင်းကရော။
ဖြေ။ ။ နိုင်ငံခြားမှာဆိုရင် ဒီလိုကြီးတဲ့ အဆောက်အဦးတွေဆောက်ပြီဆိုရင် Safety team သက်သက်ထားရတယ်။ Safety Manager ၊ Safety engineer ဆိုပြီး အဖွဲ့လိုက်ကို သက်သက်ထားရပါတယ်။ အဲဒီအဖွဲ့ကနေ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို တချိန်လုံး စောင့်ကြည့်စစ်ဆေးနေရတယ်။ အဲဒီအဖွဲ့က ဒီ့ပြင် အလုပ်မလုပ်ဘူး။အလုပ်သမား အန္တရာယ်ကင်းရှင်းရေး၊ အက်ဆီးဒင့် မဖြစ်ရေး၊ သုံးစွဲနေတဲ့ စက်ယန္တရားတွေ အက်ဆီးဒင့်မဖြစ်ရေးစတဲ့ အဲဒါတွေပဲ ကြီးကြပ်ရတယ်။ ကျနော်တို့ဆီမှာတော့ တော်တော်လေးကို အားနည်းပါသေးတယ်။