ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းတွင် မြန်မာအစိုးရက ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူခဲ့ပါသည်။ ရလဒ်များကို ပြီးခဲ့သည့် မေလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။
ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့၏ အထောက်အပံ့ဖြင့် ပြုလုပ်သည့် စီမံကိန်းသည် အချိန် ၃ နှစ်ယူခဲ့ရပြီး ကုန်ကျစားရိတ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိခဲ့သည်။ ဘာသာရေးနှင့် လူမျိုးစု ကဲ့သို့သော အလွန်ထိရှလွယ်သည့် အချက်အလက်များနှင့် ပတ်သက်သော အစီရင်ခံစာများကတော့ မထုတ်ပြန်ရသေးပါ။ သို့သော်လည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သော အချက်အလက်များက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးပါသည်။ အထူးသဖြင့် မြို့ပြနှင့် ကျေးလက်တို့၏ အခြေအနေကို ထုတ်ပြနေကြသည်။
အကြိုအနေဖြင့် အစိုးရက လူဦးရေ စာရင်းကို ယမန်နှစ်က ထုတ်ပြန်ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၆၀ ရှိ သည်ဟု ယခင်က ဆိုခဲ့သော်လည်း သန်းခေါင်စာရင်းကောက်ယူမှုအရ ၅၁.၅ သန်း ဖြစ်သွားသည်။ ယခင် ကိန်းဂဏန်းဟောင်းတွင် ပြည်ပသို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများကို ထည့်သွင်းထားခြင်းနှင့် အစိုးရက လူဦးရေများပြားမှုကို ဖော်ပြချင်သည့် ဆန္ဒရှိခြင်းတို့ကြောင့် ဖြစ်မည်ဟု လူဦးရေ ပညာရှင်အချို့က မှတ်ချက်ပြုခဲ့ကြသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက်အလက်များက မြန်မာနိုင်ငံ ရှေ့တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ဖော်ပြနေသည်။ မြို့ပြနှင့် ကျေးလက်ဒေသများ၏ ကွာခြားမှု ကြီးမားလွန်းနေသည်ကိုလည်း တွေ့ရသည်။
လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းကဲ့သို့သော ဗမာလူမျိုး များပြားသည့် ဒေသကြီး ၃ ခုတွင် လူဦးရေ၏ ၃၈ ရာခိုင်နှုန်း နေထိုင်သည်ကို တွေ့ရသည်။
စာတတ်မြောက်မှုနှုန်းလည်း မြင့်မားကြောင်း သိရသည်။ စာတတ်မြောက်မှုနှုန်းမှာ ၈၉.၅ ရာခိုင်နှုန်း ရှိ၍ အာဆီယံ၏ ပျမ်းမျှစံနှုန်းနှင့် ကိုက်ညီမှုရှိကာ စာတတ်မြောက်မှု ၉၃.၅ ရာခိုင်နှုန်း ရှိသည့် ထိုင်းနိုင်ငံနီးပါး ဖြစ်သည်။ စာတတ်မြောက်မှု ၆၃ ရာခိုင်နှုန်းသာ ရှိသည့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံထက်လည်း အတော်လေး မြင့်မားနေသည်။ သို့သော်လည်း ကျေးလက်ဒေသတွင် စာတတ်မြောက်မှု ၈၇ ရာခိုင်နှုန်း ရှိပြီး မြို့ပြတွင် ၉၅ ရာခိုင်နှုန်းရှိနေခြင်းက နှိုင်းယှဉ်ကြည့်ရမည့် အချက် ဖြစ်သည်။ ဗမာအများစု နေထိုင်သည့် ပြည်မနှင့် တိုင်းရင်းသား လူနည်းစုဒေသအချို့၏ ကွာခြားချက်ကလည်း သိသာ ထင်ရှားမှု ရှိနေသည်။ ရှမ်းပြည်နယ်တွင် စာတတ်မြောက်မှု ပျမ်းမျှ ၆၅ ရာခိုင်နှုန်း သာရှိသည့် အချိန်တွင် ကရင်ပြည်နယ်က ၇၄ ရာခိုင်နှုန်း၊ ချင်းပြည်နယ်က ၇၉ ရာခိုင်နှုန်း၊ ကယားပြည်နယ်က ၈၂ ရာခိုင်နှုန်း နှင့် ရခိုင်ပြည်နယ်က ၈၅ ရာခိုင်နှုန်း ရှိကြပြီး အားလုံးက တနိုင်ငံလုံး ပျမ်းမျှနှုန်းထားထက် နည်းနေကြသည်။
မွေးကင်းစနှင့် ၅ နှစ်အောက် ကလေး သေဆုံးမှုတွင်လည်း အလားတူ ကွာခြားမှုများ ရှိနေသည်။ တနိုင်ငံလုံး မှ မွေးကင်းစနှင့် ၅ နှစ်အောက်ကလေး သေဆုံးမှု ပျမ်းမျှနှုန်းမှာ ကလေး ၁၀၀၀ တွင် ၇၂ ယောက်ဖြစ်ပြီး ရန်ကုန်တိုင်းက ကလေး ၁၀၀၀ တွင် ၅၀ယောက် နှုန်းရှိသော်လည်း မကွေးတိုင်းတွင် ၁၀၈ ယောက်နှင့် ဧရာဝတီတိုင်းတွင် ၁၀၅ ယောက် အထိ ခုန်တက်သွားသည်ကို တွေ့ရသည်။
အိမ်ထောင်စုများ၏ ဝန်ဆောင်မှုများ ရရှိနိုင်မှု ဆိုင်ရာအချက်များတွင်လည်း အလားတူကွာခြားမှုများ ရှိနေသည်။ မြို့ပြလူဦးရေ၏ ၇၇ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သော်လည်း ကျေးလက်ဒေသတွင် လျှပ်စစ်ဓတ်အား သုံးစွဲနိုင်သူက ၁၅ ရာခိုင်နှုန်းသာ ရှိသည်။ ပိုမိုတိကျစွာ ဆိုရလျှင် ရန်ကုန်တိုင်းက လျှပ်စစ်သုံးစွဲနိုင်မှု ၆၉ ရာခိုင်နှုန်း ရှိသည့်အချိန်တွင် ရခိုင်ပြည်နယ်က ၁၃ ရာခိုင်နှုန်းနှင့် တနင်္သာရီတိုင်းက ၈ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ကွာခြားမှု ကြီးမားလွန်းနေသည်။
မြန်မာနိုင်ငံမှ အိမ်ထောင်စုများ၏ ၆၉ ရာခိုင်နှုန်းက ထမင်း ဟင်းချက်ပြုတ်ရန်အတွက် ထင်း သို့ မဟုတ် မီးသွေးကို အသုံး ပြုနေကြရသည်။ ထိုသို့ သုံးစွဲရသည့် အိမ်ထောင်စုများက ကျေးလက်ဒေသတွင် ၉၂ ရာခိုင်နှုန်းရှိပြီး မြို့ပြဒေသတွင် ၅၂ ရာခိုင်နှုန်း ရှိနေသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းသော အိမ်သာ သုံးစွဲနိုင်မှုက တနိုင်ငံလုံး အတိုင်းအတာဖြင့် ၇၄ ရာခိုင်နှုန်း ရှိသော်လည်း ပြည်နယ်နှင့် တိုင်းအရကြည့်လျှင် ရန်ကုန်တိုင်းက ၉၁ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်က ၃၂ ရာ ခိုင်နှုန်းဖြစ်ရာ ကွာခြားမှုကြီးမားသည်ကို တွေ့ရသည်။
အံ့အားသင့်ဖွယ်ရာကောင်းသည်မှာ မကြာသေးမီကာလများအထိ ဆင်းမ်ကတ်များ၏ တန်ဘိုးက မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားခဲ့သည့် မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုက ပျမ်းမျှ ၃၃ ရာခိုင်နှုန်း ရှိနေသည်။ ဤနေရာတွင်လည်း ကျေးလက်လူဦးရေ၏ ၂၁ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မြို့ပြဒေသများက ၆၄ ရာ ခိုင်နှုန်းအထိ ကွာခြားနေပြန်သည်။ ကျေးလက်နေပြည်သူများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက အရေးပါသည့် အချက်တခု ဖြစ်ပါသည်။
သယ်ယူပို့ဆောင်ရေး ကဏ္ဍမှလည်း အလားတူပင်။ မြန်မာနိုင်ငံတွင် ရှိသော မော်တော်ကားများ၏ ၇၂ ရာခိုင်နှုန်း က မြို့ပေါ်တွင် ရှိနေပြီး ကျေးလက်တွင် ၂၈ ရာခိုင်နှုန်းသာရှိသည်။ ကျေးလက်နေမိသားစုတို့၏ ၂၉ ရာခိုင်နှုန်းက ယခုထက်တိုင် နွားလှည်းများကို သုံးစွဲနေကြဆဲဖြစ်သည်။
သန်းခေါင်စာရင်းအရ ပြည်ပတွင်နေထိုင်သူ နိုင်ငံသား ၂ သန်းခန့်ရှိပြီး ၎င်းတို့ထဲမှ ၆၁ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ် သည်ဟု သိရသည်။ ပြည်ပရောက်ရှိနေသူတို့၏ တဝက်ခန့်မှာ အရှေ့ပိုင်းပြည်နယ်များဖြစ်သည့် မွန်၊ ကရင်နှင့် ရှမ်း တို့ မှ ဖြစ်သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားတို့၏ ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် ရှိနေကြပြီး မလေးရှားနိုင်ငံတွင် ၁၅ ရာ ခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၅ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၄ ရာခိုင်နှုန်း နှင့် အမေရိကန်ပြည်ထောင်စုတွင် ၂ ရာခိုင်နှုန်း ရှိနေသည်။ ကျားနှင့် မ အချိုးအစားက ၉၃ း ၁၀၀ ဖြစ်သည်။ အလုပ်လက်မဲ့ နှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်ပြီး အသက် ၁၅ နှစ်မှ ၂၉နှစ် ကြား အရွယ်များတွင် ၎င်းထက် ၂ ဆ နီးပါးမြင့်တက်သွားသည်။
သန်းခေါင်စာရင်းကောက်ယူမှုက မြန်မာနိုင်ငံတွင် ကျေးလက်နှင့် မြို့ပြကွာခြားနေမှုများကို လျှော့ချနိုင်အောင် လုပ်ဆောင် ရတော့မည် ဆိုသည်ကို မီးမောင်းထိုးပြခဲ့ပါသည်။ တန်းတူညီမျှပြီး အားလုံးအပေါ်သက်ရောက်မှုရှိသည့် တိုးတက်မှုကသာ မြန်မာနိုင်ငံကို ဒေသတွင်းနိုင်ငံများနှင့် အမီလိုက်နိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ရောက်ရှိစေမည် ဖြစ်သည်။ ကုလသမဂ္ဂ အာရှနှင့် ပစိတ်ဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဌာန (UNESCAP) က မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ် မတိုင်မီ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှ လွတ်နိုင်လိမ့်မည်ဟု မကြာသေးမီက ခန့် မှန်း ခဲ့သည်။ အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ကာကွယ်နိုင်ရေးအတွက် မြို့ပြနှင့် ကျေးလက် ဟန်ချက် ညီမျှသော ဖွံ့ဖြိုးတိုးတက်မှုက အရေးပါလာပါလိမ့်မည်။
လာမည့် နိုဝင်ဘာလ၌ ရွေးကောက်ပွဲများ ကျင်းပတော့မည့် အချိန်တွင် လူဦးရေ၏ ၂၇ ရာခိုင်နှုန်းက အသိအမှတ်ပြု မှတ် ပုံတင်ကတ်ပြား မရှိကြောင်း တွေ့ရှိရသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် သတ်မှတ်ရေးက မဖြစ်နိုင်တော့သလောက် ဖြစ်နေသည်။ အစိုးရက ယာယီ ပန်းရောင် မှတ်ပုံတင်ကတ်များ ထုတ်ပေးခဲ့သော်လည်း ယာယီ ဝိုက်ကတ်များ ကိုင်ဆောင်ထားသည့် သိန်းနှင့် ချီသောသူများအတွက် အငြင်းပွားဖွယ်ရာများ ဆက်လက် ဖြစ်ပေါ်လာခဲ့သည်။ ဝှိုက်ကတ် ကိုင်ဆောင်ထားသူ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ ယခုကိစ္စမှာ သန်းခေါင်စာရင်း ကောက်ယူူပြီးသည့် နောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည့်အတွက် မှတ်ပုံတင် ကတ်ပြားမရှိသူများကိုပါ ထည့်သွင်းလျှင် လူဦးရေ၌ ရာခိုင်နှုန်း ဒဿမ အနည်းငယ် တိုးလာဖွယ်ရှိပါသည်။
နောက်ထပ် ပြဿနာတခုမှာ အလွန်ထိရှလွယ်သည်ဟု ဆိုနိုင်သော လူမျိုးစုနှင့် ဘာသာရေး အချက်အလက်များဖြစ်ပြီး ပြည်သူများကြားတွင် အငြင်းပွားမှုများ၊ အချေအတင် ငြင်းခုံမှုများ ပေါ်ပေါက်လာမည်မှာ သံသယဖြစ်စရာ မလိုပါ။ လူမျိုးရေး တင်းမာမှုများ၊ ဆန္ဒပြပွဲများနှင့် ပဋိပက္ခများ ပေါ်ပေါက်လာရဖွယ်လည်း ရှိသည်။ အဆိုပါ ပြဿနာများမှာ မျှော်လင့်ထားပြီး ဖြစ်သည့်အတွက် အစိုးရက အချက်အလက်များကို ထိန်းချုပ်ထုတ်ပြန်ခြင်းအားဖြင့် ဆိုးကျိုး သက်ရောက်မှု အချို့ကို လျော့ချသင့်ပါသည်။
ယခုအချိန်အထိ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် သန်းခေါင်စာရင်း အချက်အလက်များကို ပိုမိုကောင်းမွန်သော၊ အားလုံးပါဝင်နိုင်သော၊ ညီမျှသော မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အသုံးချရမည် ဖြစ်ပါသည်။ ယခုကဲ့သို့ အခြေအနေသို့ ရောက်အောင် ခက်ခဲသောလမ်းကို လျှောက်ခဲ့ရသည့် မြန်မာပြည်သူတို့နှင့်လည်း ထိုက်တန်ပါသည်။
(ဩစတြေးလျအခြေစိုက် ပညာရှင်ဝက်ဘ်စိုက် The Interpreter ပါ Elliot Brennan ၏ Myanmar census reveals huge urban-rural divide ဆေစောင်ပါးကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ အီးလီးယက် ဘရန်နန်သည် ဆွီဒင်နိုင်ငံရှိ Institute for Security and Development Policy ၏ အာရှပရိုဂရမ်မှ သုတေသီတဦးဖြစ်သည်)