မန္တလေးဆန်ဈေးကွက်မှာ အပိုင်းနှစ်ပိုင်းရှိပါတယ်၊ တရုတ်ကို မန္တလေးမှတင်ပို့နေတဲ့ မူဆယ် ဆန်ဈေးကွက်နဲ့ ပြည်တွင်း (အထက်မြန်မာပြည်)ကို ရောင်းချတဲ့ ဈေးကွက်ပဲဖြစ်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ခံစား နေရချိန်တွင် မြန်မာ၏ အဓိက စားသောက်ကုန်ဖြစ်သော ဆန်စပါးနှင့် ပတ်သက်ပြီး ပြည်တွင်းဈေးကွက်ကို ဖြန့်ဖြူး ရောင်းချနေတဲ့ မန္တလေးတိုင်းဆန်စပါးကုန်စည်ဒိုင်ဥက္ကဌ ဦးသိန်းဇော်နဲ့ ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
မေး။ ။ မန္တလေးဆန်ဈေးကွက် လက်ရှိအခြေအနေလေး အရင်ပြောပြပေးပါ။
ဖြေ။ ။ လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က မူဆယ်ဘက်ပို့တဲ့ဆန်တွေကို မှောင်ခိုဖမ်းတယ်ဆိုပြီး တရုတ်အစိုးရက ဖမ်းလိုက်တယ်၊ အဲဒီမှာ ဆန်ဈေးကွက် အရောင်းအဝယ်အေးသွားတယ်၊ ဆန်တွေက ထွက်ပေါက်လည်း မရှိတော့သလို ပြည်တွင်းမှာလည်း လည်နေတယ်။
အဲလိုအချိန်မှာပဲ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ကောလင်း၊ ကျွန်းလှတို့ဘက်မှာ ရေကြီး၊ ရေလျှံတာတွေဖြစ်တယ်၊ အခုဆို မြန်မာနိုင်ငံတဝန်းလုံး နီးနီးပြောလို့ရမယ်၊ အဲလိုဖြစ်တဲ့အခါကျတော့ ဆန်ဈေးအချိုးအကွေ့တခု ဖြစ်လာတယ်၊ အရောင်း အဝယ်အေးပေမယ့် ဆန်ဈေးက တောက်လျှောက်ပြန်တက်လာတယ်။ လက်ရှိအခြေအနေကို အကျဉ်းချုပ်ပြောရင်တော့ ဆန်ဈေးတက်နေတယ်၊ ဒါပေမယ့် အရောင်းအဝယ်ကတော့ အေးတယ်။
မေး။ ။ ဘာကြောင့်ဈေးတက်ရတာလဲ၊ ဆန်အဝင်နည်းသွားလို့လား။
ဖြေ။ ။ ခုလိုရေကြီးနေတဲ့အချိန်ဆိုတော့ သယ်ယူပို့ဆောင်ရေးက ခက်ခဲတယ်လေ၊ ကားတွေနဲ့ မသယ်နိုင်တော့ သဘောၤနဲ့ သယ် ရတယ်၊ ရာသီဥတုအခြေအနေကလည်း ရှိတော့ အရင်ကလို ကုန်သည်တွေက အများကြီး မဝယ်ဘဲ ကိုယ့်ဈေးကွက်မှာ လိုသလောက်ပဲ မှာရောင်းနေကြတယ်။ မနေ့က မကွေးကို ဆန်မှာတာတောင် မိုးရွာနေလို့ တင်မပေးရဲဘူးဆိုပြီး မတင် ကြဘူး။
မေး။ ။ မန္တလေးမှာ ဘယ်လိုဆန်ကို လူကြိုက်အများဆုံးလဲ။
ဖြေ။ ။ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ဧရာပဒေသာ၊ အရှေ့တောမဂျမ်း၊ ပုသိမ်အသွယ်၊ ဆင်းသုခ၊ ဧရာမင်း အဲဒီဆန် အမျိုး အစားတွေကို အဓိကစားကြတယ်၊ အဲဒီဆန်တွေက ဆန်လည်းလှတယ်၊ ထမင်းလည်းကောင်းတော့ မန္တလေး အကြိုက်နဲ့ ကိုက်တယ်။
မေး။ ။ လူကြိုက်များတဲ့ ရွှေဘိုဘေးကြားဆန်ဈေး ဘယ်လောက်ဖြစ်သွားပြီလဲ။
ဖြေ။ ။ အခု ပွဲရုံမှာရောင်းတဲ့ လက္ကားဈေးအရဆိုရင် ပိသာ ၃၀ ဝင် တအိတ်ကို ၄၃၅၀၀ ကျပ်ဖြစ်သွားတယ်၊ ဇူလိုင်လဆန်းပိုင်း က ၄၂၀၀၀ လောက်ပဲရှိတာဆိုတော့ တအိတ်ကို ၁၅၀၀ လောက်တက်သွားတယ်။ ကျန်တဲ့ အစားများတဲ့ ဧရာပဒေသာတို့၊ ရန်ကုန်ဆင်းသုခတို့လည်း တအိတ်ကို တထောင်လောက် တက်သွားတယ်။
ဆန်က မြန်မာလူမျိုးတွေရဲ့အဓိကအစားအစာတခုဖြစ်တာကြောင့် အခုလို သဘာဝဘေးအန္တရာယ် ဖြစ်နေတဲ့အတွက် မန္တလေးဆန်ဈေးကွက်အလားအလာက ဘယ်လိုရှိမလဲ။
နေရာတိုင်းမှာကလည်း ရေကြီး၊ ရေလျှံတာတွေဖြစ်နေကြတယ်၊ သဘာဝဘေးအန္တရာယ်ကြောင့်ဆိုရင်တော့ ဈေးက တက် လာနိုင်တယ်။ ဆန်အသစ်အဟောင်းပြောင်းချိန်မှာ ဈေးပြောင်းနိုင်တယ်။
မေး။ ။ ရေကြီးနေတဲ့ နေရာတချို့က ဆန်စပါးစိုက်ပျိုးတဲ့ဒေသတွေလည်း ပါဝင်တော့ ရေကျသွားရင် အဲဒီဒေသတွေမှာ ဆန်စပါး စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အဓိကဘာတွေ အခက်အခဲဖြစ်နိုင်မလဲ။
ဖြေ။ ။ အဓိကကတော့ မျိုးစပါးပေါ့၊ ကောလင်း၊ ဝန်းသိုမှာဆို ရေတက်လို့ မျိုးစပါးတောင် မကျန်တော့ဘူး။ ကောလင်း၊ ဝန်းသို ဒေသတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မျိုးစပါး ပံ့ပိုးပေးမယ် လို့ တော့ ကြားတယ်၊ အသင်းချုပ်က ဒေသနဲ့ကိုက်ညီမယ့်မျိုးစပါးတွေကို ပေးမယ့် အစီအစဉ်ရှိတယ်။
မေး။ ။ ကောလင်းက မန္တလေးဆန်ဈေးကွက်ကို တင်ပို့မှုရှိလား။
ဖြေ။ ။ ရှိတော့ရှိတယ်၊ ကောလင်းဆန်ကို ဒီဘက်က မကြိုက်ကြဘူး၊ အစေးဓာတ်ပါလို့၊ သူ့ဆန်က များသောအားဖြင့် အထက်ပိုင်း မြစ်ကြီးနား၊ ဖားကန့်၊ ရှမ်းပြည်မြောက်ပိုင်းတို့ ပို့တာများတယ်၊ ဒီမှာ အသုံးများတာ ကောလင်းကောက်ညှင်းပဲ၊ သူ့ကို ထိုးမုန့်၊ ထမနဲလုပ်တဲ့နေရာမှာသုံးတယ်၊ သူက နာမည်ကြီး၊ ဈေးသက်သာသလို ကောက်ညှင်းစေးအားလည်း ကောင်းတယ်၊ ရေကြီးလို့ ကောက်ညှင်းစိုက်တဲ့ လယ်တွေသာပျက်ရင် နောက်နှစ် မန္တလေးမှာ ထိုးမုန့်စားဖို့ သိပ်မလွယ်ဘူး။
မေး။ ။ ရေကြီးနေတဲ့ဒေသတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဆန်စပါးစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး အစိုးရက ဘာတွေ ပံ့ပိုးပေးဖို့လိုအပ်ပါသလဲ။
ဖြေ။ ။ သူ့ဒေသနဲ့ ကိုက်ညီမယ့် မျိုးစပါးတွေ ပံ့ပိုးသင့်တယ်၊ ပြီးတော့ လုပ်ငန်းခွင်ဝင်တဲ့ကျွဲနွားတွေ ဘယ်လောက် ပျက်စီး သွားပြီ လဲ၊ ပြီးတော့ လယ်ယာသုံးစက်ကိရိယာတွေ။ ဒါတွေကို အချိန်နဲ့ တပြေးညီပံ့ပိုးနိုင်မှ လာမယ့်ရာသီအတွက် ကာမိမယ်၊ ပုဂ္ဂလိက ကလည်း တတ်အားသရွေ့ တနိုင်တပိုင်တော့ ကူညီပံ့ပိုးကြပေမယ့် နိုင်ငံတော် အဆင့်ပါမှ ရမယ်လေ၊ သေချာ မပံ့ပိုးနိုင်ရင် ဆန်ထွက်လျော့ကျလာနိုင်သလို လူနေမှုဘဝတွေလည်း အကုန်ထိခိုက်လာမယ်၊ အခုလောလောဆယ်တော့ အဲဒါနဲ့ပတ်သက်ပြီး ဘာမှမကြားမိသေးဘူး။
မေး။ ။ လက်ရှိအခြေအနေတွေကြောင့် မန္တလေးဆန်ရာသီအသစ်က ဘယ်လိုရှိနိုင်မလဲ။
ဖြေ။ ။ ဆန်ရာသီအသစ်က ရန်ကုန်မှာဆို သီတင်းကျွတ်အကုန် တန်ဆောင်မုန်းလဆန်းလောက်ဆို ပေါ်ပြီ၊ မန္တလေးက ရန်ကုန် ထက် တလလောက် နောက်ကျတယ်၊ အဲတော့ နတ်တော်-ပြာသိုလောက်ဖြစ်မယ်၊ ရွှေဘို- ဝက်လက် မှာတော့ အချိန်ရ သေးတယ်၊ ဝက်လက်ဘက်မှာတော့ သက်ကြီးစပါး မစိုက်ရသေးဘူး၊ နွေစပါး စိုက်ခါစပဲ ရှိသေး တယ်၊
အစိုးရဘက်ကလည်း တောင်သူတွေကို ပံ့ပိုးစရာရှိတာပံ့ပိုးမယ်၊ ရာသီဥတုလည်း မဖျက်လို့ အထွက်ကောင်းမယ် ဆိုရင် တော့ လုံလောက်မှုရှိနိုင်မယ်၊ ပြီးတော့ နယ်တွေအသီးသီးက မိုးစပါး၊ နွေစပါး ရာသီအလိုက် စိုက်နေတော့ စိုးရိမ်စရာ တော့ မရှိလောက်ပါဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ မျိုးစပါးနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက်သင့်လဲ။
ဖြေ။ ။ မျိုးစပါးကို စနစ်တကျအသုံးပြုမှု အရမ်းအားနည်းပါတယ်၊ ပြီးတော့ မျိုးစပါးသီးသန့်ရောင်းချတဲ့ ကုမ္ပဏီဆိုတာ တအား နည်းပါတယ်၊ စနစ်တကျမသုံးတော့ မျိုးညှပ်လာတယ်၊ မျိုးကောင်းမျိုးသန့်ဆိုတာ ရှားလာတယ်၊ ပြီးတော့ နိုင်ငံအဝန်းမှာ မျိုးစပါးသုတေသနဌာနဆိုတာ အနည်းငယ်ပဲရှိတယ်၊ သူများနိုင်ငံမှာ ဆန်အမျိုးအစားတမျိုး၊ နှစ်မျိုးလောက်ပဲရှိတယ်၊ ကိုယ့်ဆီမှာတော့ အပုက တမျိုး၊ အရှည်ကတမျိုး၊ အတိုက တမျိုး၊ အသွယ်က တမျိုးနဲ့ ဆန်မျိုးကွဲတွေ အရမ်းများတယ်၊ တနယ်မှာ တမျိုးစီ ကိုယ်ကြိုက်သလို စိုက်နေကြတယ်၊ တောင်သူကိုလည်း အပြစ်ဆိုလို့မရဘူးလေ။
ဈေးကွက်လိုအပ်ချက်အရ သူကြိုက်တာ သူစိုက်မှာပဲ၊ ကျန်တာကို သိပ်စဉ်းစားမှာမဟုတ်ဘူး၊ ဒါကြောင့် ကြပ်ကြပ် မတ် မတ် ပညာပေးလုပ်မှ ရမယ်။ ဥပမာတခုပြောရရင် ရွှေဘိုတဝိုက်မှာ စိုက်တဲ့ ရွှေဘိုဘေးကြား မန္တလေးမှာ ဈေးကောင်း ရ တယ်၊ ဈေးကွက်ဝင်တော့ ခင်ဦးတို့၊ မုံရွာတို့က လိုက်စိုက်တယ်၊ သူတို့စိုက်တဲ့ ဘေးကြားက သူဒေသနဲ့မှ မကိုက်တော့ ဆန်အရည်အသွေးက မကောင်းဘူး၊ ဈေးကွက်မှာလည်း ဈေးကောင်းမရဘူးလေ။ ဒါကြောင့် ဈေးကွက်လည်းဝင်ပြီး ကိုယ့် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးစပါးကိုပဲ စိုက်ပျိုးသင့်တယ်။ တဖြည်းဖြည်းနဲ့ တောင်သူတွေကို စည်းရုံးရမှာပေါ့။
မေး။ ။ အဲလိုဆိုရင် ပြည်ပတင်ပို့မှုမှာ မြန်မာ့ဆန်ဟာ ဘယ်လိုအခက်အခဲဖြစ်စေနိုင်မလဲ။
ဖြေ။ ။ Export ပို့တော့မယ်ဆိုရင် စာချုပ်ရင် အဓိကအားဖြင့် အရည်အသွေးကို အတိအကျ ကန့်သတ်ပြီး ချုပ်ကြတယ်၊ ဒါပေမယ့် ဒီမှာက မျိုးကွဲတွေ အရမ်းများတော့ အခု ဒီတခေါက်မှာ ဒီဆန်အမျိုးအစားကို ပို့လိုက်ပေမယ့် နောက်တခေါက်မှာ အဲဒီဆန် နဲ့ လုံးဝထပ်တူကျတဲ့အရည်အသွေးကို မရနိုင်တော့ဘူးလေ၊ ဆင်တူယိုးမှားလောက်ပဲရမယ်၊ ဒါတွေက အရည်အသွေးပိုင်း မှာ နိုင်ငံတကာနဲ့ စာချုပ်ရင် အဓိက ဖြစ်လာမယ့် အခက်အခဲပါပဲ။