“တပ်မတော် မဲရုံပဲဖြစ်ဖြစ် အရပ်ဘက် မဲရုံပဲဖြစ်ဖြစ် ရပိုင်ခွင့်အတူတူပါပဲ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသားပြည်နယ်တခုဖြစ်သော မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများက ကြိုတင်ပြင်ဆင်နေသကဲ့သို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အလုပ်များနေပြီဖြစ်ရာ မွန်ပြည်နယ်အခြေစိုက် ဧရာဝတီသတင်းထောက် ဟေမာနွန်က  မွန်ပြည် နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် ကိုတွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။     ။ မွန်ပြည်နယ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဘာတွေပြင်ဆင်ထားပြီးပြီးလဲ။

ဖြေ။     ။ အဲဒီမဲစာရင်းကို ပြင်ဆင်ဖြည့်စွက်ကန့်ကွက်စာရင်းတွေစုစည်းနေတာရှိတယ်။ ဒါကို ၃၀ ရက်အထိထား ပေမယ့် လည်း  မဲဆန္ဒပြည်သူတွေပါအောင် လုပ်ပေးနေတာရှိတယ်။ နောက်ဆက်တွဲ ပါဝင်မယ့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ဝင်မိသားစု တွေကို အခြေခံမဲစာရင်းပြုစုနေတယ်။ အခြေခံမဲစာရင်းကတော့ ၁၄သိန်း ၂သောင်း ကျော်ရှိတယ်ပေါ့။ ပြီးခဲ့တဲ့ အခြေခံ ပြုစုတဲ့ မဲစာရင်းမှာ တပ်၊ ရဲနဲ့သူတို့ရဲ့မိသားစုဝင်တွေမပါဘူးပေါ့နော်။ အခုသူတို့ဆီက အချက်အလက် အသေး စိတ် မဟုတ် ဘဲနဲ့ လူဦးရေဘယ်လောက်ရှိနိုင်မလဲဆိုတာကို ကောက်လိုက်တဲ့အခါမှာ ခန့်မှန်းမဲပေးခွင့်ရှိသူ ၂၅၀၀၀ ဝန်းကျင် လောက်ရှိတယ်။ အဲဒီအထဲမှာ သထုံခရိုင်ဘက်ခြမ်းမှာ အကျဉ်းဦးစီးဌာနလည်းပါတာပေါ့နော်။ ပထမ အခြေခံ ကောက် တုန်းက ၁၄သိန်း ၂သောင်းကျော်ဆိုတော့ မွန်ပြည်နယ်တခုလုံးမှာ မဲပေးနိုင်တဲ့သူ ၁၄သိန်းခွဲလောက်ရှိမယ် ခန့်မှန်း ရပါတယ်။

မေး။     ။ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနမှာ မဲပေးနိုင်သူ ၂၅၀၀၀ ဝန်းကျင် ဆိုတာက ဘယ်လိုရေတွက် ထည့်သွင်းတာပါလဲ။

ဖြေ။     ။ ဘယ်လိုကောက်လဲဆိုတာ ဥပမာတပ်ဆိုရင် ၁၈နှစ်ပြည့် စာရင်းတွေရှိတယ်လေ။ ၁၈နှစ်ပြည့်  အထက်၊ အောက် စာရင်း တွေရှိတယ်။ မဲပေးပိုင်ခွင့်စာရင်းတွေရှိတယ်။ ရဲတွေလည်း အဲလိုမျိုးအလားတူပါပဲ။ အဲလိုမျိုးသူတို့ စာရင်း တွေ မူတည် ပြီးတော့ ဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေလားဆိုတာ ကြည့်ပြီးတော့ မဲစာရင်းပြုစုတာပေါ့နော်။ အားလုံးပေါင်း ဘယ်လောက်ရှိမလဲ ဆိုပြီးတော့ ခန့်မှန်းခိုင်းတော့ ၂၅၀၀၀ လောက် ထွက်လာတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တပ်မတော် မဲရုံ ၆၁ရုံ လျာထားတယ်။ မွန်ပြည်နယ်တခုလုံးမှာ မဲရုံပေါင်း ၉၃၂ရုံ ရှိမယ်။ အဓိကကတော့ မဲစာရင်းပါပဲ။ ပြုစုဆဲပဲ ဖြစ်တယ်။ မဲစာရင်းကိုကြည့်ပြီးတော့ မဲရုံတည်ဆောက်ရတဲ့အတွက်ကြောင့် မဲစာရင်းကငြိမ်သွားပြီးဆိုရင်တော့ မဲရုံအရေအတွက်လည်း အတည်ဖြစ်သွားပါပြီ။

မေး။     ။ ၂၀၁၀ရွေးကောက်ပွဲ အတွေ့အကြုံအရ တပ်မဲဆန္ဒနယ်တွေမှာ မဲဆွယ်စည်းရုံးဖို့ ခက်တယ်ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ ပါတီတွေရော တပ်မဲဆန္ဒနယ်တွေမှာ လွှတ်လွတ်လပ်လပ်မဲဆွယ်စည်းရုံနိုင်ပါ့မလား။

ဖြေ။     ။ တပ်မတော် မဲရုံပဲဖြစ်ဖြစ် အရပ်ဘက် မဲရုံပဲဖြစ်ဖြစ် ရပိုင်ခွင့်အတူတူပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တပ်မဲရုံကိုတော့ စာသင်ကျောင်းတွေမှာလုပ်ခဲ့တယ်။ အခုတပ်မဲရုံလုပ်မယ်ဆိုရင် အရပ်မဲရုံလိုပဲ ကိုယ်စားလှယ် လောင်းတွေ၊ လေ့လာ လို သူတွေ၊ ပြည်သူလူထုတွေ၊ မီဒီယာတွေ လွတ်လွတ်လပ်လပ် အရပ်မဲရုံလိုပဲသွားလာနိုင်အောင် စီမံပေးရမယ်။ ဥပမာ- တပ် ဆိုရင် လုံခြုံရေးအရ မသွားရဆိုတဲ့နေရာဆိုရင် ကန့်သတ်ပြီးပိတ်ထားပေါ့။ မဲရုံကိုတော့ လွတ်လွတ် လပ်လပ် သွားနိုင် တဲ့လမ်းတကြောင်းတခုတော့ပေးရမှာပေါ့။ မဲရုံမှာလွှမ်းမိုးမှုမရှိအောင် မဲရုံမှူးရဲ့ကွပ်ကဲမှု၊ စီမံမှု အောက်မှာ လုပ်နိုင်ရမယ် အဲဒီလိုမျိုးလုံခြုံရေးအရ မလုပ်ပေးနိုင်ဘူးဆိုရင် အရပ်ဘက်မဲရုံမှာကိုယ်တိုင်ကိုယ်ကျသွားပေးရမယ်။

မေး။     ။ မွန်ပြည်နယ် မဲစာရင်းမှာ ဘယ်လိုအမှားမျိုးတွေတွေ့နေရလဲ။

ဖြေ။     ။ ပြည်နယ်နှင့်တိုင်းအားလုံးလိုလိုက အမှားတွေရှိနေတာရှိတယ်။ ဆိုလိုတာက ပုံစံ(၃)၊ ပုံစံ(၄)၊  ပုံစ၄(ဂ) ဆိုတာ ရှိရာမှာ လက်ရှိပြင်ဆင် ကန့်ကွက်ဖြည့်စွက်က  ၆ သောင်းကျော်လောက်ရှိတယ်။ လာကြည့်တဲ့ အင်အားနည်းတော့ ပြင်ဆင် ကန့်ကွက် ဖြည့်စွက်က နည်းတာပေါ့နော်။ ကြည့်တာကတော့ ၂ သိန်းကျော်ကျော်လောက်ပဲရှိတာပေါ့နော်။ အမှား တွေကိုပြန်လည်သုံးသပ်တဲ့အခါမှာ ရပ်ကျေးကော်မရှင်တွေ စာရင်းပြုစုရာမှာ အားနည်းချက်တွေသွားတွေ့ရတယ်။ မှားတဲ့ ဟာ တွေ အိမ်ထောင်စုစာရင်းကျန်ခဲ့တဲ့ဟာတွေကို သူများလာကြည့်မှပြင်တာမဟုတ်ပဲနဲ့ တို့မှားတဲ့ဟာ တွေပြန်ပြင် လို့ရ တဲ့ ပြင်ပါဆိုပြီးတော့ ပြင်ပေးနေတာရှိတယ် ကြည့်မှပြင်မှာမဟုတ်ဘူး။ တို့မှားတဲ့ဟာတွေလည်းပြင်မယ်။

မေး။     ။ ကြိုတင်မဲပေးခွင့်ရှိသူကိစ္စကိုရော ဘယ်လိုစီမံထားလဲ။

ဖြေ။     ။ မဲဆန္ဒနယ် ပြင်ပမှာရှိတဲ့လူတွေအတွက် ကြိုတင်မဲက၂ရက်အလိုမှာပေးရတာပေါ့နော်။ အဲဒါကမြို့နယ်က စီမံ ပေးရတယ် မဲဆန္ဒနယ်အတွင်းဆိုရင် ရပ်ကျေးမှာပေးရတယ်။ ကြိုတင်မဲပေးတာက ဥပဒေမှာလည်းဖော်ပြထားပြီးသားပဲ တပ်မတော်သားနဲ့မိသားစုဝင်တွေ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ အချုပ်သားတွေ၊ ဆေးရုံ တက် နေရတဲ့အတွင်းလူနာတွေ၊အစိုးရခွင့်ပြုချက်ရ နိုင်ငံခြားမှာရောက်နေတဲ့သူတွေ။ ဒါပေမယ့် မဲဆန္ဒနယ် ပြင်ပဆိုရင် မြို့နယ်မှာကြိုတင်မဲလုပ်ပြီးတော့ မဲဆန္ဒနယ်အတွင်းဆိုရင်တော့ ရပ်ကျေးမှာပေးတယ်။ ဘာလဲဆိုတော့ မဲရုံကို မလာနိုင်တဲ့သူတွေ အသက်ကြီးသူ၊မီးဖွားနေတဲ့သူတွေ၊အတွင်းလူနာတွေက မဲဆန္ဒနယ်အတွင်းမှာရှိတယ် ကြိုတင်မဲကို အဲဒီလိုလုပ်တယ်။ အရင်တုန်းကလိုမဟုတ်ဘဲနဲ့ ကြိုတင်မဲကို မဲရုံမှာပဲကြည့်လို့အောင်ကပ်ထားတယ်။ ကြိုတင်မဲက တရာဆိုရင် မဲရေတွက်တာ ၁၅၀ဆိုရင်လွဲနေပြီးပေါ့နော်။ ဒါမျိုးမလွဲအောင် ၁၀၀ ရှိနေရင် မဲထည့်သူက ၉၀-၇၀ရှိရင် ရှိနိုင်တယ်။ကြိုတင်မဲစာရင်းက မဲပုံးနဲ့သွားပါတယ်။ မဲပုံးကိုချိတ်ပိတ်ထားပြီးတော့ ထပ်ဖြည့်လို့လည်းမရပါဘူး။ နုတ်သွားလို့လည်းမရပါဘူး။

မေး။     ။  မသန်စွမ်းသူတွေ မဲပေးနိုင်ဖို့ရော ဘယ်လို စီစဉ်ထားပါသလဲ။

ဖြေ။     ။ မသန်စွမ်းသူတွေစာရင်းတွေကို ပြန်ပြုစုနေဆဲဖြစ်တယ်။ အခုမြို့နယ်တွေကိုပြန်တောင်းပြီးတော့ မသန်စွမ်း မဲစာရင်း မျက်မမြင်ပါပါတယ်။ ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေတဲ့သူတွေရောစာရင်းကိုယူတယ်။ မသန်စွမ်းဖြစ်နေတဲ့သူကို မဲရုံမှာမဲဘယ်လိုပေးနိုင်မလဲ။ စုပြီးပေးနိုင်တဲ့အနေအထားကိုဖန်တီးမလား။ မသန်စွမ်းမှုကိုမူတည်ပြီးတော့ မဲရုံကိုဘယ်လိုဖန်တီးသွားမလဲပေါ့နော် ဒါကိုကျနော်တို့စီမံဆဲပဲဖြစ်တယ်။

မေး။     ။ မဲပေးရမယ့်ပုံစံက ဘယ်လိုရှိပါလဲ။

ဖြေ။     ။ ဆန္ဒမဲထုတ်မယ်၊ စစ်ဆေးမယ်။ မှန်တယ်ဆိုရင်မဲထုတ်ပေးမယ်။ လက်မှတ်လက်ဗွေထိုးမယ် ပြီးရင်လျို့ဝှက် ဆန္ဒပြုခန်းကို မဲလက်မှတ်ယူသွားမယ်။ တံဆိပ်တုံးနဲ့ ထုပြီး မဲမယ်။ ပြီးရင်မဲထည့်မှာပေါ့နော်။ မှတ်ပုံတင် ပါရင်ယူသွား ပေါ့နော်။ မဲစာရင်းမှာပါရင်မဲထည့်ခွင့်ရှိပါတယ်။ အဲဒီလိုပဲသွားမှာပေါ့နော်။ အပြင်ထွက်လာရင်မှင်တို့မယ် အဲဒီမှင်ကလည်း၂ ရက် လောက်ဖျက်လို့မရပါဘူး။

မေး။     ။ မွန်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ရှိနေတော့ အဲဒီဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ အဆင်ပြေပါ့မလား။

ဖြေ။     ။ ၂၀၁၀တုန်းက ကျနော်တို့ပြည်နယ်ထဲမှာကျိုက်ထိုမှာ ၆ အုပ်စု၊ဘီလင်းမှာ ၃ အုပ်စုမဲမပေးနိုင်ဘူး။ လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတော့ကြေညာထားခဲ့တယ်။ အခု၂၀၁၅အတွက်ကတော့ ဘီလင်းဘက်မှာရှိတဲ့ ဘော်နော်ခီး အုပ်စုတခုပဲ။ မဲစာရင်းပြုစုလို့မရသေးဘူး။ မရသေးဘူးဆိုတာက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ကလည်း မရှိဘူး။ ကျနော်တို့ကော်မရှင်ကလည်းမဖွဲ့ပေးနိုင်ဘူး။ အဲဒါကြောင့်ကျနော်တို့မဲစာရင်းပြုစုလို့မရဘူးတော့ မဲရုံလည်း ထောင်လို့မရဘူးပေါ့နော်။ ဒါလက်ရှိအခြေအနေပါ။ KNUတပ်မဟာ ၁ နဲ့ ၅ နယ်မြေဆိုရင် သူတို့အကူအညီ ယူပြီးတော့ လုံခြုံရေး ဆောင်ရွက်ဖို့ရှိတယ်။ မွန်ပြည်သစ်ပါတီနယ်မြေဖြစ်တဲ့ ရေးမြို့တောင်ပိုင်းမှာလည်း မဲစာရင်းပြုစုထားတာရှိတယ်။ မဲရုံတည်ဆောက် ထားတာရှိတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading