မင်္ဂလာ မန္တလေး စီမံကိန်းမှ Pull Man Mandalay Hotel တည်ဆောက်ရေး လုပ်ငန်းခွင် ပထမထပ် ရေကူးကန် ကြမ်းခင်း သံကူကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်စဉ် ကြမ်းခင်းအောက်ခံ ငြမ်းထောက် ပြိုကျပြီး ဆောက်လုပ်ရေး လုပ်သားနှစ်ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရခဲ့သည်။
ယခုဖြစ်စဉ်ကြောင့် နောင်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ သတိပြုရမည့် ဘေးအန္တရာယ် လျှော့ချရေး အပါအဝင်၊ အထပ် ၁၂ ထပ်နှင့်အထက် ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် စီမံကိန်းကြီးများတွင် Professional Engineer (P.E) လက်မှတ်ရထားသူများသာ ကြီးကြပ်ခွင့် ပြုစေရေးတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးထွန်းကြည်အား ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ မင်္ဂလာမန္တလေး စီမံကိန်းက Pull Man Mandalay ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှုရဲ့ အဓိက အကြောင်းရင်းက ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ကွန်ကရစ်လောင်းရမယ့် ထုထည်က နှစ်ပေကျော်တယ်။ ဧရိယာက ကြီးပေမယ့် ထောက်တဲ့ဒေါက်တွေ (ငြမ်း) က သမားရိုးကျ ဖြစ်နေတယ်။ ၄ လက်မအရွယ် သာမန်သံပိုက်လုံးတွေနဲ့ပဲ ငြမ်းဆင်ထားတယ်။ Joint ဆက်တွေ နည်းသလို သံပိုက်လုံးက သေးတဲ့အတွက် ခံနိုင်ရည် မရှိဘူး။ ပြီးတော့ အင်ဂျင်နီယာ သဘောအရပြောရင် သံငြမ်းတိုင် တတိုင်စီက ရေပြင်ညီ သွယ်တန်းထားတာရှိပြီး ဒေါင့်ဖြတ်ချုပ်တာတွေ မပါဘူး။ အဲဒီလို အားလုံး တိုက်ဆိုင်ပြီး ဖြစ်သွားတာပါ။
မေး။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အင်ဂျင်နီယာ တယောက်အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ ကွန်ကရစ်လောင်းတာ စနစ်တကျ မရှိတာရယ်။ ငြမ်းဒီဇိုင်း တွက်ချက်မှု မရှိဘဲ လုပ်ခဲ့တာကြောင့် ဖြစ်ပွားတယ်လို့ ယူဆပါတယ်။ ငြမ်းအမြင့်က ပိုက်တပြန် မကရှိပြီး ပိုက်ဆက်သုံးထားတဲ့အတွက် အဆက်နေရာတွေက အားပျော့တယ်။ Joint ဆက်တွေ တောင့်တင်းမှု မရှိတဲ့အတွက် ကွန်ကရစ် လောင်းချိန်မှာဖြစ်တဲ့ သက်ရောက်ဝန်အား (အလေးချိန် ၂ တန်) ကြောင့် ကွေးညွတ်ပြီး ပြိုကျမှု ဖြစ်ပေါ်တယ်လို့ သုံးသပ်မိပါတယ်။ ငြမ်းဆင်ထားတဲ့ သက်တမ်းကို ကွန်ကရစ် မလောင်းမီ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တဲ့အပြင် ကွန်ကရစ်လောင်းမှ ငြမ်းကြံ့ခိုင်ရေး စစ်ဆေးတာဟာ ရှောင်ရှားရမယ့် အလေ့အထပါ။
မေး။ ။ ဒီကိစ္စကို စိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီး စစ်တယ်လို့ သိရပါတယ်။ အဲဒီအပိုင်းကိုလည်း သိပါရစေ။
ဖြေ။ ။ နည်းပညာပိုင်း ဆိုင်ရာနဲ့ လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေး) အပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦး ပါဝင်တဲ့ စိစစ်ရေး ကော်မတီကို ဇွန် ၂၃ ရက်က ဖွဲ့စည်းလိုက်တယ်။
စိစစ်ရေး ကော်မတီရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ ကွန်ကရစ်လောင်းမယ့် ဧရိယာမှာ ငြမ်းဆင်ထားတာဟာ သစ်သားနဲ့ သံပိုက် အပိုင်းနှစ်ပိုင်းခွဲပြီး ဆင်ထားတာကို တွေ့ရတယ်။ အခုပြိုကျတဲ့ အပိုင်းက သံပိုက်ငြမ်း အသုံးပြုတဲ့ အပိုင်းက ဖြစ်တယ်။ သံပိုက်နဲ့ ငြမ်းဆင်တာကို ဒီဇိုင်းတွက်ချက်မှု မရှိဘဲ ဆောင်ရွက်ထားတာကို စစ်ဆေး တွေ့ရှိရတယ်။
သံပိုက်ငြမ်း အသုံးပြုမှုကလည်း သုံးထားတဲ့ သံပိုက်အရွယ်အစား သေးတယ်။ အဆောက်အအုံရဲ့ ပေ ၃၀ အမြင့်မှာ သံပိုက်ငြမ်းကို နှစ်ပြန်ဆက် အသုံးပြုထားတာရယ်၊ အဆက်နေရာတွေက တတန်းတည်း ဖြစ်နေတာရယ်၊ အင်ဂျင်နီယာ သဘောအရပြောရရင် ထောင့်ဖြတ်ချုပ်တန်းတွေ ပါဝင်မှု အရမ်းအားနည်းနေတာကို တွေ့ရတယ်။
သံပိုက်ငြမ်းတွေရဲ့ အဆက်ပစ္စည်း Joint ဆက်ခေါင်းတွေရဲ့ အရည်အသွေးက ကျွတ်ဆတ်ပြီး ညံ့တယ်။ ပြီးတော့ မြေညီထပ် ကြမ်းခင်းကို ကွန်ကရစ် လောင်းထားတာ မရှိဘဲ မြေကြီးတွေပဲ ဖြည့်ထားပြီး မြေသား သုံးလက်မခွဲပေါ်မှာ သစ်သားတန်းခံပြီး သံပိုက်ငြမ်းတိုင်တွေ ထောက်ထားတာ တွေ့ရတယ်။
အဲဒီတော့ ဖို့မြေပေါ်မှာ သစ်သားတန်းခံပြီး သံပိုက်ထောက်ထားတဲ့အတွက် မြေကျွံကျမှု ဖြစ်ပေါ်တာ ဖြစ်တယ်။ အရေးကြီးဆုံး တချက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဖြစ်ပြီး ဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသိပညာ ပေးထားမှုတွေ၊ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းတွေ သုံးစွဲမှု အားနည်းတာကို စစ်ဆေးတွေ့ရတယ်။
မေး။ ။ စစ်ဆေးတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ။ ။ ပြိုကျတဲ့ ငြမ်းအစိတ်အပိုင်းများ ဖယ်ရှားရှင်းလင်းရာမှာ ငြမ်းပညာရှင်က ဘယ်လိုနည်းစနစ်နဲ့ ဆောင်ရွက်မယ် ဆိုတာကို ကော်မတီကို တင်ပြပြီး ခွင့်ပြုချက်ရမှသာ ဆောင်ရွက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ကရစ် လောင်းနေတုန်း စက္ကန့်ပိုင်းအတွင်း ငြမ်းတွေ ပြိုဆင်းသွားတဲ့အတွက် ဘယ်နေရာက စပြိုကျခဲ့တယ် ဆိုတာကို မသိရတဲ့အပြင် လက်ရှိအခြေအနေ အရလည်း ဝင်ရောက်စစ်ဆေးဖို့ အခက်အခဲ ရှိနေပါတယ်။
မေး။ ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ငြမ်းဆင်တဲ့ ပညာနဲ့ ပတ်သတ်ပြီး ဘယ်လိုအားနည်းချက်တွေ ရှိနေတာကို တွေ့ရပါလဲ။
ဖြေ။ ။ ဒီမှာ ငြမ်းဆင်တဲ့ ပညာနဲ့ပတ်သက်ပြီး မဖွံ့ဖြိုးသေးဘူး။ အဲဒါကြောင့်လည်း အင်ဂျင်နီယာအသင်း ဟောပြောပွဲတွေမှာ အမြဲထည့်ပြော ဖြစ်တယ်။ ငြမ်းဆင်အလုပ်သမား အများစုမှာ သစ်သားနဲ့ ငြမ်းဆင်တာကိုပဲ ကျွမ်းကျင်မှုရှိပြီး သံပိုက်ငြမ်းဆင်ရာမှာ အတတ်ပညာပိုင်း ကျွမ်းကျင်မှု အားနည်းပါတယ်။ ပြီးတော့ ဆောက်လုပ်ရေး လုပ်သားတွေရဲ့ ပိုက်ငြမ်းဆက်ထားတဲ့ Joint ဆက်တွေကို တာဝန်ခံ အင်ဂျင်နီယာတွေက ကြပ်မတ်စိစစ်ဖို့လည်း လိုအပ်ပါတယ်။
မေး။ ။ ငြမ်းဆင်တဲ့အပြင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် ဘာတွေရှိပါသေးလဲ။ နောင်မှာ ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် ဘာတွေသတိပြု ဆောင်ရွက်သင့်ပါလဲ။
ဖြေ။ ။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလို အဖွဲ့အစည်းတွေက နောင်မှာ အဆောက်အအုံရဲ့ ခန်းဖွင့်၊ အရပ်အမြင့်၊ ထမ်းရမည့် ဝန်အလေးချိန်ပေါ် မူတည်ပြီး ဘယ်အတိုင်းအတာ အလေးချိန်မှာ ပုံဆင်ပုံရိုက်လုပ်ငန်း (Form Work & False Work) ဒီဇိုင်းတွက်ချက် တင်ပြရမယ်။
ဘယ်လောက် အတိုင်းအတာ အလေးချိန်မျိုးမှာ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို အသုံးပြုမယ့် ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး Code of Practice ဆိုတာမျိုး ထုတ်ပြန်ပေးသင့်ပါတယ်။ အခုလို နိုင်ငံခြားသား စီမံခန့်ခွဲမှု ပါဝင်တဲ့ ဖြစ်စဉ်မျိုးမှာ သူတို့စီမံကိန်းရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွေ၊ အင်ဂျင်နီယာ ကောင်စီက သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှု မှတ်ပုံတင် လက်မှတ် ရှိ၊ မရှိတို့ကို သေချာစစ်ဆေးပြီးမှ ဆောင်ရွက်သင့်ပါတယ်။
မေး။ ။ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ဒီဖြစ်ရပ်ကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိစေပါလဲ။
ဖြေ။ ။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ဒီဇိုင်း၊ သုံးစွဲတဲ့ ပစ္စည်းရဲ့ အရည်အသွေး၊ ကျွမ်းကျင်လုပ်သား၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် စစ်ဆေးချက်၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး အပိုင်းတွေကို သေချာစိစစ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ လုပ်ငန်းခွင်အတွက် Rule and Regulation, Code of Practice တွေ ချမှတ်ပြီး လုပ်ငန်းစံနှုန်းကောင်းတွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။
မေး။ ။ အင်ဂျင်နီယာအသင်း အနေနဲ့ရော ဆောက်လုပ်ရေး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းဖို့အတွက် ဘာတွေ အကြံပြုချင်ပါလဲ။
ဖြေ။ ။ လုပ်ငန်းခွင်သုံး ပစ္စည်းများရဲ့ အရည်အသွေး စစ်ဆေးချက် မှတ်တမ်းတွေ ထားရှိတာ၊ နောင်မှာ အလားတူ ထိခိုက်နစ်နာမှုမျိုး မဖြစ်ရအောင် စံနှုန်းအသစ်၊ စည်းကမ်းသတ်မှတ်ချက် အသစ်တွေ ချထားဖို့ လိုအပ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ပိုက်ငြမ်းတွေကို အဆောက်အအုံ ဆောက်လုပ်ခြင်း၏ Formwork အောက်မှာ အသုံးပြုနိုင်မယ့် ငြမ်းတွေ ဖြစ်နိုင်၊ မဖြစ်နိုင် အရင်စစ်ဆေးသင့်ပါတယ်။
လုပ်ငန်းခွင်မှာ အသုံးပြုမယ့် ပိုက်ငြမ်းတွေ အနေနဲ့ နေရာခွဲခြား အသုံးပြုလို့ရတဲ့အဆင့် သတ်မှတ်ချက် ဆိုတာမျိုး ထားရှိသင့်ပါတယ်။ ငြမ်းတင်ထားတဲ့ မြေကြီးရဲ့ ခံနိုင်အားနဲ့ ဒီဇိုင်းပုံစံအတိုင်း တည်ဆောက်မှု ရှိ၊မရှိကို ကွန်ကရစ် မလောင်းခင် ကြီးကြပ်အင်ဂျင်နီယာက အသေးစိတ် စစ်ဆေးသင့်တယ်။ ပြီးတော့ သံငြမ်းလို အဆောက်အအုံသုံး ပစ္စည်းအသစ်တွေ သုံးစွဲတော့မယ်ဆိုရင် မသုံးစွဲမီ ကျွမ်းကျင်မှုရှိဖို့ အသုံးပြုမယ့် အလုပ်သမားတွေကို သင်တန်းပေးသင့်ပါတယ်။
ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းမျိုးမှာ ဆိုရင်တော့ အလုပ်သမားတွေ အနေနဲ့ အနည်းဆုံး ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ဦးထုပ်နဲ့ ရှုးဖိနပ်စီးပြီး လုပ်ငန်းလုပ်ကိုင်ခိုင်းတာမျိုးကို စည်းကမ်းတရပ် အနေနဲ့ ပြဌာန်းသင့်ပါတယ်။ အရေးကြီးဆုံး တချက်အနေနဲ့ ကွန်ကရစ်လောင်းချိန် ပုံဆင်ထားတဲ့ ငြမ်းအောက်မှာ လုပ်သားများ ရှိမနေသင့်ပါဘူး။ အကယ်၍ လုပ်ငန်းလိုအပ်ချက်ကြောင့် ရှိနေရင်လည်း လိုအပ်တဲ့ အကာအကွယ် အရံအတားတွေ ကြိုတင် စီစဉ်ပေးထားသင့်ပါတယ်။