ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှာ ရေကြီး ရေနစ်မြုပ်မှု ဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး သေဆုံးသူ ၇၀ နီးပါး ရှိနေပြီ ဖြစ်သည်။ ရေဘေးဒုက္ခသည်များကို သွားရောက်လှူဒါန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများလည်း ယခုရက်ပိုင်းတွင် အများအပြား ထွက်ပေါ်လာသည်။
ယင်းကူညီမှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရေဘေးသင့်ကူညီရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရေဘေးဖြစ်ပွားနေသည့် ဒေသများကို သွားရောက်ကူညီရာတွင် တကယ် လိုအပ်သည့် အလှူရှင်၊ အလှူခံနှင့် အလှူလက်ခံသူများကြား ထိထိရောက်ရောက် ဖြစ်စေရန် သတင်းအချက်အလက် အမှန်ရရှိရေးအတွက် 5PLUS Channel ရုပ်သံမှ ကူညီဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအစီအစဉ်နှင့် ပတ်သက်၍ 5PLUS Channel မှ Production Director ကိုညီလင်းဆက်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ အခု 5PLUS Channelက ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လို ချိတ်ဆက်ဆောင်ရွက်သွားဖို့ စီစဉ်ထားလဲဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ပရဟိတ လုပ်ဆောင်နေတဲ့ အဖွဲ့တွေက အများကြီးရှိတယ်။ အဓိကကတော့ Communication channel က အင်တာနက် ဖြစ်နေတာပေါ့နော်။ အင်တာနက်ပေါ်က လူတွေအကုန်လုံးက ဒီဟာကို သိကြတယ်။ ဒါပေမယ့် အပြင်က လူတွေက ဘယ်သူ့ကို လှူလို့ လှူရမှန်း တော်ရုံတန်ရုံ Information က မသိဘူး။ နောက်တခုက နာဂစ်တုန်းက အတွေ့အကြုံအတိုင်းပဲ၊ တချို့နေရာတွေမှာ အလှူပစ္စည်း တမျိုးတည်းကိုပဲ ပုံသွားတယ်။ အဲဒီအတွက်က Management system ရှိတယ်။ နာဂစ်တုန်းကလည်း ကျနော်တို့ အစိုးရကို Propose လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် အကောင်အထည် မဖော်ခဲ့နိုင်ဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အကောင်အထည် မဖော်ခဲ့နိုင်ဘူး။ အခု နာဂစ်ဖြစ်ပြီး ၇ နှစ် လောက်ကြာလို့ အခုလို ထပ်ဖြစ်တော့လည်း အစိုးရက အကောင်အထည် မဖော်သေးဘူး။ အဲဒီလို စနစ်မျိုးဖြစ်ဖု့ိဆိုရင် အားလုံးက ပူးပေါင်းပါဝင်ဖို့ လိုတယ်။ ကျနော်တို့ လှူခဲ့တဲ့ ပစ္စည်းနဲ့ ကျနော်တို့ သွားမယ့် Target ကိုလည်း စနစ်တကျနဲ့ ဒီ Data base ကြီးတခုကို တည်ဆောက်ထားခဲ့ပြီးမှ ဒီနေရာမှာကတော့ လိုအပ်နေတာက ဒါ၊ ဒီနေရာကို ဘယ်လောက် ဘယ်လောက် ပေးမယ် ဆိုတာမျိုး ဒါတွေအားလုံးကို ကျနော်တို့ လုပ်ရတာပေါ့နော်။ ဆိုတော့ IT အနေနဲ့ရော ကျနော်တို့ရဲ့ လုပ်ငန်းအနေနဲ့ရော ဒါမျိုးတွေက ဖြစ်သင့်တယ်ထင်လို့ 5PLUS အနေနဲ့ မီဒီယာအနေနဲ့ ဆောင်ရွက်ပေးတဲ့သဘောပါ။
အခုက အဖွဲ့အစည်းတွေမှာ လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့အချက်တွေ ရှိတယ်။ တဘက်မှာလည်း တချို့က ပေးချင်တယ်။ ဘယ်သူ့ကို ဘယ်လို ပေးရမယ်မှန်း မသိကြဘူး။ အဲဒီတော့ ကျနော်တို့က ကြားထဲကနေ ပြီးတော့ သူတို့တွေကတော့ ဒါတွေ လိုအပ်ပါတယ်ဆိုပြီး Information အားလုံးကို ကျနော်တို့က ကြားထဲက ဆောင်ရွက်ပေးတာပါ။
မေး။ ။ အခု ဖြစ်ပေါ်နေတဲ့ သဘာ၀ ဘေးအန္တရာယ်ကို ကူညီနိုင်ဖို့ဆိုပြီး တချို့ကလည်း နီးစပ်တဲ့ သူတွေ လတ်တလော ရေဘေး ကူညီနိုင်ဖို့ အဖွဲ့ဖွဲ့ပြီး အလှူခံနေကြသလို၊ နဂိုရှိပြီးသား သာသနာ့ဟိတ၊ ပရဟိတ အဖွဲ့အစည်းတွေ အားလုံးကလည်း ရေဘေးအလှူကို ကူညီဖို့ လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် သူ့လှုပ်ရှားမှုနဲ့ သူတို့ပဲ လှူဒါန်းတဲ့အတွက် တချို့နေရာတွေမှာ ထိရောက်သင့်သလောက် မထိရောက်ဘူးလို့ ဆိုနိုင်မလား။ အဲဒီအပေါ်မှာ ကိုညီလင်းဆက် အမြင်ကို ပြောပြပေးပါ။
ဖြေ။ ။ အရင်ဆုံး ပြောရမယ်ဆို Information မရတာလို့ ပြောရမယ်။ ကျနော်တို့မှာ ဘယ်လို ဖြစ်နေသလဲဆိုတော့ အင်တာနက်ပေါ် တက်လာတဲ့ အခါမှသာ ဒီနေရာမှာ ဒီလိုဖြစ်နေပါတယ်ဆိုပြီး သွားလှူကြတာမျိုး ဖြစ်နေတယ်။ ဥပမာ- ပွင့်ဖြူကို သွားလှူမယ်ပေါ့။ တချို့က တွက်ကြတာက ပွင့်ဖြူကို ကားနဲ့ သွားလှူရင် ရတယ်ဆိုပြီး သွားလှူတော့ တကယ်တမ်း အဲဒီနေရာမှာက ပတ်ပတ်လည် ရေကြီးချင်ရင် ကြီးနေတာဆိုတော့ အဆင်မပြေတော့ဘူး။ တကယ်တော့ ကျနော်တို့မှာ Logistics ပိုင်းဆိုင်ရာအရ ပြင်ဆင်ရတဲ့ အပိုင်းက တကယ်တမ်းဆို သုံး၊ လေး၊ ငါးရက် ဖြစ်ချင်လည်း ဖြစ်သွားပြန်ရော။ ကျနော်တို့ သွားလှူမယ့် နေရာက ကားနဲ့သွားလို့မရလို့၊ လှေနဲ့ သွားလှူဖို့ ဆိုရင် လှေရှာရပြန်ရော၊ အဲဒီအပိုင်းတွေက Delay ဖြစ်တယ်ပေါ့။
အဲဒီတော့ ဒီအဖွဲ့တွေ ဘာလိုအပ်သလဲ ဆိုတဲ့ Information ကိုလည်း ကျနော်တို့က လိုအပ်သလို ဟိုဘက်က တကယ်ဖြစ်ပျက်နေတဲ့ Information ကိုလည်း အတိအကျ လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျနော်တို့မှာ ပြဿနာ အများကြီး ကြုံတွေ့နိုင်တယ်။ အလှူခံအဖွဲ့တွေ တော်တော်များများကလည်း အလှူခံပြီးမှ သွားလာဖို့ ခက်ခဲတဲ့ ချင်းတောင်လို ဒေသမျိုးကို သွားလှူမယ်ဆိုရင် ရဟတ်ယာဉ် ရှိမှ အဆင်ပြေမယ်။ ကျနော်တို့မှာက ပုဂ္ဂလိကလို အဖွဲ့မျိုးကတော့ သုံးစွဲနိုင်ဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး လှူတဲ့သူတွေက သူတို့လှူတဲ့ပစ္စည်း ရောက်ပါတယ်ဆိုတာကို အဖွဲ့တွေသွားပြီး ရိုက်ပြမယ့် ဓာတ်ပုံတွေအရပဲ သိရမှာဆိုတော့ ပရဟိတ အဖွဲ့ငယ်တွေကလည်း ကိုယ်တိုင် သွားလှူချင်ကြတယ်။ အဲဒီလို အခြေအနေတွေကို ကျနော်တို့က ဘယ်လို ကူညီနိုင်မလဲ၊ လိုအပ်တဲ့ ကိစ္စတွေကို ကျနော်တို့က တကယ်ပံ့ပိုးပေးနိုင်တဲ့ လေကြောင်းလိုင်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးချင်တာပါ။
မေး။ ။ ကိုညီလင်းဆက်တို့ အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်ကတော့ အခု မီဒီယာတွေအတွက်ကို အဲပုဂံ၊ ကမ္ဘောဇ အဲယားလိုင်း အနေနဲ့ပဲ ဖြစ်ဖြစ် သူတို့ အနာဂတ်အလင်း ဖောင်ဒေးရှင်းနဲ့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါပေမယ့် အခုက အဖွဲ့တွေကလည်း များတဲ့အခါမှာ တဖွဲ့၊ တဖွဲ့ချင်း တက်ဖို့ဆိုတာလည်း မလွယ်ဘူး။ ဥပမာ – သူတို့ကလည်း ကယ်ဆယ်ရေး လုပ်နေတာဆိုတော့ ကယ်ဆယ်ရေးအတွက် ပစ္စည်းတွေကိုတော့ သယ်သွားပေးနိုင်မယ်။ လူအားလုံးကို ခေါ်သွားပေးဖို့ ကြတော့ မဖြစ်နိုင်ပြန်ဘူး။ အဲဒီတော့ အဲဒီကြားထဲမှာ ကျနော်တို့ ညှိနှိုင်းပေးကြည့်မယ်။ ပြီးတော့ တခြားအဖွဲ့အစည်းတွေ ရှိတယ်။ ဥပမာ – ဆန်တွေ အပြင်မှာ တအိတ်ကို ၂ သောင်းနဲ့ ဝယ်ရမယ်ဆို ဆန်ကုမ္ပဏီက ၁ သောင်း ၆ ထောင်နဲ့ ထုတ်ရောင်းပေးဖို့ ပြောထားတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့က အဖွဲ့အစည်းတိုင်းကို ရောင်းမပေးဘူး။ အဲဒီတော့ ကျနော်တို့က အဲဒီကိစ္စတွေအတွက် အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးမယ်။ ဒီအဖွဲ့က ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာမျိုးနဲ့ ချိတ်ဆက်ပေးနိုင်မယ်။ နောက်ပြီး ကျနော်တို့က မီဒီယာအနေနဲ့ ဖြစ်တဲ့အတွက် ကျနော်တို့မှာ ပူးပေါင်းဆောင်ရွက်ထားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိတယ်။ တချို့က ငွေကြေးတတ်နိုင်တဲ့ သူတွေက ဘယ်သူနဲ့ ချိတ်ပြီး ဘယ်လို လှူရမယ်မှန်းမသိကြဘူး။ အဲဒီအခါ လူအင်အားနဲ့ ကူညီနိုင်မယ့် အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ နေရာမှာ လှူဒါန်းတာမျိုး လုပ်ဖို့အတွက်လည်း Supporting network လေး တခုလည်း ဖြစ်သွားစေချင်တာပါ။
မေး။ ။ ဒါဆို ကိုညီလင်းဆက် တို့အနေနဲ့ လှူဒါန်းမယ့် ပစ္စည်းတွေ၊ အလှူငွေတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ လုပ်ဆောင်သွားဖို့ရော ရှိလား။
ဖြေ။ ။ ကျနော်တို့ အဓိက လုပ်ဆောင်ပေးမှာက Information ပေးတဲ့ သဘောပဲ လုပ်မှာပါ။ အဖွဲ့အစည်းတွေ အားလုံးရဲ့ အချက်အလက်တွေက အင်တာနက်ပေါ်မှာ တော်တော်များများ သိကြတယ်။ ဒါပေမယ့် အပြင်က လူတွေက တော်ရုံ မသိကြဘူး။ အဲဒီတော့ ကျနော်တို့က တီဗီမှာ အဖွဲ့အစည်းတခုခြင်းရဲ့ ပရိုဖိုင်းတွေကို အမြဲရိုက်ပြီး ကျနော်တို့ တင်ပေးနေမယ်။ ချင်းတောင်ကို ဘယ်အဖွဲ့အစည်းတွေက အဓိကထားပြီး လုပ်သလဲဆို ဒီအဖွဲ့တွေ ရှိတယ်ဆိုတာကို သိအောင် လုပ်ပေးမယ်။ နောက်ပြီး ဆေးလှူဒါန်းချင်တဲ့ သူက ဒီအဖွဲ့ကို ဆက်သွယ်ပါ၊ အဝတ်အစား လှူမယ့်သူတွေက ဒီအဖွဲ့ကို ဆက်သွယ်ပါဆိုတာမျိုး လုပ်ပေးမယ်။ နောက်ပြီး Information ပျံ့နှံ့အောင်လည်း ဝက်ဘ်ဆိုဒ် အနေနဲ့ လုပ်ပေးဖို့ IT အဖွဲ့တွေကိုလည်း စီစဉ်ထားတယ်။ ဒါက နောင်တချိန်မှာ အသုံးဝင်မယ့် Data base တခုလည်း ဖြစ်လာနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ဒီ Sector တွေ အားလုံးက သူတွေနဲ့ ရင်းနှီးနေပြီးသား ဖြစ်တဲ့အတွက် ဆောင်ရွက်ပေးတဲ့သဘောပါ။
မေး။ ။ တချို့ လှူဒါန်းမှုတွေကို အစိုးရဘက်က ထိန်းချုပ်ကိုင်တွယ်မှာကို မလိုလားကြတဲ့ အလှူရှင်တွေရှိတယ်။ ဘာကြောင့်လို့ ကိုညီလင်းဆက် မြင်ပါသလဲ။
ဖြေ။ ။ အလှူရှင် အနေနဲ့ လှူဒါန်းမှု တခုလုပ်မယ်ဆိုရင် သူတို့အနေနဲ့က Register တခုတော့ လုပ်ရမယ်။ အစိုးရပိုင်းမှာလည်း Register လုပ်မှ လှူရမယ်ဆိုတဲ့ ပြဿနာမျိုးကလည်း ရှိနေတယ်။ ဒါပေမယ့် အခု လောလောဆယ်ကတော့ ကျနော်တို့က အဲဒီ Process ကြီးတွေ အကုန်လုံးကို အရေးပေါ်အခြေအနေမှာ ကျနော်တို့ မလုပ်ဆောင်နိုင်ပါဘူး။ အဲဒီတော့ အလှူရှင်တွေအနေနဲ့လည်း အရေးပေါ်အခြေအနေမှာ အရေးပေါ်လှူမယ့် အဖွဲ့တွေကို လှူဒါန်းတာမျိုးပါ။ ကျနော်တို့က အဓိကကတော့ ကျနော်သည် ဒီအဖွဲ့က ကျနော်သွားရောက်မယ့် နေရာသည် ဒီနေရာ၊ ကျနော့်မှတ်ပုံတင် နံပါတ်က ဒီဟာ၊ ကျနော်တို့ရဲ့ လုပ်ဆောင်မှုသည် တာဝန်ယူမှု အပြည့်ရှိတယ်။ ကျနော်တို့ရဲ့ ဘဏ်အကောင့်က ဒါမှာ၊ ကျနော်တို့ ဒါကို လုပ်မယ်။ ကျနော်တို့မှာ လူအင်အား ဘယ်လောက်ရှိပါတယ် ဆိုတာကို လူတွေကို သိစေချင်တာပါ။
မေး။ ။ အလှူရှင်တွေဘက်က ယုံယုံကြည်ကြည် လှူနိုင်ဖို့ ဆိုရင် အလှူခံတဲ့ အဖွဲ့အစည်းတွေ ဘက်ကလည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဘယ်လို ပြသဖို့ လိုလဲ။ ကိုညီလင်းဆက်တို့ကရော ဘယ်လို ဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာတနိုင်ငံလုံးကလည်း အလှူအတန်း ရက်ရောတဲ့ လူမျိုး၊ အရမ်းကူညီချင်စိတ် ရှိကြတယ်။ ဒါပေမယ့် International donation တွေ ပါလာပြီဆိုရင် သူတို့က Project ပုံစံမျိုးတွေ လုပ်ကြတယ်။ ဥပမာ အိမ်ဆောက်မယ်ဆို သူတို့ကို Report ပြန်ပေးရတယ်။ မြန်မာပြည်မှာက အဲဒီအပိုင်းလေးတွေ အားနည်းတာ တွေ့ရတယ်။ အဲဒီတော့ ရေရှည်မှာက သူတို့အနေနဲ့ ဆက်လက် ကူညီဖို့ ဆိုတာက တော်တော်လေး ခက်ခဲတယ်။ INGO မှာက သူတို့က ဒါတွေလုပ်ရင် ဒါတွေက ဘယ်လောက်ပြီးနေပြီ ဆိုတာမျိုး နောက်ပြီး ကြိုတင်ပြင်ဆင်မှု အပိုင်းတွေ အများကြီး ရှိတယ်။ ပြီးစီးမှုအပိုင်းတွေကိုလည်း Report ပြန်လုပ်သလို ငွေကြေးရှင်းလင်းမှု အပိုင်းကိုလည်း အသေးစိတ် ပြန်လုပ်ပေးကြတယ်။ ဒါမျိုးတွေကလည်း ကျနော်တို့ အဖွဲ့အစည်းတွေအတွက် လုပ်သင့်တဲ့ အရာတွေပါ။ အခုကတော့ ကျနော်တို့ အနေနဲ့လည်း Portal လို့မျိုး IT အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးဖို့ ရှိနေတယ်။ တတ်နိုင်သမျှ ဒီအပေါ်ကနေ ပူးပေါင်းဆောင်ရွက်သွားမယ်။ တကယ်လို့ အဲဒီထဲမှာမှ တချို့အဖွဲ့တွေက မလုပ်ဆောင်နိုင်ဘူးဆိုလဲ Donor တွေ စိတ်ကြိုက်ရွေးချယ်နိုင်တယ်။ တချို့အဖွဲ့တွေက လုပ်ငန်းပြီးစီးကြောင်း ဓာတ်ပုံတွေ ဖော်ပြတယ်။ တချို့က ဂုဏ်ပြုလွှာတွေ ပေးတယ်။ အဲဒါတွေကိုပါ ကျနော်တို့ လုပ်ပေးမယ်။ ကျနော်တို့ကတော့ ဘက်ပေါင်းစုံက ဒီကို ထိစပ်နိုင်အောင် ကွန်ရက်တခုအနေနဲ့ လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။
မေး။ ။ ကိုညီလင်းဆက်တို့အနေနဲ့ အစိုးရပိုင်းနဲ့ရော ဘယ်လိုချိတ်ဆက် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ လောလောဆယ် အစိုးရပိုင်းမှာက သူတို့လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိတယ်။ နောက်ပြီး ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ ပွဲကနေ အဖွဲ့အစည်းတွေအနေနဲ့ ဘာတွေ အခက်အခဲ ရှိသလဲဆိုတဲ့ အချက်တွေ ထွက်လာလိမ့်မယ်။ အဲဒီကနေ သွားလာရေး အခက်အခဲ ဖြစ်နေတာလားဆိုတဲ့ အချက်တွေ ထွက်လာလိမ့်မယ်။ အခုဆိုရင်လည်း ပြန်ကြားရေးကလည်း စောင့်ကြည့်နေပါတယ်။ ဘာတွေ လိုအပ်လဲ ဆိုတာမျိုး ကျနော်တို့ဘက်က ထွက်လာပြီဆိုရင် ဒါကို တင်ပြပေးဖို့ ရှိပါတယ်။ လုပ်ပေးနိုင်တာ၊ မလုပ်ပေးနိုင်တာကတော့ သူတို့အပိုင်းပါ။ ကျနော်တို့ဘက်ကတော့ တင်ပြပေးမှာပါ။
မေး။ ။ ပြီးခဲ့တဲ့ နာဂစ် ရေဘေး အတွေ့အကြုံနဲ့ အခု ရေဘေးအတွေ့အကြုံမှာ ဘာတွေ ကွာခြားမှု ရှိတယ်လို့ ကိုညီလင်းဆက် မြင်ပါသလဲ။
ဖြေ။ ။ နာဂစ်က ဖြစ်တာလည်း မြန်သလို ပျက်သွားတဲ့ ပမာဏက အရမ်းကြီးတယ်။ ပြီးတော့ သေကြေပျက်စီးမှု ပမာဏကလည်း အရမ်းကြီးတယ်။ ဒါပေမယ့် ကြီးမားတဲ့ ထိခိုက်မှုက ဧရာဝတီတိုင်းတခုတည်း ဖြစ်တာ၊ အခု ဒီဖြစ်ပွားတဲ့ ရေဘေးအန္တရာယ်ကတော့ ရေရှည်သွားမယ်လို့ ကျနော်တို့ မြင်တယ်။ အခုက ရေနစ်သွားတယ်၊ နောက်ပြီး ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ အားလုံးလည်း ပျက်စီးသွားတယ်။ နောက်ပြီး အခုရေမြုပ်တာကလည်း ပမာဏ အရမ်းကြီးတယ်။ အချိန်လည်း ကြာတယ်။ အခုက အသေအပျောက် နှုန်းအရ အများကြီး မဟုတ်ပေမယ့် ကျနော်တို့ရဲ့ ရေမြုပ်တဲ့ဒဏ် ခံစားရမှုက များတယ်။ ပြန်လည်ထူထောင်ရမယ့် အချိန်လည်း ကြာနိုင်မယ်လို့ထင်တယ်။ အခု ရေကျသွားပြီးရင်လည်း နောက်ဆက်ပြီး သွားရမယ့် အပိုင်းတွေ အများကြီး ရှိပါသေးတယ်။
မေး။ ။ နောက်ပြီး ပြည်ပကနေ ရေဘေးအတွက် အလှူပစ္စည်းတွေ ပို့ဆောင်မယ်ဆိုရင် အခုကြားနေရတာက အခွန်ကောက်ခံမယ်လို့ ကြားနေရတဲ့အပေါ် ကိုညီလင်းဆက် အမြင် ပြောပြပေးပါ။
ဖြေ။ ။ ပြဌာန်းထားတဲ့ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ သဘာ၀ ဘေးအန္တရာယ်နဲ့ သက်ဆိုင်တဲ့ မည်သည့် ပစ္စည်းကိုမဆို အခွန်ကောက်ခံလို့ မရဘူးလို့ ပြောထားပြီးသားပါ။ အခုက သတင်းအချက်အလတ် အမှားတွေက အများကြီး ဖြစ်နေတယ်။ တချို့တွေ ဆိုရင်လည်း ဆည်ကျိုးတယ်လို့ ပြောတယ်။ တကယ်တမ်း ဆည်ကျိုးတာ မဟုတ်ဘူး ရေပိုလွှဲကနေ ရေထုတ်တာနဲ့က မတူဘူး။ ဆည်ကျိုးတဲ့အပေါ်မှာ မြင်တဲ့အမြင်နဲ့ ရေပိုလွှဲက ရေလွှတ်တဲ့အမြင်က လုံး၀ ကွဲပြားတယ်။ ဒါကြောင့် ကျနော်တို့တွေက အချက်အလက် အမှန်တွေကို အများသိအောင် ကျနော်တို့ဘက်က IT နည်းပညာအရ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။