စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကနီ စတဲ့ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ရေကြီးရေလျှံမှုတွေကို ကူညီကယ်ဆယ်ရေး လုပ်ကိုင်ကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်က ကောလင်းမြို့နယ်က အသက်၂၃ နှစ်အရွယ် ဖြစ်ပြီး ရေထဲမျောပါနေတဲ့ ကားအတွင်းက လူတွေကို ကယ်ဆယ်ရေးလုပ်ကိုင်ရင်း ရေစီးနဲ့အတူ မျောပါ သေဆုံး ကွယ်လွန်ခဲ့ရတာပါ။ ရဲတပ်ဖွဲ့ဝင်ကတော့ ကန့်ဘလူ ဟင်သော် ရဲစခန်းက အသက် ၃၀ နှစ် အရွယ် ရဲ တပ်ကြပ်ဖြစ်ပါတယ်။ ရဲတပ်ကြပ်က ရဲ တပ်သားတဦးနဲ့အတူရေကြီးရေလျှံနေရာက လမ်းတံတားတွေ ပျက်စီးမှု ရှိမရှိ လိုက်လံစစ်ဆေးစဉ်မှာ ကားလမ်းဘေးမြောင်းအတွင်း ကျခဲ့ရာက ရေစီးနဲ့အတူမျောပါသွားပြီး ရေနစ်သေဆုံးခဲ့ရတာပါ။အဲဒီဖြစ်စဉ်မှာ ရဲတပ်သားကတော့ ရေကူးလွတ်မြောက်သွားပါတယ်။
အများပြည်သူ အကျိုးစီးပွားအတွက် ကူညီကယ်ဆယ်ရင်း ကွယ်လွန်သွားကြတဲ့ အညတရ သူရဲကောင်းတွေ လူ့အဖွဲ့အစည်းမှာ မရေမတွက်နိုင်အောင် ရှိတယ်။ အသားအရောင် ဘယ်လောက်ပဲကွဲကွဲ ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လိုပဲခြားနားပါစေ လူသားချင်းစာနာမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကူညီကယ်ဆယ်ပေးတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ အညတရ သူရဲကောင်းတွေ ရှိတယ်။ သူတို့ကို ကျနော်တို့ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။
လောက်ကိုင်မှာဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပဋိပက္ခဖြစ်စဉ်မှာလည်း ကြက်ခြေနီတပ်ဖွဲ့ဝင်တဦး အသက်စွန့်ခဲ့ရတယ်။ အဲဒီဖြစ်စဉ်မှာလည်း စစ်ဘေးရှောင်တွေကို သွားရောက်ကူညီဖို့သွားတဲ့ ကြက််ခြေနီယာဉ်တန်း လက်နက်ထိမှန်ခံရပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် တဦး ကွယ်လွန်သွားရတာ ဖြစ်ပါတယ်။ တချို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို ပါလေရာ ငပိချက်တွေ မယောင်ရာ ဆီလူးသူတွေ အဖြစ် တံဆိပ်ကပ်တယ်။ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေပါကွာလို့ အမနာပ ပြောသူတွေလည်း ဒုနဲ့ဒေးပဲ။
မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေမှာ အကန့်အသတ်တွေ ရှိနေပေမယ့် အခုလို အများအကျိုးဆောင်ရွက်ရင်း ကွယ်လွန်သွားတဲ့အခါမှာတော့ အဲဒီလို တံဆိပ်ကပ်သူတွေ ကိုယ်တိုင်က မီးသတ်တပ်ဖွဲ့ဝင်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင် ကွယ်လွန်မှုအပေါ်မှာ သနားကရုဏာ ဖြစ်ကြရပြန်တယ်။
ကမ္ဘာမှာလည်း အများပြည်သူအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ ပြည်သူ့သူရဲကောင်း (Public Hero) တွေရှိတယ်။ ဟင်နရီဒူးနန့်က ထင်ရှားတဲ့ ပြည်သူ့သူရဲကောင်းဖြစ်တယ်။ မထင်မရှား ပြည်သူ့သူရဲကောင်းတွေလည်း မရေတွက်နိုင်အောင် ရှိတယ်။ ၉/၁၁ တိုက်ခိုက်ရာမှာ သေဆုံးဒဏ်ရာရသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ အညတရ သူရဲကောင်းတွေ ဘယ်သူ့တိုက်တွန်းချက်မှ စောင့်မနေပဲ အသိစိတ်ဓာတ်ရှိရှိ ပါဝင်ခဲ့ကြတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးစွဲနေတဲ့ ထုတ်တန်းတွေ ယက်မတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်။
အညတရ သူရဲကောင်းတွေက သမိုင်းစာမျက်နှာတွေပေါ်မှာ နေရာရဖို့ မသေချာဘူး။ လူတွေ ပါးစပ်ဖျားမှာလည်း တဖွဖွ ပြောချင်စရာ ဖြစ်ချင်မှ ဖြစ်မှာ။ အခမ်းအနားတွေမှာ ရင်ဘတ်တံဆိပ်ကြီးတွေ တပ်ပြီး ဖဲကြိုးဖြတ်ခွင့်လည်း ရှိတာမဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ် အညတရ မထင်မရှား ပြည်သူ့သူရဲကောင်းတွေကတော့ ရှိနေတာပါ။ ပြည်သူ့ သူရဲကောင်းတွေက အမြဲပေါ်ထွန်းနေတာတော့ မဟုတ်ဘူး။ ခေတ်စနစ်ရဲ့ လိုအပ်ချက်၊ အခြေအနေရဲ့တောင်းဆိုမှုတွေကြောင့် ပေါ်ထွန်းလာရတာမျိုးပါ။ သမိုင်းတင်သည်ဖြစ်စေ သမိုင်းမတင်သည်ဖြစ်စေ သူတို့ကတော့ သူတို့အလုပ် သူတို့လုပ်နေကြမှာပါ။ ဂုဏ်ပြုလက်မှတ်တွေက သူတို့လို သူရဲကောင်းတွေအတွက် သာမန်စက္ကူမျှသာ။
ပြည်သူ့ သူရဲကောင်းတိုင်းက အများပြည်သူအတွက် လုပ်ခဲ့ကြတာချည်းပါပဲ။ ဒါပေမယ့် သူရဲကောင်းတိုင်း ဒဏ်ရာမရခဲ့ကြဘူး။ သူရဲကောင်းတိုင်း မသေဆုံးခဲ့ကြဘူး။ သူရဲကောင်းတိုင်း ဂုဏ်ပြုလက်မှတ် မရခဲ့ကြဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ မှိန်မှိန်ဖျော့ဖျော့၊ သိုသိုသိပ်သိပ်နဲ့နေသွားတဲ့ ဟီးရိုးတွေလည်း ရှိတယ်။ အရေးတော်ပုံကာလတွေမှာ မှိန်ဖျော့ဖျော့ လုပ်သွားကြတဲ့ သူရဲကောင်းတွေ၊ သိုသိပ်ကျစ်လစ်စွာ သမိုင်းပေးတာဝန် ထမ်းဆောင်သွားခဲ့ကြတဲ့ သူရဲကောင်းတွေ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အများအပြားပေါ်ထွက်ခဲ့တယ်။ အများစု အခုချိန်ထိ သက်ရှိထင်ရှားရှိပေမယ့် ရှေ့ကိုထွက်မလာကြဘူး။
ဘီဘီစီ၊ ဗွီအိုအေ တွေကို ကျယ်ကျယ်ဖွင့် နားမထောင်ရဲတဲ့ နိုင်ငံရေးသရောကြီးခိုင်းချိန်မှာတောင် သူတို့တွေက အများအကျိုးအတွက် (အာဏာရှင် တိုက်ဖျက်ရေးအတွက်) ထောင်မကြောက် တန်းမကြောက် တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။ အခုလို နိုင်ငံရေး မိုးလေဝသ ကောင်းပြီဆိုမှ ရဲရဲတောက်ပြနေတဲ့ ခါတော်မီ နိုင်ငံရေးသမားတွေကို သူတို့က ပြုံးပဲ ကြည့်နေကြသူတွေ ဖြစ်တယ်။ အဲဒီလို ခါတော်မီ ရဲရဲတောက်နိုင်ငံရေးသမားဆိုသူတွေကိုလည်း သူတို့က ဘာထင်မြင်ချက်မှ မပေးကြဘူး။
သူရဲကောင်းဆိုတာနဲ့ ပါတ်သတ်လို့ ကျနော်တို့ငယ်စဉ်က မြန်မာစာသင်တဲ့ ဆရာတယောက်ပြောပြခဲ့တာလေး ဖောက်သည်ချပါရစေ။ “သွေးသံရဲရဲနဲ့ ဓားကိုင်ပြီး ခုတ်ရဲ ထစ်ရဲတိုင်းဟာ သူရဲကောင်း မဟုတ်ဘူး။ အဲဒီလိုကြေးသာဆိုရင် ဈေးထဲက ဝက်သားရောင်းတဲ့ ဒေါ်ဘုမကြီးလည်း သူရဲကောင်းစာရင်းဝင် သွားမှာပေါ့”တဲ့။ ဆရာ့စကားထဲမှာ
တွေးစရာတွေပါတယ်လို့ ကျနော်ထင်တယ်။
ကျနော်ကတော့ သွေးသံရဲရဲ သူရဲကောင်းတွေ မလိုချင်ဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် တကယ်လိုအပ်တာက အများအတွက် ဉာဏ်ပညာရှိရှိ ကိုယ်ကျိုးစွန့်တဲ့ ပြည်သူ့သူရဲကောင်းတွေပါ။ ကျနော်တို့ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အညတရ ပြည်သူ့သူရဲကောင်းတွေ အသေအချာ ရှိနေနိုင်ပါတယ်။ သူတို့ကို ဦးညွှတ်ပါ။ တန်ဖိုးထား ဆက်ဆံပါ။သူတို့က ကျနော်တို့ မိတ်ဆွေတို့ကို မင်္ဂလာရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်ပေးပါလိမ့်မယ်။
(သန်းနိုင်ဦးသည် မန္တလေးမြို့ အခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)