တော်ဝင်မိသားစု ဆောက်လုပ်ရေးမှ အခြေခံ လူတန်းစားများအတွက် ဦးတည်ပြီး ၄၂ သိန်း တန်ဖိုးရှိ တန်ဖိုးနည်းအိမ်ရာ သုံးသိန်းကို ကြိုပွိုင့်စနစ်ဖြင့် တည်ဆောက်ရောင်းချသွားမည့် ဆိုသည့် သတင်းများ လူမှုရေး သတင်းစာမျက်နှာများတွင် ထွက်ပေါ်လာခဲ့သည်။ ထိုအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍ တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဌ ဦးကိုကိုထွေးအား ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မေစိုးစံက မေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။
မေး။ ။ ၄၂ သိန်း တန်ဖိုးရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးကို တင်ပြထားတဲ့ အခြေအနေ ဘယ်လိုရှိပါပြီလဲ။
ဖြေ။ ။ ပြည်ထောင်စု အစိုးရကို လက်လှမ်းမှီသလောက် တင်ပြထားတာ ရှိတယ်။ မီဒီယာကနေ ပြောနေတာလည်း သူတို့သိပါတယ်။ သူတို့မှာ မြေမရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း လွတ်တော်က မြို့တိုးချဲ့ဖို့ နှစ်ဆယ့်ငါးနှစ် စီမံကိန်းနဲ့ ဧက ၇၀,၀၀၀ ကို တိုးချဲ့ဆောင်ရွက်မယ့် အစီအစဉ်ရှိတယ်။ ကြည့်မြင်တိုင် တဖက်ကမ်းမှာပဲ ဧက ၃၀,၀၀၀ ရှိတယ်။ ဧက ၁,၀၀၀ လောက်ရရင် အခန်း သုံးသိန်းလောက် ဆောက်လို့ရမယ်။
ရှိသမျှ ကျုးတွေကည်း ကျုးကျော်စရာ မလိုတော့ဘဲ အိုးပိုင်အိမ်ပိုင်နဲ့ နေနိုင်မယ်။ တလတသိန်း မပေးနိုင်ရင်လည်း သုံးသောင်းနဲ့ ဌားမယ်။ အဲဒီလိုမျိုး အခန်းပေါင်း သုံးသိန်းကို ငါးနှစ်အတွင်း လုပ်ပေးမယ်။ တနေ့ကို တိုက်ခန်းပေါင်း ၂၅၀ ဆောက်မယ်။ ဒါကိုတောင် ဧက ခုနှစ်သောင်းထဲက တထောင်တောင်းတာကို သူတို့က မပေးနိုင်ဘူး။ ဒါပေမယ့် ကျနော်က စိန်ခေါ်ရဲပါတယ်။ ကျနော်လို ဘယ်သူမှ မဆောက်ရဲဘူး။ ပြီးတာ မြန်တာတွေ မမြန်တာတွေ ဘေးဖယ်ထား အခုဈေးနဲ့ဆို အိပ်ထဲက ပါသွားမှာလေ။
မေး။ ။ စီမံကိန်း တည်ဆောက်ရေးမှာ မြေအတွက် အခက်အခဲ ဖြစ်နေတော့ ဘယ်လိုမျိုး ရှေ့ဆက်ပြီး လုပ်ဆောင်သွားမှာလဲ။
ဖြေ။ ။ အခု ပြန်စဉ်းစားနေတယ်။ အဲဒီဘက်မှာ လယ်မြေတွေ ရှိတယ်။ လယ်မြေတွေကို သွားဝယ်မယ် စဉ်းစားတာပေါ့နော်၊ လယ်မြေတွေ လျှောက်ဝယ်ရင် ဘာပြဿနာ ရှာဦးမလဲ ပြန်ကြည့်ရမယ်။ ကိုယ့်ဘေးအန္တရာယ်လည်း ပြန်ကြည့်ရဦးမယ်။ ဒီအသက်အရွယ်နဲ့တော့ ထောင်ထဲမဝင်နိုင်ဘူး။ မလုပ်ရလည်း ဘာမှမဖြစ်ဘူး။ သူများနဲ့လည်း ထိပ်တိုက်မတွေ့ချင်ပါဘူး၊
ဒါပေမယ့် ဒီနေရာကို သွားပြီးတော့ လယ်မြေတွေကို အခြားနည်း သုံးစွဲခွင့်နဲ့ ဒါတွေကို ဒီအစိုးရကို တင်မယ်။ ဒီအစိုးရ မရရင် နောက်အစိုးရကို တင်မယ်။ ကျနော်ကတော့ လုပ်မှာပဲ။ ပြန်ကြည့်ရင် အခြေခံ လူတန်းစားတွေမှာ နေရေးပြဿနာက အရမ်းကို အရေးကြီးတယ်။ အိမ်လခ တသိန်းခွဲ၊ နှစ်သိန်း ပေးပြီး နေကြရလို့ မပေးနိုင်ဘူးလေ။ ခြောက်လ ပြီးတာနဲ့ ရင်ပူနေရပြီ။
သင့်သင့်တင့်တင့် နေချင်ကြတဲ့သူတွေအတွက် အိပ်ခန်းနှစ်ခန်းပါတာကို ၈၅ သိန်း ၊ သိန်း ၉၀ နဲ့ ရောင်းပေးမယ်။ ဝယ်ပြီးတော့ အမြတ်နဲ့ ပြန်ရောင်းချင်တဲ့ သူတွေကလည်း ရောင်းချင်ရောင်း မရောင်းချင်နေ ဒီဘက်ကတော့ ရောင်းပေးလိုက်မယ်။ ဝယ်ချင်တဲ့သူတွေလာ ရတယ်၊ အချိန်မရွေး ဝယ်ချင်တဲ့ Demand အတွက် လုပ်ပေးလိုက်ရင် မော်တော်ကားလိုပေါ့။ ဝယ်ပြီး ဈေးတင်ရောင်းလို့ မရတော့ဘူး။ အဲဒီလိုဆိုရင် အခြားဟာတွေပါ လိုက်ကျ သွားလိမ့်မယ်။
မေး။ ။ ဒီစီမံကိန်းအတွက် ဆောင်ရွက်ထားမှု အပိုင်းတွေ ဘယ်အဆင့်အထိ ရောက်နေပါပြီလဲ။
ဖြေ။ ။ အကုန်လုံး စီစဉ်ထားတယ်။ အခု စက်တွေ ထပ်ဝယ်တယ်။ တံခါးတွေ ကျည်းဘောင်တွေ ဝယ်တယ်။ စက်နဲ့လုပ်မှ ရမှာလေ။ ဒီအတိုင်းဆိုရင် ဘယ်လိုမှ မမှီဘူး။ အားလုံးပြီးအောင်လို့ ဒါတွေကို စက်နဲ့လုပ်မှ ရမယ်။ ဒီဟာတွေက ပိုင်ရိုက်ပြီးတော့ ဆောက်ရမယ့် အပိုင်းတွေ ဖြစ်တယ်။ အများကြီး မဟုတ်ပါဘူး။ အဆောက်အအုံက ၈ ထပ် ဆောက်မှာပါ။ လယ်မြေမှာ သွားဆောက်မယ်ဆိုရင် ပိုင်ရိုက်ရမယ်။ ၊ ရှင်းရှင်းပြောရရင် တလုံးတလုံးကို ခဏလေးနဲ့ ပြီးသွားအောင် ဆောက်လုပ်မှာ။
မေး။ ။ တည်ဆောက်ရေး အပိုင်းမှာ အမြန်ဆုံး လုပ်မယ့်ဆိုရင် တာရှည်ခံမှုအတွက် တာဝန်ယူမှု တာဝန်ခံမှု အပိုင်းနဲ့ ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားရမယ့် အပိုင်းတွေမှာရော။
ဖြေ။ ။ အဆောက်အအုံကတော့ ဟိုးအရင်ထက် နည်းပညာက ပိုပိုတိုးတက်လာတယ်။ ကျွမ်းကျင်မှုတွေ မြင့်လာတယ်၊ ကျနော်တို့လည်း ပိုကျွမ်းကျင် လာတယ်။ အဲဒီတော့ ခိုင်ခန့်မှု ဆိုတာက သိပ်ပြောစရာ မလိုတော့ဘူး။ ဒါပေမယ့် ထိန်းသိမ်းမှု အပိုင်းထိ လိုက်စဉ်းစားနေရင်တော့ ကျနော်တို့ လုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ နေတဲ့သူတွေ လုပ်ကြပေါ့။ စီမံကြပေါ့။
မေး။ ။ ရောင်းချပေးမယ့် ပုံစံကရော ဘယ်လိုဖြစ်လာမလဲ။ အခြေခံ လူတန်းစားတွေရော တကယ် ရပါ့မလား၊ ငွေကစားကြတဲ့သူတွေ လက်ထဲပဲ ရောက်သွားမလား။
ဖြေ။ ။ ကြိုပွိုင့်ပဲ ရောင်းမယ်။ လက်ငင်းငွေချေ စနစ်နဲ့ ပဲဖြစ်ဖြစ်၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး လစဉ်ပေးသွင်းတဲ့ စနစ်နဲ့ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီငွေနဲ့ စတင်လည်ပတ်မယ်။ ၈ လွှာ အခန်းပေါင်း ၃၁၂ ခန်း ပါမယ်။ ဓာတ်လှေကား၊ အရေးပေါ် လှေကား၊ အကျယ်က ၁၀ ပေ ၊ပေ ၂၀ ရှိတယ်၊ ကော်ရစ်တာ ပါမယ်။ LED မီးလုံးတွေ တပ်ပေးထားမယ်။ စနိုင်ဖို့က ဒီနေ့ Pass ပေးလိုက် ဒီနေ့ စမှာပဲ၊ ဒါကိုပဲ ထိုင်စောင့်နေတာ။
ဆောက်ကြတဲ့ အရေအတွက်နည်းလို့ ငွေကစားကြတဲ့သူတွေ လက်ထဲရောက်ရတာ။ အခုက ၅ နှစ် စီမံကိန်းနဲ့ အခန်း ၃ သိန်း ဆောက်မှာ၊ ရောက်လည်း နည်းနည်းပဲ ရောက်မယ်။ တဆင့်ဝယ်မှပဲ ရောက်တာ။ လာပြောပါတယ် တကယ်နေမယ့် သူတွေကိုပဲ စစ်ရောင်းပါတဲ့ ဘယ်သူကို သွားစစ်ပြီး ရောင်းမလဲ။ ဝန်ကြီးက လှမ်းတောင်းတယ်၊ ဟာ ဝန်ကြီး ခင်ဗျားတော့ မရောင်းနိုင်ဘူး ဘယ်လိုပြောမလဲ။ သူကလည်း သူနေမှာ မဟုတ်ဘူး။ ငါ့တပည့် ထားချင်လို့ ဆိုတယ်။ ကုမ္ပဏီက လာဝယ်တယ်၊ ဝန်ထမ်းတွေ ထားချင်လို့ဆိုတော့ ရောင်းပေးရမှာပဲ။ နောက် ကျုးတွေ အကုန်လုံးလာခဲ့၊ အကုန်လုံး ရှိသလောက် ရောင်းပေးမှာ မင်းတို့ ဘယ်လိုကျုးကျုး ပုဂ္ဂလိကပေါ်မှာပဲ ကျုးကျုး၊ အစိုးရပိုင်မှာပဲ ကျုးကျူး အစိုးရကလည်း ငါတို့မှာ ကျုးတွေ ဘယ်လောက်ထိ ရှိနေတယ် မင်းတို့ရောင်းပေး အဲဒီ လူတွေကို ဦးစားပေး ရောင်းပေးမယ်။
မေး။ ။ ဒီစီမံကိန်း အတွက် အဓိက အခက်အခဲ ဘာတွေ ရှိနိုင်သေးလဲ။
ဖြေ။ ။ နံပါတ် ၁ စိန်ခေါ်ချက်က ပြင်ဆင်ထားပြီးသား ဖြစ်တဲ့အတွက် မြေက အဓိကပဲ။ ဒီပရောဂျက်ကို လုပ်ဖို့ အခန်းတော့ ဆောက်လို့ရပြီ။ ရေမရှိတော့ ဘာနဲ့သုံးမှာလဲ ရေ ထောက်ပံ့ဖို့ လိုတယ်။ ဒါတွေကို ကမ္ဘာဘဏ်တို့က လုပ်ပေးချင်တဲ့ ပရောဂျက်ထဲမှာလည်း ပါတယ်။ ရေရမယ် မြေရမယ်ဆိုရင် စီမံကိန်း အောင်မြင်သွားပြီ။ လျှပ်စစ်မီးကို မပူဘူး။ ဘာကြောင့်လဲဆိုရင် ဒီလောက်များတာကို မပေးချင်ရင် ကိစ္စတော့ မရှိပါဘူး။ ဆိုလာတွေ ဝယ်တပ်မှာပေါ့။
မေး။ ။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း လုပ်ကိုင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာကြောင့်ပါလဲ။
ဖြေ။ ။ ကျနော်တို့က ၉၅ ခုနှစ် ကနေစပြီးတော့ တန်ဖိုးနည်း အိမ်ရာတွေကို စလုပ်ခဲ့တယ်။ ဒီလောကမှာ ပြန်ကြည့်ရင် တိုက်ခန်းလာဝယ်တဲ့ အခါမှာ တိုက်ခန်း ၅၀ ရှိရင် ၅ ခန်းလောက်က နေဖို့ဝယ်ကြတယ်။ ၄၅ ခန်း လောက်က ပြန်ရောင်းစားကြတယ်။ သူတို့မှာက နေဖို့မဟုတ်ဘူး။ အကျိုးအမြတ်အတွက် ဝယ်ထားကြတာ။ ဒီသဘောက ဝယ်တဲ့သူက မနေကြဘူး၊ နေချင်တဲ့သူက မဝယ်နိုင်ဘူး။ ပြဿနာပေါ့နော်၊ နေချင်တဲ့သူ ဝယ်နိုင်အောင် ရှိတဲ့တန်ရာတန်ကြေးထက် လျှော့ချပြီး ရောင်းပေးနိုင်ရင်တော့ နေချင်တဲ့သူတွေ ဝယ်နိုင်ကြမယ်။
ဒီလိုစဉ်းစားပြီး မန္တလေးမှာ ၉၅ ခုနှစ်က ၃၅ လမ်းမပေါ်မှာပေါ့။ အခုတော့ တကယ့်မြို့လယ်ခေါင်မှာ သီရိရိပ်သာ (၁)၊ (၂) လုပ်ခဲ့တယ်။ အခုအရမ်းစည်တယ် အဲဒီနေရာမှာ ပေ ၃၀၊ ပေ ၆၀ အကွက်ပေါ်မှာ ဂရံနဲ့ နှစ်ထပ်တိုက် အိပ်ခန်း လေးခန်းနဲ့ အပြည့်အစုံလုပ်ပြီး၂၄ သိန်းနဲ့ ရောင်းခဲ့တာ။
အဲဒီလို ရောင်းခဲ့ပြီးတော့ ကုန်သွယ်ရေး အိမ်ရာဆိုပြီး မြောက်ဒဂုံအဆင်း ဘေလီတံတားမှာ ကုန်သွယ်ရေးဝန်ကြီး ဦးထွန်းကြည်ကပေါ့၊ မြေချပေးတယ်။ ငါ့ ဝန်ထမ်းတွေကွာ မြေကွက်တွေ ပေးလိုက်ပေမယ့် သူတို့က အိမ်မဆောက်နိုင်ကြဘူးကွ။ မြေကွက်တွေကို ပြန်ရောင်းစားပြီး နောက်ဆုံးတော့ လက်မဲ့က လက်မဲ့ပဲ ပြန်ဖြစ် သွားတယ်ပေါ့။ အိမ်ခြေရာခြေ မရှိဘူး။ အိမ်ရာတွေရအောင် မင်းတိုက်ခန်း ဆောက်လိုက်ကွာ သူတို့မြေကို မင်းဝယ်လိုက်တဲ့။ အဲဒီတော့ သူ့ဆီက မြေကွက်ဝယ်ရတယ်။ အဲဒီမြေပေါ်မှာပဲ ပြန်ဆောက်ပေးရတယ်၊ အဲဒီတုန်းက လေးလွှာ အပေါ်ထပ် နှစ်သိန်းခုနှစ်သောင်း၊ နောက်အထပ်က သုံးသိန်း၊ အောက်ဆုံး မြေညီထပ်မှ လေးသိန်း အဲဒီလို ရောင်းပေးခဲ့တယ်။ အဲဒါတွေ ရောင်းတုန်းကတော့ ဌာနဆိုင်ရာတွေ၊ ဝန်ထမ်းတွေ အများဆုံး ရတာပေါ့။
မေး။ ။ အခုချိန်မှာရော ဒီစီမံကိန်း ဖော်ဆောင်မယ့်အပေါ် ဘယ်သူတွေက ပူးပေါင်းကြပါသေးလဲ။
ဖြေ။ ။ အခုကတော့ မြေလေး စီစဉ်ပေးပါ။ မြေရှိရင် လုပ်ပေးနိုင်တယ်။ များများ လုပ်ပေးနိုင်တယ်။ ဝေးတဲ့နေရာကမြေတွေက လွယ်လွယ်ရတာပေါ့ ။ ဆင်းရဲသားတွေကို အဝေးမှာထားရင် ပြဿနာက လမ်းစရိတ် မသက်သာဘူး။ ဒါကြောင့် ဝေးတဲ့နေရာမှာ မစဉ်းစားဘူး။ အဲဒီတော့ သမိုင်းမှာ အရင်လုပ်ကြည့့်တယ်။ အောင်မြင်ခဲ့တယ်၊ တကယ်တမ်း သိန်း၂၅၀ သိန်း ၃၀၀ ရမယ့် နေရာကို ၁၂၈ သိန်းနဲ့ပဲ ရောင်းလိုက်တယ်။ ကုန်တာပဲ။ အခန်းပေါင်း ၁,၇၀၀ လောက် ဆောက်တယ်။ ပြဿနာက လူတိုင်းမဝယ်နိုင်ဘူး။ အရစ်ကျနဲ့ တလ သုံးသိန်းသွင်းဖို့က လူတိုင်းမှာ တလ ၅ သိန်းရှိရမယ်။ လူတိုင်း တလ ၅ သိန်းမှ မဝင်တာ။ ဒီတော့ ဈေးကစားတဲ့သူတွေ လက်ထဲကိုပဲ ရောက်ရောက်သွားတာ။
တကယ်နေမယ့်သူတွေ ကျုးကျော်တွေက ၁၀ ပေ ပတ်လည် စားပွဲလောက်ရှိတဲ့ တဲလေးပေါ်မှာ ရွံထဲမှာ ချို့တဲ့ပြီး နေကြရတယ်။ ကျုးကျော်အိမ်တွေကို တချို့က တလစာ လေးသောင်း ပေးနေရတဲ့သူတွေ ရှိတယ်။ ရောင်းစားနေတဲ့သူတွေလည်း ရှိတယ်။ အခုတော့ ၄၂ သိန်းလို့ ပြောတာက မြေဝယ်ရရင် နည်းနည်းတော့ တက်လာမှာပေါ့နော်။ ဒေါ်လာဈေးတွေတက်တော့ ကုန်ဈေးနှုန်းတွေက လိုက်တက်ပေါ့။ ၄၅ သိန်းလောက် ဖြစ်ချင်ဖြစ်မယ်။ မဝယ်နိုင်တဲ့သူတွေကို တလ ၃သောင်းနဲ့ ဌားမယ်ဆိုပြီး လုပ်ထားတယ်။ ဒီစီမံကိန်းက ကြားတဲ့သူတွေအားလုံး ဝယ်ချင်ကြမှာပါပဲ။
မေး။ ။ ဦးကိုကိုထွေးက စီးပွားရေးလုပ်ငန်းရှင် ဆိုပေမယ့် လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ကြားနေရပါတယ်။ ဒီတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အစီအစဉ်ရော ရှိပါလား။
ဖြေ။ ။ သမ္မတ ပေးတာတောင် မလုပ်ဘူး။ ဒါတွေ ဝါသနာ မပါဘူး။ စီးပွားရေးတောင် ပြိုင်ရရင် မလုပ်ဘူး။ နိုင်ငံရေးက ပြိုင်ရတာ။ ပြိုင်ရတာတွေကို စိတ်မဝင်စားဘူး။ အခု စီမံကိန်းမှာတောင် မကျေနပ်တဲ့ သူတွေက အများကြီးပဲ။ မကျေနပ်တဲ့သူတွေရှိနေရင် ကိုယ့်ကိုယ်တချိန်မှာ ပြန်ရန်မူကြဦးမှာ။ နိုင်ငံရေး ဆိုတာက အငြိုးကြီးတယ်။ အဲဒီဒဏ်တွေကို မခံချင်ဘူး။ ဝင်မပြိုင်ဘူး။