မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြိုကျနေပါတယ်။ လူများစု နိုင်ငံသားများ အတွက်ကတော့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ဘာဆိုဘာမှ မကောင်းပါ။ ဒါပေမဲ့ လူအနည်းစုကတော့ အချမ်းသာကြီး ချမ်းသာပါတယ်။ မြေပြန့်က ညီအကို မောင်နှတွေ ခံစားနေရသလို တောင်ပေါ်က တိုင်းရင်းသား ညီနောင်များဟာလည်း ဖက်စုံ ပြိုကျနေတဲ့ဒဏ်ကို အတူတူခံစား ရပါတယ်။ ပိုဆိုးတာက တောင်ပေါ်ဒေသများမှာ အခုအထိ စစ်ပွဲတွေကို ရင်ဆိုင်နေရတာကြောင့် သူတို့ဖက်မှာ ပိုပြီးခံစား ရပါတယ်။ ညီနောင်များရဲ့ တောင်ပေါ်ဒေသများဟာ စစ်ပွဲတွေနဲ့အတူ နပန်းလုံးလာရတာ နှစ်ပေါင်း ၅ဝ ကျော်ပြီဖြစ်ပေမယ့် အခုအထိ ငြိမ်းချမ်းမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။
တိုင်းပြည်မငြိမ်းချမ်းရင် အဲဒီ တိုင်းပြည်ဟာ မတိုးတက်တဲ့အပြင် ရေရှည်မှာ ချွတ်ခြုံကြမယ်ဆိုတာ အသိတရားရှိသူတိုင်း နားလည်ပါတယ်။ ဘယ်ပညာရှင်ကိုမှ မေးစရာ မလိုပါ။ ဒါဖြင့်ရင် ဘာကြောင့် ခေတ်အဆက်ဆက် အစိုးရများဟာ တိုင်းပြည် ငြိမ်းချမ်းအောင် စစ်ပွဲတွေရပ်ဆိုင်းအောင် မလုပ်နိုင်ကြတာလဲ။ ဘာတွေက အခုအခံတွေ ဖြစ်နေတာလဲ။ ရှေးတုန်းက ပဒေသရာဇ်တွေ စစ်တိုက်ကြပါတယ်။ နိုင်ငံအတွင်းက ပဒေသရာဇ်ချင်း တိုက်ခိုက်ကြသလို အိမ်နီးချင်း တိုင်းပြည်များက ပဒေသရာဇ်များလည်း စစ်ပြိုင်ကြပါတယ်။ အဲဒီခေတ်တုန်းက ပဒေသရာဇ်တွေ အချင်းချင်း စစ်ခင်း ကြတာဟာ လူမျိုးရေးကြောင့်လည်း မဟုတ်သလို စီးပွားရေးအတွက်လည်း မဟုတ်ပါ။ ငါသည်ဘုန်းလက်ရုံး တန်ခိုးနှင့် ပြည့်စုံသော တခြားသော ထီးဆောင်းမင်းများက ဦးညွှတ်ရသော မင်းတပါး ဖြစ်သည် ဆိုတာကို ပြချင်တာက အဓိကအချက် ဖြစ်ပါတယ်။
၁၉ ရာစုကစလို့ ဒီဖက်ခေတ် တလျှောက်လုံးမှာတော့ စစ်တိုက်တယ်ဆိုတာ နယ်ချဲ့တဲ့ အလုပ်တခုဖြစ်လာသလို နယ်မြေကိုပါ သိမ်းယူပြီး စီးပွားရေးကိုပါ လက်ဝါးကြီးအုပ်တဲ့ အဆင့်အထိရောက်လာပါတယ်။ အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်ကို အဲဒီအတိုင်း တသွေမတိမ်း လုပ်ခဲ့တာပါ။ အင်္ဂလိပ်ထွက်သွားလို့ လွတ်လပ်ရေးရတော့ မြန်မာပြည်ဟာ ငြိမ်းချမ်းတိုးတက် လာရမယ့်အစား ကိုယ့်အချင်းချင်း တိုက်ခိုက်ပြန်ပါတယ်။ အဲသလို တိုက်လိုက်ကြတာ စစ်ပွဲတွေဟာ အခုအထိ မပြီးနိုင်မစီးနိုင် ဖြစ်နေပါတယ်။ ဘာကြောင့် ကိုယ့်အချင်းချင်း တိုက်နေကြတာလဲ။ လွတ်လပ်ရေးရခါစက တဦးနဲ့တဦး အထင်အမြင် လွဲရာကနေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယေဘူယျ သုံးသပ်လိုပါတယ်။
ဘယ်သူကဆိုးတယ်၊ ဘယ်သူကကောင်းတယ်၊ ဘယ်သူကပဲမှန်တယ် ဆိုတာမျိုး မပြောလိုပါ။ ဒီလိုနဲ့ စစ်ပွဲတွေ နှစ်ရှည်ကြာလာခဲ့ပါတယ်။ အဲသလို စစ်ပွဲတွေ ကြာရှည်လာရင်းကနေ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က လူထု ရွေးကောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရကို အာဏာ သိမ်းလိုက်တဲ့ နောက်ပိုင်း စစ်ပွဲတွေက သက်ဆိုးပိုရှည် လာတော့ပါတယ်။ စစ်အာဏာရှင်အုပ်ချုပ်တဲ့ ကာလဟာလည်း နှစ်ပေါင်း ၅ဝ ကျော်လာခဲ့ပါတယ်။
၁၉၆၂ နှစ် နောက်ပိုင်းမှာ အဓိကအားဖြင့် မြင်ရတာကတော့ တပ်မတော်က တိုင်းရင်းသားပေါင်းစုံနဲ့ စစ်ပွဲတွေနွှဲရုံသာ မကတော့ပဲ နေရာတိုင်းမှာ ဝင်ပါလာကြောင့် တိုင်းပြည်ဖွတ်ကျောပြာစု ဖြစ်သွားပါတယ်။ စီးပွားရေးကျဆင်းသွားသလို ပညာရေးလည်း နုံနဲ့သွားပါတယ်။ ပညာရေးနုံနဲ့ဆို ပညာရေးဝန်ကြီးများဟာ စစ်ဗိုလ်တွေ ဖြစ်ခဲ့တာကိုး။ မြို့ကြီးပြကြီးများမှာတောင် ပညာရေးအဟောသိကံ ဖြစ်သွားမှတော့ တောင်ပေါ်ဆိုရင် ပိုဆိုးလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ ဒါတွေ အားလုံးဟာ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးမရှိတာကြောင့် ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာ့တပ်မတော် ဆင်နွှဲနေတဲ့ စစ်ပွဲတွေဟာ တိုင်းရင်းသားများနဲ့ ဖြစ်ပါတယ်။ တိုင်းတပါးနဲ့ မဟုတ်ပါဘူး။ ပဒေသရာဇ်တွေလို ဘုန်း လက်ရုံးပြဖို့ သက်သက် ဆင်နွှဲတဲ့ စစ်ပွဲများမဟုတ်ဘဲ တတိုင်းပြည်လုံးကို စစ်တပ်လက်အောက် သွတ်သွင်းလိုတဲ့စိတ်၊ စစ်တပ်ကပဲ နေရာတိုင်းမှာ အုပ်ချုပ်မယ်၊ စီမံမယ်၊ ကွပ်ကဲမယ်၊ အမြတ်ထုတ်မယ်ဆိုတဲ့ စိတ်ကြောင့် အဲဒါကို မခံနိုင်တဲ့ တိုင်းရင်းသားများက ပြန်လည်ခုခံတိုက်ခိုက်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆိတ်သုဉ်းနေတာလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးစကားနဲ့ ပြောမယ်ဆိုရင် တိုင်းရင်းသား အမျိုးသားများအကြား တန်းတူရေးကို အစိုးရက လက်မခံတာကြောင့် ငြိမ်းချမ်းရေးပါ ထိပါးခံလာရတာပါ။ တန်းတူရေးကို လက်မခံဘူး ဆိုတာက စစ်မှန်တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုကို လက်မခံခြင်းပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောမယ် ဆိုရင်တော့ ဖက်ဒရယ်ယူနီယံစနစ်ကို ကျင့်သုံးဖို့ ငြင်းဆန်တယ်လို့ ဆိုနိုင်ပါတယ်။
ကောင်းပါပြီ။ ကနေ့မှာတော့ ငြိမ်းချမ်းရေးစကားက နေရာတိုင်းမှာ ဝေဆာနေပါတယ်။ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဆိုတဲ့ လူပုဂ္ဂိုလ်မျိုးတွေလည်း ပေါ်လာပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် အဖွဲ့ကြီးလည်း ပေါ်ပေါက်လာပါတယ်။ အစိုးရ ဝန်ကြီးများ ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကတော့ အာဏာနဲ့ လုပ်ပိုင်ခွင့်အရရော၊ ငွေကြေးအရပါ ထိပ်ဆုံးက ရောက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကြီးမှာ နိုင်ငံခြားပြန် အနောက်တိုင်းက ပညာသင်လာသူ များလည်း ပါပါတယ်။ နော်ဝေ၊ အီးယူအဖွဲ့ဝင်နိုင်ငံများက ငြိမ်းချမ်းဖော်ဆောင်ရေးအတွက် ကူညီထောက်ပံ့တဲ့ ငွေကြေးပမာဏကလည်း မနည်းလှပါဘူး။ ဒါပေမဲ့ ကနေ့အချိန်အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အရိပ်အရောင်ကို မတွေ့ရသေးပါ။
ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် တဦးဖြစ်တဲ့ ဗြိတိသျှလူမျိုး ပါမောက္ခ ဒေးဗစ်ကင်းက ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပတ်သက်လို့ ဒီလိုမျိုး မေးခွန်းတွေကို မေးထားပါတယ်။ သူမေးထားတာကတော့ “ဘယ်လို ငြိမ်းချမ်းရေးမျိုးအတွက် ကျနော်တို့ ပြောဆိုနေတာလဲ”၊ “ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလဲ”၊ “ဘယ်သူ့အလိုကျ တည်ဆောက်ရမယ့် ငြိမ်းချမ်းရေးလဲ” စတာတွေ ဖြစ်ပါတယ်။ ဒုတိယကမBာစစ်အတွင်းက ဂျာမဏီက နာဇီခေါင်းဆောင် ဟစ်တလာ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ စစ်အေးတိုက်ပွဲ ကာလများအစမှာ ရုရှားက အာဏာရှင် စတာလင် ပြောပြောနေတဲ့ ငြိမ်းချမ်းရေး၊ ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန် သမ္မတ နစ်ဆင် တင်ပြနေတဲ့ ငြိမ်းချမ်းရေး စတာမျိုးတွေဟာ သူတို့အလိုကျလုပ်ဖို့၊ သူတို့အုပ်စီးချင်တာကို အုပ်စီးနိုင်ဖို့ အတွက် လိုချင်တဲ့ ငြိမ်းချမ်းရေးမျိုးသာ ဖြစ်ပါတယ်။ သာမန်ပြည်သူတွေအတွက် မဟုတ်တဲ့ ငြိမ်းချမ်းရေးလို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာကတော့ သက်ဆိုင်သူများအားလုံးအတွက် ငြိမ်းချမ်းရေးမျိုးမဟုတ်ဘဲ အာဏာပိုင်တွေ၊ အာဏာရှင်တွေ လိုချင်တဲ့ ငြိမ်းချမ်းရေးပုံစံမျိုး ဖြစ်ပါတယ်။
တိုင်းပြည်တခုအတွင်းမှာ လူများစု လူမျိုးတမျိုးအတွက်ပဲ အကျိုးရှိတဲ့ ငြိမ်းချမ်းရေးမျိုးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်သလို ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးလည်း မဟုတ်ပါ။ ဒါကို ကမ္ဘာ့သမိုင်းများက အကြိမ်ကြိမ် သက်သေပြခဲ့ ပြီးသားလည်း ဖြစ်ပါတယ်။ လူများစု လူမျိုးတမျိုး အတွင်းမှာလည်း အုပ်ချုပ်ခွင့်ရနေတဲ့ လူတန်းစားတရပ်အတွက်သာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးမျိုးဟာ နောက်ဆုံးမှာ သားလျှောပါတယ်။ ဥပမာ ပြောရရင် ဖြစ်တည်လာမယ့် ငြိမ်းချမ်းရေး ပုံစံ တခုဟာ ဗမာတွေထဲမှာတောင် အစိုးရအာဏာပိုင်များ၊ စစ်ဗိုလ်ချုပ်များနဲ့ ခရိုနီများအတွက်ပဲ အကျိုးရှိနေတယ်ဆိုရင် သာမန် ဗမာလူမျိုးအများစုကလည်း ထောက်ခံမှာ မဟုတ်ပါ။ ဆန့်ကျင်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဖက်က ထောက်ခံဖို့ ဆိုတာက ပိုပြီးဝေးပါသေးတယ်။
ငြိမ်းချမ်းရေးအတွက် စကားပြောကြပြီဆိုရင် သက်ဆိုင်တဲ့သူများ အားလုံးပါဝင်ဖို့ လိုပါတယ်။ သမ္မတနဲ့ ဘယ်တိုင်းရင်းသား ခေါင်းဆောင် တံခါးပိတ်တွေ့ကြတယ်၊ အမ်ပီစီနဲ့ ကချင်ခေါင်းဆောင်ပဲ ပြောမယ်၊ အမ်ပီစီနဲ့ ရှမ်းခေါင်းဆောင်ပဲ ပြောမယ်၊ အမ်ပီစီနဲ့ ကရင်ခေါင်းဆောင်ပဲပြောမယ် ဆိုတာမျိုးက ကနဦး အဆင့်မှာတော့ ဟုတ်သလိုလို ရှိပေမယ့် ရေရှည်ဆွေးနွေး လာပြီဆိုရင် လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုရပ်ဝန်းထဲက အမျိုးမျိုး အထွေထွေသော ခေါင်းဆောင်တွေ၊ တခြားသော လူရိုသေရှင်ရိုသေ လူပုဂ္ဂိုလ်မျိုးတွေ၊ ဘယ်သူ့လစာမှ ယူမထားတဲ့ ပညာရှင်တွေလည်း ပါဝင်ဖို့လိုလာပါတယ်။ ဒီနေရာမှာ ဘယ်သူ့လစာမှ ယူမထားတဲ့ ပညာရှင်ဆိုတာက ဒီလိုပါ။ ဥပမာ အစိုးရဝန်ကြီးများ ခေါင်းဆောင်နေတဲ့ အမ်ပီစီကနေတဆင့် လစာယူထားတဲ့ ပညာရှင်ဆိုသူဟာ ဘယ်လိုလုပ်ပြီး အမ်ပီစီကို လွန်ဆန်လို့ ရနိုင်ပါ့မလဲ။ ဒါကြောင့် ပြောခြင်း ဖြစ်ပါတယ်။
ဖော်ဆာင်မယ့် ငြိမ်းချမ်းရေးဟာ နိုင်ငံသားများအပါအဝင် ဒီတိုင်းပြည်အတွင်းမှာ မီတင်းနေထိုင်တဲ့ လူများအားလုံးအတွက် အကျိုးရှိမယ့် ငြိမ်းချမ်းရေးမျိုးသာ ဖြစ်သင့်ပါတယ်။ လက်ရှိအစိုးရနဲ့ စစ်တပ်အတွက် အသာစီးရစေမယ့် ငြိမ်းချမ်းရေး ပုံစံမျိုး ဖြစ်နေမယ်ဆိုရင် ဘယ်သူမှ နှစ်သက်မှာ မဟုတ်ပါ။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နောက်ဆုံး သွားရမယ့် လမ်းကတော့ အမျိုးသားများအကြား တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အဖြေသာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တန်းတူညီမျှမှုကို ဖော်ဆောင်မပေးဘူးဆိုရင် လက်နက်ကိုင်ထားတဲ့သူက သူ ကိုင်ထားတဲ့ လက်နက်ကို အကြောင်းမဲ့တော့ စွန့်မှာမဟုတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ပန်ဆန်းဆွေးနွေးပွဲက ၂ဝဝ၈ ကိုမပြင်ဘူးဆိုရင် ငြိမ်းချမ်းရေးလက်မှတ် မထိုးဘူးဆိုတဲ့ အသံထွက်လာတာပါ။
နောက်တချက်ကတော့ အကြောင်းကိစ္စ တခုခုအတွက် ဆွေးနွေးကြမယ် ဒါမှမဟုတ် ငြိမ်းချမ်းရေးအတွက် စကား ပြောကြမယ် ဆိုရင် အရေးကြီးတဲ့ အချက်တခုရှိပါတယ်။ အဲတာကတော့ ဆွေးနွေးတဲ့ ကာယကံရှင်များဟာ နောက်ကနေ ချုပ်ကိုင်ထားတာ မရှိဘဲ ဘယ်လောက် လွတ်လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိသလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်လို့ ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိကနိုင်ငံ သမ္မတဖြစ်ခဲ့သူ နယ်ဆင်မန်ဒဲလားက အခုလို တိုတိုရှင်းရှင်း ပြောခဲ့ဘူးပါတယ်။ အဲတာကတော့ Only free man can talk တဲ့။ လွတ်လပ်နေတဲ့ သူသာလျှင် စကားပြောနိုင် ပါတယ်၊ ဆွေးနွေးနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်ကွယ်မှာ အနှောင်အဖွဲ့ ရှိနေတဲ့ သူတဦးဟာ ဘယ်လိုဆွေးနွေးမှု၊ အပေးအယူလုပ်မှုကိုမှ လုပ်နိုင်ခြင်းမရှိဘူးလို့လဲ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အနှောင်အဖွဲ့ဆိုတာ နောက်ကွယ်ကနေ ဟိုလူကြီးက ချုပ်ကိုင်ထားတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်သလို ငါ့လူမျိုးသာ အုပ်စီးရမယ်၊ ငါ့လူမျိုးသာ အသာစီးရရမယ်၊ ငါတို့အဖွဲ့ကပဲ အမြတ်ပိုများရမယ်ဆိုတဲ့ အယူအဆ စိုးမိုးနေတာမျိုးကိုလည်း ဆိုလိုနိုင်ပါတယ်။
သမ္မတက အမိန့်ပေးပေမယ့် စစ်တပ်က မလိုက်တာဟာ သမ္မတထက် စစ်တပ်က အာဏာပိုရှိနေတဲ့ သဘောလား။ ဒါမှ မဟုတ် သမ္မတနဲ့ စစ်တပ်အကြားမှာ ပြဿနာရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြတဲ့ သဘောလား။ ဒါမှ မဟုတ် သမ္မတနဲ့ စစ်တပ်ကြားမှာ ပြဿနာရှိနေတယ်လို့ မြင်စေချင်လို့ ထင်စေချင်လို့ တမင်လုပ်ပြတာလား။ မေးစရာမေးခွန်းတွေကတော့ အများကြီးပါ။ နောက်ထပ်မေးခွန်းတခုကတော့ အဲသလို အခြေအနေမှာ အမ်ပီစီကကော ဘယ်လောက်အထိ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေးနိုင်မလဲ။ ငြိမ်းချမ်းရေးအကျိုးဆောင် ဆိုတဲ့ အသုံးအနှုန်းဟာ လှပခန့်ညားပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အများအကျိုးအတွက် မသယ်ဆောင်လာနိုင်ရင်တော့ ငြိမ်းချမ်းရေးအကျိုးဆောင် ဆိုတာ ပွဲစားဆိုတဲ့ စကားလုံးလောက်သာ တန်ဖိုးရှိပါလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်းကို တကယ်မြတ်နိုးတယ်ဆိုရင် လူတစု၊ အဖွဲ့တခုအတွက် မဟုတ်ဘဲ တတိုင်းပြည်လုံးအတွက် အားလုံးအတွက် အကျိုးရှိတဲ့ ငြိမ်းချမ်းရေးမျိုးကိုသာ ကြားလိုမြင်လိုပါကြောင်း။
(ဇော်မင်းသည် ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သုံးသပ်ချက်များကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်)