မိဘမေတ္တာဘွဲ့ဇာတ်လမ်းများနဲ့ ပရိသတ်ရင်ထဲ ရောက်စေတဲ့ ဘဝသရုပ်ဖော် ဇာတ်ကားတွေကိုသာ ရိုက်ကူး တင်ဆက်တဲ့ မြန်မာဒါရိုက်တာ တယောက် ရှိပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ပြီးရင် ပရိသတ်ရင်ထဲ တခုခု ကျန်ရစ်နေဖို့ကို အမြဲစဉ်းစားပြီး ရိုက်ကူးတတ်သူ တယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းပါ။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝေဖန်သံတွေများခဲ့သလို မြန်မာဗီဒီယိုဇာတ်ကား ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်မားစေခဲ့တဲ့ `မျက်လုံးလေး ကလယ်ကလယ်´ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေကြောင့် လဲကျခဲ့ပေမယ့် ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားခဲ့တဲ့၊ ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာသစ်တွေကို ရဲရဲဝံ့ဝံ့နဲ့ ပရိသတ်ထံ ထပ်မံ ချပြရဲခဲ့တဲ့ ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။
အနုပညာအပေါ် ထားရှိတဲ့ သူ့ရဲ့ ခံယူချက်၊ အနုပညာ ဖန်တီးမှုအပေါ် ထားတဲ့ သူရဲ့ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး။ ။ လက်ရှိ ဦးဝင်းထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းက စပြီး သိချင်ပါတယ်။
ဖြေ။ ။ အခု ကျနော် သရုပ်ဆောင်သစ် ဘုန်းထွဋ်ခေါင်နဲ့ ဇာတ်ကားတကား ရိုက်ကူးနေပါတယ်။ များသောအားဖြင့် သရုပ်ဆောင်သစ်လေးတွေက ရုပ်ရှင်ကားတွေမှာ လှချင်ကြတယ် လေ။ ဒါပေမယ့် ဒီကားမှာတော့ ဒီကလေးက ကံဆိုး ရှာပါတယ်။ ခါးကြီးကုန်းနေတဲ့၊ အင်မတန် ရုပ်ဆိုးတဲ့ လူတယောက် အကြောင်းပါ။ ဇာတ်ကားက ကာရိုက်တာကို ဦးစားပေးတဲ့ ဇာတ်ကားလေးပါ။ မင်းသမီးက ဖူးပွင့်သခင်ပါ။ တခြား ဇာတ်ဆောင်တွေလည်း အများကြီးပါဝင် ပါတယ်။
မေး။ ။ ဒါရိုက်တာ ဝင်းထွန်းထွန်းကို ပရိသတ်က မိဘမေတ္တာ ဖော်ညွှန်းတဲ့ ရုပ်ရှင်ကားတွေနဲ့ လက်ခံအားပေး ကြတယ်။ အခုနောက်ပိုင်းမှာ အဲဒီလို ကားတွေ သိပ် မရိုက်ဖြစ် တော့ဘူးလား။
ဖြေ။ ။ အခုကျနော် ၉ လပိုင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီး တကားရှိပါတယ်။ အဲဒီကားကြီး အတွက် ပြင်ဆင် နေပါတယ်။ ကားရိုက်ကူးမှုတွေ မှာလည်း ပြောင်းလဲလာတဲ့ အချိန်မှာ ဒီဇာတ်ကားကြီးကို ကျနော် ရိုက်ဖို့ စီစဉ်နေပါ တယ်။ ဇာတ်လမ်းကတော့ ရွှေမန်းသဘင်က ဦးချမ်းသာရဲ့ ဇာတ်လမ်းလေးပါ။ ချမ်းသာနဲ့ ဝင်းထွန်းထွန်းပေါင်းရင် အဲဒီ ဇာတ်ကားက ကျိန်းသေပေါက် ပရိသတ် သိကြပါတယ်။ အဲဒီကားလေးက ဒရာမာ လေးပါပဲ။ အဲဒီကားလေးကို ဆရာ ဦးငြိမ်းမင်းက ဇာတ်ညွှန်း ရေးပေးထားပါတယ်။
ကားလေးက အဖေရဲ့ အရိုး၊ အမေရဲ့ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ကျနော်တို့ သားသမီးတွေ အတွက် မိဘဆိုတာ တမလွန် ရောက်သွားရင် တောင်မှ သားသမီးအတွက် ပေးဆပ်ဖို့ပဲ ရှိနေတတ်တဲ့ သူတွေ ဆိုတာ ရိုက်ကူး ပြသသွားမှာ ပါ။ ကျနော် ရိုက်ကူးနေကျ မိဘမေတ္တာပုံစံ အတိုင်း ရိုးရာ မပျက်ပါပဲ။ နောက်၊ ကျနော်တို့ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ အညာဒေသမှာ ရှိတဲ့သူတွေရဲ့ ဓလေ့စရိုက်၊ နောက် မြန်မာတွေရဲ့ အမိနဲ့အဖ ညီအစ်ကို မောင်နှမ ၅၂၈ မေတ္တာတရား တွေကို ထပ်မံဖော်ကျူး ပြသသွားမှာပါ။
ဒီဇာတ်ကားမှာ မင်းသမီး အငယ်တွေတော့ တယောက်မှ မပါပါဘူး။ မင်းသားတွေကတော့ ၆ ယောက် ပါပါမယ်။ မင်းသားတွေက ကျနော် ပြောထားတယ်။ အားလုံး Confirm ဖြစ်သွားတဲ့ အချိန်ကျမှ ပြောပြပါမယ်။
မေး။ ။ မိဘမေတ္တာကို ဖော်ညွှန်းရိုက်ကူးတဲ့ ဒါရိုက်တာ တယောက်အနေနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ မိဘမေတ္တာကိုရော ဘယ်လိုများ ဖော်ညွှန်း ပြောပြချင်ပါလဲ။
ဖြေ။ ။ ကျနော့်အတွက်ကလည်း စောစောက ကျနော် ပြောခဲ့သလိုပါပဲ။ ခံစားမိတယ် ဆိုရင် မိဘမေတ္တာဆိုတာ ပေးဆပ်သူ သက်သက် ပါပဲ။
မေး။ ။ သမီးလေး နှစ်ယောက်ရှိတဲ့ ဖခင်တယောက် အနေနဲ့ရော သူတို့ အတွက် ဘယ်လို ဖခင်မျိုး ဖြစ်အောင် နေထိုင်ပါသလဲ။ သားသမီးနဲ့ အဖေ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကိုယ် ကိုယ်တိုင်လည်း သားသမီးနဲ့ ပတ်သက်ရင် ပေးဆပ်သူပဲ ဖြစ်ချင်တယ်။ အခု သမီးအကြီး ကလည်း အသက် ၁၈ နှစ်ပြည့်တော့မယ်၊ နိုင်ငံခြားမှာ ကျောင်းသွားတက် တော့မယ်။ သမီးကိုလည်း မှာထားတယ်။ သမီး သွားမယ်၊ လာမယ် တယောက်တည်း၊ ဒါပေမယ့် စိတ်ထဲမှာ တခု ထည့်သွားဖို့က မိဘကျေးဇူးကို ပြန်ဆပ်ရမယ် ဆိုတဲ့ အတွေးကို သမီးခေါင်းမှာ မရှိပါစေနဲ့၊ ကျနော်တို့ကို ကျေးဇူးပြန်ဆပ်ရမယ် ဆိုတဲ့အတွေးအခေါ်က သူ့ခေါင်းထဲမှာ ရှိနေရင် သမီးပြေလည်တဲ့ အချိန်ဆိုရင် ပြဿနာ မရှိဘူး၊ သမီးက မိဘကျေးဇူးကို ဆပ်နိုင်တဲ့ အနေအထားတခုမှာ မရှိဘူးဆိုရင်၊ ဥပမာ ရုန်းကန်နေရတဲ့ အချိန်ဆိုရင် သမီးရင်ထဲမှာ အရမ်းကို ပင်ပန်းသွား လိမ့်မယ်လို့။ ကိုယ်တိုင်လည်း အဲဒီအချိန်ကို ဖြတ်သန်းခဲ့ရဖူးပါတယ်။
မိဘကို ကောင်းကောင်းမွန်မွန် ကျွေးချင်တယ်၊ ဒါပေမယ့် ကိုယ် ကိုယ်တိုင်တောင်မှ အခြေအနေ မပေးတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရဖူးတယ်။ အဲဒီအချိန်ရဲ့ ပူလောင်မှုမျိုးကို သားသမီးကို မခံစား စေချင်ပါဘူး။ ဒါကြောင့် ထားလိုက်ပါ၊ မိဘကို ကျေးဇူးဆပ်ရမယ် ဆိုတဲ့ စိတ်ရှိနေရင် သမီးပင်ပန်းလိမ့်မယ်၊ စိတ်ညစ်ရလိမ့်မယ်၊ ဆပ်နိုင်တဲ့ အချိန်ကျရင်တော့ ဆပ်ပါ။ ပါပါးရင်ထဲမှာ တခုပဲ ရှိပါတယ်၊ ဘယ်လောက်ပဲ ဆိုးတဲ့ သားသမီးပဲ ဖြစ်ပါစေ သူ့မိဘကို မကျွေးချင်တဲ့ သားသမီးကတော့ မရှိပါဘူး။ အခြေအနေလေး တခုကြောင့်၊ သူတို့ အကြောင်းလေး တွေကြောင့်၊ သူတို့ ကံကြမ္မာကြောင့်သာ ဖြစ်ပါလိမ့်မယ်။ သားဆိုး၊ သမီးဆိုးတွေက မိဘကို မချစ်ဘူး၊ မထင်ပါနဲ့။ ကျနော်တို့လည်း သားလိမ္မာ ထဲမှာ မပါပါဘူး။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ မိုက်မိုက် ကိုယ် ကောင်းတာလေး စားနေရရင် ကိုယ့်မိဘကိုလည်း ကျွေးချင်ပါတယ်။ ဒါကတော့ ကျနော်တို့ သားဆိုးတွေရဲ့ စိတ်ပါ။ ကိုယ့်သားသမီးကလည်း ကိုယ့်ကို ကျွေးချင်မှာ ပါပဲ။ ဒါပေမယ့် သူတို့ ပူလောင်မှုတွေ မဖြစ်စေချင်ဘူး။ ကျနော် မိဘတယောက်အနေနဲ့ မှာလိုက်တဲ့စကားကတော့ အဲဒီစကားပါပဲ။
မေး။ ။ ဦးဝင်းထွန်းထွန်း ရိုက်ကူးခဲ့တဲ့ မျက်လုံးလေး ကလယ်ကလယ် ကားက ဝေဖန်သံတွေ များခဲ့တယ် နော်။ အဲဒီလို ရိုက်ကူးခဲ့တဲ့ ကိုယ့်ကားကို စိတ်ဝင်စားမှု မြင့်စေခဲ့တယ်၊ အခုအချိန်မှာရော ဒီကားနဲ့ပတ်သတ်ပြီး တခုခု ပြောချင်တာများ ရှိပါလား။
ဖြေ။ ။ မျက်လုံးလေး ကလယ်ကလယ် ကတော့ကျနော် ကွိုင်တက်သွားတယ် ပေါ့။ ကျနော်တို့ မြန်မာပြည်မှာ ဘာဖြစ်လဲတော့ မသိဘူး၊ Facebook မှာအကြောင်းအရာ တခုခုကို တည်ပေးလိုက်ရင် အဲဒီလူကို စုတ်ပြတ်သတ် သွားအောင် ဝိုင်းဗျင်းတတ်ကြတဲ့ သဘောရှိတယ်။ အဓိက ခံရတာ ဆယ်လီဘရစ်တီပဲလေ။
ကျနော် Facebook လုံးဝမသုံးပါဘူး။ သင်္ကြန်ပြီးတုန်းက တခါလေး သုံးလိုက်တယ်။ သုံးလိုက်တဲ့ အကြောင်းကလည်း တခြား အကြောင်းလေး တခု ရှိတာပေါ့ နော်။ ကျနော်တို့ကို ဘလိုင်းကြီး စော်ကားသွားတဲ့ သူတွေ ရှိတဲ့အတွက် ငါတို့ဘာသာ ငါတို့ ရပ်တည်လို့ ရတယ်ကွာ ဆိုတာကို ပြချင်တဲ့ အတွက်ကြောင့် ဖွင့်လိုက်တာပါ။ တပတ်နှစ်ပတ် လောက်ပေါ့။ အခုတော့ မသုံးတော့ပါဘူး။ ဆယ်လီဘရစ်တီ တယောက်အတွက်က ဒါမျိုးတွေ ကြုံရရင် အိမ်ထောင်လည်း ကွဲသွားနိုင် ပါတယ်။ ဘဝလည်း ပျက်သွားနိုင်ပါတယ်။
အဲဒီကားမှာ ဆိုရင် သရုပ်ဆောင်တွေ ကလည်း တကယ် မနမ်းပါဘူး။ သူတို့ကလည်း ဝန်ခံပါတယ်။ သူတို့ မနမ်းဘူး ဆိုတဲ့ အကြောင်း ကျနော်တို့ကလည်း အဲဒီလို နမ်းတာမျိုး မကြိုက်ပါဘူး။ မြန်မာကားတွေကလည်း နမ်းတာကို လုံးဝ လက်မခံပါဘူး။ ကျနော့် ကားထဲက မင်းသမီးက ရင်သား ကိုတောင် လုံးဝမဖော်ပါဘူး။ ထမီကတော့ ခြေမျက်စိ ဖော်ပါတယ်။ အဲဒါကို ရှင်းပြတာ လုံးဝ မရခဲ့ပါဘူး။ ဂျာနယ်တွေကဖဲ့၊ မျိုးစုံပေါ့။ လုံးဝကို နေလို့ မရအောင် စုတ်ပြတ်သတ် သွားတာ။
အဲဒီတုန်းက ကျနော် တော်တော်ကြီးကို ဒုက္ခ ရောက်သွားပါတယ်။ အဲဒီအထဲမှာ ဝင်းထွန်းထွန်းတော့ နောက်တကား မရိုက်ရအောင် လုပ်မယ် ဆိုပြီး တိုက်ခိုက်ကြတဲ့ သူတွေလည်း ပါပါတယ်။ အနုပညာသမား တယောက်ကို အဲဒီလို စုတ်ပြတ်သတ်သွားအောင် ဆွဲထိုးနိုင်ရင် အဲဒီကောင် မှောက်သွားပြီး ပြန်မထနိုင်တော့ဘူးလို့ ထင်ကြပါတယ်။ တကယ်လည်း ဖြစ်အောင် လုပ်ကြပါတယ်။ ဖြစ်ရင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ရအောင် ပြန်ထလာပါတယ်။ ကျနော်ကတော့ ဘဝမှာ ခဏခဏ လဲကျဖူးပါတယ်။ ကျနော်ရိုက်တဲ့ ဒုတိယကားက စပြီး ဆင်ဆာပိတ် ခံရတာပါ။ ကျနော်လဲကျတိုင်း ဘယ်တော့မှ ကြောက်ပြီး ထွက်ပြေးသွားတဲ့သူထဲမှာ မပါပါဘူး။ ရအောင် ပြန်ထပါတယ်။ ဒါပေမယ့် တော်တော် စုတ်ပြတ်သတ် သွားအောင်တော့ ခံစားလိုက်ရပါတယ်။ ဖြေရှင်းရတာပေါ့နော်။
ရိုးသားစွာနဲ့ ဖန်တီးရဲ့သားနဲ့ အဲဒီလို ပြဿနာ တက်လာတာကိုး။ အဲဒီမှာ စောင့်ကြည့်တယ်။ တချို့ မြန်မာကားတွေမှာ ဒီထက်ဆိုးတာတွေ တွေ့ရပါတယ်။ သူတို့ကျတော့ မပြောဘဲ ငါ့ကျတော့ တောင်းပန်တာတောင် မရ။ ကျနော် နည်းနည်း ဒေါသ ထွက်သွားတယ်။ အရပ်ကလည်း ပုတာကိုး။ အဲဒီကားကလည်း အချိန် ၇ နာရီ အတွင်းမှာ ဘာဖြစ်တယ် ဆိုတာကို ပြချင်တာ၊ ပရိသတ်ကို ၇ နာရီအချိန်လေး အတွင်းမှာ ဖြစ်သွားတာကို ကြည့်ချင်အောင် ဆွဲခေါ်နိုင်အောင် ကြိုးစားတာပါ။ ကျနော် ဖြစ်ချင်တဲ့ ရည်ရွယ်ချက်က အဲဒါပါ။
ဒါနဲ့ ကျနော် ဒုတိယအကြိမ် စိန်ခေါ်မယ် ဆိုပြီး Now ဂျာနယ်နဲ့ တူတယ်၊ အဲဒီမှာစပြီး ကြော်ငြာပါတယ်။ အဲဒီကားက ထွက်သွားပါပြီ၊ လောင်ကျွမ်းနေတဲ့ အိမ်မက်လို့ ပေးထားပါတယ်။ အဲဒီကား ကလည်း ပထမကား မင်းသား နေတိုးနဲ့ ပါပဲ။ နောက် ကျော်ကျော်ဗို၊ ဝတ်မှုန်ရွှေရည်နဲ့ပါ။ ဒီလူသုံးယောက်၊ အိမ်တလုံး၊ အကျႌတထည်နဲ့ ညတည ဖြစ်သွားတဲ့ အကြောင်းကို ထပ်ပြီးတော့ မိုက်မဲစွာ ထပ်ရိုက်ပါတယ်။ မျက်လုံးလေး ကလယ်ကလယ် တုန်းကမှ Location သုံး၊ လေး ငါးခု ပါပါသေးတယ်။ အခုကားက ပိုဆိုးပါတယ်။ ကျနော့်ရဲ့ စိန်ခေါ်မှုက ကျနော့်ကိုယ်ကျနော် စိန်ခေါ်လိုက် တာပါ။
ဗီဒီယိုရိုက်တဲ့ ကားထဲမှာ ကျနော်တို့ အချိန် ၁၃ ရက် ကြာသွားပါတယ်။ မြန်မာဇာတ်ကား ဖြစ်ပေမယ့် စကားပြောတာ နည်းပါတယ်။ ကင်မရာရိုက်ချက်၊ Lighting ပိုင်းဆိုင်ရာ၊ သရုပ်ဆောင်တွေ ဒါတွေကို ပရိသတ်တွေကို ဆွဲခေါ်ပြီး ကျနော် ချပြခဲ့ပါတယ်။ ကျနော် မလဲကျပါဘူး။ ဒုတိယကား ကိုလည်း အောင်မြင်စွာ ချပြနိုင်ခဲ့ပါတယ်။ ပရိသတ် ကတော့ ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့သူလည်း ရှိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ထူးခြားတာ တခုကတော့ လုံးဝ မြန်မာကား မကြည့်တဲ့သူူက အဲဒီကားလေး ကိုင်ပြီး ကျနော့်ဆီ ရောက်ရှိလာခဲ့ပါတယ်။ အနုပညာသမား ဆိုတာ ကတော့ အမြဲတိုက်ခိုက်တာ ခံရတာပါပဲ။ လက်ရှိဖြစ်နေတဲ့ အနေအထားမှာတော့ ပရိသတ်က နားလည်မှုတွေ ပေးသင့်ပါတယ်။
တကယ့် အနုပညာကို အစစ်မှန်ဆုံး ဖြစ်အောင် ဘယ်သူတွေက ဖန်တီးနေကြလဲ၊ ကြိုးစားနေကြလဲ၊ အနုပညာကို ဘယ်သူတွေက လိမ်စားနေကြလဲ ဒါလည်း ပရိသတ်သိဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲ ပရိသတ်က ဟားဟားဟား ဆိုတဲ့ ကားတွေမှ ပိုကြိုက်တယ် ဆိုရင်တော့ အရေအတွက် အရ အဲဒီလို ကားတွေက ပိုများလာပါမယ်။ ပရိသတ်က အရေးကြီးပါတယ်။ ပရိသတ်က Facebook တခုပဲ ကြည့်ပြီး အမှန်အမှားကို ဆုံးဖြတ်လို့မရပါဘူး။ တကယ် ဖြတ်သန်း ခဲ့ရတဲ့ နှစ်ပိုင်း ဆိုင်ရာတွေ၊ သမိုင်းတွေ ရှိပါတယ်။ ပရိသတ်ကလည်း ကျနော်တို့ အနုပညာကို လက်မခံဘူး ဆိုရင် ဘယ်ပရိုဂျူဆာကမှ မရိုက်ပါဘူး။
စောစောကပြောတဲ့ ပရိသတ်တွေ ကြည့်ချင်တဲ့ ကားတွေပဲ ရိုက်ရမှာ ပါ။ အခုတောင်မှ အဲဒီလို ကားရိုက်တဲ့ ဒါရိုက်တာ တွေ တော်တော် ရိုက်နေရပါပြီ၊ ရုပ်ရှင်ကားကြီး တောင်မှ ကျနော်တို့ တနှစ်ကို တကားရိုက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ သူတို့ ဆယ့်သုံးကား၊ ဆယ့်လေးကားလောက် မနားတမ်း ရိုက်ရမယ့် အနေအထားတွေ ဖြစ်လာပါပြီ၊ အဲဒါက ပရိသတ်က အဲဒီလိုမှ ကြိုက်တယ် ဆိုရင် အဲဒီလို မြန်မာကားတွေ ပိုများလာပါဦးမယ်။
မေး။ ။ ဦးဝင်းထွန်းထွန်း ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ မြန်မာ ယဉ်ကျေးမှုနဲ့ မလွတ်ကင်းအောင်၊ မြန်မာပရိသတ် လက်ခံနိုင်မယ့် အတိုင်းအတာ ကိုယ့်ရဲ့ ဖန်တီးမှုအပိုင်းမှာ ဘယ်လောက် အတိုင်းအတာ အထိ ထားရှိပြီး ဖန်တီး ရိုက်ကူးတယ် ဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ မဟုတ်ဘူး၊ ကျနော်ကိုယ်တိုင်ကလည်း အဲဒီလို နမ်းတာ ရှုံ့တာကို မကြိုက်ဘူး။ ကျနော် ပရိသတ်ကို ပေးချင်တာ ခုနက ပြောသလိုပေါ့နော်။ ကိုယ်ဆွဲခေါ်တာ ပရိသတ် ဘယ်လောက်အထိ ပါမလဲ ဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ အလုပ်လုပ်တာ ပေါ့။ အနုပညာကို Creation တခု၊ လက်ရှိသွားနေတဲ့ လမ်းကြောင်းမှာ မရှိသော ပုံစံသစ်တခု ဖန်တီးတဲ့ အချိန်မှာ ဇာတ်တခုတည်းကို ဖန်တီးရတာ မဟုတ်ဘူး။ ဇာတ်ဖြစ်တဲ့ အပြင် ဇာတ်ရှိန်ကိုပါ ဖန်တီးရတာ၊ မြန်မာကားတွေမှာ ရှိတယ်။ တကားလုံး ဘယ်ညာထောင်ပြီး စကားတွေပဲ ပြောနေတာ မဖြစ်အောင် လုပ်ရတယ်။ သိပ်ပြင်ဆင် ရတယ်၊ ကြိုးစားရတယ်။ အဲဒါတွေကို ပရိသတ်က နားလည်ပေးဖို့ လိုပါတယ်။ ဘာကြောင့် ဒီလိုပါတာလဲ၊ ဘာကို ပေးချင်တာလဲ။ Sex ကို ပေးချင်တာလား၊ ဘာကို ပေးချင်တာလဲ။ တခုရှိတာ နှင်းဆီပန်းကို နင်းလိုက်တာ၊ နောက်ပိုင်း ကားတွေ ပိုဆိုးတယ်။ အဲဒီလိုမျိုးတော့ ပရိသတ်ကိုမပေးပါဘူး။
ကျနော်တို့ ငယ်ငယ်တုန်းက ဆိုရင် ဂျပန်ကားတွေ တင်ရင် အရမ်းကြိုက်တာ။ ကျနော်တို့ မြို့နယ်မှာ ဂျပန်ကား တကား တင်ရင် အကြာကြီး တင်ရတာ၊ ကျနော်တို့ ခေတ်မှာဆိုရင် On the Road လို အချစ်ကားလေးတွေ အရမ်း ကြိုက်တာ။ အချစ်ကားတွေ အပြင် အက်ရှင် ကားတွေရော ပေါ့။ အဲဒီတုန်းက ကျနော်တို့က စတိတ်ကျောင်းသား ဘဝလေ၊ ကျောင်းပြေးပြီးကို ကြည့်ရတာ။ ကျောင်းပြေးတာတောင်မှ မနက်ကိုးနာရီခွဲက ပြေးတဲ့ကျောင်းက ကျနော်တို့ ညနေ ၂ နာရီခွဲမှ ကြည့်ရတာ။ ရုံပြည့် ရုံလျှံလေ။ ဒါပေမယ့် အခုနောက်ပိုင်း ဂျပန်ကားတွေ ဘာကားရှိမလဲ၊ ဘာကားကောင်းလဲ မေး၊ ကျနော်မသိတော့ဘူး။
အခုနောက်ပိုင်း အဲဒီလို အောင်မြင်တဲ့ကားတွေ ရှိသေးလားမေးရင် ကျနော်မသိတော့ဘူး။ ဂျပန်သည် ရုပ်ရှင် ဖူဂျီဖလင် ထုတ်လုပ်တဲ့ တိုင်းပြည်ပါ။ ရုပ်ရှင် ရေသောက် အရင်းအမြစ် ထုတ်လုပ်တာက ဂျပန်ပြည်က၊ အင်မတန် ပြောင်မြောက်ပါသည် ဆိုတဲ့ သမိုင်းကားတွေ၊ ဇာတ်ကားတွေ ထုတ်လုပ်ခဲ့တာ ဂျပန်ပြည်ပါ။ ဒါပေမယ့် အခုနောက်ပိုင်း ဘာလို့ အဲဒီလို ဂျပန်ကားတွေ မကြည့်ရတော့တာလဲ။ ဘာကြောင့်လဲ ဆိုရင် စောစောကပြောတဲ့ လမ်းကြောင်း တခုကိုပဲ လွဲမှားသွားတယ် လို့ ထင်ပါတယ်။
စောစောက သိမ်မွေ့ပါတယ်လို့ ပြောတဲ့ ဇာတ်ကားတွေနဲ့ တကမ္ဘာလုံးကို ဖမ်းစားလိုက်တဲ့ ဂျပန်ဟာ နောက်ပိုင်းမှာ Sex ဟာ Love လို ဖြစ်သွားပါတယ်။ ဂျပန်က အချစ်ကား သန့်သန့် တွေထက် Sex နဲ့ပတ်သတ်တဲ့ NC18 တွေ ပိုများ လာပါတယ်။ သူတို့နိုင်ငံမှာတော့ ဒီကားတွေကို လက်ခံနေတယ်နဲ့ တူပါတယ်။ ဒါပေမယ့် ကမ္ဘာမှာတော့ လက်မခံ ပါဘူး။ ဒါကြောင့် ဂျပန်ကား ကောင်းကောင်းကြည့်ချင်ရင် ဟိုးတုန်းက ကားတွေ ပြန်ကြည့်ရတဲ့ အခြေအနေကို ပြန်ရောက်သွားပါတယ်။
ဒါကြောင့် အနုပညာဟာ Sex မဟုတ်ပါဘူး။ အချစ်ဟာ Sex မဟုတ်ပါဘူး။ ချစ်ခြင်းတရားကို ဖော်ပြဖို့ အတွက် အများကြီး ရှိပါတယ်။ နှုတ်ခမ်းချင်း နမ်းရဖို့အတွက် ရိုက်ကူးဖို့ တိုက်ပွဲဝင်သွားမယ့် သူ အထဲမှာ ကျနော် မပါပါဘူး။ အဓိက တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချထားတာတော့ ရှိပါတယ်။ အဲဒါကတော့ မြန်မာကားဟာ မြန်မာဆန်ရမယ် ဆိုတဲ့ အကြောင်းပါပဲ။ အဲဒီအတွက် သူများတွေ ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်နေတဲ့အချိန်မှာ ကျနော်က ရုပ်ရှင် ကားကြီး နှစ်ကားကိုပဲ ရိုက်ပါမယ်။ အခုကျနော် ရိုက်မယ့် နှစ်ကားမှာ တကားက မြန်မာ့ရုပ်သေး လောကကို အခြေခံထားတဲ့ ဇာတ်လေးပါ။ မင်းသားက နေတိုးပါ။ မင်းသမီးက မြန်မာ မင်းသမီးတယောက်၊ ကိုရီးယားက မင်းသမီးတယောက် ပါမယ်၊ အချစ်ကားလေးပါပဲ။ ပုဂံမှာ ရိုက်ကူးပါမယ်။
ဒုတိယကား ကတော့ အခုရိုက်မယ့် ကိုချမ်းသာရဲ့ ဇာတ်လေးပါ။ အဲဒါလေး ကလည်း မြန်မာနိုင်ငံ အညာဒေသမှာ ရှိတဲ့ မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာလေးကို ရိုက်ကူးမှာပါ။ သူတို့ ဘယ်လို ဓလေ့စရိုက်လေးတွေ ရှိကြလဲ၊ ဘယ်လို လွဲမှားတဲ့ ဓလေ့ထုံးစံလေးတွေ ရှိကြလဲ၊ မြန်မာနိုင်ငံမှာပဲ ရှိနိုင်သော၊ မြန်မာလူမျိုးတွေပဲ သိကြသော ဓလေ့တွေ ပါဝင်တဲ့ မြန်မာကား စစ်စစ်ကို ကျနော်ရိုက်နေပါတယ်။
မေး။ ။ အနုပညာကို မကြည့်ဘဲ လူကိုပဲ တိုက်ခိုက်ကြတဲ့ သူတွေ ရှိတယ်လို့ ဆိုတော့ အဲဒီသူတွေကိုရော ဘာများ ပြောပြချင်တာ ရှိမလဲ။
ဖြေ။ ။ အနုပညာကို မဟုတ်ဘဲ လူကိုပဲ တိုက်ခိုက်တဲ့အတွက် မျက်လုံးလေး ကလယ်ကလယ် တုန်းကလည်း ကျနော် တော်တော်လေးကို ဒုက္ခ ရောက်သွားတယ် ပေါ့နော်။ ဒါရိုက်တာ မလုပ်ရမယ့် အနေအထားတခု ဖြစ်အောင် မောင်းထုတ်ကြ ပါတယ်။ ဒါပေမယ့် ကျနော် ဖြစ်အောင် ပြန်ထလာပါတယ်။ ဒီအကယ်ဒမီ ပေးပွဲ မတိုင်ခင်က ကံဆိုးစွာ ပေါ့နော်၊ ဦးစိုးမိုးကားကြီးက အကယ်ဒမီ တစ်ကြိုထဲ ပါသွားတယ်။ ဒီထက်ကြီးမားတဲ့ ထိုးနှက်ချက်တခုကို ခံလိုက်ရ ပါတယ်။ အဲဒီ ထိုးနှက်ချက်ကြောင့်လည်း ကျနော် လဲသွားလိမ့်မယ်လို့ သူတို့ထင်ကြပါတယ်။ ဒါပေမယ့် ကျနော် မလဲပါဘူး။ ကျနော် ပြန်ထလာပါတယ်။
ပထမ ဒီလူတွေကို တော်တော် စိတ်ဆိုးတယ်။ ကျနော်က လူသား တယောက် ဖြစ်တဲ့ အတွက်ကြောင့်ပေါ့။ အရပ်ပုတဲ့ အတွက် ကြောင့် ကိုယ့်ကို တချက်လောက် ထိရင် နှစ်ချက်လောက် ပြန်ကန်လိုက်ချင်တာ။ ကျနော်တို့လိို ပုတဲ့ သူတွေက ဘာကို ဂရုစိုက်ရလဲ ဆိုရင် သူများတွေက ကိုယ့်ကို တချက်ထိုးရင် ကိုယ်က နှစ်ချက်လောက် ပြန်ထိုးနိုင်မှ လေ။ ဒါမှ သူတို့ကလဲမှာ ကိုး။ အကျင့်တော့ရှိတယ်၊ ဒါပေမယ့် ကျနော် ပြန် မလုပ်ပါဘူး။ မလုပ်ဘဲနဲ့ အတတ်နိုင်ဆုံး သည်းခံလိုက်ပါတယ်။ လုပ်ဖို့တော့ တော်တော် လေးကို စီစဉ်လိုက် ပါသေးတယ်။ အဲဒီသူကလည်း ကျနော် လုပ်လိုက်လို့ ဘာမှ မဖြစ်တဲ့သူ ဖြစ်နေတယ်။
ဒါပေမယ့် ကျနော့်ကို ထိခိုက်တာတော့ တော်တော်လေး ထိခိုက်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ကျနော်စိတ်ကို ပြင်ဆင်လိုက်ပါတယ်။ ဒီကောင့်ကို ကျေးဇူးတင်ကြောင်း သတ်မှတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အတွက် ကျနော် အလုပ်ကို ပိုလုပ်ဖြစ် ပါတယ်။ ကျနော့်ကို နှိပ်စက်တဲ့သူ အားလုံးကို ကျနော့်ရဲ့ အရည်အချင်းကို ပိုပြီး ပြောင်မြောက်အောင် ပေါ်လစ်တင်ပေးလိုက်တဲ့ သူတွေပဲလို့ ကျနော် သတ်မှတ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။