တွင်းထွက်၊ ဘဏ်၊ အိမ်ခြံမြေ၊ လေကြောင်းလိုင်း၊ အာမခံစတဲ့ စီးပွားရေးလုပ်ငန်းခွဲ မျိုးစုံကို လုပ်ကိုင်နေတဲ့ ကမ္ဘောဇအုပ်စုကို ဦးအောင်ကိုဝင်းက ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။
ဦးအောင်ကိုဝင်းရဲ့ သမီးကြီး မနန်းလိုင်ခမ်းက ၂၀၁၄ ခုနှစ် အတွင်းမှာ လည်ပတ်ငွေ စုစုပေါင်း ၁၁၃ ဘီလျံကျပ် (အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၉ သန်း) ရှိပြီး နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၂၀ဝ ကျော် ရှိလာတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ကမ္ဘောဇဘဏ်မှာ လုပ်ငန်းအတွေ့အကြုံနဲ့ ရင့်ကျက် ကြီးပြင်းလာခဲ့သူ ဖြစ်တယ်။ အခုဆို ကမ္ဘောဇ အုပ်စု အောက်မှာ ရှိတဲ့ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း၊ ကမ္ဘောဇလေကြောင်း လိုင်း၊ ကမ္ဘောဇ ဘဏ်နဲ့ နေပြည်တော် Kempinski ဟိုတယ် လုပ်ငန်းခွဲတွေရဲ့ ဥက္ကဋ္ဌရာထူးကို တာဝန်ယူ ဆောင်ရွက်နေရ ပါတယ်။ မနန်းလိုင်ခမ်းက ဧရာဝတီ စီးပွားရေးဆိုင်ရာ အကြီးတန်း သတင်းထောက် ကျော်ဆုမွန်ကို စီးပွားရေးလုပ်ငန်းမှာ အမျိုးသမီး တွေရဲ့ ကဏ္ဍနဲ့ အမျိုးသမီးတို့ စွမ်းဆောင်နိုင်ရည် အကြောင်းတွေ ပြောပြထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး ကဏ္ဍမှာ ပါဝင်လာမှုဟာ တဖြည်းဖြည်း မြင့်တက် လာတာနဲ့ အမျှ လုပ်ငန်းခွင်အတွင်း အမျိုးသားတွေနဲ့ ရင်ပေါင်တန်း လုပ်ကိုင်ရတဲ့နေရာမှာ အခက်အခဲတွေ ရှိနေပါသေးလား။
ဖြေ။ ။ မြန်မာနိုင်ငံ တိုးတက်လာတာနဲ့ အမျှ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်လာတာနဲ့အမျှ လူတွေရဲ့ အသိအမြင်က လည်း အရင်ကထက် အများကြီး တိုးတက်ပြောင်းလဲ လာပါပြီ။ လူတိုင်းအတွက် အခွင့်အလမ်းတွေလည်း အများကြီး ရှိလာပါပြီ။ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ ၅၁ ဒသမ ၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အရင်ကဆို အမျိုးသမီး များဟာ အိမ်ထောင်ပြုပြီးတာနဲ့ အိမ်ထောင့် တာဝန်တွေနဲ့ မှီခိုအဖြစ် ရှိကြရာက အခုဆိုရင် စီးပွားရေး လုပ်ငန်းခွင်မှာ အမျိုးသားများနဲ့ တန်းတူ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာလည်း အမျိုးသားများနည်းတူ မရှိမဖြစ် တထောင့် တနေရာကနေ ပါဝင်လာပြီ ဖြစ်တဲ့ အတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် အားတခု ဖြစ်စေပါတယ်။
မေး။ ။ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည် မြှင့်မားလာအောင် စီးပွားရေး ကုမ္ပဏီတွေ လုပ်ငန်းတွေ အနေနဲ့ ဘယ်လို ပေါ်လစီတွေ ချမှတ် လုပ်ဆောင်သင့်တယ် လို့ ထင်ပါသလဲ။
ဖြေ။ ။ ပေါ်လစီလို့ ပြောမယ့်အစား Empowering Culture (လုပ်ပိုင်ခွင့်ကို ယုံကြည်စိတ်ချစွာ လွှဲအပ်ခြင်း) လို့ ပြောင်းလဲဆိုချင် ပါတယ်။ ကုမ္ပဏီ တခုလုံး ပေါ်လစီ ချမှတ်တာမျိုး မဟုတ်ဘဲ၊ ဝန်ထမ်းတိုင်း အရာထမ်းတိုင်းကို အသက်အရွယ်၊ လူမျိုး၊ ကျား မ ခွဲခြားမှု မရှိဘဲ ဝန်ထမ်းတိုင်း တဦးချင်းစီကို ၎င်းတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ တာဝန်ယူ လုပ်ကိုင် ဆောင်ရွက် လိုစိတ်ကို တိုက်တွန်း အားပေး ဆောင်ရွက်ပါ တယ်။
လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးများ တန်းတူ အခွင့်အရေး (Leveled playing field) သာတူ ညီမျှ ရှိမှု အပေါ် အခြေခံပြီး အမျိုးသားများနဲ့ တန်းတူလုပ်ငန်း ကျွမ်းကျင်မှု အပေါ်၊ အရည်အချင်း အပေါ် မူတည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် အောင်မြင်မှု အလိုက် အသိအမှတ်ပြု ချီးမြင့်ခြင်း၊ အဆင့်မြင့် တာဝန်များ ပေးအပ်ခြင်း၊ စသည်တို့ကို အားပေး ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာပြည် တဝန်းလုံးမှာရှိတဲ့ အမျိုးသား အမျိုးသမီးတွေ ကျား/မ ခွဲခြားမှု မရှိဘဲ တန်းတူအခွင့်အရေးရအောင်၊ နှိမ့်ချ ဖိနှိပ်တာမျိုး မရှိဘဲ အရာရာကို တန်းတူအခွင့်အရေး ပေးပြီး စဉ်းစားတဲ့ ယဉ်ကျေးမှုကို ကမ္ဘောဇမှာ အလေ့အကျင့် တခုအနေနဲ့ ပြုလုပ်ပေးပါတယ်။
မေး။ ။ စင်ကာပူမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကျောင်းတက်နေစဉ် ကာလတုန်းက ပါဝင် ဆွေးနွေးခဲ့ဖူးတာတွေ ရှိတော့၊ အခု ဒီမြန်မာ နိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပါဝင်ဆောင် ရွက်ရမှုဟာ ပွင့်လင်းစွာ လုပ်လို့ရရဲ့လား၊ အမျိုးသမီးတွေရဲ့ စီးပွားရေးပိုင်း အမြင်ဟာ အမျိုးသားတွေနဲ့ တန်းတူ လှုပ်ရှားနိုင်နေပြီ လို့ ထင်လား၊ အခြား ဒေသတွင်း နိုင်ငံတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ကော လုပ်ကိုင်ခွင့်တွေ ရနေပြီလို့ မြင်ပါ သလား။
ဖြေ။ ။ ရှေ့မှာ ကျမ ပြောခဲ့သလိုပါပဲ၊ နိုင်ငံတိုးတက် လာတာနဲ့ အမျှ လူတိုင်းရဲ့ အသိအမြင်ကလည်း အများကြီး တိုးတက် ပြောင်းလဲလာ ပါပြီ။ အခုဆို အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ စီးပွားရေး အပါအဝင် အခြားကဏ္ဍ များမှာပါ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဦးဆောင်ပါဝင် ဆောင်ရွက်လုပ် ကိုင်လာ တာကို တွေ့ရပါလိမ့်မယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ အတွင်းက မြန်မာနိုင်ငံက ဦးစီးကျင်းပပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ မြန်မာ့စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲ (Myanmar Investment Outreach Forum) မှာလည်း Ambassador Melanne Verveer နဲ့အတူ၊ အခြား အဖွဲ့အစည်းများမှ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများနဲ့ မြန်မာ့စီးပွားရေး ကဏ္ဍမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမှု၊ မြန်မာ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်နဲ့ အခွင့်အလမ်းများ၊ မြန်မာ့လူမှု အဖွဲ့အစည်းမှာ အမျိုးသမီးများရဲ့ အရေးပါမှု အခန်းကဏ္ဍ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာလည်း International Women’s Forum ကို နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဖိုရမ်ကို ပြည်တွင်း ပြည်ပရှိ ကဏ္ဍပေါင်းစုံက အမျိုးသမီး၊ အမျိုးသား ခေါင်းဆောင်များ တက်ရောက်ကြပြီး ဆွေးနွေးမှုများကိုလည်း ၂ ရက် ဆက်တိုက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ ပြောရမယ် ဆို နိုင်ငံအတွင်း နိုးကြားစွာ လှုံ့ဆော်နိုင်မှု၊ ပူးပေါင်းပါဝင်မှု အားနည်း နေပါ သေးတယ်။ အခုလို ဖိုရမ်တွေ ကျင်းပပေးပြီး ဒီလှုပ်ရှားမှုတွေက တဆင့် အနယ်နယ် အရပ်ရပ် ဒေသစုံမှာ လုပ်ကိုင်ခွင့် တွေ ပိုမိုများပြားလာစေဖို့ အတွက် နယ်ဒေသများကိုလည်း အားစိုက် လေ့လာဖို့ လိုအပ်ပါတယ်။
မေး။ ။ အခုလက်ရှိ ကမ္ဘောဇ ကုမ္ပဏီမှာ တာဝန် ထမ်းဆောင်နေသူတွေထဲမှာအများစုဟာ အမျိုးသမီး တွေလို့ သိရပါတယ်။ ဒီ အမျိုးသမီးတွေရဲ့ လုပ်အားကို ပိုပြီး ထိရောက် မြင့်တက်လာအောင် ဘယ်လို လုပ်ဆောင်ပေးနေတာ မျိုး ရှိပါသလဲ။
ဖြေ။ ။ ကမ္ဘောဇအုပ်စု ကုမ္ပဏီများထဲက IKBZ အာမခံကုမ္ပဏီမှာ ဆိုရင် အမျိုးသမီး အရာထမ်း၊ ဝန်ထမ်း ၈၅ ရာခိုင်နှုန်းနဲ့ ကမ္ဘောဇဘဏ်မှာ ဆိုရင် အမျိုးသမီး အရာထမ်း၊ ဝန်ထမ်းရာခိုင်နှုန်းဟာ ၅၃ ဒသမ ၇၅ ရှိပါတယ်။ ကျမတို့ လုပ်ငန်းခွင်ထဲက အိမ်ထောင်ရှင် အမျိုးသမီးများ အတွက်လည်း မီးဖွားခွင့် အတွက် ဆိုရင် လုံလောက်တဲ့ အချိန် ကာလ တခုကို ခွင့်အဖြစ် သတ်မှတ်ပေးတဲ့ အပြင် သတ်မှတ် ကျန်းမာရေး ထောက်ပံ့ စရိတ် ခံစားခွင့် ပြုခြင်း၊ မီးဖွားခွင့် စေ့သွား ပေမယ့် လိုအပ်ပါက ကလေးငယ် ပြုစုစောင့်ရှောက်ဖို့ အတွက် ခွင့်ပေးခြင်း၊ လုပ်ငန်းခွင် ပြန်ဝင်ချိန်မှာလည်း ဝန်ထမ်းအတွက် လုပ်ငန်းခွင်နဲ့ မိသားစုဘဝ အဆင်ပြေအောင် သင့်လျော်တဲ့ တာဝန် ပေးအပ်ခြင်းမျိုး၊ မိသားစုနဲ့ ဝေးတဲ့ နေရာကို ပြောင်းရွှေ့တာမျိုး မလုပ်ဘဲ ကလေးငယ် ရှိပေမယ့် လုပ်ငန်းခွင်နဲ့ ဝေးကွာသွားခြင်း မဖြစ်အောင်၊ ဝန်ထမ်းများ အဆင်ပြေအောင် အမြဲဆောင်ရွက် ပေးပါတယ်။
လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရည် အသွေးများ တိုးတက် မြင့်မားစေဖို့လည်းTraining များ ပေးပါတယ်။ Training ပေးရာမှာလည်း အမျိုးသား၊ အမျိုးသမီး မခွဲခြားပါဘူး။ လုပ်ငန်းခွင် မှာ ဆိုရင် ကျား၊ မ မခွဲခြားဘဲ လုပ်ငန်း ကျွမ်းကျင်မှု အပေါ်၊ အရည်အချင်း အပေါ် မူတည်ပြီး၊ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက် အောင်မြင်မှု အလိုက် အသိအမှတ်ပြု ချီးမြှင့်ပါတယ်။
မေး။ ။ အောင်မြင်တဲ့ အမျိုးသမီး စီးပွားရေး လုပ်ငန်း ရှင်ဖြစ်ဖို့ မိဘရဲ့ အားပေးကူညီမှုက ဘယ်အတိုင်း အတာအထိ အရေးပါပါသလဲ။
ဖြေ။ ။ သားသမီးတယောက် ထက်မြက်လာဖို့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်ဖို့၊ မိဘတွေရဲ့ သွန်သင် လမ်းပြမှုနဲ့ ပံ့ပိုးကူညီမှုက အရမ်းကို အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ တဖက်ကလည်း ပံ့ပိုးမှုခံရတဲ့ သားသမီးတယောက် အနေနဲ့ လုပ်ငန်းခွင် အပေါ် စိတ်ပါဝင်စားဖို့နဲ့ အထူးကြိုးစားဖို့ လိုအပ်ပါတယ်။ အဲဒီလို အထူးကြိုးစားဖို့ လိုအပ်သလိုပဲ ကိုယ်ကိုယ်တိုင်မှာလည်း ရည်မှန်းချက် ကြီးကြီးမားမား ထားရှိဖို့ လိုပါတယ်။
မေး။ ။ မိဘလက်ငုတ် လက်ရင်း လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်နိင်ဖို့ ဆိုရင် အမျိုးသမီးငယ် တဦးအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေကို ဘယ်လို ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ စိန်ခေါ်မှု ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့ မြန်မာနိုင်ငံတွင်း မှာဆို ပိုမိုများပြားပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်လို့ကတော့ မိခင်ဖခင်လက်ထက်မှ သားသမီး လက်ထက်တိုင် မျိုးရိုး စဉ်ဆက် ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အတွက် Generation to Generation အသိပညာတွေ အများကြီး လက်ဆင့် ပေးကမ်းနိုင်ဖို့နဲ့ ဒီထက်မက အောင်မြင်အောင် စနစ်တကျ ဖွဲ့စည်းလုပ်ကိုင် ဆောင်ရွက် သွားဖို့ လိုပါတယ်။
မိမိလုပ်ငန်းခွင်မှာ နောင်တချိန် ဦးစီးဦးဆောင် ပါဝင်လုပ်ကိုင်နိုင်ဖို့ အတွက်လည်း ငယ်စဉ်ကတည်းက မိမိရဲ့ လုပ်ငန်းခွင်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိအောင်၊ အလုပ်ခွင်နဲ့ စိမ်းမနေအောင် နေ့စဉ်နီးပါးထိတွေ့ လုပ်ကိုင်ရပါတယ်။ ဥပမာ ကျမတို့ ညီအစ်မတွေဆို ငယ်စဉ်အချိန် ကတည်းက မိဘတွေရဲ့လုပ်ငန်းကို ကျွမ်းကျင် နားလည်အောင် ဘဏ်ခွဲတွေမှာ စပြီး ဝင်ရောက် လုပ်ကိုင်ခဲ့ရပါတယ်။ မိသားစုတွင်း တိုင်ပင်ဆွေးနွေးခြင်းအပြင် လုပ်ငန်းနဲ့ ပတ်သက်တဲ့ လမ်းစဉ် Strategy များကိုလည်း သေချာ ချမှတ်ပါ တယ်။ လူကြီးနဲ့ လူငယ် မျိုးဆက်သစ် တခုနဲ့ တခုကြား နားလည်မှု ကွာဟချက် မရှိအောင်လည်း ပူးပေါင်း ညှိနှိုင်းပြီး ဆောင်ရွက်လုပ်ကိုင်ပါတယ်။
ကျမတို့ရဲ့ လုပ်ငန်း ရေရှည်တည်တံ့ အောင်မြင်ဖို့ အတွက် လုပ်ငန်းတိုင်းမှာ အတွေးအခေါ်သစ်များ လိုအပ်ပါတယ်။ ပထမ မျိုးဆက်က လုပ်ငန်းကို တည်ထောင်ခဲ့သလို ဒုတိယမျိုးဆက် ဖြစ်တဲ့ သားသမီးများ လက်ထက်မှာလည်း အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး စွန့်ဦးတည်ထွင် စွမ်းဆောင် နိုင်စွမ်းရည် ရှိဖို့လည်း လိုအပ်ပါတယ်။
မိဘများရဲ့ ပံ့ပိုးမှုနဲ့ အတူ မိမိရဲ့ပညာရေး ဝမ်းစာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ နိုင်ငံတကာ အတွေ့အကြုံ တွေသာ မက ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ အသိပညာများလည်း အထူး လိုအပ်ပါတယ်။ ကမ္ဘောဇအုပ်စု အနေနဲ့ နောက် နှစ်ပေါင်းများစွာ လုပ်ငန်းများ ဆက်လက် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်ဖို့ စင်ကာပူ နိုင်ငံ Family Business Institution အသင်း ဝင်ပြီးတော့ လုပ်ငန်းများကို Strategy ချမှတ် ဆောင်ရွက် လျက် ရှိပါတယ်။
မေး။ ။ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတော့ အမျိုးသမီး တဦးအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေမှာ ပိုပြီး လုပ်ငန်းဆောင်ရွက်ချင်တာတွေ ရှိပါသလဲ။
ဖြေ။ ။ ကျမတို့ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အားကစားနဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ နေရာများ၊ ဆင်းရဲမှု လျော့ကျပပျောက်ရေး၊ မသန်စွမ်းသူများ စွမ်းရည် မြှင့်တင်ရေး၊ အနာဂတ်လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများမှာလည်း ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူများ၊ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ လူကုန်ကူး ခံရသူများ၊ လူမှုရေး ဒုက္ခရောက်နေသူများ မိမိနိုင်ငံကို ပြန်လာနိုင်ရေး ကိစ္စရပ် တွေမှာလည်း လူအား ငွေအားဖြင့် လိုအပ်တဲ့ နေရာတိုင်းမှာ အမြဲတမ်း တက်တက်ကြွကြါ ပါဝင်ဆောင် ရွက်လျက် ရှိပါတယ်။
ကျမအနေနဲ့ကတော့ အမျိုးသားရယ် အမျိုးသမီးရယ် ဆိုပြီး ခွဲခြား ဆောင်ရွက်ခြင်း မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ပိုမို တိုးတက်ဖွံ့ဖြိုးရေး အတွက် အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ထဲထဲဝင်ဝင် အရေးပါ အောင်မြင်ဖို့၊ ဒီထက် ပိုမို ကျယ်ပြန့်စွာ ပါဝင်နိုင်ဖို့ အတွက် နိုင်ငံတကာမှာ ဖွဲ့စည်းထားတဲ့ Women Forum CEO Champions အဖွဲ့ အစည်းများလို မြန်မာနိုင်ငံမှာလည်း မြန်မာအမျိုးသား၊ အမျိုးသမီး စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင်တဲ့ Women Forum CEO Champions Myanmar ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်။
မေး။ ။ လက်ရှိသင်ကြားနေတဲ့ ပညာရေး အကြောင်းနဲ့ ရည်မှန်းချက်ကို ပြောပေးနိုင်မလား။
ဖြေ။ ။ ငယ်ငယ်က ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှာ ပညာသင်ကြားခဲ့ပါတယ်။ နောက် National University of Singapore (NUS) မှာ Bachelor of Business Administration ဘွဲ့ ရယူခဲ့ပါတယ်။ အခု လက်ရှိမှာ ဩစတြေးလျနိုင်ငံ University of Sydney မှာ Master of Management ကို တက်ရောက် သင်ယူနေပါ တယ်။
ကမ္ဘာမှာ အမြင့်ဆုံး Forum အဖွဲ့အစည်း ဖြစ်တဲ့ World Economic Forum ရဲ့ New Champions အစီအစဉ်မှာလည်း ပါဝင်ပြီး ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ လှုပ်ရှားမှုများ ပြုလုပ် ခြင်းတို့ကိုလည်း အမြဲ မပြတ် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ တကြိမ်တခါမှ မလုပ်ခဲ့ဖူးခဲ့တဲ့ The Music Run လှုပ်ရှားမှုမျိုးကို ဦးဆောင်ပြုလုပ်ပြီး အဲဒီအစီအစဉ် ကနေ လက်မှတ်တွေ ရောင်းချလို့ ရရှိလာတဲ့ ဝင်ငွေတွေ အားလုံးကို မြန်မာနိုင်ငံ မသန် စွမ်းသူများ အသင်းကို လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အများအကျိုး အတွက် ကူညီ စာနာထောက်ပံ့ပေးဖို့ လိုအပ်တဲ့ လူသားများကို တတ်အားသရွေ့ အဘက်ဘက်က ထောက်ပံ့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရည်မှန်းချက်ကတော့ ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ အရေးပါတဲ့ လူမှုရေး၊ စီးပွားရေး ကဏ္ဍ တွေမှာ တတပ်တအား ကြိုးစားပံ့ပိုး ပါဝင်အားဖြည့်လိုပါတယ်။
မေး။ ။ Glocalisation ဆိုတာကို ဘယ်လို နားလည် ထားပါသလဲ။ မြန်မာနိုင်ငံမှာကော ဒါနဲ့ ပတ်သက် ပြီး ဘယ်လောက်အထိ လုပ်နိုင်မယ် ထင်ပါသလဲ။ မြန်မာနဲ့ ကမ္ဘာပေါင်းစပ်တဲ့ အခါ ဘယ်လို အခက်အခဲတွေ တွေ့ရမယ် လို့ ထင်ပါသလဲ။
ဖြေ။ ။ Glocalization ဆိုတာ ကမ္ဘာ့စီးပွားရေး ဆိုင်ရာ သဘောတရားတွေကို ဒေသနဲ့ ကိုက်ညီအောင် ပြုပြင် ပြောင်းလဲ ကျင့်သုံးဆောင်ရွက်ခြင်း လို့ နားလည်ပါတယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ မတူညီတဲ့ ယဉ်ကျေးမှုတွေ ရှိတာ ကြောင့် ကျမတို့ အနေနဲ့ National Identity (မိမိတို့ နိုင်ငံရဲ့ ကိုယ်ပိုင် အမျိုးသား စရိုက်လက္ခဏာ) ကို အထူး ထိန်းသိမ်းပြီး ကမ္ဘာ့နိုင်ငံများနဲ့ အတူ ရင်ပေါင်တန်းနိုင်အောင် နိုင်ငံတကာ အဆင့်မီ စီးပွားရေး သဘောတရားများကို မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျောညီတဲ့ လုပ်ငန်းဆိုင်ရာ အခြေခံများ အဖြစ် သင့်လျော်သလို ပြောင်းလဲ ကျင့်သုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရောက် မြန်မာပြည်ဖွားများ မြန်မာနိုင်ငံကို ပြန်လည်လာရောက် အလုပ် လုပ်ကိုင်ခဲ့ ကြရာမှာ နိုင်ငံတကာ ဗဟုသုတ၊ လုပ်ငန်းအတွေ့အကြုံ၊ အသိပညာနဲ့၊ ကိုယ့်တိုင်းပြည်ရဲ့လိုအပ်ချက်ကို ပြည်တွင်း မှာ ရှိတဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူလက်တွဲပြီး customer များရဲ့ လိုအပ်ချက်တွေကို ပြည့်စုံစွာ ဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် တကယ့်ကိုကောင်းမွန်တဲ့ ပေါင်းစပ်မှု တခုလို့ မြင်ပါတယ်။ အဲဒီလို ပေါင်း စပ်တဲ့အခါမှာ ကြုံတွေ့ ရတဲ့ အခက်အခဲတချို့ ကတော့ မတူညီတဲ့ လုပ်ငန်းခွင်လုပ်ဆောင်နည်းစနစ်များ၊ မတူညီတဲ့ လုပ်ငန်းခွင် လူမှု ဆက်ဆံရေး အနေ အထားသစ်များပဲ ဖြစ်ပါတယ်။ ။
(ဇူလိုင်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်။)