စီးပွားရေး အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့တဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် ဟန်နီကန် ဘီယာဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီး မြှုပ်နှံထားတဲ့ ဘီယာချက်စက်ရုံနဲ့ မြန်မာနိုင်ငံကို တကျော့ပြန် ရောက်ရှိလာခဲ့ပါပြီ။
စက်ရုံဖွင့်ပွဲကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဟန်နီကန်ဘီယာ စက်ရုံမှာ ဇူလိုင်လ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဟန်နီကန် ဘီယာ ကို နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တဲ့ Alliance Brewery Co., Ltd နဲ့ စင်ကာပူ အခြေစိုက် Asia Pacific Breweries Co.,Ltd (Part of Heineken Company) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာကြောင့် APB Alliance Brewery Co., Ltd လို့ ဘီယာစက်ရုံ အမည် ကို ပေးထားပါတယ်။
ဟန်နီကန်က နိုင်ငံတကာ အမှတ်တံဆိပ် ဖြစ်တဲ့ ဟန်နီကန်ဘီယာအပြင် မြန်မာနိုင်ငံအတွက် သီးသန့် တံဆိပ်အဖြစ် အရက် ပါဝင် မှု ၅ ရာခိုင်နှုန်း ရှိတဲ့ ရီဂယ်ဆဲဗန်း (Regal Seven) တံဆိပ် ဘီယာကိုလည်း မြန်မာနိုင်ငံ ဈေးကွက်ရှိ တခြားဘီယာများနှင့် ဈေးနှုန်း သိပ်မကွာဘဲ လာမည့် သြဂုတ်လမှာ စတင်ချက်လုပ် ရောင်းချပေးသွားမှာ ဖြစ်ပြီး ဟန်နီကန်ဘီယာကိုတော့ ဒီနှစ်ကုန်ပိုင်း လောက် ကျမှ ရောင်းချသွားမယ်လို့ သိရပါတယ်။
မှော်ဘီစက်ရုံမှာ ပြုလုပ်ခဲ့တဲ့ စက်ရုံဖွင့်ပွဲကို Heineken Company ရဲ့ အလုပ်အမှုဆောင် ဥက္ကဋ္ဌ Mr. Jean-Francois van Boxmeer ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
Asia Pacific Breweries Co., Ltd ဟာ မြန်မာဘီယာ ချက်လုပ်တဲ့ Myanmar Brewery Ltd နဲ့လည်း ဟိုအရင်က အကျိုးတူ လုပ်ကိုင် ခဲ့ဖူးပါတယ်။ အဲဒါကြောင့် မြန်မာ့ဘီယာဈေးကွက်ကို လွှမ်းမိုးထားတဲ့ မြန်မာဘီယာနဲ့ လောလောလတ်လတ် မြန်မာပြည် ကို ဝင်ရောက်လာတဲ့ Carlsberg ဘီယာတွေကို ဟန်နီကန်ဘီယာနဲ့ သူ့ရဲ့ ရီဂယ်ဆဲဗန်းဘီယာတို့က ဘယ်လိုယှဉ်ပြိုင်မလဲ၊ ဟန်နီကန်ဘီယာက ဘာတွေ ထူးခြားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး APB Alliance Brewery က မန်နေဂျင်း ဒါရိုက်တာ မစ္စတာ လက်စတာတန် ကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး အနေနဲ့ မေးချင်တာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဟန်နီကန်ကို ဘာက ဆွဲဆောင်ခဲ့တာပါလဲ။
ဖြေ။ ။ ဟန်နီကန်က နဂိုတုန်းက ဒီမှာ ရှိခဲ့ဖူးပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ၁၉၉၆ ခုနှစ်မှာ ပြန်ထွက်ခွာသွားခဲ့ရတာပါ။ ဒါပေမယ့် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ဆန္ဒက အမြဲရှိခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်သာ လာလို့မရခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်မှာ ပိတ်ဆို့မှုတွေ ပြေလျော့သွားတော့ နိုင်ငံက ပြန်ပွင့်လင်းလာခဲ့တယ်။ ဒီကို ပြန်လာဖို့ အခွင့်အရေးတွေ သတိထားမိခဲ့တယ်။ ကံမကောင်းတာက အဲဒီအချိန်မှာ နဂိုတုန်းက အတူလက်တွဲခဲ့တဲ့ ကုမ္ပဏီက တခြားစပ်တူ ရှိနေပြီ။ အဲဒါကြောင့် ဟန်နီကန် အနေနဲ့ စက်ရုံဖွင့်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် အခု ပြန်ဝင်ရောက်လာတာပါ။ ဈေးကွက်က အရမ်းစိတ် လှုပ်ရှားဖို့ ကောင်းပါတယ်။ အရမ်းလည်း အလားအလာရှိပြီး တော်တော်ဝင်ဆံ့မယ့် ဈေးကွက်ပါ။ လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ ဈေးကွက် မှာ လူငယ်တွေ၊ အသက် ၃၅ နှစ်အောက်လူတွေ တော်တော်များတယ်။ ဝင်ငွေတွေကလည်း တော်တော်မြန်မြန်ကို တိုးတက်နေကြ ပြီ။ အဲဒါကြောင့် စားသောက်ကုန် ကုမ္ပဏီတခု အနေနဲ့ လိုအပ်တဲ့ အရာတွေ အကုန်ရှိနေတယ်။ ထူထပ်တဲ့ လူဦးရေ၊ ငယ်ရွယ်တဲ့ လူတွေ၊ တိုးလာတဲ့ ဝင်ငွေ၊ အဲဒါကြောင့် ဒီဈေးကွက်က တော်တော် အလားအလာ ကောင်းပါတယ်။ အရမ်းကိုကြွယ်ဝတဲ့ တိုင်းပြည် ပါ။ အဲဒီအကြောင်းတွေကြောင့် ကျနော်တို့ ရောက်လာရခြင်း ဖြစ်ပါတယ်။
မေး။ ။ ဟန်နီကန် အနေနဲ့ အခုချိန်က ရင်းနှီးမြှုပ်နှံဖို့ အသင့်တော်ဆုံး အချိန်လို့ ထင်ပါသလား။
ဖြေ။ ။ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အနှစ် ၂၀ လောက် နောက်ကျနေပါပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ရှိနေခဲ့သင့်တာပါ။ ဒါပေမယ့်လည်း ဘယ်တော့မှ အရမ်း နောက်မကျပါဘူး ဆိုတဲ့အတိုင်း အခုက အချိန်ကောင်းပါပဲ။ တိုင်းပြည်က ပြန်ပွင့်လင်းလာပြီ။ ကျနော်တို့ ဒီကို ပြန်ရောက်လာရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။
မေး။ ။ ဒီမှာက မြန်မာဘီယာက တော်တော်ကို နာမည်ကောင်း ရှိနေပြီးပြီဆိုတာ သိပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ဟန်နီကန်ရဲ့ ထုတ်ကုန်တွေကို ဘယ်လိုမတူတဲ့ နည်းလမ်းတွေနဲ့ ဈေးကွက်ကို ဖောက်သွားမှာလဲ သိချင်ပါတယ်။
ဖြေ။ ။ ြမန်မာဘီယာနဲ့ ကျနော်တို့နဲ့က ကုမ္ပဏီ အတူတူ ဖြစ်ခဲ့ပါတယ်။ ကျနော် အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့် ဈေးကွက်ကို ဘယ်လို ဖောက်မလဲ ဆိုတာက တချို့ ကိစ္စလေးတွေပေါ်မှာ မူတည်ပါတယ်။ တခုက ကျနော်တို့ရဲ့ နိုင်ငံတကာ အရည် အသွေးပါ။ ကျနော်တို့အတွက် အရည်အသွေးဆိုတာ အရေးအကြီးဆုံးပါပဲ။ ဟန်နီကန်က ဟန်နီကန် တံဆိပ်တခုတည်း ထုတ်တာ မဟုတ်ပါဘူး။ တံဆိပ်တွေ အများကြီး ရှိပါတယ်။ တံဆိပ်အကုန်လုံးရဲ့ အရည်အသွေးက ကောင်းမွန်ပြည့်စုံပြီးသားပါ။ အရည် အသွေး စိစစ်ရေး မအောင်တဲ့ ဘယ်တံဆိပ်ကိုမဆို စက်ရုံအပြင်ကိုတောင် မရောက်စေပါဘူး။ ဒါက နံပါတ် ၁ အချက်ပါ။ ဒုတိယ အချက်က ကျနော်တို့ရဲ့ အမှတ်တံဆိပ်ပါ။ အမှတ်တံဆိပ်ကိုက အရမ်းအရေးကြီးပါတယ်။ အမှတ်တံဆိပ်က အရာတော်တော်များများကို ကိုယ်စားပြုပါတယ်။ အရည်အသွေးကို ကိုယ်စားပြုပါတယ်၊ ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်၊ နာမည်ကို ကိုယ်စားပြုပါတယ်။ မြန်မာဈေးကွက်အတွက် ကောင်းတဲ့ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေကို ကျနော်တို့ ထူထောင်ပေးမှာပါ။
မေး။ ။ ဈေးနှုန်းကရော ဘယ်လိုရှိမလဲ။ ဟန်နီကန်ဘီယာရဲ့ ဈေးနှုန်းတန်ဖိုးကို ဒီဈေးကွက်ထဲက ဘီယာတွေနဲ့ ညှိပြီး ရောင်းမှာလား။ ဒါမှမဟုတ် နိုင်ငံတကာ ဈေးကွက်ထဲက ဈေးအတိုင်း ရောင်းမှာလား။
ဖြေ။ ။ မညှိပါဘူး။ တကမ္ဘာလုံးမှာ ရောင်းနေတဲ့ ဟန်နီကန်ဘီယာတွေ အကုန်လုံးက သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းအတာ လေး ရှိပါတယ်။ ဟန်နီကန်ဘီယာက ဘယ်တုန်းကမှ ဈေးပေါတဲ့ ကုန်ပစ္စည်းတခု မဟုတ်ပါဘူး။ အဲဒါကြောင့် ပုံမှန်ထက် နည်းနည်း လေး များတဲ့ ဈေးနှုန်း အမြဲတမ်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒေသမှာ ထုတ်တဲ့ Local Brand ကတော့ ဒီမှာရှိတဲ့ ဘီယာတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်းဖြစ်ပါလိမ့်မယ်။
မေး။ ။ ဒီစက်ရုံအတွက် လူသားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းတွေကရော။ ဒီကပဲ ခန့်ထားတာလား။
ဖြေ။ ။ ကျနော်တို့က ဖက်စပ်လုပ်ငန်းပါ။ ဒါပေမယ့် ဝန်ထမ်းတွေက ဒီကဈေးကွက်ထဲကပဲ ခေါ်ခန့်ထားတာပါ။ ပထမပိုင်း ဝန်ထမ်း အနည်းငယ်ကတော့ ကျနော်တို့ရဲ့ အကျိုးတူ ကုမ္ပဏီကနေ ခေါ်ထားတာ ဖြစ်ပါတယ်။ သူတို့ကလွဲလို့ ကျန်တဲ့သူတွေ အကုန် လုံး က ဒီကပဲ ခေါ်ခန့်ထားတာပါ။ ဝန်ထမ်းလေ့ကျင့်ပေးရေး အတွက်ကို ကျနော်တို့ အချိန်နဲ့ ခွန်အား တော်တော်သုံးထားပါတယ်။ ကျနော်တို့ ဘီယာစက်ရုံရဲ့ ဝန်ထမ်းတွေအကုန်လုံးက ပြီးခဲ့တဲ့ ၆ လစလုံး မြန်မာမှာရော နိုင်ငံခြားမှာပါ သင်တန်းတွေ တက်နေခဲ့တာပါ။ ဝန်ထမ်းတော်တော်များများကို ထိုင်း၊ စင်ကာပူနဲ့နဲ့ ဗီယက်နမ်တို့မှာရှိတဲ့ ကျနော်တို့ရဲ့ ကုမ္ပဏီခွဲတွေဆီ ပို့ပြီး ဒီမှာ စက်ရုံမဖွင့်ခင် သင်တန်းတွေ ပေးခဲ့ပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေရဲ့ တိုးတက်မှုအတွက် ငွေအား တော်တော်စိုက်ထုတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဝန်ထမ်းတွေက ကျနော်တို့ ကုမ္ပဏီအတွက် အင်မတန် အရေးကြီးတဲ့ အခွင့်အလမ်းတွေ ဖြစ်လို့ပါ။
မေး။ ။ စက်ရုံအတွက် ဝန်ထမ်းအင်အား ဘယ်လောက် ခန့်ထားမှာပါလဲ။
ဖြေ။ ။ အခုလောလောဆယ်တော့ ကုမ္ပဏီ တခုလုံးအတွက် ဝန်ထမ်းအင်အား ၂၀၀ လောက် ရှိပါလိမ့်မယ်။ စက်ရုံအတွက် ဝန်ထမ်း ၆၀ ရယ်၊ တနိုင်ငံလုံး အနှံ့မှာ အင်အား ၁၄၀ လောက်ရယ် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ကုန်ကြမ်းရောင်းမယ့် လုပ် ငန်းရှင်တွေဆီမှာ အင်အား ၅၀ လောက်ရှိလာပါလိမ့်မယ်။ ပြီးတော့ နောက်ထပ် ရှိပါဦးမယ်။ ဥပမာပြောရရင် ကျနော်တို့က ကန်တင်း မှာ ဝန်ထမ်းတွေအတွက် အစားအစာ စီစဉ်ပေးမှာပါ။ ဝန်ထမ်းတွေအတွက် ထမင်းဆိုင် ငှားထားပေးပါတယ်။ အစား အသောက် စီစဉ်ပေးမယ့်ဆိုင်ပေါ့။ ကျနော်တို့ ဒီက ဆိုင်နဲ့ပဲ တွဲလုပ်ပါတယ်။ လုပ်လည်း လုပ်ချင်ပါတယ်။ ဒါမှလည်း ကျနော်တို့ ကုမ္ပဏီ ကြီးပွားလာတာနဲ့အမျှ သူတို့လည်း ကြီးပွားလာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် တိုက်ရိုက်ခန့်ထားတဲ့ ဝန်ထမ်းဦးရေ ၂၀၀ ရှိပါမယ်။ သွယ်ဝိုက်ပြီး ခန့်ထားတာကတော့ ၅၀ ခန့် ရှိပါတယ်။
မေး။ ။ ဟန်နီကန် စခဲ့တဲ့ အချိန်တွေတုန်းက ပြင်သစ်ကို ပို့တဲ့ အင်အားအကြီးဆုံး ပို့ကုန်အဖြစ်ရော အမေရိကန်ကို ပထမဆုံး တင်ပို့ခွင့်ရခဲ့တဲ့ ဥရောပဘီယာ အဖြစ်ရော ရပ်တည်နိုင်ခဲ့တယ်။ အဲဒီလိုမျိုး ဟန်နီကန်ကို ထူးခြားစေတာက ဘာဖြစ်မလဲ။
ဖြေ။ ။ ပြောရရင် အမေရိကန်ကို ပထမဦးဆုံး ရောင်းချခဲ့တဲ့ ဥရောပဘီယာဆိုတာဟာ ဟန်နီကန်ရဲ့သူဌေး မစ္စတာ ဟန်နီကန် ရဲ့ ဈေးကွက်ဖွင့်တာနဲ့ အဲဒီ နေရာကို ပထမဆုံး ရောက်ရမယ်ဆိုတဲ့ အမြော်အမြင်မျိုးနဲ့ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေရဲ့ စိတ်ဓာတ်မျိုးကြောင့် ဖြစ်လာတာလို့ ပြောချင်ပါတယ်။ သူက တကယ့်ကို အမေရိကားမှာ ပထမဆုံး စီးပွားရေးလုပ်ဖို့ ရောက်ခဲ့တဲ့သူတွေထဲက တယောက်အဖြစ် ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ရှိခဲ့ပါတယ်။ မြန်မာပြည် ပထမဆုံး ပွင့်လင်းလာတဲ့ အချိန်တွေတုန်းကလည်း အရင်ဆုံး ရောက်ခဲ့ပါတယ်။ အာရှတိုက်ကြီး ပွင့်လင်းလာတော့လည်း အရင်ဆုံး ရောက်ခဲ့ပါတယ်။ အဲဒီလိုမျိုး စွန့်ဦး တီထွင်သူတွေရဲ့ စိတ်ဓာတ်မျိုးက ကုမ္ပဏီကို ထူးခြားစေခဲ့တာပါ။ ရလဒ်တခု အနေနဲ့ကတော့ ဖြစ်နေတဲ့ ပြဿနာတွေအကုန် မြင်ရတယ်။ စားသုံး သူတွေလည်း ဒီလိုစိတ်မျိုး ရှိတယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ နှစ်ပေါင်း ၁၅၀ လောက် အောင်အောင်မြင်မြင် ရပ်တည်ခဲ့တဲ့ ဘီယာတံဆိပ်တခု အနေနဲ့ ဟန်နီကန်ရဲ့ အရည်အသွေး ဘယ်လို ထိန်းသိမ်းသလဲ ဆိုတာ ပြောပြပေးနိုင်မလား။
ဖြေ။ ။ ဟန်နီကန်က အဲဒီလောက် နှစ်ပေါင်းအကြာကြီးမှာ အရည်အသွေးက ကျမသွားခဲ့ပါဘူး။ ဘီယာတွေ အကုန်လုံး ကတော့ ဒီဘီယာပါပဲ။ ဒါပေမယ့် ကျနော်တို့ ထူးခြားတာက ဝန်ထမ်းတွေရဲ့ ရောင်ပြန်ဟပ်မှုပါ။ သူတို့ကတော်တော့်ကို အရည်အသွေးကို အလေးအနက် ထားကြတာပါ။ ဘယ်ဘီယာပုလင်း တလုံးကိုမှ သတ်မှတ်ထားတဲ့ အရည်အသွေးကို မမီဘဲ စက်ရုံထဲက မထုတ်ပါဘူး။ ပြီးတော့ ကျနော်တို့ဆီမှာ QC ပေါင်း ၂၅၀ ရှိပါတယ်။ အဲဒီ QC တခုချင်းစီကို ပြည့်မီရပါတယ်။ အဲဒါက ကျနော်တို့ကို ထူးခြား စေတာပါ။ ဘီယာချက်လုပ်တဲ့အပေါ် ထားတဲ့စိတ်၊ အရည်အသွေးအပေါ်ထားတဲ့ စိတ်အားထက်သန်မှုတွေပါ။
မေး။ ။ ဟန်နီကန်ရဲ့ Brew A Better World ဆိုတဲ့ ဆောင်ပုဒ်လေးအကြောင်း ပြောပြပေးပါ။ အဲဒီဆောင်ပုဒ်က ပြောတာက ဒေသ ထွက် ကုန်ကြမ်းတွေကို သုံးတာ၊ ရေကို တာဝန်သိသိ သုံးတာ၊ တာဝန်သိစွာ ဘီယာကို သောက်သုံးတာတွေလို့ ဖတ်ရတယ်။ အဲဒီ အကြောင်း နည်းနည်းပိုပြီး ရှင်းပြပေးပါလား။
ဖြေ။ ။ Brew A Better World ဆိုတာ တကမ္ဘာလုံးမှာရှိတဲ့ ဟန်နီကန်ကုမ္ပဏီတွေရဲ့ မဟာဗျူဟာမှာမှ အလွန်အရေးကြီးတဲ့ အပိုင်း ပါ။ ပထမဆုံးအနေနဲ့ အန္တရာယ်ကင်းရှင်းရေးကို အရမ်းအလေးထားပါတယ်။
မေး။ ။ ဘယ်ဟာအတွက် အန္တရာယ်ကင်းရှင်းရေးလဲ။ ဝန်ထမ်းတွေအတွက် ပြောတာလား၊ စက်ရုံအတွက်ကို ပြောတာလား။
ဖြေ။ ။ အကုန်လုံး၊ လူတိုင်းအတွက်ပါ။ ကျနော်တို့ စက်ရုံထဲကို ခြေချလိုက်တဲ့ လူတိုင်းအတွက်ကို ပြောတာပါ။ စက်ရုံကိုလာတဲ့ လူတိုင်း လုပ်ငန်းခွင်ဘွတ်ဖိနပ်၊ ဦးထုပ်၊ အကျႌ အကုန်ဝတ်ရပါမယ်။ အဲဒါတွေ မဝတ်ရင် ဝင်လို့မရပါဘူး။ ကျနော်တို့ လုပ်ခဲ့တဲ့ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ အကုန်လုံးမှာ လူ ၁ သန်းကျော်က ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ကြပါဘူး။ အဲဒါက ကျနော်တို့အတွက် တော်တော်ကို ကြီးမားတဲ့ အောင်မြင်မှုပါ။
ဒုတိယတပိုင်းက ဒီက အဖွဲ့အစည်းတွေနဲ့ အတူတူတွဲဖက် လုပ်ကိုင်တာပါ။ ခုနက ပြောတဲ့ ကန်တင်း စားသောက်ဆိုင်လိုမျိုးပေါ့။ အဲဒီလို လုပ်ငန်းအသေးလေးတွေနဲ့ အတူတူ အလုပ်တွဲလုပ်ပါတယ်။ ဒါမှလည်း ကျနော်တို့ လုပ်ငန်းကြီးထွားလာတာနဲ့ သူတို့လုပ် ငန်းတွေလည်း ကြီးထွားလာမှာပါ။ တခြားအဲဒီလိုမျိုး အလားတူတွေလည်း ရှိပါသေးတယ်။
တတိယတချက်က ဒေသထွက်ကို အသုံးပြုခြင်းပါ။ ရေရှည်တည်တံ့တဲ့ လုပ်ငန်းမျိုးပါ။ ကျနော်တို့ရဲ့ Local Brand ဖြစ်တဲ့ Regal Seven ဘီယာကို စပါးကိုသုံးပြီး ချက်မှာပါ။ အဲဒါကြောင့် ဒီက လယ်သမားတွေကို သူတို့ ပုံမှန်စိုက်ပျိုးနေကျ ပုံစံကနေ ကျနော်တို့နဲ့ စာချုပ်ချုပ်ပြီး ရေရှည်ခံမယ့် စိုက်ပျိုးရေး နည်းလမ်းတွေနဲ့ စိုက်ခိုင်းပါတယ်။ ဆန်စက်ပိုင်ရှင်တွေကိုလည်း ပိုကောင်းတဲ့ သယ်ယူပို့ဆောင်ရေး ပုံစံတွေနဲ့ စပါးအရည်အသွေး ပိုကောင်းအောင် လုပ်ဖို့ အကြံပေးပါတယ်။
နောက်တခုကတော့ ရေ။ ကျနော်တို့မှာ တကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တခု ရှိပါတယ်။ ဘီယာ ၁ လီတာ ချက်လုပ်တိုင်းမှာ ရေ ၄ လီတာပဲ သုံးဖို့ဆိုတဲ့ ရည်မှန်းချက်ပါ။ ကျနော်တို့ စတော့ မစမ်းရသေးပါဘူး။ ဒါပေမယ့် ရည်မှန်းထားတာပါ။ တဖြည်းဖြည်းနဲ့ ရေသုံး တာကို လျှော့ချသွားမှာပါ။
ရေမှာက ၂ မျိုး ရှိပါတယ်။ သုံးတဲ့ရေ မမှားဖို့ရယ်၊ နောက်တခုက စွန့်ပစ်ရေပါ။ စွန့်ပစ်ရေက ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အကြောင်းက ကျနော်တို့ စက်ရုံနားမှာရှိတဲ့နေရာတွေ အကုန်လုံးက ကောက်ပဲသီးနှံကွက်တွေနဲ့ စပါးကွက်တွေချည်းပါပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံ အင်ဂျီနီယာအသင်းနဲ့ ဆက်သွယ်ပြီး လုပ်ပါတယ်။ ရွာသားတွေ လယ်သမားတွေအပြင် သီးသန့်စောင့်ကြည့်ရေးကော်မတီ တခုလည်း ရှိပါတယ်။ အဲဒီအဖွဲ့က သပ်သပ် စောင့်ကြည့်ပါလိမ့်မယ်။ ကျနော်တို့ တခြားနည်းလမ်းတွေနဲ့ လုပ် လို့ရပါတယ်။ ဥပမာ ကိုယ့်ဘာသာပဲ လုပ်ပြီး ဘယ်အဖွဲ့နဲ့မှ မတိုင်ပင်တာမျိုးပေါ့။ ဒါပေမယ့် ဒီက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ပါတယ်။
ပြီးတော့ ရေဆိုးသန့်စင်စက်လည်း ရှိပါတယ်။ ပြီးတော့ ရေစွန့်ဖို့ ရေပိုက်လိုင်း နောက်တခုလည်း လုပ်ထားပါတယ်။ ဒီအတိုင်း ရေကို လွှတ်ပေးလိုက်လို့ ရပါတယ်။ ဒါပေမယ့် ဒီစက်ရုံ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းတွေအတွက် ကျနော်တို့ အဲဒီလို မလုပ်ပါဘူး။ ရေ ဆိုး သန့်စင်စက်နဲ့လည်း သန့်မယ်။ အဲဒါကိုတခါ ရေပိုက်လိုင်းကနေလည်း ပြန်စစ်ပါမယ်။ ပြီးခဲ့တဲ့ အပတ်တွေကပဲ ရန်ကုန်စည်ပင် ရုံးက လာစစ်သွားပါတယ်။
မေး။ ။ ဟန်နီကန်လို နိုင်ငံတကာမှာ ကျော်ကြားတဲ့ အမှတ်တံဆိပ် အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘီယာလုပ်ငန်းကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ စံနှုန်းတွေ မြင့်လာတယ်လို့ ထင်ပါတယ်။ မြန်မာဘီယာက ကျနော်တို့ ကုမ္ပဏီဖြစ်ခဲ့တာဆိုတော့ သူတို့ စံနှုန်းတွေက မြင့် တယ် ဆိုတာ သိပြီးသားပါ။ ပြီးတော့ သူတို့တော်တော့ကို တိုးတက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲက ယှဉ်ပြိုင်မှုမှာ ဘယ်သူမှတော့ တသမတ်တည်း ရှိမနေပါဘူး။ အကုန်လုံးက တိုးတက်အောင် ကြိုးစားနေကြတယ်။
မေး။ ။ ဟိုးတလောတုန်းကပဲ Curlsberg နဲ့ ရိုးမဘီယာ အသစ် ထပ်ထွက်တယ်နော်။
ဖြေ။ ။ ဟုတ်ပါတယ်။ သူတို့လည်း ကောင်းပါတယ်။ ဒဂုံဘီယာလည်း တိုးတက်လာတယ်။ မန္တလေးဘီယာ၊ မြန်မာဘီယာ အကုန် တိုးတက်လာကြပါတယ်။ ကျနော်တို့ရောပါပဲ။ ကျနော်တို့က အခုမှ စမှာဆိုပေမယ့် တိုးတက်အောင် ကြိုးစားနေပါတယ်။ အဲဒါက ဈေးကွက်အတွက် အရမ်းကောင်းပါတယ်။ သောက်သုံးသူတွေအတွက် အရမ်းကောင်းပါတယ်။ ကျနော်တို့ ကောင်းလာတာနဲ့ ဝယ် သောက်တဲ့သူတွေလည်း အရည်အသွေးကောင်းတဲ့ဘီယာ သောက်ရတာပေါ့။
မေး။ ။ စားသုံးသူ ဆိုတာနဲ့ ပတ်သက်လို့ မေးချင်တာပါ။ တာဝန်သိတဲ့ စားသုံးမှုဆိုတာ ဘယ်လိုမျိုးလဲ ရှင်းပြပေးနိုင်မလား။
ဖြေ။ ။ ဒီလိုရှိပါတယ်။ တာဝန်သိ စားသုံးမှုရဲ့ အရမ်းအခြေခံကျတာ တခုပါ။ ကျနော်တို့ ဘီယာပုလင်းတွေ၊ ကန်ဘူးတွေမှာ စာသား လေးတွေ ပါတာ တွေ့ရမှာပါ။ ၁၈ နှစ်အောက် မသောက်ရ၊ မူးရင် မမောင်းနဲ့ အဲဒီလိုလေးတွေပါ။ ဒါပေမယ့် ဒါက စာသားလေးတွေ သက်သက်ပဲ။ ပြောဖို့က လွယ်တယ်။ တကယ်လုပ်ဖို့ လိုပါတယ်။ ဟိုးတလောက ကျနော်တို့ ဟန်နီကန်ကနေ နိုင်ငံလုံးဆိုင်ရာ လမ်း အန္တရာယ်ကင်းရှင်းရေး ကမ်ပိန်း လုပ်ခဲ့ပါတယ်။ ကာတွန်းပြိုင်ပွဲလည်း လုပ်ခဲ့ပါတယ်။ ကျနော်တို့ ဘီယာတဘူးမှ မရောင်းရသေး တာတောင် တာဝန်သိတယ်ဆိုတာ ဘာလဲဆိုတဲ့အကြောင်း ပြောနေပါပြီ။ ဒါက ကျနော်တို့ဟာ ဖြေရှင်းတဲ့နည်းလမ်းတွေရဲ့ အစိတ် အပိုင်းတွေပဲ ဖြစ်ချင်တယ်၊ ပြဿနာတွေရဲ့ အစိတ်အပိုင်းတွေ မဖြစ်ချင်ဘူးဆိုတာ ပြနေတာပါ။ ပြဿနာဖြစ်ပြီဆိုရင် အရမ်းနောက် ကျ သွားပါပြီ။
မေး။ ။ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေရော၊ ကျန်းမာရေးဆိုင်ရာ ကမ်ပိန်းတွေ လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ကျနော်တို့ အခုလောလောဆယ် လုပ်နေတာတွေ များနေတယ်။ လမ်းအန္တရာယ် ကင်းရှင်းရေး အကြောင်းနဲ့ တာဝန်သိစွာ စားသုံးမှုအကြောင်းတွေ ကျနော်တို့ လုပ်နေတယ်။ နောက်ပိုင်း အခုလုပ်နေတဲ့ ကမ်ပိန်းတွေ အဆင်ပြေပြေ ဖြစ်သွားပြီ ဆိုရင်တော့ ကျန်းမာရေးဘက်ကို လှည့်ပါမယ်။ အခုတော့ လုပ်ထားတာ လုပ်နေတာ မရှိသေးပါဘူး။
မေး။ ။ ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံတော်တော်များများနဲ့ ပူးပေါင်းလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက် ပွဲ ဟာ ဒီနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံသူတွေအပေါ် ဘယ်လိုသက်ရောက်သွားနိုင်တယ်လို့ ထင်မြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေး တည်ငြိမ်မှုဟာ နိုင်ငံတိုင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာပဲ မဟုတ်ပါဘူး။ လူတွေစိုးရိမ်ကြတဲ့ နိုင်ငံတော်တော်များများ ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံ ဖြစ်တာ မဖြစ်တာနဲ့ မဆိုင်ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ က ဈေးကွက်တွေဟာလည်း အတူတူပါပဲ။ အခုလို အချိန်မျိုး ဂရိမှာ ကိုယ့်စီးပွားရေး ရှိတယ်လို့ တွေးကြည့်ကြည့်ပါလား။ ဂရိက အခုဖြစ်နေတဲ့ ငွေကြေးကပ်နဲ့ဆို ဘာတွေ ဖြစ်နေမှန်း သိမှာတောင် မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေး အတိမ်းအစောင်းက နေရာ တိုင်းမှာ ရှိတယ်။ မြန်မာနိုင်ငံမှ မဟုတ်ဘူး။ မြန်မာနဲ့ တခြားနိုင်ငံတွေနဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ အမြဲတမ်း အကောင်းဆုံးကိုပဲ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အခု မြန်မာအစိုးရက တော်တော် ပြောင်းလဲတိုးတက်လာပါတယ်။ အဲဒါကြောင့် သူတို့ပဲ အစိုးရ အာ ဏာ ဆက်ရှိနေမည် ဖြစ်ပါစေ၊ တခြား အစိုးရလက်ထဲပဲ အာဏာပြောင်းသွားသည် ဖြစ်စေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အကောင်းမြင်ပြီး ဆက်ပြီး ပြောင်းလဲတိုးတက်နေဦးမယ် ဆိုရင်တော့ နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုတွေက တိုင်းပြည်အတွက် အလား အလာကောင်းတွေ ယူဆောင်လာမှာပါ။ ဒီအစိုးရနဲ့ပဲ ဖြစ်ပါစေ၊ နောက်အစိုးရနဲ့ပဲ ဖြစ်ပါစေ တိုင်းပြည်တိုးတက်ဖို့အတွက် အတူတူ လက်တွဲချင်ပါတယ်။
မေး။ ။ ဘာများ ထပ်ဖြည့်စွက် ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ ဟန်နီကန်ရဲ့ ဘယ်ပွဲကိုမဆို သွားရင် ဘီယာရယ်၊ ရိုးရိုး Non-alcohol ဆိုပြီး အမြဲရှိပါတယ်။ တကမ္ဘာလုံးမှာ အရက်ပါဝင်မှု နည်းတဲ့ ဘီယာကို စချက်လုပ်နေပါပြီ။ အရက်မပါဝင်တဲ့ ဘီယာကိုတောင် ချက်လုပ်ဖို့ ရှိနေပါပြီ။ ဟန်နီကန်မှာ အမျိုးတံဆိပ်ပေါင်း ၂၀၀ ကျော်နဲ့ အရသာ အမျိုးမျိုး ရှိပါတယ်။ ဒီဘီယာလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာပါပြီ။ အသစ် အသစ်တွေလည်း အများကြီးပါပဲ။ မြန်မာနိုင်ငံက အခုမှ စမှာပါ။ အဲဒါကြောင့် ဒီဈေးကွက်က တော်တော် စိတ်ဝင်စားဖို့ ကောင်း ပါလိမ့်မယ်။ ။