အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို ပါတီဝင် ဖြစ်ရမည်ဟု ပြောဆိုလိုက်ခြင်းကြောင့် ပါတီထဲတွင် စစ်ရေးအမြင်၊ ကာကွယ်ရေးအမြင်နှင့် အတွေ့အကြုံများစွာရှိသည့် ယခင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦးကို သမ္မတလောင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်းလာကြသည်။ ထို့ကြောင့် အများထင်မြင်ယူဆသကဲ့သို့ ဖြစ်နိုင်မည်လားဆိုသည်ကို NLD နာယက သူရဦးတင်ဦးကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလောင်းကို NLD ပါတီဝင် ဖြစ်ရမယ်လို့ ပြောထားတယ်။ သူကိုယ်တိုင် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တော့ဘူး။ ဒီလို အချိန်မှာ အတွေ့အကြုံများတဲ့ အန်ကယ်ကို သမ္မတလောင်းအဖြစ် ထင်ကြေးပေးနေကြတော့ အဲဒီအပေါ်မှာ ဘာများပြောချင်လဲ။
ဖြေ။ ။ ကျနော်ကတော့ မလုပ်ပါဘူး။ အခုလည်း ဒီသတင်းတွေ ကျနော်ကြားနေတယ်။ တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့်ကို ပြောနေကြတယ်။ ကျနော်က နဂိုမူလကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လေးစား ပြီးတော့ သူ့ရဲ့လုပ်ငန်းကိုပဲ အောင်မြင်အောင် ကျနော်ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေနဲ့ ကူလုပ်ပေးမယ်ဆိုပြီး ကျနော်လာတာ။ အဲဒါပဲ ရှိတယ်။
အခုလည်းပဲ ဒီအတိုင်းပဲ။ အရွေးခံချင်တာ၊ ရွေးချယ်ချင်တာတွေ ဘာမှ မရှိဘူး။ ဒီလို အရွေးခံဖို့ ဘယ်တုန်းကမှ စိတ်မကူးဘူး။ တခုရှိတာ ၁၉၈၈ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ဥပဒေ ထွက်တုန်းက ကျနော်က နေအိမ် အကျယ်ချုပ် ကျနေတယ်။ အဲဒီအချိန်တုန်းက အရွေးခံမှာလားဆိုပြီးတော့ လာမေးကြတယ်။ အဲဒီအချိန်တုန်းက မဝင်ဘူးလို့ ပြောမလို့ဘဲ။ ဒါပေမယ့် မဝင်ဘူးလို့ ပြောလိုက်လို့ ရှိရင် ကျနော်ကလည်း အချုပ်အနှောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အချုပ်အနှောင်နဲ့ဆိုတော့ ခေါင်းဆောင် ၂ ယောက်စလုံး အချုပ်အနှောင်ထဲဝင်နေရင် အဖွဲ့က စိတ်ဓာတ်ကျသွားနိုင်တယ်။
ဒါပေမယ့် ဝင်မယ်လို့ ပြောလိုက်ရင် ကျနော့်ကို ထောင်ထဲ ချက်ချင်း ထည့်မယ်ဆိုတာ သိတယ်။ ကျနော်က ဆုံးဖြတ်လိုက်တယ်။ ရောက်ချင်လည်း ရောက်ပစေ။ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်မကျရအောင် ဝင်မယ်လို့ ပြောလိုက်တယ်။ ဝင်မယ်လည်း ပြောလိုက်ပြီးရော ချက်ချင်းပဲ မနက်အစောကြီး ခေါ်သွားပြီးတော့ အကျဉ်းချလိုက်တာပေါ့။
မေး ။ ။ အန်ကယ်ပြောတာက အရင်တုန်းက အခြေအနေတွေပါ။ အခုက အဲလို အခြေအနေတွေ မဟုတ်တော့ဘူး။ ပြောင်းသွားပြီဆိုတော့။
ဖြေ ။ ။ ဟုတ်တယ်။ အခြေအနေကတော့ ပြောင်းသွားပြီ။ ဒီဟာနဲ့ ပတ်သက်တဲ့ အဆိုအမိန့်က ရှိပြီးသား။ ကျနော်က ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့တယ်။ ရှင်ငယ်ဝမ်းထဲလည်း ဝင်ခဲ့ဖူးတယ်။ ခုနက ပြောခဲ့သလို စွန်ရဲဟာ သားတစ်ကို ချီထားရင် အဲဒီချီလာတဲ့ စွန်ကို ဝိုင်းပြီး တိုက်ခိုက်တာက ရှိတာကိုး။ သူ့ပါးစပ်ထဲက လွတ်သွားတဲ့အခါမှ အတိုက်အခိုက်က လွတ်တာကိုး။ ကျနော်က တော်တော်များများကို တွေ့ခဲ့ကြုံခဲ့ဖူးတော့ မက်မောစရာလည်း မရှိဘူး။
တိုင်းပြည်အတွက် အေးအေးချမ်းချမ်းပဲ ကိုယ်တတ်နိုင်သမျှ လုပ်သွားပေးချင်တယ်။ တိုင်းပြည်ကို အောင်မြင်အောင် လုပ်ပေးမယ့် ပုဂ္ဂိုလ်ရှိလာခဲ့ရင်တော့ ဝိုင်းကူမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာ တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်း ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း ပင်ကိုယ်အရည်အချင်းတွေ ရှိတယ်။ ဆွေးနွေးပြီးတော့ လုပ်ကိုင်လာတဲ့အခါမှာလည်း သူ့ရဲ့လုပ်ဆောင်မှုတွေ အသက်စွန့်ပြီးတော့ ရဲရဲဝံဝံ လုပ်လာတာ တွေကလည်း ရှိလာတော့ ကျနော်ကတော့ အောင်မြင်အောင် ဆောင်ရွက်ပေးရမှာပဲ။
ကျနော်အနေနဲ့ အဖွဲ့ထဲမှာ အကွဲအဟလေး ဖြစ်သွားတာမျိုး ဘယ်တော့မှ မဖြစ်စေချင်ဘူး။ နဂို မူလကတည်းက အောင်မြင်အောင် လုပ်ပေးမယ်။ ကူညီမယ်ဆိုတဲ့ အပိုင်းပဲ ရှိတာ။ ဒီနေ့ လူတွေ အများကြီး ပြောလာတယ်။ ဖြစ်လာနိုင်တယ်ပေါ့။ ကျနော် လုံး၀ မလုပ်ပါဘူး။
မေး ။ ။ အန်ကယ်ကိုယ်တိုင် ဆန္ဒမရှိသော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီက တာဝန်ပေးလာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။
ဖြေ ။ ။ မလုပ်ပါဘူး။ တာဝန်ပေးလာခဲ့ရင်လည်း မလုပ်ဘူး။ ကျနော် တော်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် အသက်က ၈၉ နှစ်ထဲမှာ။ အသက် ၉၀ လောက်မှ လုပ်ရမယ်ဆိုရင် လူဟာ ဘာပဲ ပြောပြော ကာယအားဖြင့် လည်း ကောင်း၊ ဉာဏအားဖြင့် လည်းကောင်း ဆုတ်ယုတ်နေတာပဲ။ အဲဒါကြောင့် မလွယ်ဘူး။ မလုပ်သင့်တော့ဘူး။ ဒါကနောက်ပိုင်း အခြေအနေကို ပြောတာ။ အရင်ကတည်းကလည်း မလုပ်ချင်ပါဘူး။
ဒီအလုပ်က သားတစ်ချီပြီး လုပ်ရတဲ့ဟာဆိုတော့ လိုက်ပြီး တိုက်ကြခိုက်ကြမယ်။ ဟိုးတုန်းကလည်း ဒီလိုပဲ။ လူငယ် တွေ အော်ကြတယ်။ ကျောင်းသားတွေက အော်ကြတယ်။ “နေဝင်း၊ စန်းယု”ကျဆုံးပါစေ။ “စိန်ဝင်း၊ တင်ဦး” အောင် မြင်ပါစေ ဆိုပြီးတော့လေ။ အဲဒီအချိန်က စပြီးတော့ ကျနော့်မှာ အန္တရာယ် ရှိလာပြီ။ ကျနော်မှာ ဒီလောကထဲက ထွက် လို့ မရဘူး ဖြစ်နေတယ်။ ကျနော်ကတော့ အောင်မြင်အောင် ဆောင်ရွက်ပေးဖို့ ဆိုတဲ့ သန္ဓိဋ္ဌာန် ချထားတယ်။ ကျနော်ကြောင့် အဖွဲ့အစည်းမှာ ဆူခြင်း၊ ပူခြင်း လုံး၀ မရှိဘူး။ အေးအေးဆေးဆေးပဲ။ ကျနော်ကလည်း အဲလိုပဲ ဖြစ်ချင်တယ်။ ကျနော်က အားလုံးကို စိတ်သန့်သန့်နဲ့ လုပ်ပေးရတဲ့ သဘောမျိုး ဖြစ်တာပေါ့။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ဘယ်လို သဘောထား ရှိလဲ။
ဖြေ ။ ။ NLD ကတော့ အခုအချိန်မှာ ဗဟို ဦးစီးစနစ်ကနေ ပိုပြီး ဒီမိုကရေစီဆန်တဲ့ စနစ်ကို ကူးပြောင်းလာတယ်။ အဲဒီစနစ်ကို ရောက်ပြီလားဆိုတော့ အခြေအနေ အချိန်အခါအရ မရောက်နိုင်သေးဘူး။ ဒီလိုပဲ အဖွဲ့အစည်းကို ဆက် လက် ရှင်သန်အောင် ကြိုးစားရမယ်။ ကျနော်တို့က အသက်အရွယ်တွေလည်း ကြီးကုန်ကြပြီ။ ဒါကြောင့် လူငယ်တွေ ကို နေရာပေးဖို့ လုပ်နေတယ်။ အခုလည်း ဗဟိုအောင်နိုင်ရေးဆိုပြီး ဖွဲ့ထားပြီးတော့ သူတို့ကိုလည်း တာဝန်တွေ ဘာ တွေ ခွဲပေးနေတယ်။ ကျနော်က အဲဒီလို လုပ်ပေးဖို့ တာဝန်ပဲ ရှိတော့တယ်။ ဘာမှ လှုပ်လှုပ်ရှားရှား မရှိတော့ဘူး။ ကျနော် သမ္မတ မလုပ်ပါဘူး။ စိတ်ချလက်ချ အေးအေးဆေးဆေးသာနေကြ။ ကျနော့်ကို ဒီလိုပဲ ဝိုင်းပြောနေကြတာ။
မေး ။ ။ အခုက အန်ကယ်နဲ့ ဦးဝင်းထိန်နဲ့ကို သမ္မတလောင်းအဖြစ် မှန်းထားကြတယ်။
ဖြေ ။ ။ ဦးဝင်းထိန်ကလည်း ကျန်းမာရေး မကောင်းဘူး။ ကျနော့်လောက်တောင် မမာဘူး။ ဆိုတော့ မလုပ်နိုင်ကြ တော့ဘူး။ (ယခု အင်တာဗျူး လုပ်နေချိန်တွင် ကျန်းမာရေး မကောင်းဘဲ လမ်းလျှောက်လျှင် တုတ်တချောင်း၏ အကူအညီဖြင့် သွားနေရသော ဦးဝင်းထိန်လည်း လာထိုင်နေသည်။)
မေး ။ ။ အန်ကယ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ခဲ့တော့ လက်ရှိ တပ်မတော်အပေါ်မှာ ဘယ်လို သဘောထားရှိလဲ။ နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ပါနေတဲ့အပေါ် ဘာပြော ချင်လဲ။
ဖြေ ။ ။ အမှန်က တပ်မတော်က နိုင်ငံတနိုင်ငံမှာ မရှိမဖြစ် လိုအပ်တယ်။ ဒါပေမယ့် တပ်မတော်ဟာ ပြည်သူလူထုကို အကျိုးပြုရမယ်။ အခုဟာက ပြည်သူလူထုကို အကျိုးပြုဖို့ထက် တပ်က ကိုယ့်အကျိုးကိုယ် ကြည့်တာ နည်းနည်း များနေတယ်။ နည်းနည်းမဟုတ်ဘူး။ တော်တော်များနေတာ။ အဲဒီဟာကို ပြေပျောက်အောင် လုပ်ဖို့ လိုတယ်။
ဦးနေဝင်းကိုယ်တိုင်က တပ်ကို အစပိုင်းမှာ အခြေခံကောင်းတွေနဲ့ စနိုင်ခဲ့တာပဲ။ ဒါပေမယ့် နောက်ပိုင်း အတ္တတွေကြီး လာပြီးတော့ ပုံစံပြောင်းသွားတယ်။ ဦးနေဝင်း ကိုယ်တိုင် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်နဲ့ လဲ၍ ကာကွယ် စောင့်ရှောက်မယ် ဆိုပြီး ကတိသစ္စာပြု လက်မှတ်ထိုးခဲ့တာပဲ။ တပ်မှူးတွေအားလုံးကလည်း တပ်မှူးညီလာခံမှာ လက်မှတ်ထိုးခဲ့ကြတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ပြန်ခဲ့တဲ့သူရှိသော် ငါကိုယ်တိုင် ပြတ်ပြတ်သားသား အရေးယူမယ်ဆိုပြီး ပြောခဲ့တာ။ နောက်ပြီး သူကိုယ်တိုင်ပဲ အရင် ပြန်ဖောက်လိုက်တယ်။
နိုင်ငံတော်မှာ တပ်မတော် ဝါဒဆိုတာ ရှိတယ်။ ကိုယ့်နိုင်ငံဟာ အင်မတန် မဟာဗျူဟာမြောက် နေရာမှာလည်း ရောက် နေတယ်။ နိုင်ငံကြီး ၂ ခုကြားထဲမှာ။ သယံဇာတလည်း ပေါတယ်။ ဒါပေမယ့် အခုတော့ ကုန်ပါပြီ။ ဒီလို နိုင်ငံမျိုးက အန္တရာယ် ရှိတယ်။ အဲဒါကြောင့် ကိုယ့်နိုင်ငံနဲ့ သင့်တော်မယ့် စစ်ရေး မဟာဗျူဟာ ဝါဒ တခုတော့ ရှိရမယ်။
ပထမက အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ချစ်ခင်စွာ သူငယ်ချင်းကောင်း ပီသအောင် နေမယ်။ နောက် အချင်းချင်း သင့်မြတ် အောင် နေမယ်။ သူများကိုလည်း မကျူးကျော်ဘူး။ ကိုယ့်နိုင်ငံကိုလည်း ကျူးကျော်မခံနိုင်ဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာရင် ပြည်တွင်းမှာ ခုခံကာကွယ်မယ့် အင်အားသည် ပြည်သူလူထု။ စစ်တပ်သည် နိုင်ငံရဲ့ ရှေ့ တန်းကနေ ရပ်တည်ပြီးတော့ ဆောင်ရွက်တဲ့ဟာကို တပြည်လုံးက ခုခံပြီးတော့ အဓိက နိုင်ငံတော်ကို ကာကွယ် မှာက ပြည်သူလူထုနဲ့ တိုင်းရင်းသား တရပ်လုံးပဲ ဖြစ်တယ်ဆိုတာပဲ။ အဲလိုမဟုတ်ဘဲ သူတို့ပဲ ကယ်တင်တယ်။ သူတို့ပဲ လုပ် နိုင်တယ်ဆိုတာ မှားနေတယ်။
စစ်သည်တဦး တိုက်ပွဲမှာ ဝင်နိုင်ဖို့ ပြည်သူလူထုက နောက်ကနေ ထောက်ပံ့နေရတယ်။ သူနေဖို့ စားဖို့ သောက်ဖို့ အကုန်လုံး ပြည်သူလူထုက ထောက်ပံ့ရတာ။ ဒါကြောင့်မိုလို့ ဒီနိုင်ငံကို ခုခံကာကွယ်မယ်ဆိုရင် ထုနဲ့ ခုခံကာကွယ်မှ ရမယ်။ ထုဆိုတာ ပြည်သူလူထုပဲ။ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှု အင်အားနဲ့မှ ရမယ်။