အလုပ်သမားများကို အနည်းဆုံး လုပ်ခလစာအဖြစ် တရက် ၃၆၀၀ ကျပ်ပေးရပါက အထည်ချုပ်လုပ်ငန်းရှင်များက စက်ရုံများ ပိတ်သိမ်းသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းသည် စက်ရုံ ၃၀ ကျော် ဖြင့် အလုပ်သမား ၂ သိန်းခွဲကို အလုပ်ပေးထားသော စီးပွားရေးကဏ္ဍတခု အခြေမတည်နိုင်သေးသည်ကို ပြသနေသည်။
အထည်ချုပ်လုပ်ငန်းသည် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အရေးပါသည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းခြင်းနှင့် ဥရောပသမဂ္ဂ၏ ဈေးကွက်ဝေပုံကျစနစ် ဖွင့်ပေးခြင်းတို့နောက်ပိုင်း အသက်ရှင်ရေး ရုန်းကန်ခဲ့ရသော မြန်မာ့ကုန်ထုတ်လုပ်ရေးလုပ်ငန်း ခေါင်းပြန်မော့ရန် အခွင့်အရေး ရလာခဲ့သည်။ အထည်ချုပ်လုပ်ငန်းသည် နိုင်ငံ့ဝင်ငွေတိုးရန်နှင့် အလုပ်အကိုင်ဈေးကွက် ဖွံ့ဖြိုးရေး အကောင်းဆုံး မျှော်လင့်စရာ ဖြစ်လာသည်။
၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အတည်ပြု ပြဌာန်းခဲ့သော အနည်းဆုံး အခကြေးငွေဥပဒေနှင့် နောက်ဆက်တွဲ ဇူလိုင် ၁၂ ရက်တွင် ပြဌာန်းခဲ့သော လုပ်ထုံးလုပ်နည်း ဥပဒေများအရ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရတို့ ပါဝင်သော အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့် ကော်မတီက အဆိုပြုသော ၃၆၀၀ ကျပ်သာ အတည်ဖြစ်လျှင် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့နှင့် ပြိုင်၍ ဈေးကွက်မလုနိုင်မည်ကို အထည်ချုပ်လုပ်ငန်းရှင်တို့က စိုးရိမ်သည်မှာ သဘာဝကျပါသည်။
အကယ်၍ အထည်ချုပ်လုပ်ငန်း အခြေပျက်လျှင် သွင်းကုန်မြင့်နေပြီး တန်ဖိုးတက်နေသော အမေရိကန် ဒေါ်လာကြောင့် ပူလွန်းနေသော မြန်မာ့စီးပွားရေးအင်ဂျင်အတွက် ချောဆီ ပြန်မထည့်ပေးနိုင်သလို ဖြစ်ချေမည်။ သို့သော်လည်း မနှစ်က ၆ ရာခိုင်နှုန်းရှိခဲ့သော ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ် ၈ ရာခိုင်နှုန်းထိ ဖြစ်လာခဲ့ရာ တရိပ်ရိပ်တက်လာနေသော အခြေခံကုန်ဈေးနှုန်းသည် အလုပ်သမားများအတွက် စိုးရိမ်စရာဖြစ်လာကာ အခြေခံ လစာနှုန်းထား တနေ့ ၃၆၀၀ ကျပ်ဆိုသည်မှာ များသည်ဟု မဆိုနိုင်ပါ။
အလုပ်သမား သမဂ္ဂများကမူ အဆိုပြုနှုန်းထား ၃,၆၀၀ ကျပ်တွင် ထပ်တိုးစရိတ်များ ပေါင်း ထည့်ပေးမှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း ပြောဆိုနေသည်။ မည်သို့ဆိုစေ လက်ရှိပေးနေသော တနေ့ ၉၀၀ မှ ၁၃၀၀ ကျပ်ဆိုသည်မှာ စားဝတ်နေရေး ဈေးကြီးလွန်းသော ရန်ကုန်တွင် နေ့စဉ်ဘဝရပ်တည်နိုင်ရေး မည်သို့မျှ မဖူလုံနိုင်ပေ။ ထို့ကြောင့်လည်း ဦးသိန်းစိန်အစိုးရ တက်လာအပြီး ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၏ အများစုသည် လုပ်ခလစာ တောင်းဆိုကြသော အလုပ်သမားများနှင့် ပတ်သက်နေကြောင်း တွေ့ကြရမည်ဖြစ်သည်။
အလုပ်ရုံများကို ပိတ်သိမ်းမည်ဟု အလုပ်ရှင်ဘက်က ပြောသည်မှာ ၎င်းတို့အပေါ် အလုပ်သမားသမဂ္ဂများနှင့် ဖောက်သည်များထံမှ ဖိအားများ မည်မျှများနေကြောင်း ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ စက်ရုံပိတ်ပစ်ခြင်းသည် ပထမ ဦးစားပေး ရွေးချယ်ရမည့်အရာ မဟုတ်ပါ။ သို့သော် ယင်းသို့ဖြစ်လာပြီဆိုလျှင်လည်း အဓိက တာဝန်ရှိသူအဖြစ် အလုပ်ရှင်များသာမက အစိုးရကိုလည်း လက်ညှိုးထိုးစရာ ဖြစ်လာပါလိမ့်မည်။
အကြောင်းမှာ လုပ်သားအင်အားကို အခြေပြုသော အထည်ချုပ်လုပ်ရေးလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံသူများ ရှောင်ထွက်သွားစေသည်မှာ အလုပ်သမားများ၏ လုပ်ခလစာကိစ္စ တခုတည်းကြောင့် မဟုတ်ဘဲ လုံလောက်သော လျှပ်စစ်မီး မပေးနိုင်ခြင်း၊ မြေဈေးနှုန်းများ ကြီးမြင့်လွန်းနေခြင်း၊ ခရီးလမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းခြင်း၊ အုပ်ချုပ်ရေးဗျူရိုကရေစီတွင် ခြစားမှု များခြင်း၊ အခွန်ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ မတည်ငြိမ်ခြင်း၊ ကျွမ်းကျင်အလုပ်သမား ရှားပါးခြင်း စသည့် အကြောင်းအရာများလည်း ပါဝင်သောကြောင့် ဖြစ်သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ထုံးတမ်းစဉ်လာဖြစ်သော စွမ်းအင်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများကို မှီခိုနေရုံမက အခြားထုတ်ကုန်တင်ပို့နိုင်ရေးဆီ ဖြန့်ကျက်နိုင်မှ အနာဂတ်အတွက် အာမခံရှိမည်ကို သိရှိပြီးဖြစ်သည်။ အထည်ချုပ်လုပ်ငန်းသည် မြန်မာ့ထုတ်ကုန်တင်ပို့ရေး မဟာဗျူဟာအတွက် အခြေခံလည်းဖြစ်၊ ကနဦးအစလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပုဂ္ဂလိကနှင့် အစိုးရသည် ယင်းကဏ္ဍ အားကောင်းလာစေရေး အတူတကွ စနစ်တကျ ဖြေရှင်းလုပ်ကိုင်ရမည်ဖြစ်သည်။ ယခုအကြိမ်တွင်မှ အထည်ချုပ်လုပ်ငန်း ကျရှုံးလျှင် အရင်လို အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့်ဟု အကြောင်းပြနိုင်တော့မည် မဟုတ်ပါ။