ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံမေးမြန်းချက် ဒုတိယပိုင်းအဖြစ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာကို ခြိမ်းခြောက်တဲ့ သဘောနဲ့ ပြောတာလား၊ ဒါမှမဟုတ် သူ့မှာ တခြား ဘာဆန္ဒတွေရှိလဲ၊ လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီကသာ နိုင်ခဲ့မယ်ဆိုရင်ကော အာဏာလွှဲပြောင်းဖို့ကို သူ့အနေနဲ့ ဘယ်လို အာမခံချက်တွေ ယူထားသလဲ၊ သူ့ရဲ့ ပါတီဟောင်းဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့အတွက်ကြောင့် အဲဒီပါတီကို လာမယ့်ရွေးကောက်ပွဲမှာ နိုင်စေ ချင်သလား ဆိုတာတွေကို ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဥက္ကဋ္ဌကို အားလုံးဝေဖန်နေတာကတော့ ဥက္ကဋ္ဌရဲ့ Military Background ပေါ့၊ ကျနော်ကတော့ အဲ့ဒါထက်စာရင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဘာပြော၊ ဘာလုပ်လဲဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားတယ်။ တိုင်းပြည်မှာ မတည် ငြိမ် မှုမျိုးတွေ ရှိခဲ့မယ်ဆိုရင် တပ်မတော်ကနေပြီးတော့ အာဏာသိမ်းနိုင်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဥက္ကဋ္ဌ ပြောဖူးတာ တွေရှိ တယ်။ ပြောတယ်။ ကျနော်ထင်တာ ကတော့ စိုးရိမ်လို့ပြောတာလည်း ဖြစ်မှာပါ။ တပြိုင်တည်းမှာ ဒါကိုတချို့ကလည်း ခြိမ်းခြောက်မှု လို့လည်း ယူဆတဲ့လူတွေရှိတယ်။
ဖြေ။ ။ ဟုတ်ပါတယ် မှန်ပါတယ်။
မေး။ ။ ဆိုတော့ အဲ့လိုနေရာမှာ ကျနော် တွေးမိတာ ပေါ့လေ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတဦးအနေနဲ့ တပ်မတော်ကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းတွေ၊ အပြောအဆိုတွေဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအပေါ် ယုံကြည်မှုကို မကျ စေဘူးလား။ ကျစေတယ်လို့မထင်ဘူးလား။
ဖြေ။ ။ ဒါကတော့လေ … လူဆိုတာတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေတာပဲ၊ ခင်ဗျားပြောသလိုပဲ အထင် သေးစရာလည်း ရှိတယ်။ ခြိမ်းခြောက်တယ်လို့ မှတ်ယူစရာလည်း ရှိတယ်။ ဒီလိုတွေ ဆိုတဲ့အခါကျတော့လည်း အပြစ် မတင်ပါဘူး။ ကျနော်လည်း ခြိမ်းခြောက်တာတော့ စိတ်ထဲမရှိပါဘူး၊ မဖြစ်စေချင်တဲ့ဆန္ဒပါ။ ဘာကြောင့်လဲဆိုတော့ ကျနော် က ၁၉၆၃ မှာ တပ်ထဲရောက်လာတဲ့ အခါကျတော့၊ တော်လှန်ရေးကောင်စီကာလ၊ ဆိုရှယ်လစ်စနစ်၊ နဝတ၊ နယက အောက်မှာ နေခဲ့တဲ့အခါကျတော့ ကျနော့်တို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျပါတယ်။ မြန်မာနိုင်ငံကြီး ပိတ်ဆို့ သွားတာ။ ဆိုရှယ်လစ်စနစ် ကတည်းက Isolation နေခဲ့တယ်၊ ဗလငါးတန်ရှိတယ် မိတ္တဗလမရှိဘူး။ ခင်ဗျားတို့ လည်း သိနေတာပဲ၊ ဒီဘင်္ဂလားဒေ့ရှ်တို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုတာ ကျနော်တို့နောက်မှာ၊ ယနေ့ကြည့်ပါလား၊ ဘာနဲ့ တက်သွားလဲ။ Grantတွေ၊ Aid တွေ၊ Loan တွေ ကျနော်တို့မရဘူး။
ဆိုလိုတာက ခါးသီးသော အတွေ့အကြုံတွေက ကျနော့်စိတ်ထဲမှာ၊ ကျနော့်ရင်ထဲမှာ ရှိနေတော့ အာဏာပြန်သိမ်းရမှာ ကြောက်တယ်။ စစ်တပ် ဆိုတာ ဆူလို့၊ မအေးချမ်းလို့လာတာ။ ငြိမ်သွားရင် စစ်တပ်က လာစရာမလိုဘူး။ ဆူလို့သိမ်းတာပဲ။ ဘယ်တုန်းက အေးချမ်းနေလျက်ကြီးနဲ့သိမ်းဖူးလို့လဲ။ ပြောဖို့တော့ရှိတာပေါ့၊ ၁၉၆၂ အာဏာသိမ်းတာ ကတော့ အရင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အားနည်းချက်ပဲ။ ခွဲထွက်နိုင်တယ်ဆိုတာအကြောင်း ပြပြီးတော့ သိမ်းသွားတာ။ ဟုတ်တာ မဟုတ်တာ သမိုင်းက ပြောလိမ့်မယ်။ တခုခုတော့ အားနည်းချက် ရှိလာရင် ဖွဲ့စည်းပုံအခြေခံကပဲ ဖြစ်မလား။ သို့ တည်းမဟုတ် တိုင်းပြည်ပဲ တကယ် မအေးမချမ်း ဖြစ်နေလား၊ ဒီလိုဆိုရင်တော့လည်း ပြည်ထောင်စု ကြီး ပြိုကွဲသွားမှာ စိုးတဲ့အတွက်ကြောင့်၊ သို့တည်း မဟုတ် တိုင်းပြည်ဆူပူနေလို့ မင်းမဲ့စရိုက်တွေ များ နေလို့၊ ခေါင်းတွေ ဖြတ်သတ်နေလို့၊ မြန်မာ့ရေပိုင် နက်ထဲ fleet (ပြည်ပက စစ်သင်္ဘော) တွေ ဝင်လာလို့ သိမ်းရတာ။ အဲ့လိုဖြစ်တဲ့အခါကျတော့ မတည် ငြိမ်လို့ သိမ်းလိုက်ရတာပဲ။ ဒါပေမယ့် တိုင်းပြည် သိပ်နစ်နာတယ်။ အကုန်ပိတ်ထားဆို့ထား။ ဘာမှမရဘူး။ အကုန်လုံး ပြုတ်ကျ သွားတာ။ ပြုတ်ကျသွားတာမှ တော့်တော့်ကို ပြုတ်ကျသွားတာ။
စစ်တပ်သိမ်းလို့၊ အာဏာသိမ်းလို့၊ အာဏာသိမ်းလို့၊ အာဏာသိမ်းလို့၊ အာဏာသိမ်းလို့ ပြောတယ်။ မှန်တယ်၊ အာဏာ သိမ်းလိုက်ရတဲ့ အကျိုးဆက်ပဲ၊ အာဏာမသိမ်းအောင် လုပ်ကြပါလား။ ကျနော်ပြောတာ ခြိမ်းခြောက်တာလည်း မဟုတ် ဘူး။ ကျနော့်ရဲ့ ၄၇ နှစ်အတွေ့အကြုံနဲ့ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းချင်လို့ သိမ်းတာမရှိဘူး။ ဆူလို့သာ။ ဒါကြောင့် လည်း ကျနော် ခဏခဏ ပြောပါတယ်။ ၈၈ အရေးအခင်းဖြစ်တော့ ကောင်းပါပြီ၊ ကျနော်တို့ကို အပြစ်တင်တယ်။ ခေါင်းတွေ လည်း ဖြတ်နေတယ်၊ တရားဥပဒေ စိုးမိုးရေးလည်း မရှိဘူး။ အုပ်ချုပ်ရေးကလည်း ရပ်ဆိုင်းသွားပြီ။ နယ်စပ်စခန်း တွေလည်း တိုက်ပွဲတွေဖြစ်လာတယ်။ အဲဒီလိုအခြေအနေကြီးမှာ တိုင်းပြည် စစ်တပ်ကမသိမ်းဘဲ လက်ပိုက် ကြည့်ရင် ဘာဖြစ်မလဲ၊ ခင်ဗျားတို့လည်း စဉ်းစားကြည့်ပေါ့။ အဲ့ဒါကို အပြစ်လား။ ခင်ဗျားတို့က အပြစ်မဟုတ်သည့် တိုင်အောင် နိုင်ငံခြားကကောင်တွေက အပြစ်လို့ပဲမြင်တယ်။ ယနေ့ ထိုင်းလည်း ဒီလိုပဲဖြစ်ပါတယ်။ ကမ္ဘာလည်း မကြိုက်ဘူး။ ကျနော်သိတာပေါ့။ သို့သော် ကျနော်တို့ လုပ်ချင်လို့ လုပ်တာလား။ လုပ်ချင်လို့လည်း မဟုတ်ပြန်ဘူး။ မလွဲသာ မရှောင်သာလို့ လုပ်ရတဲ့အခါကျတော့ နာတော့ ဘယ်သူနာလဲ၊ တိုင်းပြည်နာတယ်။
မေး။ ။ အဆိုးဆုံးကတော့ ပြည်သူနာတာပေါ့။
ဖြေ။ ။ လူထုနာတာ။ ဒီအတွေ့အကြုံကို ကျနော် မခံစားချင်လို့။ ဒါကြောင့် ကျနော်ပြောတာပါ မလုပ်ကြပါနဲ့၊ မလုပ်ကြပါနဲ့ပြောတာပါ။
မေး။ ။ ဒီနေရာမှာ တိုင်းပြည်မတည်ငြိမ်တာ မဟုတ်ဘဲ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် မကြာသေးခင်က အင်တာဗျူးတခုမှာ ဥက္ကဋ္ဌပြောခဲ့တယ်။ တကယ်လို့များ ရွေးကောက်ပွဲရလဒ်က အတိုက်အခံ ပါတီတပါတီကနေပြီးတော့ နိုင်ခဲ့မယ်ဆိုရင် အာဏာလွှဲပြောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ချင်မှဖြစ်မယ်၊ ဒါမှမဟုတ်လည်း နောက်ဆုံး အာဏာသိမ်း တဲ့အထိ ဖြစ်ကောင်းလည်း ဖြစ်သွား လိမ့်မယ်ပေါ့။
ဖြေ။ ။ အဲဒီလိုဆိုရင် သဘောပေါက်မှုလွဲတယ်။ အာဏာမလွှဲလို့ မရပါဘူး၊ လွှဲကိုလွှဲရပါမယ်လို့ ကျနော်ပြောတာပါ။
မေး။ ။ အာဏာလွှဲရမယ်ပေါ့။
ဖြေ။ ။ လွှဲကိုလွှဲရမယ်။
မေး။ ။ တပ်မတော်နဲ့ အစိုးရနဲ့ အခုဆိုလည်း ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဟန်ချက်ညီညီ လုပ်နေ တာတွေ တွေ့ရတယ်။ (အာဏာလွှဲဖို့) တပ်မတော်ဆီကနေ အာမခံချက်မျိုးကတော့ ရှိပြီးသားဖြစ်မယ် ထင်တယ်။
ဖြေ။ ။ တပ်မတော်ဘက်က အာမခံချက်ရှိသလို အစိုးရဘက်ကလည်း အာမခံချက် ရှိပါတယ်။ ကျနော် မြင်တာပေါ့လေ၊ ကျနော့်အမြင်ပေါ့လေ။ သူတို့တော့ ဘယ်လောက်အထိ ပရိယာယ်ကြွယ်ကြွယ်နဲ့ လှည့်ထားလည်း မသိဘူး။ ဒါပေမယ့် သူတို့ လည်း ကျနော်တို့နဲ့ ဘဝတူတွေပါပဲ။ အဲဒီလိုလုပ်လို့ရှိရင် Impact တွေက တော်တော်ခံရမယ်။ တိုင်းပြည် ဒုက္ခရောက်သွားမယ်။ ကျနော် ဒီလူတွေကို ဖျောင်းဖျရဲပါတယ်၊ ဖျောင်းလည်းဖျောင်းဖျမယ်။ မင်းတို့မလုပ်ပါနဲ့ကွာ။ မင်းတို့မလုပ်ပါနဲ့။ မင်းတို့ မလုပ်ပါနဲ့။ ငါ့ရဲ့အဆုံးအဖြတ်ကို မင်းတို့နာခံပါ။ ကျနော် လိုလားတာက ယနေ့ ကြံ့ခိုင်ရေး ပါတီက အာဏာရပါတီဖြစ်တယ်။ ရှုံးသွားလို့ အတိုက်အခံ ပါတီဖြစ်လည်း ကောင်းသောအတိုက်အခံပါတီ ဖြစ်ရမယ်။
မေး။ ။ ကျနော်ထင်တယ်၊ ဝေဖန်တဲ့သူအများစုကလည်း ခုန ပထမဆုံး ဥက္ကဋ္ဌပြောခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ ကိစ္စ ကြောင့် ပြန်ပြီးတော့ …
ဖြေ။ ။ No … ၉၀ ကို ခင်ဗျားတို့ အဲဒီလိုပြောရင် ကျနော်က အဲ့ဒါကို ငြင်းကိုငြင်းချင်တယ်။ ငြင်းကို ငြင်းချင်တယ်။ ၉၂-၉၃ မှာ အမျိုးသားညီလာခံ ခေါ်တယ်။ လိမ်လိမ်မာမာ ပါးပါးနပ်နပ် အကုန်လိုက်လျောလိုက်၊ ဖြစ်ချင်တာဖြစ်။ ရေးကြ စမ်းကွာ။ ရေးလိုက် Constitution ကြီးထွက်လာမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးတယ်ဆိုတာ အာဏာလွှဲဖို့ပဲ။ ထွက်လာ ပြီးမှ ရွေးကောက်ပွဲ ပြန်ရွေးမယ်ကွာလို့ ပြောလည်းထပ်ရွေး။ ဘယ်သူက နိုင်စရာ ရှိလို့တုန်း။ နိုင်တဲ့အချိန်ကျမှ ဒီ Constitution ပြင်တယ်ဆိုရင် ဘာတတ်နိုင်မလဲ။ Clever မဖြစ်တာပါ။
မေး။ ။ ဒါဆိုရင် နိုင်ခဲ့တဲ့ အတိုက်အခံပါတီက မပါးနပ်တာပေါ့။
ဖြေ။ ။ ဒါပဲ။ ကျနော်ကတော့ ဒီလိုပဲ သုံးသပ်ချင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Constitution ပေါ်ပေါက်လို့ အာဏာ မလွှဲဘူးဆိုရင် ခင်ဗျားတို့ အပြစ်တင်ပါ။ Constitution မပေါ်ပေါက်ဘဲနဲ့တော့ အပြစ်မတင်နဲ့၊ ပေါ်ပေါက်လာတဲ့တနေ့ အာဏာလွှဲလိုက်တာပဲ။ ဒါဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို) ဖမ်းထားတယ်။ သွားတွေ့ ကြတယ်၊ ညှိနှိုင်းတယ်၊ လွှတ်ပေးလိုက်တယ်။ တကယ့်ကို VIP တယောက်အနေနဲ့ လိုက်ပြတယ်။ အမျိုးမျိုး ကျနော်တို့ ညှိရ တာပဲ။ နောက်ပိတ်ဆုံးကျမှ မတတ်နိုင်တော့ဘူး ဆိုပြီးတော့ ထားလိုက်တယ်။ ဖွဲ့စည်းပုံအခြေခံ ပေါ်ပေါက် အောင်လုပ်တယ်။ ပေါ်ပေါက်ပြီးတာနဲ့ လွှတ်ပေးလိုက်တာပါ၊ ဒါက ကျတော်တို့ ဖြတ်သန်းလာတဲ့ သမိုင်းတွေပါ။ ဒါတွေ ကတော့ ကျနော့်ရဲ့ အယူအဆနဲ့ ကျနော်ပဲ၊ ဟိုဘက်က အယူအဆလည်း ရှိမှာပါ။ ကျနော် ဘာမှမပြောဘူး။
မေး။ ။ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ မဲဆွယ်စည်းရုံးတာမျိုးတွေ သို့မဟုတ်လည်း မဲမပေးဖို့ ပြောဆိုတာမျိုးတွေ ရှိခဲ့မယ်ဆိုရင်ရော ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုမျိုး အရေးယူဖို့ရှိလဲ၊ မကြာသေးခင် ကဆိုရင် တချို့ ဘာသာရေးအဖွဲ့အစည်းတွေက အဲ့ဒီလို လေသံမျိုးတွေနဲ့ ပြောဆိုတာတွေ တွေ့ရတယ်။
ဖြေ။ ။ အဲ့ဒီကိစ္စက သိမ်လည်း အင်မတန်သိမ်မွေ့ပါတယ်၊ ကျနော်လည်း မပြောချင်ဘူး။ ပြောလို့လည်း ခက်တယ်။ ကျနော် ကတော့ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ဆိုတာ ဥပဒေအတိုင်း လုပ်ကြပါပြောတာပါ။ ဥပဒေက ခွင့်ပြုရင်လုပ်။ ဥပဒေက ခွင့်မပြုရင် တော့ မလုပ်ပါနဲ့။ အဲ့ဒီကြားထဲမှ လုပ်လာရင်တော့ ခင်ဗျားတို့ တိုင်သလား၊ တိုင်လာရင်တော့ ဥပဒေနဲ့ငြိသလား၊ ဥပဒေနဲ့ ငြိတဲ့အပေါ်မူတည်ပြီး ကျနော် အရေးယူပေးရမှာပါ။ ဒါပဲရှိပါတယ်။ မလုပ်တာတော့ အကောင်းဆုံးပဲ။
မေး။ ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဒီသက်တမ်းပြီးသွားရင် နားမယ်လို့ဆိုတယ်။ အဲ့ဒါ ဟုတ်လားမသိဘူး။ တကယ်လို့များ နားမယ်ဆိုရင် ရော ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လိုမျိုး Legacy အမွေအနှစ်မျိုး ထားခဲ့ဖို့ ဆန္ဒရှိလဲ။ ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်ကြည့်မယ် ဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်က ကွာတာက ဦးဘဌေးတို့၊ ဆရာချယ်တို့၊ ဦးစော ကြာဒိုးတို့ပါတယ်၊လက်ရှိကော်မရှင်ရဲ့ ကွာခြားချက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါခဲ့တာကို။ ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လိုမျိုးများ အမွေအနှစ် ထားခဲ့ချင်လဲ။
ဖြေ။ ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နားကိုနားမှာပါ။ ဒီလုပ်ငန်းကြီးကို ကျနော် အင်မတန်မှ မြတ်နိုးပါတယ်။ အသည်းနဲ့ နှလုံးနဲ့ နိုင်ငံတော်အတွက် အင်မတန်မှ ကောင်းတဲ့ လုပ်ငန်းကြီး၊ မှန်မှန်ကန်ကန်နဲ့ ပြောရဲဆိုရဲ သတ္တိရှိရှိ လူတယောက် ဒီနေရာမှာလိုတယ်လို့ ကျနော် ဒီလိုပဲဖြစ်တယ်။ ဒါပေမယ့် ကျနော်ကလည်းပဲ ရှေ့ဆောင်ချင်တယ်။ မဆောင်နိုင်ရင် နောက်လိုက်လုပ်ချင်တယ်။ ဘေးထိုင် ဘိုင်ကျဘုပြော ကျနော် လုံးဝမကြိုက်ဘူး။ ကျနော့်ကို အခု မင်းထွက်လိုက်ပါ၊ ငါတို့လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်အခု ထွက်ပေးပါ့မယ်။ ကျနော် ဒီလောက်ထိ စိတ်ပြတ်ပါတယ်။ ကျနော်တို့နဲ့ ပေါင်းလုပ်တဲ့ အဖွဲ့တွေကလည်း မင်းထွက်လို့မရဘူး လို့ ပြောပါတယ်။
ကျနော်ကတော့ ရွေးကောက်ပွဲပြီးလို့ ကျနော့် သက်တမ်းကုန်ရင်တော့ သက်တမ်းကုန်တယ် ဆိုတာလည်း ဆိုင်းချင်လို့မဟုတ်ဘူးနော်၊ ကျနော့် နံပါတ်တစ်က ဘာလုပ်ရမလဲဆိုတော့ ကျနော် ဒီ Result (ရလဒ်) တွေ ကျနော်လုပ်ရဦးမယ်။ လုပ်ပြီးရင် လွှတ်တော်ကို အစီရင်ခံရဦးမယ်။ ပြီးရင် အချို့ဥပဒေတွေ ကျနော် ပြင်ချင်တာလေးတွေ ရှိတယ်။ ကျနော့်ကို အစောကြီးကတည်းက မေးပါတယ်။ သူတို့ လွှတ်တော်မှာ လာတဲ့အခါကျ ကျနော့်ကို မေးတယ်။ သူများတွေ ဥပဒေပြင်နေတယ်၊ မင်း ပြင်စရာမရှိဘူးလား။ ကျနော်ကတော့ ဥပဒေတခုကို One term တော့ သုံးကြည့်လိုက်။ One term သုံးကြည့်ပြီးမှ Next term ရောက်မှ ဘယ်လို ပြင်သင့်တယ်ဆိုတာ ငါ သေချာလေး ဂဃဏန ရေးမယ်ဆိုပြီးတော့၊ အဲဒီအတွက်ကြောင့် ကျနော် Term ကုန်သွားလို့ရှိရင် ပေးသွားပါမယ်။ တာဝန်လွှဲ သွားပြီးတော့ ကျနော် ဥက္ကဋ္ဌတာဝန်တော့ နားပါ မယ်။
ကျနော့်လက်ထဲမှာတော့ ဘာတွေဖြစ်စေချင်ခဲ့ လဲဆိုတော့ ခုနပြောသလိုပေါ့ ရွေးကောက်ပွဲ အနှစ်သာရပေါ့။ ရွေးကောက်ပွဲဆိုတာ သိပ်အရေးကြီးတယ်။ လူတော်လူကောင်းတွေ ရွေးတတ်ဖို့လိုတယ်။ လူတော်လူကောင်းတွေ လွှတ်တော်ထဲရောက်မှ နိုင်ငံကောင်းအောင်လုပ်မယ်။ ဒီတချက်။ ဒါကို ကျနော်က လူထုသဘောပေါက်အောင် ဆွေးနွေးမယ်။ နှစ်က ပါတီတွေ သိပ်အရေးကြီးတယ်။ ပါတီတွေက ကိုယ့်ရဲ့ Capacity တက်နေအောင် အစဉ်လုပ်နေရမယ်။ ပြီးရင် အာဏာရပြီးရင် တိုင်းပြည်တိုးတက်အောင် လုပ်ရမယ်။ အတိုက်အခံပါတီကလည်းပဲ ဖြတ်မျဉ်းမလုပ်ရဘူး။ ပူးပေါင်းဆောင်ရွက်ရမယ်။ ဒီ Concept ကို ကျနော် ရချင်တယ်။ ပြီးရင် ဒီလုပ်ငန်းကို လုပ်ပေးရတဲ့ ကျနော့်ရဲ့ ကော်မရှင်ကြီးကိုလည်း တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာဖြစ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ချင်တယ်။ ကျနော်ထားခဲ့ချင်တဲ့ ဆန္ဒပေါ့၊ ဘယ်လောက် ဖြစ်မလဲတော့ မသိဘူး။ ဒါကိုတော့ ကျနော် ဦးတည်လုပ်နေတာပေါ့။
မေး။ ။ ဒါဆို ဥက္ကဋ္ဌအနေနဲ့ နားပြီဆိုရင် ဒီထက်ကြီးတဲ့ တာဝန်ဖြစ်ဖြစ် ပေးလာရင် လုပ်ဖို့ရော အဆင်သင့်ပဲလား၊ ဒါမှ မဟုတ်ရင် နိုင်ငံရေးထဲ ပြန်ဝင်ဖို့တို့ ဘာတို့။
ဖြေ။ ။ ကျနော်ပြောချင်တယ်လေ။ ကျနော်ပြောချင်တယ် ဆိုတာကတော့ မျက်နှာလွှဲ ခဲပစ် လုပ်ဖို့မသင့်ဘူး။ မင်း ဒီတိုင်းကြီး ရှောင်နေလို့မဖြစ်ဘူး ဆိုတာမှတပါး လုပ်ကိုမလုပ်ဘူး။ ကျနော်က ဒါကြီးကို မျက်နှာလွှဲ ခဲပစ်ကြီး မင်းတို့ ဖြစ်ချင်ရာဖြစ် ဆိုပြီးတော့ ထသွားတာတော့ မဟုတ်ပါဘူး။ ကျနော်ကတော့ နားမှာပါ။ နားမှာပါ ဖြစ်တဲ့ အချိန် မှာတော့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားလေးတခွန်း ရှိပါတယ်။ လွတ်လပ်ရေး ရပြီးလို့ရှိရင်တော့ မင်းတို့ ရန်ဖြစ်တာတွေ ငါ ဘေးကထိုင်ကြည့်ပြီးတော့ ရယ်နေမယ်ဆိုတာ ကျနော်ကတော့ ရယ်တော့မရယ်ပါဘူး၊ ဘေးကတော့ ထိုင်တော့ ကြည့်နေမယ်။ သို့သော်လည်းပဲ တိုင်းပြည်အရေး ဘာညာဖြစ်လာရင်တော့ မတတ်နိုင်ဘူး။ ပါသင့်ရင်လည်း ပါရမှာပေါ့။ အဲ့ဒီမှတပါး ခင်ဗျား ကျနော့်ကို လုံးဝ စိတ်မကူးပါနဲ့။ လာလိုက်ဦးမယ်လို့ ကျနော့်ကိုမထင်နဲ့။
မေး။ ။ နောက်ဆုံးအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အမတ်ဖြစ်ပြီးတော့ အခုကော်မရှင်ဥက္ကဋ္ဌ ဖြစ်တယ် ဆိုတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာရော ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို နိုင်စေချင်တဲ့ ဆန္ဒမျိုးတွေဘာတွေ ရှိလား။
ဖြေ။ ။ ဟို … ပြောကြေးဆိုရင်တော့ ဥက္ကဋ္ဌတယောက် အနေနဲ့တော့ ဘယ်ထားလို့ရမှာတုန်းဗျ။ ဒါက မလိမ္မာဘူးလေ။ ဘာပဲဖြစ်ဖြစ် သံယောဇဉ်ဆိုတာတော့ ရှိပါတယ်။ ဒါပေမယ့် သံယောဇဉ်ကိုရှေ့တန်း မတင်ပါဘူး၊ လူထု အဆုံး အဖြတ် ကသာ အဓိကပါ။ သံယောဇဉ်ဆိုတာ ဘာပဲပြောပြော မျိုးချစ်စိတ် ဆိုတာ ဒါကစတာပဲ။ ကျနော်ခံယူတာ ဒါပဲ။ ခင်ဗျား အဲဒီလိုပြောလို့ မချစ်ဘူးဆို ခင်ဗျား မျိုးချစ်စိတ်မရှိ ဘူးလို့ ကျနော် ဒီလိုပဲသုံးသပ်တယ်။ ကျနော်ကတော့ အမှန်တိုင်းပြောတာ ကျနော်ကတော့ ချစ်ကိုချစ် တယ်၊ တိုင်းပြည်လည်းချစ်တယ်၊ ကိုယ့်အဖွဲ့အစည်း လည်း ချစ်တယ်၊ တပ်မတော်လည်း ချစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျနော်အသက်ပေးမယ် ကျနော့် ဒီလိုပဲရှိတယ်။ ကိုယ့်အဖွဲ့အစည်းတော့ ကိုယ်ခင်တာပေါ့။ သို့သော်လည်းပဲ မဟုတ်တာတော့ လက်မခံဘူး။ နိုင်စေချင်သလားဆိုတော့ မျှမျှတတ နိုင်တာတော့ နိုင်စေချင်တယ်၊ ညစ်ပြီးတော့ မနိုင် စေချင်ဘူး။ ဒါမျိုးပဲ ကျနော်ပြောတယ်။
ဥက္ကဋ္ဌတယောက် အနေတော့ မင်း ငါ့အားကိုး နဲ့ မင်းတို့ နိုင်မယ်လို့တော့ စိတ်မကူးနဲ့ ဒါပဲပြောရမှာ ပဲ။ ခင်ဗျားပြောသလိုပဲ နိုင်စေချင်သလားဆိုတော့ နိုင်သင့်ရင်တော့ နိုင်မှာပေါ့လေ၊ ဘယ်တတ်နိုင်မလဲ။ မနိုင်သင့်ဘဲ နိုင်တာမျိုးတော့ကျနော်တော့ လုပ်မ ပေးဘူး။ ကျနော် အစဉ်လည်းပြောဖူးပါတယ်၊ ညစ်ပြီးမှနိုင်ရတာထက် မှန်မှန်ကန်ကန်နဲ့ ရှုံးတာပို သိက္ခာရှိပါတယ်။ အဲ့ဒီလို နိုင်တာမျိုး ကျနော် ဘယ် တော့မှ မလိုလားဘူး။ သံယောဇဉ်တော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေပဲ၊ လုပ်ဖော်ကိုင်ဖက် တွေပဲ။ အနှစ် ၂၀၊ ၃၀ တွဲလာတဲ့ ပုဂ္ဂိုလ်တွေပဲ၊ ပြောမနာ၊ ဆိုမနာ ပုဂ္ဂိုလ်တွေပဲ။ ချစ်ပါတယ်၊ ခင်ပါ တယ်၊ ပုဂ္ဂိုလ်ရေးအရတော့ ကူညီဖို့ အချိန်မရွေးပါ။ သို့ပေမယ့် ရွေးကောက်ပွဲ နိုင်အောင် လုပ်ပေးပါဆိုရင်တော့ ဆောရီး ပါပဲ ပြောရမှာပဲ။