၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်၏ နိုင်ငံရေးအကျဉ်းသား စကားရပ်အား မေးမြန်းသည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှ ဖြေကြားချက်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်၍ အခွင့်အရေးပေးပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသားများပေါ်ပေါက်လာမည် ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ် ဖွင့်ဆိုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသွားသည်ကို စကိုင်းနက် လွှတ်တော်ချန်နယ် ရုပ်သံလိုင်းမှ မြင်တွေ့ကြားသိလိုက်ရ၏။
ထို့အပြင် နိုင်ငံတော်သမ္မတမှ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပေးထားသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီတွင် ဒုဝန်ကြီး ကိုယ်တိုင် အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီတွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော်လည်း လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် လက်ကျန် အကျဉ်းသားစိစစ်ရေး ကော်မတီဟုသာ သုံးနှုန်းသွားခဲ့ခြင်းအပေါ်တွင်လည်း အံ့အားသင့်မိသည်။
အစိုးရတာဝန်ရှိသူများသည် တန်းတူညီမျှမှုနှင့် အလုပ်ပေါ် မူတည်ပြီး ပေးရသော အဆင့်အတန်းဆိုသော စကားလုံးပေါ် နားလည်မှု လွဲနေသည်ဟု ထင်သည်။ တန်းတူမှုဆိုသည် ရွေးကောက်ပွဲများတွင် ဦးသိန်းစိန်က မဲတမဲ ပေးခွင့်ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား တယောက်တွင်လည်း မဲတမဲ ပေးခွင့်ရှိခြင်းကို ဆိုလိုသည်။ အလားတူစွာ ဥပဒေ၏ အကာအကွယ်ပေးမှုဆိုသည် မြန်မာနိုင်ငံသားတိုင်းကို ပေးရခြင်းဖြစ်သည်။ သမ္မတ လစာ တလ သိန်း ၅၀ ကျပ်နှင့် အောက်ခြေ အလုပ်သမား တနေ့ ၃၆၀၀ ကျပ်ကို တန်းတူညီမျှခွင့်အတွက် ထည့်သွင်းပြော၍ မရပါ။ ယင်းသည် တန်းတူညီမျှမှုနဲ့ မဆိုင်ပါ။ အလုပ်ပေါ် မူတည်ပြီး ရရှိသော ခံစားခွင့်သာ ဖြစ်သည်။ ပြည်ထဲရေး ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသူကို ပေးထားသော အဆင့်အတန်းကိုလည်း သာမန် အလုပ်သမားတဦး ရနိုင်သော အဆင့်အတန်းနှင့် ယှဉ်ပြီး တန်းတူညီမျှမှု မရှိဟု ပြော၍မရချေ။
ထိုနည်းတူစွာ အကျဉ်းထောင်ထဲမှာ အကျဉ်းသားအားလုံး အဆင့်အတန်းခွဲခြားမှု မရှိစေရဘဲ တတန်းတစားတည်း ဖြစ်ရမည်ဆိုခြင်းသည် အင်မတန်ခေတ်နောက်ကျသော အတွေးအခေါ်သာ ဖြစ်လိမ့်မည်။ အကျဉ်းထောင်ထဲသို့ လူတွေ အကြောင်းမျိုးစုံကြောင့် ရောက်ကြရသည်။ တရားဥပဒေ စိုးမိုးမှု အားနည်းသော မြန်မာနိုင်ငံတွင် အပြစ်မရှိသောသူများလည်း ရောက်တတ်ကြသည်။ ရောက်လာသူ အမျိုးမျိုး အမှု အမျိုးမျိုး စုံလင်သည်။ ကျနှစ်တွေလည်း မတူကြပါ။
အကျဉ်းထောင်တွင်း အတန်းအစား ခွဲခြားထားခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုပြီး တရားဝင် အကျဉ်းထောင် ဥပဒေထဲ ထည့်သွင်းခြင်း ဆိုသည်ကိုလည်း ရောထွေးစဉ်းစားဖို့ မသင့်ပါ။ အကျဉ်းထောင်တွင်း အတန်းအစား ခွဲခြားထားခြင်းဆိုသည် အကျဉ်းသား အားလုံးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများကို သီးခြားလူတန်းစားအဖြစ်ထားပြီး အခွင့်အရေးတွေပေး၊ အခြားအကျဉ်းသားတွေကို ဖိနှိပ် ဆိုတာမျိုး ပြောဆိုနေခြင်း မဟုတ်ပါ။
အကျဉ်းထောင်များကို ဖိနှိပ်ရေး စခန်းမှ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းများ အဖြစ် ပြောင်းလဲပစ်ရန် လိုအပ်သော အကျဉ်းထောင် စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စတခုအား ပြောဆိုခြင်းသာဖြစ်သည်။ နောက်တချက် နိုင်ငံရေးအကျဉ်းသားများသည် အကျင့်စာရိတ္တ ပျက်ယွင်းပြီး ထောင်တွင်းရောက်ရှိလာခြင်း မဟုတ်ဆိုသည်ကို တည်ဆဲအစိုးရအနေဖြင့် အသိအမှတ် မပြု၍ မရပေ။ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အကျဉ်းထောင် ဥပဒေများကို လေ့လာကြည့်လျှင်လည်း ထိုအချက်ကို ထင်ရှားစွာ မြင်ရမည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အတန်းအစား ခွဲခြားထားခြင်းဖြင့် အကျဉ်းထောင်တွင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာတွင် ပိုမို စနစ်တကျဖြစ်သည်ဟု ခံယူပြီး အတန်းအစား ၆ မျိုး ခွဲခြားထားပါသည်။ ထိုအတန်းအစားများမှာ excellent ၊ very good ၊ good ၊ moderate ၊ bad ၊ worst တို့ ဖြစ်သည်။
ထောင်သို့ စရောက်ရောက်ခြင်း အကျဉ်းသားများသည် moderate သို့ စတင် သတ်မှတ်ခံရသည်။ ထောင်ကျရက်များအတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားကောင်းသူများအား တဆင့်ပြီး တဆင့် good ၊ very good ၊ excellent သို့ အတန်းအစားမြှင့်တင်ပေးကာ စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းသော သူများကိုလည်း ရပိုင်ခွင့်များသည်လည်း bad ၊ worst တို့အဖြစ် သတ်မှတ်သွားသည်။ ထိုသို့ သတ်မှတ်ခံရသော အဆင့်အတန်းပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေး စနစ်ထားရှိပါသည်။ အကောင်းဆုံးအချက်မှာ ကောင်းမွန်စွာ နေထိုင်သော အကျဉ်းသားအတွက် ပြစ်ဒဏ်၏ တဝက် ကျခံပြီးပါက နောက်တဝက်အတွက် (Parole) လျှော့ရက်ကို လျှောက်ထားခွင့် ရှိပါသည်။
မလေးရှားနိုင်ငံတွင်လည်း Parole board (ခွင့်ပြုမိန့်ပေးနိုင်သော ဘုတ်အဖွဲ့)ကို ဖွဲ့ထားပါသည်။ ထိုအဖွဲ့ကို တရားသူကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အကျဉ်းဦးစီးမှ ညွှန်ချုပ်၊ အကျဉ်းဦးစီးတာဝန်ခံနှင့် ပြည်သူလူထု၏ ယုံကြည်ခြင်းခံရသူ ၂ ဦးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ နယ်မြေများတွင်လည်း Parole Officer များ ခန့်အပ်ထားပြီး ခွင့်ပြုမိန့်ရရှိခံစားရ၍ လွတ်မြောက်လာသော အကျဉ်းသားအား စောင့်ကြည့်စေပါသည်။ ထောင်တွင်းအကျဉ်းသားများကို ထိုသို့ အတန်းအစား ခွဲခြားထားရှိခြင်းကြောင့် အကျဉ်းထောင် စီမံခန့်ခွဲရေးတွင် ဝန်ထမ်းများအတွက်လည်း ပို၍ သက်တောင့်သက်သာ ဖြစ်စေသည်သာမက အကျဉ်းကျသူများ၏ စာရိတ္တပြုပြင်ရေးတွင်လည်း ထိရောက်မှု ရှိပါသည်။
အာဏာပိုင်များနှင့် ဆန့်ကျင်ကွဲလွဲသော နိုင်ငံရေးယုံကြည်ချက်ကြောင့် အဖမ်းအဆီးခံရသူများကို စာရိတ္တပျက်ယွင်းပြီး ရာဇဝတ်မှုကျူးလွန်သူများကဲ့သို့ ဆက်ဆံသောစနစ်မှာ အတိုက်အခံများအား အာဏာရသူက ခေါင်းမထောင်နိုင်အောင် ဖိနှိပ်လိုသော ဆန္ဒသဘောထားကို ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်။ အတန်းအစားခွဲခြားခြင်းသည်သာ ဒီမိုကရေစီနှင့် ကိုက်ညီသည့် အကျဉ်းထောင်စီမံခန့်ခွဲမှုဖြစ်ပါသည်။ မိမိကိုယ်ကိုယ် ပြန်လည်ပြင်ဆင်ခွင့် အကျဉ်းသားများအား ပေးခြင်းသည်လည်း လူသားဆန်သောလုပ်ရပ် ဖြစ်သည်။
၁၈၉၄ ခုနှစ် ကတည်းက ရေးဆွဲထားသော အကျဉ်းထောင် ဥပဒေ ကတည်းက စ၍ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးနေသည့် ၁၉၆၂ ခုနှစ် အထိ မြန်မာနိုင်ငံတွင် ယခုလို အကျဉ်းထောင်တွင်း အတန်းအစား ခွဲခြားခြင်းစနစ် ကျင့်သုံးခဲ့ပါသည်။ သို့ဖြစ်ပါသောကြောင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သက်ပြီး လွှတ်တော်များနှင့် တည်ဆဲအစိုးရတို့သည် ပြန်လည်သုံးသပ်ဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြအကြံပြုလိုက်ပါသည်။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners Burma)၏ တွဲဘက်အတွင်းရေးမှူးဖြစ်သည်)