၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်မှာ ပြုလုပ်မယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့အတူ သမ္မတဘယ်သူဖြစ်နိုင်တယ်၊ ဘယ်သူကတော့ သမ္မတ လုပ်ချင်တယ်၊ ဘယ်သူကတော့ သမ္မတ မလုပ်ဘူး၊ ဘယ်သူကတော့ သမ္မတလောင်းအမည်စာရင်း တင်သွင်းခံရနိုင်တယ် စတဲ့ သတင်းတွေ ပွက်ပွက်ညံအောင် ထွက်ရှိလာပါတယ်။
သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲကို လိုချင်တဲ့၊ အပြောင်းအလဲကို ဦးဆောင်နိုင်မယ့် သမ္မတ တဦး လိုအပ်နေပါပြီ။ လက်ရှိသမ္မတ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ပဲ သမ္မတ ဆက်လုပ်ပါ ဆိုသူတွေ ရှိသလို ဦးသိန်းစိန် သက်တမ်း ငါးနှစ်အတွင်း နိုင်ငံဟာ သိပ်မထူးခြားဘူး ဒါကြောင့် သမ္မတ ဆက်မလုပ်ဖို့ ကန့်ကွက်သူတွေလည်း ရှိနေတာကို မီဒီယာမျိုးစုံမှာ မြင်တွေ့နေရပါတယ်။
သမ္မတဖြစ်ချင်တယ်လို့ ဝန်ခံထားတဲ့ လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သမ္မတဖြစ်နိုင်မယ်လို့ ခန့်မှန်းနေကြသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်က အငြိမ်းစားယူပြီး သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရနိုင်တယ်လို့ ဆန်းစစ်ကြသူတွေလည်း ရှိပါတယ်။
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲမှာ အင်အားကြီး အတိုက်ခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်ယှဉ်ပြိုင်မှာမို့ အနိုင်ရခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ပါတီဗဟိုကော်မတီဝင် ဦးဝင်းထိန် တို့ကို သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ်လို့ ခန့်မှန်းရေးသားကြတာရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မဟာမိတ်အင်အားစုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း သမ္မတလောင်းအဖြစ် ထင်ကြေးပေးနေတာတွေ ရှိနေပါတယ်။ ထုတ်ဖော်မပြောနိုင်သေးတဲ့ သမ္မတလောင်း အမည်တွေလည်း ရှိနေသေးပါတယ်။
၂၀၁၅ အလွန်အတွက် သမ္မတလောင်းလျာ အသံတွေ၊ သတင်းတွေ၊ ထင်ကြေးတွေကတော့ စုံနေလို့ပါပဲ။ စစ်ယူနီဖောင်းချွတ် အငြိမ်းစားဗိုလ်ချုပ်တွေရော၊ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီဘက်တော်သားတွေရော ပါဝင်နေလာတာကြောင့် အရမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အရေးလည်းကြီးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ စစ်ဗိုလ်ချုပ်အငြိမ်းစားတွေပဲ လွှမ်းမိုးခဲ့တာပါ။
ဒါပေမယ့် အနာဂတ်မြန်မာနိုင်ငံအတွက် မည်သူမည်ဝါ သမ္မတဖြစ်နိုင်သည်ဆိုတာထက် သမ္မတဖြစ်လာမယ့်သူဟာ နိုင်ငံကို ဘယ်လောက် ပြောင်းလဲပေးနိုင်မယ်၊ ပြည်သူဆန္ဒသဘောထားကို အလေးထားကာ နိုင်ငံကို ဘယ်လို ဦးဆောင်ပေးနိုင်မယ်ဆိုတာက ပိုအရေးကြီးနေတယ်လို့ မြင်မိပါတယ်။ သမ္မတ ဘယ်သူပဲဖြစ်လာပါစေ အောက်မှာဖော်ပြထားတဲ့ ပြဿနာတွေ အခက်အခဲတွေကို မဖြေရှင်းပေးနိုင်ရင်တော့ နိုင်ငံဟာ ဒုံရင်း ဒုံရင်းအတိုင်းပဲ ရှိနေဦးမှာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုကနေ ၁၉၅၈ ခုလောက်ထိသာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ကြီးပြင်းခဲ့ရပြီး အဲ့ဒီနောက်ပိုင်းကနေ ၂၀၁၀ ခုလောက်ထိ အာဏာရှင်တွေက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ် အုပ်စိုးမှုတွေနဲ့အတူ ပြည်သူတွေဟာ ဒုက္ခမျိုးစုံနဲ့ တခုပြီးတခု ကြုံတွေ့ခဲ့ကြရတာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။
အောက်ကျနောက်ကျဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အဆောတလျင် လိုအပ်နေတာက ပြည်တွင်းစစ်ဖြစ်နေတာကို အမှန်တကယ် ရပ်စဲအောင်လုပ်ဖို့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ပါ အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးရရှိဖို့၊ ငြိမ်းချမ်းရေးရရှိဖို့ဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံကို ဖယ်ဒရယ်စနစ် အခြေခံတည်ဆောက်ပြီးမှ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပါမှ ဖြေရှင်းနိုင်မယ့်အခြေအနေ ရှိပါတယ်။ လက်ရှိသမ္မတဦးသိန်းစိန်ဟာ ဒီလုပ်ငန်းစဉ်တွေကို စိုက်လိုက်မတ်တပ် လုပ်ဆောင်နေပေမယ့် မိမိရရ ပိုင်ပိုင်နိုင်နိုင် ရရှိနေပြီလို့ ပြောမရသေးပါဘူး။
ဒါ့အပြင် စစ်ကြောင့် ဒုက္ခသည်စခန်းတွေမှာ ချို့တဲ့စွာရောက်နေသူတွေ၊ သေနတ်သံ အမြောက်သံတွေကြောင့် စားဝတ်နေရေး လုံခြုံမှုရှိမနေတာတွေ၊ ဖွံ့ဖြိုးမှု တန်းတူမညီမျှလို့ နောက်ကျကျန်နေတဲ့ တိုင်းရင်းသားဒေသတွေ အများကြီး ရှိနေပါသေးတယ်။
လက်ရှိသမ္မတဦးဆောင်တဲ့ အစိုးရဟာ အောက်ခြေပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို လုံလောက်စွာ မဖန်တီးပေးနိုင်သေးပါဘူး။ အောက်ခြေအလုပ်သမားတွေရဲ့ တရက် လုပ်ခနှုန်းထားတွေကိုလည်း အလုပ်သမားတွေရဲ့ ဆန္ဒအတိုင်း ထိုက်တန်စွာရရှိဖို့ မဆောင်ကျဉ်းပေးနိုင်သေးပါဘူး။ အလုပ်သမားအခွင့်အရေးတွေကိုလည်း အပြည့်အ၀ အာမခံချက် မပေးနိုင်သေးပါဘူး။
မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဟာ ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတွေ ဖြစ်ပါတယ်။ စိုက်ပျိုးစရာမြေတွေကို အာဏာရှင် အစိုးရတွေက ခေတ်အဆက်ဆက်မှာ အဓမ္မ သိမ်းယူခဲ့ရတာကြောင့် စိုက်ရေး ပျိုးရေးတွေ မလုပ်နိုင်ပဲ မြေယာပြန်ရရှိရေးအတွက် ဆန္ဒပြတာ၊ ထွန်တုံးတိုက်ပွဲတွေ ဆင်နွှဲနေ နေရတာ၊ တရားရုံးတွေမှာ အမှုအခင်း ရင်ဆိုင်နေရတာတွေကလည်း နိုင်ငံ တနံတလျားမှာ လက်ညှိုးထိုးမလွဲ ရှိနေပါတယ်။ ဆိုလိုတာက လယ်ယာတွေထဲမှာ လယ်ထွန်နေကြရမယ့် လယ်သမားတွေဟာ ဒုက္ခမျိုးစုံနဲ့ တရားရုံးတွေမှာ အမှုရင်ဆိုင်နေကြရတာပါ။ စိုက်ပျိုးစရာမြေရှိပေမယ့် ထွက်ရှိလာတဲ့သီးနှံတွေ ဈေးကွက်ရအောင် မဖန်တီးပေးနိုင်တာကလည်း တောင်သူလယ်သမားတွေကို ဆင်းရဲတွင်းမှာပဲ ရှိနေစေခဲ့ပါတယ်။
နိုင်ငံတနိုင်ငံ အဆင့်မြင့်လာဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပညာရေးက အရေးပါတဲ့ အခန်းကဏ္ဍတခုအဖြစ် ပါဝင်ပါတယ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပညာရေးကဏ္ဍမှာ ဘတ်ဂျတ်အနည်းငယ် ပိုသုံးနိုင်တယ်လို့ ဆိုပေမယ့် နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်ခဲ့ရတဲ့ မြန်မာ့ပညာရေးအတွက် သိသိသာသာ ပြောင်းလဲမလာသေးသလို ကျန်းမာရေးကဏ္ဍမှာလည်း ကျေးလက်တောရွာတွေမှာတောင် မပြောပါနဲ့ မြို့ပြက အစိုးရရဲ့ဆေးရုံဆေးခန်းတွေမှာတောင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု တာဝန်ယူပေးနိုင်မှုတွေက ပြည်သူ အားကိုးဖွယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိမလာသေးပါဘူး။
ယခုအချိန်ထိ ဂယက်မငြိမ်သေးတဲ့ ပိုက်လိုင်းစီမံကိန်းတွေ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွေ၊ ပြည်သူတွေ လက်မခံလို့ ယာယီရပ်ဆိုင်းထားရတဲ့ မြစ်ဆုံဆည် စီမံကိန်းတွေ၊ မြို့ပြတွေမှာ ဖြစ်ပွားနေတဲ့ ကျူးကျော်တဲ၊ ကျူးကျော်မြေယာပြဿနာ၊ ပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုမှု စတာတွေအပြင် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေဟာလည်း ၂၀၁၅ အလွန် သမ္မတဖြစ်လာမယ့်သူကို အသင့်စောင့်ကြိုနေပါတယ်။
ဒါကြောင့် ဘယ်သူဘယ်ဝါက သမ္မတလုပ်ချင်တယ်၊ ဘယ်သူက သမ္မတဖြစ်နိုင်တယ်ဆိုတာထက် အပြောင်းအလဲကို အမှန်အကန် လိုချင်ပြီး အထက်ဖော်ပြခဲ့တဲ့ ပြည်သူတွေရဲ့ပြဿနာပေါင်းစုံ၊ အခက်အခဲ အထွေထွေကို မှန်ကန်တည့်မတ်စွာ ဦးဆောင်ဖြေရှင်းပေးနိုင်မယ့် သမ္မတမျိုး၊ ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားတဲ့ သမ္မတမျိုး နိုင်ငံမှာရှိလာရေးက ပိုပြီး အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အပြောင်းအလဲကို အမှန်တကယ် မလိုလားတဲ့ ဒုံရင်း ဒုံရင်း သမ္မတမျိုးသာ သမ္မတ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ နိုင်ငံဟာလည်း ထူးမခြားနား နိုင်ငံအဖြစ်သာ ဆက်ရှိနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)