နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအများစုက ပြင်ဆင်မှုများ ပြုလုပ်နေချိန် ပြည်နယ်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်များလည်း အလုပ်များနေကြပြီဖြစ်သည်။ မြန်မာ နိုင်ငံ၏ ဒုတိယ လူဦးရေ အများဆုံးဖြစ်သော မန္တလေးတိုင်းဒေသကြီး၏ ရွေးကောက်ပွဲကော်မရှင် က လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ရာ ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ထွဋ်ကို တွေ့ဆုံမေးမြန်း ထား ပါသည်။
မေး။ ။ မန္တလေးတိုင်းမှာ မဲဆန္ဒရှင်ဦးရေ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ အခြေခံမဲစာရင်းအရ မဲဆန္ဒရှင် သိန်း လေးဆယ်ကျော်ရှိပါတယ်။ အတိအကျဆိုရင် ၄,၀၅၃,၈၄၅ ဦးရှိ ပါတယ်။
မေး။ ။ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ ရမည်းသင်းရွှေတောတွေမှာ အနယ်နယ်အရပ်ရပ်က လာအလုပ် လုပ် နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများကြီးရှိပါတယ်၊ အဲဒီလုပ်သားတွေ မဲပေးနိုင်ဖို့ ကော်မရှင်က ဘယ်လို စီစဉ်ပေးမလဲ။
ဖြေ။ ။ ဥပဒေအရ မြန်မာနိုင်ငံသား၊ အသက်၁၈နှစ်ပြည့်ပြီးသူတွေ၊ မဲပေးခွင့်ရှိသူအားလုံး Right to Vote ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတယ်။ မဲဆန္ဒရှင်ရဲ့ ဆန္ဒပေါ့၊ သူဘယ်မှာ မဲထည့်ချင်လဲ။ ရွှေဘိုမှာ အိမ်ထောင်စု စာရင်း ရှိတယ်။ မန္တလေးမှာ အလုပ်လုပ်ပြီးနေတယ်ဆိုရင် ဒီမှာ ရက်ပေါင်း ၁၈၀ ထက်မနည်းနေရမယ်။ ကုမ္ပဏီမှာ လုပ်တဲ့သူဆို ဝန်ထမ်းဖြစ်တယ်ဆိုတဲ့ ကုမဏီရဲ့ထောက်ခံချက်လိုတယ်။ ဝန်ထမ်းမဟုတ်ဘူး၊ ကျောင်းတက် တာလည်း မဟုတ်ဘူး၊ ရွှေ့ပြောင်းလုပ်သားဆိုရင်တော့ ဒီမှာ နေတာ ဘယ်လောက်ကြာပြီ ဆိုတဲ့ရပ်ကွက် ထောက်ခံ ချက် လိုပါတယ်။ ဧည့်စာရင်း တိုင်ထားရင်ရပါပြီ၊ ဧည့်စာရင်းမတိုင်ထားရင်တော့ ကိုယ့်နေရပ် ပြန်ပေးပေါ့။ ရက်ပေါင်း ၁၈၀ မပြည့်ရင် ဘယ်လိုမှ လုပ်ပေးလို့ မရဘူး။
မေး။ ။ မန္တလေးတိုင်းထဲမှာ တပ်ရင်း၊ တပ်ဖွဲ့တွေက အများကြီးဆိုတော့ တပ်မဲစာရင်းက ဘယ်လောက်ရှိလဲ။ တပ်မဲစာရင်းရော ထုတ်ပြန်ထားပြီလား။
ဖြေ။ ။ တပ်မဲစာရင်း စပြုစုနေပါပြီ၊ ရွေးကောက်ပွဲ မတိုင်ခင် ကြေညာမဲ့ မဲစာရင်းမှာ ပါလာပါမယ်။
မေး။ ။ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်တပ် ဧရိယာ မဲဆွယ်စည်းရုံးရေးတွေလုပ်နိုင်ဖို့ ကော်မရှင်က ဘယ်လို ဆောင်ရွက် ပေးထားပါသလဲ။
ဖြေ။ ။ ခုထိတော့ ဘာမှ ညွှန်ကြားချက်မလာသေးဘူး၊ စစ်တပ်မဲရုံတွေတော့ လေ့လာစောင့်ကြည့်သူတွေ၊ မီဒီယာတွေ သွားလို့ရမယ်၊ Campign (မဲဆွယ်စည်းရုံးရေး) နဲ့ ပတ်သတ်ပြီး ဘာမှညွှန်ကြားချက် မလာ သေးဘူး။
မေး။ ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြု လုပ်ရ ဘူး ဆိုတဲ့ အချက်ပါဝင်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာ ဒီလိုဖြစ်စဉ်မျိုးရှိလာရင် ကော်မရှင်က ဘယ်လို အရေးယူမလဲ။
ဖြေ။ ။ ဒါကတော့ သူ့သတ်မှတ်ထားတဲ့ဥပဒေအတိုင်း အရေးယူရမှာပေါ့၊ ပါတီတွေက ဘာသာရေးကို အလွဲသုံးစားမလုပ်ရဘူးလို့ ပြောထားပြီးသားပဲ၊ အဲဒါကို မလိုက်နာရင်တော့ အဲဒီကိုယ်စားလှယ်လောင်းနဲ့ သူပါတီမှာ တာဝန်ရှိပါတယ်။
မေး။ ။ ၂၀၁၀ တုန်းကလို ကြိုတင်မဲနဲ့ ညစ်ပြီး နိုင်သွားတာမျိုး မဖြစ်အောင် ဘယ်လို စီစဉ်ထားလဲ။ ကြိုတင်မဲက ဘယ်လောက် တရားမျှတပြီး လွတ်လပ်မလဲ။
ဖြေ။ ။ ကြိုတင်မဲက ၂ ပိုင်းရှိတယ်၊ မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေကိုတော့ မြို့နယ် ကော်မရှင် က လုပ်ပေးမယ်။ ဥပမာ – တက္ကသိုလ်တက်နေသူတွေ၊ ဆေးရုံတက်နေတဲ့သူတွေ၊ နိုင်ငံခြား ရောက်နေသူတွေ မဲပေးနိုင်ဖို့ မြို့နယ်ကော်မရှင်က သက်ဆိုင်ရာ ဥပဒေအတိုင်း လုပ်ပေးမယ်၊ အဲဒီကြိုတင်မဲ ကိုတော့ မြို့နယ် ကော်မရှင် မှာ မဲရုံပိတ်ချိန် ၄ နာရီမထိုးခင်အထိ လက်ခံပေးတယ်။
နောက်တပိုင်းက မဲပေးမဲ့နေ့မှာ မဲရုံကို အရေးပေါ်ကိစ္စကြောင့်မလာနိုင်တဲ့သူ၊ မီးဖွားသူ၊ နာမကျန်းသူ၊ မဖြစ်မနေ ခရီးသွားရမယ့်သူ တွေကတော့ ရပ်ကွက်ကော်မရှင်မှာ ကြိုတင်မဲပေးရမယ်၊ အဲလိုပေးတဲ့အခါကျ အရင်လို မဟုတ် တော့ဘူး၊ နိုင်ငံရေးပါတီတွေလည်း လိုက်လို့ရမယ်၊ မဲပုံးကြီးနဲ့ ရပ်ကွက်ကော်မရှင်က သွားမယ်၊ မဲဆန္ဒရှင်က မဲထည့်ပြီးရင် စာအိတ်နဲ့ထည့်၊ ပြီးရင် မဲပုံးမှာထည့်သိမ်းထားမယ်။ အဲဒီမဲပုံးကိုတော့ မဲရုံမဖွင့်ခင် လာပေးရမယ်၊ ဖွင့်ပြီးမှ လာပေးရင် မရတော့ဘူး၊ ပေးထားတဲ့ကြိုတင်မဲစာရင်း၊ အရေအတွက် ကိုလည်း မဲရုံမှာ ကပ်ထားမယ်၊ ဘယ်သူတွေဘယ်လိုပေးထားတယ်ဆိုတာ သွားစစ်ဆေးနိုင်တယ်၊ ၄ နာရီ မဲရုံပိတ်ရင်တော့ အများရှေ့မှာ အဲဒီမဲတွေရေတွက်မယ်၊ ရပ်ကွက်မှာ ရေပြီး မဲစာရင်းတွေကို အကုန်လက်မှတ်ထိုး၊ ပုံစံဖြည့်မယ်၊ တိုင်းကော်မရှင်က ကြေညာပေးမယ်။
မေး။ ။ မဲဘယ်လိုပေးရမလဲ။ ပယ်မဲပုံစံက ဘယ်လိုဖြစ်မလဲ။ ဒါတွေကိုရော လူထုကို ဘယ်တော့ အသိပညာပေးမှု စတင်မလဲ။
ဖြေ။ ။ နီးရင် ကြေညာပေးမှာပါ၊ အခု ရွေးကောက်ပွဲရက်ကို ကြေညာလိုက်ပြီ၊ လုပ်ငန်းစဉ်အလိုက် လုပ်နေပြီ၊ ကိုယ်စား လှယ်လျှောက်လွှာတင်၊ စိစစ်၊ မဲဆန္ဒနယ်ကြေညာ၊ မဲရုံမှုးတွေ၊ မဲရုံဝန်ထမ်းတွေခေါ်မယ်၊ သူတို့ကို သင်တန်းပေးမယ်၊ အဲလိုသင်တန်းပေးတဲ့အခါကျရင် ဘယ်လိုဟာတွေက ပယ်မဲဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာ တခါတည်း ပြောသွားမယ်၊ အဲအခါကျရင် နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ CSO (အရပ်ဖက်လူ့အဖွဲ့အစည်း) တွေကို ဖိတ်ပြီး ရှင်းပြသွားမယ်။
မေး။ ။ မန္တလေးတိုင်းအတွက် မဲရုံဝန်ထမ်း ဘယ်လောက်လောက် ခန့်ထားမလဲ။
ဖြေ။ ။ များသောအားဖြင့် ပညာရေးဝန်ထမ်းတွေပဲ ခန့်ထားဖို့ရှိပါတယ်၊ မဲရုံပေါင်း ၅၅၀၀ လောက်ရှိမယ်၊ တရုံနဲ့ တရုံမတူသလို ပေးမဲ့ မဲဆန္ဒရှင်က မတူဘူး၊ မဲဆန္ဒရှင် အရေအတွက် ၃၀၀ ကနေ ၃၀၀၀ လောက် ထိ ရှိမယ်၊ လူဦးရေများရင် များသလို မဲရုံဝန်ထမ်းတွေများမယ်၊ မဲလက်မှတ်ထုတ်ပေးသူ၊ စိစစ်သူတွေ အဆိုင်း လိုက် များသွားမယ်၊ အနည်းဆုံး လူ ၂၀ ကျော် ၃၀ လောက်ရှိမယ်၊ မဲရုံဝန်ထမ်းတွေ ခန့်ထားဖို့ အခုထိ သီးခြား ညွှန်ကြားချက်မလာသေးပါဘူး၊ ဒါပေမဲ့ ခရိုင်တွေကိုတော့ မဲရုံဝန်ထမ်းတွေ ကြိုတင်လျာထားဖို့။ ညွှန်ကြား ထားတယ်။
မေး။ ။ ရွေးကောက်ပွဲနေ့မှာ မဲရေတွက်ပြီးတာနဲ့ ဘယ်လိုမျိုး မဲရလာဒ်ကို အမြန်ဆုံး ထုတ်ပြန်မလဲ။
ဖြေ။ ။ ရလာတဲ့ မဲစာရင်းရလာဒ်ပေါင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး တိုင်းကော် မရှင် အဖွဲ့ခွဲက ထုတ်ပြန်ပေးမှာပါ။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သုံးရပ်စလုံးအတွက် တိုင်းကော်မရှင်ဥက္ကဋ္ဌ လက်မှတ်ထိုးပြီး ထုတ်ပေးမှာပါ။
မေး။ ။ ရွေးကောက်ပွဲနေ့မှာ မီဒီယာတွေအနေနဲ့ မဲရုံထဲကို ဝင်ခွင့်ရမှာလား။
ဖြေ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားသောသူများ မဲရုံထဲကို ဝင်လို့ရမယ်လို့တော့ နည်း ဥပဒေမှာ ပါထားတယ်၊ ဒါပေမဲ့ အခုထိတော့ ဝင်လို့ရသည်မရသည်အပြတ်ပြောလို့မရသေးဘူး၊ ဒါနဲ့ ပတ်သက်ပြီး Code of Conduct ထွက်လာဦးမှာပါ၊ သေချာပြောနိုင်တာ တခုကတော့ မဲရုံပရဝုဏ်ထဲတော့ ဝင်လို့ရတယ်၊ မေးလို့ရတယ်၊ ထွက်လို့ရမယ်၊ ညနေ ၄ နာရီမဲရုံပိတ်ပြီး မဲရေတဲ့အခါမှာ မဲရုံကိုယ်စားလှယ်၊ အများပြည်သူတွေထဲက ၁၀ ယောက်ထက် မနည်း လာကြည့်နိုင်တယ်၊ အဲမှာ မီဒီယာတွေလည်း ကြည့်လို့ ရပါတယ်၊ အဲချိန်ကျ မဲရေတာကို ဓာတ်ပုံရိုက်နိုင်သလို၊ မဲစာရင်းရဲ့ ငယ်စာရင်းကိုလည်း ဓာတ်ပုံရိုက်နိုင်ပါတယ်။
မီဒီယာဆိုတာကလည်း အများကြီးရှိတာလေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မဲရုံထဲဝင်ခွင့်ရမယ့် မီဒီယာတွေအတွက် သီးသန့်ကတ် ထပ်ထုတ်ပေးမယ်လို့ ပြောတယ်၊ အဲဒီကတ်နဲ့ မှ ဝင်လို့ရမယ်၊ အဲဒါကတော့ ကော်မရှင်က ကြေညာ ပါလိမ့်မယ်၊ ကြေညာပြီးမှ ကော်မရှင်အဖွဲ့ခွဲက တိုင်းပြန်ဆက် (တိုင်းဒေကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန) နဲ့ ချိတ်ပြီး လုပ်ပေးပါမယ်။ ရွေးကောက်ပွဲကာလ မီဒီယာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းကော်မရှင်ကို ဆက်သွယ်ချင်ရင် ဦးကျော်ကျော်စိုး ဒုညွှန်ကြားရေးမှုး ၀၂ – ၆၄၆၇၇၊ ၀၉ – ၄၉၂၈၈၁၃၃ ကို ဆက်သွယ်နိုင်ပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌတဦး အနေနဲ့ ဘယ်လိုအာမခံချက်ပေးနိုင်မလဲ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲက အရေးကြီးပါတယ်၊ ဘာလို့အရေးကြီးလဲဆိုတော့ တင်စားပြီးပြောရင် Our Vote is Our Future ဆိုတဲ့အတိုင်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ဖို့ ကော်မရှင်ရော၊ ရွေး ကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရော၊ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း၊ မီဒီယာ၊ ပြည်သူတွေရော အားလုံး တက်ညီလက်ညီ ဆောင်ရွက်မယ်ဆိုရင် မဖြစ်စရာ အကြောင်းမရှိဘူး၊ ကော်မရှင်အနေနဲ့လည်း အစွမ်း ကုန် ကြိုးစားသွားမှာပါ၊ အဲအတွက်လည်း အားလုံးကို လက်တွဲဆောင်ရွက် ပေးပါလို့ မီဒီယာကနေ ဖိတ်ခေါ် ပါတယ်။