၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့အကြား ဇူလိုင်လဆန်း ပိုင်းမှ စတင်၍ မြဝတီ-ကော့ကရိတ် ဆက်သွယ် ဖောက်လုပ် ထားသော အာရှလမ်း မကြီး ပေါ်တွင် အစပြု၍ တိုက်ပွဲ များဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းခြင်း၊ ၂၀၁၅ ရွေးကောက် ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ နှောင့်နှေးခြင်း၊ ငြိမ်းချမ်းရေးနှင့် အပစ် အခတ်ရပ်စဲရေး အလားအလာများ မှေးမှိန်သွား ခြင်း အပါအဝင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အပေါ် သက်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာ ဝန်းကျင်တွင် နေထိုင် သည့် ဒေသခံ ပြည်သူတို့၏ စားဝတ်နေရေးကိုထိခိုက်လျက်ရှိသည်။ ဧရာဝတီ မင်းခန့်ပိုင်က DKBA နှင့် အစိုးရ စစ်တပ် တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့် အနီးစပ်ဆုံးတည်ရှိနေသည့် မြဝတီမြို့မှ ဒေသခံ များကို တိုက်ပွဲများနှင့် ရွေးကောက်ပွဲ အလား အလာ အပေါ် အမြင်များ ဆက်သွယ်မေးမြန်းထားပါသည်။
ဦးကြည်ဝင်း
မဲအောင်နိုင်ရေး ဥက္ကဋ္ဌ၊ မြဝတီခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရွေးကောက်ပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ် နယ်မြေတွေထဲကို သွားဖို့ ရှိပါတယ်။ ဒါပေမယ့် လမ်းပန်း ဆက်သွယ်ရေးအရရော လုံခြုံရေးကိစ္စတွေကို ညှိနှိုင်းနေရတယ်။ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အဲဒီ ဒေသကို အရောက်အပေါက် ရှိတဲ့သူတွေနဲ့ ရွာခံတွေကို ချိတ်ဆက်ပြီး သွားဖို့ ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း လက်ခံနိုင်မယ် ထင်ပါတယ်။ ကျနော့် အနေနဲ့ စစ်မှန်ပြီး သန့်စင်လှပတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ ပါတီ တာဝန်အပြင် နိုင်ငံသားတယောက်အနေနဲ့ပါ ကြိုးစားသွားမှာပါ။ ၂၀၁၅ ရွေး ကောက်ပွဲ ဟာ ၂၀၁၀ ရွေးကောက်ပွဲလို တိုက်ပွဲ တွေကြားထဲမှာ မှေးမှိန်သွားမှာကို စိုးရိမ်မိပါတယ်။
ဦးအောင်ဝင်းလှိုင်
ကရင်ပြည်နယ်တာဝန်ခံ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)
လက်ရှိ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာ၊ မငြိမ်းချမ်းသေးတဲ့ နေရာ တခု ကို ပါတီ ပေါင်းစုံ သွားပြီး မဲဆွယ်စည်းရုံးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ၂၀၁၀ ကလိုပဲ ဖယ်ထုတ် သွားရ မလို ဖြစ်နေတယ်။ အဲဒီလို ဖယ်ထုတ်သွားဖို့ အပိုင်းကိုလည်း ပြည်နယ် ကော်မရှင်ဘက်က တရားဝင် ပြောခဲ့ သလို ပါတီတွေဘက်ကလည်း အဲဒီဒေသတွေကို မဲဆွယ်စည်းရုံးခွင့်မှ မရရင်တော့ လက်မခံဘူး။ နှစ်ပေါင်း ၆၀ကြာ စစ်တိုက်လာတဲ့ ကရင်ပြည်နယ်မှာ စစ်ကြောင့် ပြေးလွှားနေရတဲ့အတွက် အုပ်ချုပ်မယ့် ခေါင်းဆောင်ကို ရွေး ချယ် ခွင့်မရ ဖြစ်နေကြတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ လိုတော့ မဖြစ်နိုင်ဘူးလို့ ထင် တယ်။
ဦးမြင့်ဦး
ဥက္ကဋ္ဌ၊ မြဝတီခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကျနော်တို့ ပါတီအနေနဲ့တော့ လက်တလော တိုက်ပွဲတွေနဲ့ ပက်သက်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် စိုးရိမ် စိတ် မရှိပါဘူး။ နိုင်တော်အစိုးရနဲ့ တိုင်းရင်းသား လက်နတ်ကိုင်တွေရဲ့ သဘောထားတွေကို အပြည့်အဝ ယုံ ကြည် ပါတယ်။ ဒီကြားထဲမှာ အခိုက်အတန့်အားဖြင့် အဆင်မပြေမှုတွေ ထိပ်တိုက်တွေ့ ဆုံမှုလေးတွေက အခြေ ခံ ပြီးတော့ တိုက်ပွဲဖြစ်သွားရတာပါ။ ဗိုလ်ချုပ်စောမိုရှေးတို့နဲ့လည်း သွားပြီး ညှိနှိုင်းနေပါတယ်။ နိုင်ငံ အကြီး အကဲ တွေကလည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တွေနဲ့ ဒီမိုကရေစီ ကျင့်စဉ်အတိုင်း သွားရန် ဘယ်လို ဖြစ်ဖြစ် တည်ငြိမ် အေးချမ်းသွားမှာပါ့။ တည်ငြိမ် အေးချမ်းမှလည်း ဒီရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျော် ဖြတ် နိုင်မှာပါ။ အခုတိုက်ပွဲတွေကလည်း မကြာဘူး။ အဆင်ပြေသွားမှာပါ။ ရွေးကောက်ပွဲ ကိုတော့ အနှောင့် အယှက် မဖြစ်လာဘူးလို့ မျှော်လင့်ပါတယ်။
ဦးအောင်မိုးဆန်း
မြဝတီမြို့ခံ
စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဖြစ်ခဲ့တာက ဗိုလ်ကျော်သက်တို့ မြဝတီကို သိမ်း ခဲ့တာပါ။ ၂၀၁၀ လောက် ဆိုးရွားမယ်လို့ မထင်ပါဘူး။ နှစ်ဦး နှစ်ဖက် ပစ်ခတ်နေတဲ့ကိစ္စကို ပြည်သူ တယောက် အနေနဲ့ ရှုတ်ချပါတယ်။ သူတို့အနေနဲ့လည်း ပြည်သူရဲ့ဆန္ဒကို အလေးဂရု ပြုနိုင်မယ်လို့ ထင် ပါတယ်။ ဒီလို တိုက်ခိုက် နေတာဟာ နှစ်ဖက် ယုံကြည်မှုမရှိလို့ ဖြစ်နေတာပါ။ စစ်တပ်ကလည်း ပြည်သူကို ခြိမ်းခြောက် အနိုင် ကျင့် မှာ စိုးရိမ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကလည်း သူတို့ ထိန်းချုပ်ထားတဲ့ နေရာကို စွန့် လွှတ် လိုက်ရမှာ စိုးရိမ်နေတယ်။ နိုင်ငံရေး ပါတီတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ် မြေထဲ မဲဆွယ်စည်းရုံးမှု မလုပ်ရဖူးဆိုတာ တရားဝင် မပြောကြားပါဘူး။
ဦးသန်းဇော်
မြဝတီ မြို့ဒေသခံ
၂၀၁၅ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲတခုဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။ သို့သော် မြဝတီ ဒေသ ခံ ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေ ဖြစ်နေလို့ စိုးရိမ်စိတ်ကတော့ ရှိနေကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ အောင်မြင်စွာ ပြီးဆုံးနိုင်ဖို့အတွက် လိုလားပါတယ်။ လက်တလော မြဝတီမြို့ကို လက်နက်ကြီးတွေနဲ့ ချိန်ထား တယ် ဆိုတာက စစ်ရေးအရ ဆိုက်ဝါး တခုပါပဲ။ ကြွက်မနိုင် ကျည်မီးရှို့ရင်တော့ သူတို့ အမှား ဖြစ်သွား လိမ့်မယ်။ အဲဒီတော့ ကျနော် ထင်ပါတယ်။ နှစ်ဦး နှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ၂၀၁၅ ရွေးကောက်ပွဲကို အခက်အခဲမရှိ ဖြတ်သန်းချင်ပါတယ်။
ဦးသန့်ဇင်အောင်
မြဝတီမြို့ခံ
လက်နက်ကိုင် အဖွဲ့စည်းတွေမှာလည်း သူတို့ခံစားချက်တော့ ရှိလိမ့်မယ် ထင်တယ်။ ရည်ရွယ်ချက်ချင်းမတူ၊ အမြင်မတူဘဲ ရပ်တည်နေတဲ့ သီးခြား အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိပ်တိုက် တွေ့ ရင်တော့ ပြဿနာ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၀ ကလို တိုက်ပွဲတွေ ဖြစ်နိုင် မဖြစ်နိုင်က ရွေး ကောက်ပွဲက တရားမျှတဖို့ လိုတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင် တိုက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူး။ သူတို့ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးကို လိုလားနေသူတွေ ဖြစ်နေလို့ပါ။ လက်တလော တိုက်ပွဲတွေ ဖြစ်နေမှုကိုတော့ ကျနော့်အနေနဲ့ မဖြေချင်ပါဘူး။