• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဒီနေ့ နားလည်မှုရရင် မနက်ဖြန် လက်မှတ်ထိုးနိုင်တယ်

by ဧရာဝတီ
2 August 2015
in အင်တာဗျူး
A A
နိုင်ဟံသာ

တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) အဖွဲ့ဝင် နိုင်ဟံသာ (ဓာတ်ပုံ - ကျော်ခ/ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်နက်ကိုင် အဖွဲ့အားလုံးကို လက်ခံမှ လက်မှတ်ထိုးမည်ဟု ထိပ်သီးခေါင်းဆောင်များက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ကို အစိုးရနှင့် တပ်မတော်ဘက်က ချန်ထားခဲ့ရန် အကြောင်းအမျိုးမျိုးပြ ပြောဆိုထားသည်။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
886
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
468
ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

19 June 2025
1.8k

ထို့ကြောင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆောင်ရွက်နေသည့် NCA သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး ကျော်ဖြတ်ရမည့်၊ ကြုံတွေနေရသည့် အခက်အခဲများကို တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် နိုင်ဟံသာအား ဧရာဝတီသတင်းထောက် ကျော်ခနှင့် ငြိမ်းငြိမ်းတို့က တွေ့ဆုံမေးမြန်းထားသည်။

မေး  ။  ။  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးဖို့ နီးစပ်ပြီလား။ ဘယ်လိုအတစ်အဆို့တွေ ရှိနေသေးလဲ။

ဖြေ  ။   ။  နီးစပ်ပြီလို့တော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် အရင်ထက်စာရင်တော့ ဒါက တော်တော်လေးကို နီးစပ်တဲ့ အပိုင်းတွေ များလာပြီပေါ့ဗျာနော်။ ကျန်တဲ့ အပိုင်းတွေကတော့ သိပ်မများတော့ပါဘူး။ ကျန်တဲ့အပိုင်းတွေက များသောအားဖြင့် NCA စာတမ်းမှာ ပြင်ဆင်မှုတွေကတော့ တော်တော်လေး နားလည်မှုရနေပြီ။

အခုကျန်တဲ့ အပိုင်းတွေကတော့ အဓိကအားဖြင့် NCA ကို လက်မှတ်ထိုးတဲ့ အခါကြရင် ဘယ်လိုခေါင်းဆောင်တွေ ဘယ်လိုပုဂ္ဂိုလ်မျိုး ပါဝင်ထိုးမလဲ။ နောက်ပြီးတော့ အဲဒီလက်မှတ်ထိုးတဲ့ ပွဲမှာ အသိသက်သေအနေနဲ့ ပေါ့ဗျာ။ အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တောင်းဆိုတဲ့အမြင်နဲ့ အစိုးရဘက်က ရပ်တည်တဲ့အမြင်နဲ့ နည်းနည်းကွာနေတယ်။ အဲဒါက တချက်ပေါ့ဗျာ။

နောက်တချက်ကတော့ အန်ကယ်တို့ NCCT လက်ထက် ကတည်းကရော အခု SD လက်ထက်မှာရော တောင်းဆိုနေတာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်မယ်ဆိုရင် အန်ကယ်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်ရေး အဲဒီမှာ တချို့ကတော့ ဒီညှိနှိုင်းရေးမှာ မပါတဲ့ အဖွဲ့တွေ၊ သဘောတူညီချက်ကို လက်မခံချင်တဲ့ အဖွဲ့တွေ။ ဒါကတော့ သီးခြား သူတို့ လက်ခံရင်လည်း လက်ခံ၊ လက်မခံရင်လည်း ကိစ္စမရှိဘူးပေါ့လေ။ အဓိကအားဖြင့် အန်ကယ်တို့ ရပ်တည်တာကတော့ ဒီ NCCT ထဲမှာ တလျှောက်လုံး ပါဝင်လာတဲ့ အဖွဲ့တွေ အခုဆိုရင်တော့ SD အဖွဲ့ပေါ့၊ ABSDF လည်း ပါလာတော့ ၁၇ ဖွဲ့ ဖြစ်ပါတယ်။ အဲဒီ ၁၇ ဖွဲ့စလုံးပါဝင်ဖို့ အဓိကထားပြီး ဆွေးနွေးတယ်၊ အဲဒီမှာလည်း နားလည်မှု မရသေးဘူး။

နောက်ဆုံး အခြေအနေအရ အားလုံးပါဝင်ရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က အဖြေမပေးနိုင်သေးဘူး။ အရင် သူတို့ရပ်တည်ချက် အတိုင်းပဲ ရပ်တည်နေတယ်။ သူတို့ (အစိုးရ) သတ်မှတ်ထားတာကတော့ ၁၆ ဖွဲ့ပေါ့။ ၁၆ ဖွဲ့ဆိုတာက အန်ကယ်တို့ NCCT ထဲက ၁၆ ဖွဲ့ကို ဆိုလိုတာ မဟုတ်ဘူးဗျ။ ‘ဝ’ တို့၊ မိုင်းလားတို့၊ RCSS တို့၊ နာဂတို့ အဲဒီအဖွဲ့တွေ ပါတယ်။

NCA လက်မှတ်ထိုးဖို့ အန်ကယ်တို့ NCCT ထဲက သူတို့ လက်မခံချင်တဲ့ အဖွဲ့တွေကတော့ ကိုးကန့် (MNDAA) ရယ်၊ ပလောင် (TNLA) ရယ်၊ AA (ရက္ခိုင့်တပ်မတော်) ရယ်၊ ဒါက နည်းနည်းပြင်းထန်တဲ့ အပိုင်းပေါ့ဗျာ။ ကျန်တာကတော့ ANC ရယ်၊ WNO ရယ်၊ LDU ရယ် အဲဒီအဖွဲ့သုံးဖွဲ့ကိုလည်း သူတို့ လက်မခံချင်ဘူး။ စုစုပေါင်း ၆ ဖွဲ့ပေါ့။ အဲဒီတော့ အန်ကယ်တို့ဘက်က ခွကျတာပေါ့။ ကျနော်တို့နဲ့ အစကတည်းက ပါဝင်ဆွေးနွေးလာတဲ့ အဖွဲ့ထဲက တချို့ကို ချန်ပြီးတော့မှ တချို့နဲ့ပဲ အပစ်ရပ်မယ်ဆို အန်ကယ်တို့ ဘက်ကလက်ခံဖို့ ခဲယဉ်းတယ်။

မေး  ။  ။  အစိုးရကတော့ သူတို့ချန်ခဲ့ချင်တဲ့ အဖွဲ့တွေကို bilateral မတွေ့ဆုံရသေးတဲ့ အတွက်ဆိုပြီး ပြောပါတယ်။ တကယ်တမ်းကြတော့ အဲဒီ bilateral တွေ့ဆုံထားတဲ့ အဖွဲ့တွေအားလုံးကလည်း အစိုးရနဲ့တွေ့ဆုံရာမှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေ လက်မှတ်ထိုးခဲ့ပြီး အချက်ပေါင်း ၂၀ ကျော် ၃၀ တောင်းဆိုထားကြပေမယ့် ဆက်ဆံရေးရုံး ဖွင့်တာလောက်ကလွဲလို့ အရေးကြီးတဲ့ အချက် အများစုက ဘာမှ သဘောတူ၊ လုပ်ကိုင်ခွင့် မပေးဘူးလေ။ ဆိုတော့ bilateral မတွေ့ရသေးလို့ဆိုတာ အကြောင်းပြချက် သက်သက်လို့ ပြောလို့ရမလား။

ဖြေ  ။   ။  ဟုတ်ပါတယ်။ ဒါကိုအန်ကယ်တို့လည်း လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဟာက တနိုင်ငံလုံး အတွက်ကို အပစ်ရပ်ဖို့ လုပ်နေတာဆိုတော့ bilateral တွေ၊ ဘာတွေ အမှန်ကတော့ မလိုအပ်တော့ဘူးလို့ မြင်တယ်ပေါ့ဗျာနော်။ အားလုံးထဲမှာ ပါဝင်လာပြီဆိုတော့ သီးသန့်တွေ လုပ်နေဖို့မလိုဘူးလို့ မြင်တယ်။ ဒါပေမယ့် အစိုးရကတော့ အမျိုးမျိုး အကြောင်းပြတာပေါ့ဗျာ။ ဥပမာ အချို့အဖွဲ့တွေကို အဖွဲ့ရဲ့ အင်္ဂါရပ်နဲ့ မပြည့်စုံသလို နယ်မြေမရှိတာ၊ တပ်အင်အားတွေ မရှိဘူးဆိုတာရယ်၊ တချို့ကလည်း နိုင်ငံရေးဦးဆောင်အဖွဲ့ မရှိဘူးဆိုတာရယ် အကြောင်းပြတာလည်း ပါတာပေါ့ဗျာ။

ကိုးကန့် (MNDAA) တို့၊ ပလောင် (TNLA) တို့၊ AA (ရက္ခိုင့်တပ်မတော်) တို့ကိုတော့ တမျိုးအကြောင်းပြတယ်။ ကိုးကန့်ကတော့ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်တယ်။ ထိပါးတယ်ဆိုပြီးတော့လည်း ပြောတယ်။ ပလောင်ကိုလည်း အမျိုးမျိုးပြောနေတာပါပဲ။ အစိုးရရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံပြည်သူ့စစ်တွေကို လိုက်ပြီးတော့ တိုက်ခိုက်နေတယ်။ အရေးယူနေတယ်။ အဲဒါကို အကြောင်းပြတယ်။

AA ကိုလည်း ဟိုးရခိုင်ပြည်နယ်ကို ဆင်းပြီးတော့မှ သွားလှုပ်ရှားတာကို အကြောင်းပြတယ်။ အစိုးရက AA ကို ရခိုင်ပြည်နယ်မှာ သွားပြီးတော့ ရပ်တည်ဖို့ ခွင့်မပေးချင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဟိုမှာကတော့ မွတ်စလင်တွေ ရှိတာကိုးတဲ့၊ မွတ်စလင်တွေနဲ့ ပြဿနာကို ကြီးကျယ်လာမှာကို ကြောက်တယ်တဲ့။ ကချင်ပြည်နယ်မှာပဲ အခြေခံလာတဲ့အပေါ်မှာ ကချင်ပြည်နယ်မှာပဲ သွားပြီးတော့ လှုပ်ရှားမယ်ဆိုရင်တော့ ဒါက ပြဿနာ မရှိဘူးဆိုတဲ့ အကြောင်းပေါ့ဗျာ။ အကြောင်းပြနေတာ ပေါ့လေ။

မေး  ။    ။  ခေါင်းဆောင်တွေကြားထဲမှာ ကြားနေရတဲ့ စကားတချို့ရှိပါတယ်။ NCA ထိုးဖို့ အားလုံးပါဝင်ရေး အဆင်မပြေလို့ ရှိရင် အစိုးရက Plan B အနေနဲ့ တချို့အဖွဲ့တွေကို ၄ ဖွဲ့ သို့မဟုတ် ၆ ဖွဲ့၊ ၈ ဖွဲ့လိုဟာမျိုးနဲ့ ထိုးဖို့ ဖဲ့စည်းရုံးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ဖြေ  ။    ။  ဒါကလည်း သူတို့ကြိုးပမ်းနေတာ ရှိတယ်ဗျ။ ဟိုလွန်ခဲ့တဲ့ ပြည်ထောင်စုနေ့တုန်းကပေါ့ဗျာ။ ကတိခံဝန်ချုပ် ဆိုပြီးတော့မှ တချို့အဖွဲ့တွေကို လက်မှတ်ထိုးဖို့ ဖိတ်ခေါ်တယ်ဗျ။ အန်ကယ်တို့ UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်တွေက တဖွဲ့မှမထိုးဘူး။ ရပ်တည်တာပေါ့လေ။ တဖက်က ပြောမယ်ဆိုရင် ဒီတနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြိုးပမ်းပြီးတော့မှ လက်နက်ကိုင် အင်အားစုတွေနဲ့ အပစ်ရပ်ဖို့ လိုမယ်ဆိုရင် တခြားတဖွဲ့၊ နှစ်ဖွဲ့တည်းနဲ့ လိုက်ပြီးတော့မှ ဆွေးနွွေးနေမယ်ဆိုရင် ဘာထူးမလဲ။ ဘာမှ မထူးဘူးလို့ အန်ကယ်တို့က မြင်တယ်။ သဘောကတော့ ဒီအဖွဲ့အများစုနဲ့ ပါဝင်ဆွေးနွေးပြီးတော့ ဖြေရှင်းမှပဲ တပြည်လုံး အပစ်ရပ်နိုင်မှာပါ။

မေး  ။    ။  ကိုးကန့်အဖွဲ့ဟာ တိုင်းရင်းသားအဖွဲ့တွေနဲ့ မဟုတ်ဘဲနဲ့ သမ္မတနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးလုပ်နေတာ ရှိတယ်လို့ ကြားရတယ်။ ဒါကို ဒီဘက်က တိုင်းရင်းသားအဖွဲ့တွေက မသိတာလား။ သတင်းမှားတွေ ထွက်နေတာလား။

ဖြေ  ။    ။  ဒါက ဦးအောင်မင်းက တမင်တကာကို ပြောလိုက်တဲ့ စကားပဲဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကိုလည်း ကိုးကန့်အဖွဲ့ကို အန်ကယ်တို့ မေးပြီးပြီ။ သူတို့တခါမှလည်း သီးသန့်မလုပ်ဘူး။ ဒါပေမယ့် ဟိုး တော်တော်ကြာပြီ၊ သူတို့အဖွဲ့က သမ္မတကြီးကို စာရေးလိုက်တယ်။ သူတို့လည်း အပစ်ရပ်ပြီးတော့မှ နိုင်ငံရေးပြဿနာကို စားပွဲခုံပေါ်မှာ ရပ်ပြီးဖြေရှင်းဖို့ အဲဒီ သဘောထားနဲ့ စာရေးခဲ့တဲ့ဟာကိုပဲ ဦးအောင်မင်းက ဒါကို အကြောင်းပြပြီး တော့မှပေါ့လေ။ ဒါကတော့ သမ္မတနဲ့ ဆက်သွယ် နေပြီ စာရေးနေပြီ။ ညှိနှိုင်းနေပြီဆိုပြီးတော့မှ ပြောတဲ့သဘောဖြစ်တယ်။ အမှန်ကတော့ တခြားဟာတွေ ဘာမှ မလုပ်ပါဘူး။

မေး  ။    ။  အသိသက်သေတွေ ကိစ္စပေါ့နော်။ ၂ ပိုင်းလို့ နားလည်ထားပါတယ်။ လက်မှတ်ထိုးမယ့်လူတွေက ဘယ်သူတွေလဲဆိုတာ ပြည်တွင်းကလူတွေကို ပြောတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာ အသိသက်တွေတွေ ကိစ္စကလည်း လက်ခံဖို့ အခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ ဆိုတော့ ဘယ်အဖွဲ့တွေကို လက်မခံတာလဲ။

ဖြေ  ။    ။  ဒီလိုပါ။ လက်မှတ်ထိုးတဲ့နေရာမှာ အန်ကယ်တို့ဘက်က တောင်းဆိုတာကတော့ တိုင်းရင်းသားတွေဘက်က ဆိုရင် ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ၊ စစ်ဦးစီးချုပ်တွေ အဖွဲ့တိုင်း အနည်းဆုံး တဖွဲ့ကို သုံးဦးစီ ပါဝင်အောင်လုပ်မယ်။ ဒါကို အန်ကယ်တို့ ကတိပေးတယ်။ တဘက်ကလည်း အဲဒီစာချုပ် ခိုင်မာရေးအတွက် အစိုးရဘက်ကလည်း တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတတို့ ၊ ဒုသမ္မတတို့၊ နောက် လွှတ်တော်ဥက္ကဋ္ဌတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့ စသည်ဖြင့်ပေါ့နော် အဲသလိုပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုတယ်။

ဒီအဆင့်နိမ့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လက်မှတ်ထိုးရင် အထက်လူကြီးတွေအနေနဲ့ မကြိုက်ရင်ပယ်မယ်၊ အဲလိုပုံစံမျိုးနဲ့ လုပ်ခွင့် ရအောင် သူတို့က တမင်တကာ အကွက်ဆင်ချင်လို့လားတော့ မပြောတတ်ဘူး။ သူတို့ကတော့ ဦးအောင်မင်းတို့ အရင်ကလည်း ပြောဖူးတယ်။ သမ္မတတွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေ ထိုးဖို့မလိုပါဘူးတဲ့။ သူတို့တွေနဲ့ပဲ ထိုးရင်ရတာပဲတဲ့ အဲသလိုပြောခဲ့ဖူးတယ်။ အဲဒီအပေါ်မှာ အန်ကယ်တို့ မကျေလည်ဘူး။ လက်မခံချင်ဘူး။ ယုံကြည်မှု နည်းပါးတယ်။

နောက်တခုက လက်မှတ်ထိုးတဲ့နေရာမှာ ခိုင်မာအောင်လို့ နိုင်ငံတကာ အသိသက်သေကိစ္စပေါ့။ အန်ကယ်တို့ဘက်က တောင်းဆို နေတာကကြာပြီလေ။ နိုင်ငံအနေနဲ့က ၇ နိုင်ငံပါဝင်ဖို့ (အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ နော်ဝေ)၊ နောက်နိုင်ငံ ပေါင်းစုံ အဖွဲ့အစည်းတွေဆိုရင် အခုကတော့ သူတို့ဘက်က လက်ခံထားပြီးသား၊ အန်ကယ်တို့ ဘက်ကလည်း တောင်းဆိုထား ပြီးသား ရှိတာကတော့ UN နဲ့ အာဆီယံ ဒီနှစ်ခုကတော့ သဘောတူထားပြီးသား။ အခု အန်ကယ်တို့ ထပ်ပြီး ဖြည့်ချင်တာကတော့ EU ပေါ့။ သူလည်း နိုင်ငံတကာ အဖွဲ့အစည်းပဲလေ။ ဒါလည်း ပါဝင်ဖို့သင့်တယ်။

နောက် နိုင်ငံအဆင့်မှာဆိုရင် သူတို့ကတော့ တရုတ်တခုကိုပဲ ထည့်ချင်တယ်။ အန်ကယ်တို့ကတော့ ဒါကို မကြိုက်ဘူး။ တရုတ်တဘက်ဆိုရင်တော့ တဖွဲ့တည်းဆိုရင် ရပ်တည်မှုပေါ်မှာ တဖက်စောင်းနင်း ဖြစ်နိုင်တယ်။ ဒါမှန်မှန်ကန်ကန်တော့ မဖြစ်နိုင်ဘူး။ အဲဒီလိုအရှေ့အုပ်စုက တရုတ်တွေရှိသလို တဘက်ကသူ့ကို ပြန်ထိန်းဖို့ပေါ့နော်၊ ဥပမာ အမေရိကန်တို့လို ဒါမှမဟုတ် ဂျပန်တို့လို ဒါတွေရှိဖို့လိုတယ်။ တဘက်က အန်ကယ်တို့ ပြန်တောင်းဆိုတာကတော့ နယ်စပ်ရေးရာအရ နယ်စပ်ခြင်း ဆက်စပ်နေလို့ တရုတ်ကိုထည့်ရင် တဘက်က အန်ကယ်တို့ကလည်း အိန္ဒိယနဲ့ ထိုင်းကို ထည့်ချင်တယ်။ ဒါကျနော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ အများကြီး ဆက်စပ်မှုရှိတယ်။ ဒါတွေပါ ထည့်ဖို့လိုတယ်လို့ အန်ကယ်တို့ တောင်းဆိုတယ်။ ကျနော်တို့ အဓိကတောင်းဆိုတာကတော့ ၇ နိုင်ငံပါ။ ဘယ်နှစ်နိုင်ငံကျမလဲတော့ မသိဘူး။

မေး  ။    ။  အားလုံးက နားလည်ထားကြတာက လက်မှတ်ထိုးရင် အစိုးရဘက်က သမ္မတတို့၊ ကာချုပ်တို့ကိုယ်တိုင် ထိုးမယ်လို့လေ။ အစိုးရဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် မထိုးဘူးဆိုတာက ဘယ်တုန်းက သိလိုက်ရတာလဲ။

ဖြေ  ။    ။  ဒီလို အန်ကယ်တို့နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ တွေ့ကတည်းကိုက အဲဒါတွေ ပြောလာတာဖြစ်တယ်။ ဒီအရင့် အရင်တုန်းကတော့ သူတို့ အဲဒါတွေကို မငြင်းခဲ့ဘူး၊ လက်ခံတယ်။ စက်တင်ဘာ နောက်ပိုင်းမှာ ပြောလာတာရှိတယ်။ အခုထက်ထိ သမ္မတ ကိုယ်တိုင် လက်မှတ်ထိုးမယ်လို့ သူတို့ ကတိ မပေးသေးဘူး။ ဒါကတော့ ဒီဘက်က ပါဝင်လာရင် သမ္မတလည်း စိတ်ပါ ဝင်စားလာရင် ထိုးနိုင်တယ်ဆိုတဲ့ ဒီလိုပဲ အကြောင်းပြတာပဲ။ မရေမရာသဘောတော့ ပြောနေတာပေါ့ဗျာ။

မေး  ။    ။  လော်ခီးလာ တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးညီလာခံကနေပြီးတော့ NCA မူကြမ်းကို ပြင်ဆင်ဖို့ ၁၃ ချက် ရှိတယ်လို့ သိထားပါတယ်။ အဲဒီမူကြမ်း အချောသပ်ဖို့ အစိုးရနဲ့ မကြာခင်က တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ ဘယ်နှစ်ချက် ညှိနှိုင်း နိုင်ခဲ့ပြီး ဘယ်လိုအချက်တွေ ကျန်နေပါသေးလဲ။

ဖြေ  ။    ။  ပြောရမယ်ဆိုရင် တချို့ စာပြင်တဲ့ အပိုင်းလောက်ကလေ အဓိပ္ပာယ် သိပ်မပြောင်းလဲဘူး။ စာကိုပဲ ပြင်တဲ့ ကိစ္စတွေကတော့ ၄-၅ ချက်လောက် သဘောတူလို့ရတယ်။ နောက် တချို့ကိစ္စတွေမှာကတော့ မှတ်ချက်အနေနဲ့ပေါ့ဗျာ။ မှတ်တမ်းထဲမှာ အဓိပ္ပာယ် ရှင်းလင်းသွားအောင်ပေါ့ဗျာ။ အဲသလို ဖော်ပြတဲ့အချက်ကလည်း ၄ ချက်လောက်တော့ ပါပါတယ်ဗျ။ ကျန်တာတွေကတော့ သိပ်တော့ မများဘူး အဆုံးအဖြတ် မပေးနိုင်သေးတာ။

အခုကျန်နေတဲ့အချက်တွေက ဥပမာ အရေးကြီးတဲ့အချက်ဆိုရင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို Road Map ရဲ့ တတိယအဆင့်မှာ ထည့်ထားတဲ့ကိစ္စလေ၊ အဲဒါ အန်ကယ်တို့ဘက်က လော်ခီးလာမှာ ချထားတာကတော့ Road Map အစီအစဉ်မှာ “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဆိုတဲ့ စာသားအစား “လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ” ဆိုပြီးတော့ အဲသလို ပြင်ချင်တယ်ဗျ။

သဘောကတော့ အန်ကယ်တို့ဘက်က စိုးရိမ်နေတာကတော့ သူတို့ရဲ့ ဒီလုံခြံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ဟာကို အဓိပ္ပာယ် ဖွင့်တဲ့နေရာမှာ မတူဘူး။ သူတို့ကတော့ အမြဲတမ်းပဲ ဝိုင်းထဲမှာလည်း ပြောတယ်။ ကာချုပ်ကလည်း ခနခနပြောနေတာ ကတော့ သူတို့ ခံယူထားတာက အဲဒီလုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတာ DDR (Disarmament ၊ Demobilization ၊ Reintegration) ပဲ။ DDR ဆိုတာကတော့ လက်နက်တွေဖြုတ်သိမ်းမယ်။ တပ်တွေကို ဖျက်သိမ်းမယ် အဲဒီကိစ္စတွေလေ။ အန်ကယ်တို့ဘက်က ဒါကို လက်မခံနိုင်ဘူး။ လက်မခံနိုင်ဘူးလို့လည်း အန်ကယ်တို့ဘက်က ပြောထားပါတယ်။

အန်ကယ်တို့ဘက်က လိုလားတာကတော့ နိုင်ငံတခုမှာ ပြဿနာက ပြေလည်ပြီးရင်တော့ ဒီတပ်တွေကတော့ ပေါင်းရမှာပဲ။ ဒါကို အန်ကယ်တို့ လက်ခံတာကတော့ Security Sector Reform (SSR) လို့ခေါ်တယ်။ ဒါကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပြင်ဆင်မှုပေါ့လေ။ အန်ကယ်တို့လည်း ဗြောင်ပဲ ဆွေးနွေးဝိုင်းမှာ ပြောခဲ့ဖူးတာ ရှိတယ်။ အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို အားလုံးဖျက်သိမ်းမယ်။ အစိုးရဘက်က တပ်တွေကိုတော့ ဘာမှ မပြင်ဆင်ဘူး။ ဘာမှ မလုပ်ဘူးဆိုရင်တော့ အန်ကယ်တို့ လက်မခံနိုင်ဘူး။

တဘက်ကပြန်ကြည့်ရင် အန်ကယ်တို့ရဲ့ တပ်တွေဟာ အန်ကယ်တို့ နိုင်ငံကို ကာကွယ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ အဲဒီတော့ တာဝန်လဲယူမယ်။ ဒါပေမယ့် တို့တပ်တွေကို လုံးဝ ဖျက်သိမ်းတဲ့ ပုံစံနဲ့ မဟုတ်ဘဲနဲ့ “ပြည်နယ်စောင့်တပ်” ပုံစံမျိုးနဲ့ ထားလိုက်မယ်ဆိုရင် အန်ကယ်တို့ ကိုယ့်ပြည်နယ်ကိုလည်း တဖက်က လုံခြုံရေးအတွက် အကူအညီပေးနိုင်တယ်။ နိုင်ငံကိုလည်း အကူအညီပေးနိုင်တယ်။

ဥပမာ အမေရိကန်လို နိုင်ငံမျိုးမှာ ပြည်နယ် ၅၀ တောင်ရှိတာ။ ပြည်နယ်တိုင်းမှာ ပြည်နယ် လုံခြုံရေး တပ်တွေရှိတယ်။ အဲသလိုမျိုး ပုံစံထားစေချင်တယ်။ အခုအခါမှာ အစိုးရဘက်က တလျှောက်လုံးကို ပြန်ကြည့်ရင် သူတို့က ငြိမ်းချမ်းရေးကို နားလည်မှုရအောင် တည်ဆောက်ချင်တယ်။  ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်ကတော့ အန်ကယ်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ဖျက်သိမ်းဖို့ချည်းပဲ သူတို့လုပ်နေတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို သူတို့အဓိက မထားချင်ဘူး။ အဲဒီပုံစံမျိုးနဲ့ကတော့ အန်ကယ်တို့လည်း လက်မခံနိုင်ဘူး။

တဘက်က အန်ကယ်တို့နိုင်ငံမှာ ပြန်ပြောရမယ်ဆိုရင် ဒီနေ့တပ်က နိုင်ငံရေးမှာ အများကြီးကို လွှမ်းမိုးနေတယ်။ သဘော ကတော့ စစ်အုပ်ချုပ်ရေး သဘောပါပဲ။ တဘက်က အနည်းအကျဉ်း ဒီမိုကရေစီတွေ ပေးထားပေမယ့် ပေါ့ဗျာ။ အနှစ်သာရ အားဖြင့်တော့ စစ်အုပ်ချုပ်ရေးပဲ။ အဲလို စစ်အုပ်ချုပ်ရေး စစ်တပ်လွှမ်းမိုးနေတဲ့ အခြေအနေမျိုးမှာ တဘက်က အန်ကယ်တို့ တပ်တွေကို အားလုံးဖျက်သိမ်းလိုက်မယ်။ ဟိုဘက်ကလည်း စစ်အုပ်ချုပ်ရေး ရှိနေမယ် ဆိုရင်တော့ ဒါကတော့ မတရားဘူးလို့ အန်ကယ်တို့ မြင်တယ်။ တဘက်ကလည်း အန်ကယ်တို့အတွက် ဘာမှ လုံခြုံရေး မရှိဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ်တို့ ဘက်က မိမိရဲ့ တပ်ဖွဲ့တွေကို ဖျက်သိမ်းရမယ်ဆိုရင်တော့ ဘယ်အဖွဲ့မှ လက်မခံနိုင်ဘူး။

မေး  ။    ။  အခု အစိုးရက ၆ ဖွဲ့ကို တပြိုင်တည်း လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေတယ်။ တကယ်လို့များ အစိုးရက ၆ ဖွဲ့မပါဘဲ ၁၅ ဖွဲ့နဲ့သာ လက်မှတ်ထိုးချင်တယ်ဆိုရင် အန်ကယ်တို့ SD ဘက်က လက်မှတ်ထိုးကြမှာလား။

ဖြေ  ။    ။  အဲဒါကတော့ ဒီ (တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး) ဝိုင်းထဲမှာ ဆွေးနွေးနေတာကတော့ အန်ကယ်တို့ လက်မခံနိုင်ဘူး။ တဘက်က လော်ခီးလာရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ ချမှတ်ထားတာက အခြေခံမူက အားလုံးပါဝင်ရေးပဲလေ။ တဘက်က ပြန်ကြည့်ရင် ဒီအဖွဲ့တွေဟာ ဟိုးအစကတည်းက ပါဝင် ဆွေးနွေးခဲ့ပြီးတော့ တကယ်လက်မှတ်ထိုးတဲ့ အခါကျမှ ဟိုအဖွဲ့၊ ဟိုအဖွဲ့တွေ မပါရဘူး။ ဒီအဖွဲ့တွေကိုပဲ လက်ခံမယ်ဆိုရင် သူတို့ကို ချန်ထားလို့မရဘူး။ ပစ်ထားလို့ မရဘူး။ နောက်ပြီးတော့ ဘဝတူ တိုင်းရင်းသားတွေ ဖြစ်တယ်။ ကံကြမ္မာချင်းလည်း ဆက်စပ်နေတယ်။ စုပေါင်းပြီးမှ အားဖြစ်မယ့် အင်အားစုတွေဖြစ်တယ်။ အဲဒီတော့ ချီတက်မယ် ဆိုရင်တော့ ပန်းတိုင်ရောက်ခါနီးမှ တချို့အဖွဲ့တွေကို ချန်ထားမယ် ဆိုရင် အန်ကယ်တို့ကလည်း ပြန်ကြည့်မယ် ဆိုရင်ပေါ့လေ၊ ကိုယ့်အပေါင်းအသင်း ရောင်းရင်းတွေအပေါ်မှာ သစ္စာဖောက်ရာကျတယ်။ အဲဒါလည်း တချက်ပေါ့။

နောက် … ကဲထားပါစို့ ဒီအဖွဲ့၊ ဒီအဖွဲ့တွေက အပစ်ရပ်ပြီးတော့ ဒီအဖွဲ့တွေကို ချန်ထားမယ်ဆိုရင် သူတို့ကို မတိုက်ဘူးလို့ မပြောနိုင်ဘူး။ သူတို့ကို အပစ်အခတ်ရပ်စဲရေး မလုပ်ဘူး။ တိုက်မယ်ဆိုရင် အန်ကယ်တို့လည်း ဒီအတိုင်းပဲ ကိုယ့်လူ အတိုက်ခံနေရတဲ့ဟာကို ကြည့်နေလို့ရမှာ မဟုတ်ဘူး။ အန်ကယ်တို့ ကြိုးပမ်းနေတာကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလေ။ ဟိုအဖွဲ့၊ ဒီအဖွဲ့ကို ချန်ထားရင် ဒါတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မဖြစ်တော့ဘူး။ အဓိပ္ပာယ်က အများကြီး လျော့သွားမယ်။

နောက်အဲသလို ချန်ထားလိုက်ရင် အဲသလိုအဖွဲ့တွေက အကျပ်အတည်းတွေ့ရင်ပေါ့ဗျာ။ သူတို့ရဲ့နီးစပ်တဲ့ အရင်က ပေါင်းခဲ့တဲ့ မဟာမိတ်တွေကို သူတို့လာပြီးတော့ အကူအညီတောင်းမှာပဲ။ အန်ကယ်တို့လည်း လုံးဝ မကူညီဘူးလို့ ဘယ်အဖွဲ့မှ လက်မခံနိုင်ဘူး။ အဲတော့ တချိန်ချိန်မှာ အဲသလိုအဖွဲ့တွေ ကျန်နေရင် ပြန်ပြီးတော့ ကြီးကျယ်လာလိမ့်မယ်။ သဘောကတော့ မီးကြွင်းမီးကျန်က ထလောင်လာလိမ့်မယ်။ တချိန်မှာ ဟိုးတပြည်လုံးထိတောင် ကူးသွားနိုင်တယ်။ ဒီလိုဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက အဓိပ္ပာယ်မဲ့သွားမယ်။ အန္တရာယ်လည်း အများကြီးရှိတယ်။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။

မေး  ။    ။  အခု အန်ကယ်ပြောဆိုသွားတာတွေ ပြန်ကြည့်ရင် NCA လက်မှတ်ထိုးဖို့အတွက် အတစ်အဆို့တွေက ရှိနေတုန်းပဲ။ ထပ်ပြီး ကျေကျေလည်လည် ဆွေးနွေးရဦးမယ်ပေါ့နော်။ ဆိုတော့ အခု သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ရွေးကောက်ပွဲ မတိုင်ခင် NCA ကို လက်မှတ်ထိုးချင်နေတယ်ဆိုတော့ ဦးသိန်းစိန်လက်ထက်မှာ ထိုးဖြစ်သွားနိုင်လား။ ထိုးမယ်ဆိုရင်လည်း အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးရော ဖြစ်လာပါ့မလား။

ဖြေ  ။    ။  အဲဒါကတော့ ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ ဟာကတော့ ညှိနှိုင်းတဲ့နေရာမှာ ဘယ်လောက် တူညီနိုင်မလဲပေါ့ဗျာ။ အမြင်မတူညီနိုင်သေးဘူး ဆိုရင်တော့ မရသေးဘူးပေါ့ဗျာ။ အမြင်တူနိုင်ရင်တော့ ရမှာပေါ့။ အန်ကယ်တို့လည်း တမင်သက်သက် အချိန်ဆွဲနေတာ မဟုတ်ဘူးဗျ။ အာမခံချက်ရှိတဲ့ အနေအထားမျိုးမှာ ဒီနေ့ နားလည်မှုရရင် မနက်ဖြန် လက်မှတ်ထိုးနိုင်တယ်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဦးသိန်းစိန်

ရေဘေးသင့်မှု အစိုးရ စီမံကိုင်တွယ်မှုအပေါ် အမြင်

ATH/ဧရာဝတီ

တွဲလက်ညီညာ ကူကြပါ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.8k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate