အာရှတွင်း နိုင်ငံတချို့နှင့် ကုန်သွယ်သွားလာ ကူးသန်းနိုင်ရေးအတွက် အဓိကထား ဖောက်လုပ်ထားသော အဆင့်မြင့် အာရှလမ်းမကြီး၏ မြန်မာနိုင်ငံဘက် လမ်းပိုင်းသည် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့အကြား တိုက်ပွဲများကြောင့် လုံခြုံရေးအရ တရားဝင် ဖွင့်လှစ်ရေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသည်။
ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ ပူးတွဲဖွင့်လှစ်ရန် ဖြစ်သော်လည်း ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။
ဤလမ်းမကြီးမှတဆင့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများသို့ အနီးဆုံး ဆက်သွယ်မှုရှိမည်ဖြစ်ပြီး အာရှနိုင်ငံ တချို့သို့လည်း ချိတ်ဆက် ကုန်သွယ်ကြမည့်လမ်းဖြစ်သည်။
အာရှလမ်းမကြီး တရားဝင် မဖွင့်လှစ်သေးသော်လည်း အချိန်သက်သာပြီး လမ်းကောင်းသောကြောင့် ကုန်ကားများ၊ ခရီးသည်ကားများ သွားလာမောင်းနှင်နေကြပြီး ကမ္ဘာလှည့် ခရီးသွားများလည်း စတင်သွားလာ နေကြပြီဖြစ်သည်။ သို့သော် မြဝတီနှင့် ကော့ကရိတ်ကြား အာရှလမ်းမကြီးပေါ်တွင် ဂိတ်ကြေးကောက်သည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ရှိနေခဲ့ပြီး အခွန်အခများစွာ ပေးဆောင်နေရကြောင်း ဧရာဝတီက သတင်းရေးသား ဖော်ပြခဲ့သည်။
ယင်းနောက်ပိုင်း လမ်းကြောင်းရှင်းလင်းရေး ကိစ္စများနှင့် ပတ်သက်၍ အစိုးရတပ်မတော်နှင့် DKBA တို့အကြား ပစ်ခတ်မှုများ ဖြစ်သည်အထိ တင်းမာခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း အစိုးရ တပ်မတော်ဘက်မှ ဝင်တိုက်ပေးခဲ့သည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဝင်ရောက်ညှိနှိုင်း ရသည်အထိ ဖြစ်ခဲ့သည်။
ကုန်စည်စီးဆင်းရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်သော အာရှလမ်းမကြီးသည် လက်နက်ကိုင် တပ်ဖွဲ့များ၏ အမြတ်ထုတ် အခကြေးငွေကောက်ရာ၊ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်ရာနေရာ မဖြစ်သင့်တော့ပါ။ ခရီးလမ်းကြောင်း အဆင်ပြေ ချောမွေ့စေရေး၊ ကုန်စည်များ တရားဝင် လွတ်လပ်စွာ စီးဆင်းရေးအတွက် သက်ဆိုင်ရာက လုံခြုံရေးယူပေးမှုမျိုးသာ ရှိသင့်သည်။
ပြည်တွင်း ကုန်စည်ဈေးကွက်တချို့သည် ဤနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများအပေါ် မှီခိုအားထားနေရသည်။ ကမ္ဘာလှည့်ခရီးသွားများလည်း ယင်းလမ်းကြောင်းမှတဆင့် ဝင်ရောက်နေကြသောကြောင့် လုံခြုံရေးလည်း အရေးကြီးသည်။
အစိုးရနှင့် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များ ညှိနှိုင်း၍ ဖြစ်စေ၊ မလိုအပ်သော ဝင်ရောက်စွက်ဖွက်မှု၊ ထိန်းချုပ်မှုများ မရှိအောင် လုပ်ဆောင်သင့်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အလှူရှင်နိုင်ငံများ၏ ကမကထဖြင့် အကောင်အထည် ဖော်ထားသော ဤအာရှလမ်းပိုင်းသည် အာဏာပိုင်တရပ်၊ လက်နက်ကိုင် အဖွဲ့တဖွဲ့၏ ကိုယ်ကျိုးစီးပွားအတွက် လုံးဝမဖြစ်သင့်ပါ။
တနည်းအားဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေး တိုးတက်မှုနှင့် ယင်းတို့ကိုတည်မှီ၍ ပြည်သူများ အဆင်ပြေမှုကိုသာရှေးရှု၍ အာရှလမ်းမကြီး လုံခြုံစွာ သွားလာ စီးဆင်းနိုင်ရန် အားထုတ်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။