၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် လတ်တလော လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရေး လုပ်ငန်းစဉ်များနှင့် အလုပ်များနေပြီဖြစ်သည်။ NLD ပါတီက ဆောင်ရွက်မည့် ရွေး ကောက်ပွဲ အောင်နိုင်ရေး ၊ တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ သမ္မတလောင်း ရွေးချယ်မည့် အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီ အကြီးတန်းသတင်းထောက် မေစစ်ပိုင်က NLD ပါတီ၏ ဗဟိုအလုပ်အမှု ဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ NLD အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် ဘယ်လို ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေပြီလဲ။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု နောက်ဆုံး အခြေအနေတွေလည်း သိချင်ပါတယ်။
ဖြေ။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ တရပ်ဖွဲ့တယ်။ အောင်နိုင်ရေး ကော်မတီ ဖွဲ့တယ် ဆိုတဲ့ နေရာမှာ အဓိက,ကတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအစီအစဉ်က ပါတီမှာ နဂိုကတည်းက ထုတ်ပြန်ခဲ့ပြီးသား ဖြစ်ပါတယ်။ လက်တလောမှာ သိသလောက်ကတော့ NLD ကိုယ်စားလှယ်လောင်းအနေနဲ့ အပြင်က ၁၉ ယောက် ပါဝင်ပြီးတော့ NLD အလံအောက်ကနေလာမယ့် ရွေး ကောက် ပွဲ ကို ဝင်ပြိုင်ကြမယ်လို့ သိထားတယ်။ အန်ကယ် တို့ကလည်း ဝင်ပြိုင်ဖို့ အဖြေပေးထားတယ်။ ဝင်ပြိုင်ချင် တယ်ဆိုရင် ကိုယ့် နည်း ကိုယ့်ဟန်နဲ့ လျှောက်လွှာတင်၊ အရေးကြီးတာက NLD ပါတီ အဖွဲ့ဝင် ဖြစ်အောင် လုပ်ဖို့ပဲ။
မေး။ ။ ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက်နေ့က NLD ပါတီက နေရွေးကောက်ပွဲဝင်ပြိုင်ချင်တဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေက လျှောက်လွှာတွေ တင်ခဲ့ကြတယ်လို့ သိထားရတယ်။ အဲဒီတော့ ပါတီက လျှောက်လွှာတင်ခဲ့တဲ့ သူတွေကို ဘယ်လို ပြန်လည် စိစစ်မလဲ။
ဖြေ။ ။ ဟုတ်တယ်။ စာလာတင်တာတော့ မဟုတ်ဘူး။ အကြောင်းကြားတာပဲ ရှိတယ်။ အဲဒီကိုယ်စားလှယ် စာရင်းကို ပြန်ပြီး ထုတ်ပြန်မယ် ။ သူတို့ စာရင်းတွေ ဗဟိုကော်မတီကို ရောက်လာတဲ့အခါမှာ စိစစ်ရေးအဖွဲ့နဲ့ အတူ စိစစ်မယ်။ အဖွဲ့နဲ့ အတူ စဉ်းစားမယ်။ စဉ်းစားပြီးတော့မှ ရရှိလာတဲ့ ကိုယ်စားလှယ်လောင်း အဖြေကို ကြေညာပေးပါမယ်။
မေး။ ။ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲမှာ မဟာမိတ်လုပ်မယ့် အစီအစဉ်တွေကို ရှင်းပြပေးပါလား။
ဖြေ။ ။ တိုင်းရင်းသားပါတီတွေ တော်တော်များများနဲ့ ဆွေးနွေးညှိနှိုင်းမှုရှိလာရင်တော့ သဘောတူညီမှုတွေ ပေါ်ပေါက် လာတာ ကောင်းပါတယ်။ ကျနော်တို့က CRPP (ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)မှာ ပါဝင် ခဲ့တဲ့ ပါတီ ခေါင်း ဆောင် တွေ ရွေးကောက်ပွဲ ပါဝင်လာခဲ့မယ်ဆိုရင် NLD ပါတီက အဲဒီနေရာတွေမှာ ဖယ်ပေး မယ်။ ကျန်တဲ့အပိုင်း တွေက တော့ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။ တိုင်းရင်းသားတွေ နယ်မြေကိစ္စက ရွေးကောက် ပွဲကိစ္စတွေကိုတော့ တိုင်းရင်း သား ပါတီတွေနဲ့ အန်ကယ်တို့ ပါတီ တွေ့ဆုံညှိနှိုင်းပြီးမှ ဖြေလို့ရမယ့် ကိစ္စ ဖြစ် တယ်။
မေး။ ။ လာမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ အနိုင်ရနိုင်မယ်လို့ ထင်လဲ။
ဖြေ။ ။ အဲဒီအပေါ်မှာတော့ အန်ကယ်တို့ဘက်က ကြိုတင် မျှော်မှန်းထားတာမျိုး မရှိသေးဘူးလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ NLD ပါတီရဲ့ သမ္မတလောင်း နေရာအတွက် ဘယ်လိုပုဂ္ဂိုလ်မျိုး ထားဖို့ စဉ်းစားထားပြီးပြီလဲ။
ဖြေ။ ။ ပြောလို့ မရသေးပါဘူး။ ပြောလို့ရနိုင်တာတခုကတော့ အစိုးရအဖွဲ့( အစိုးရဖွဲ့ဖို့) လူထု လက်ခံနိုင် လောက် အောင် ကြံစည်ထားတယ်။ အချိန်ကျရင် ပါတီက ထုတ်ပြန်ပေးပါမယ်။
မေး။ ။ NLD ပါတီမှာ လိုအပ်ချက်တွေ အများစုရှိနေသေးတယ်လို့ ဝေဖန်ပြောဆိုသံတွေက ထွက်နေတယ်။ အထူး သဖြင့် ပါတီဝင်တွေရဲ့ အရည်အချင်းနဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့ ကိစ္စအပေါ်မှာရော ဘယ်လိုမှတ်ချက်ပြုချင် ပါသလဲ။
ဖြေ။ ။ ဒီအတွက် ပြောစရာ မရှိပါဘူး။ NLD ရဲ့ လူငယ်တွေက ညီလာခံလုပ်ပြီး ရွေးချယ်ခဲ့တာ တနှစ် လောက်သာ အချိန်ရှိ သေးတော့ အရည်အချင်းအပေါ် ပြောကြတယ်ဆိုတာကို အန်ကယ်တို့က အပြစ် မပြောပါဘူး။ သူတို့တွေဟာ နုနယ်ကြသေးတယ်။ အခုမှ ပါတီကို ဝင်လာကြတာ ဖြစ်တယ်။
မေး။ ။ ပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပိုင်းမှာပဲ အလုပ်များနေပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ အခြားပြည်နယ်/တိုင်း အုပ်ချုပ်ရေး ပိုင်းမှာ ပါဝင်လုပ်ဆောင်မှု အားနည်းနေတယ် ဆိုတဲ့ ထောက်ပြမှုမျိုးတွေကို ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ အန်ကယ်တို့ပါတီက ရန်ကုန်မှာ အခြေချခဲ့တဲ့ပါတီဖြစ်တယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ကိစ္စ ကိုတော့ အားလုံး လုပ်နေတယ်။ နယ်မြေအနေနဲ့ ပတ်သက်ပြီးတော့ တိုင်းလွှတ်တော်ကိစ္စကို ပြောမယ် ဆိုရင် တော့ အဲဒီအတွက် ကိုယ်စားလှယ်တောင် လုံးဝမရှိဘူး ဆိုတော့ အဲဒီအတွက် ဖြေစရာမရှိဘူးလို့ ထင်ပါတယ်။
မေး။ ။ အစပိုင်းမှာ အန်ကယ်ဖြေသွားတဲ့တချက်က ပြင်ပကိုယ်စားလှယ် ၁၉ ဦး က ပါတီ ကိုယ်စားပြု ပြိုင်မယ်လို့ ပြော တော့ စိတ်ဝင်စားတဲ့ ကိုယ်စားလှယ်အရေအတွက်က အားနည်းနေသလား။
ဖြေ။ ။ ကိုယ်စားလှယ် ဘယ်လောက်ဆိုတာ မမှန်းဘူး။ NLDပါတီဝင် ဖြစ်ရင်တော့ အဖွဲ့ဝင်တယောက်ရဲ့ ရရှိခံစား ထိုက်တဲ့ အခွင့်အရေးတွေ သူတို့ အကုန်ရမယ်။ အဲဒီ အခွင့် အရေးတွေ ခံစားရမယ်။