တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် လတ်တလောအထိ လူ ၇၀ ခန့်သေဆုံးပြီး ၂ သိန်းကျော် ရေဘေးသင့်နေသည့် မြန်မာနိုင်ငံတွင် တာဝန်သိ ပရဟိတသမား ပြည်သူများ၊ အရပ်ဘက် တသီးပုဂ္ဂလ အဖွဲ့အစည်းများက အပြေးအလွှား ကူညီနေကြသည်။ သို့သော် အစိုးရပိုင်း၏ သဘာဝ ဘေးအန္တရာယ် ကနဦး သတိပေးမှုမှသည် ယခုနောက်ဆုံး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့နှင့် ပတ်သက်၍မူ ကျယ်ပြန့်သော ဝေဖန်မှုများကို ခံနေရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှု၊ တဆက်တည်းအနေဖြင့် ဆည်ရေလျှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းသော Message များ ပြည်သူသို့ အချိန်မီပေးရန် အစိုးရက ပျက်ကွက်ခဲ့သည်။ အစိုးရက စိုးရိမ်စရာ မရှိသေးပါဟု ပြောဆိုနေချိန်မှာပင် အချိန်နောက်ကျစွာ ရေးဘေးမှ ကိုယ်လွတ်ရုန်းနေရသော ပြည်သူများရှိနေကြောင်း သတင်းကွန်ရက်များက ဖော်ပြနေကြသည်။ ဆည်မကျိုးသေးပါဟု ပြောဆိုနေသော်လည်း ဆည်ရေလျှံမှု ကြောင့် ကျေးရွာများ ရေမြုပ်နိုင်ကြောင်း ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းလည်း မရှိခဲ့ချေ။ အရေးပေါ် အခြေအနေကိုလည်း အလွန်နောက်ကျမှ အစိုးရက ကြေညာခဲ့ခြင်းကြောင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်ခဲ့သည်။
အစိုးရ တာဝန်ရှိသူများ၏ ကိန်းခန်းကြီးသော လိုအပ်သည်များကို မှာကြားရန် လှည့်လည်ကြည့်ရှုနေချိန်တွင် ပြည်သူများက ပရဟိတစိတ်ဖြင့် အလုံးအရင်း အကူအညီပေးရန် အားထုတ်နေကြသည်။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ရေဘေးသင့်သူများထံ သွားရောက်ခဲ့သည်။ အစိုးရ သတင်းစာများက ကူညီကယ်ဆယ်ရေး “စနစ်တကျဆောင်ရွက်”၊ ကူညီထောက်ပံ့ရေး “ကြပ်မတ်ဆောင်ရွက်” ဟန်ရေးပြနေချိန်တွင် ပညာရှင်များက သဘာဝဘေးဒဏ် ဆက်လက် ကျရောက်နိုင်သည့်ဒေသများကို တွက်ချက်သတိပေးနေကြသည်။ တာဝန်သိ ပြည်သူသတင်းသမား (CJ) နှင့် သတင်းမီဒီယာများကလည်း အခြေအနေမှန်ကို ဖော်ထုတ်တင်ပြရန် ကြိုးပမ်းနေကြသည်။ အကူအညီပေးမည့် သူများကလည်း လှူဒါန်းပစ္စည်းများ စုဆောင်းကာ ဘေးဒဏ်ခံဒေသများသို့ အလျင်အမြန် အပြေးအလွှား သွားရောက်နေကြသည်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း အဆုံးရွားဆုံးဟု ဆိုနိုင်သော ယခုရေဘေးတွင် အစိုးရက သတင်းထုတ်ပြန်မှု၊ ရှင်းလင်းသော သတင်း စကားပေးမှု၊ အရေးပေါ်အခြေအနေ ကြေညာမှုများ နောက်ကျခဲ့သည့်အပြင် လူမှုကွန်ရက်များ မှတဆင့် ပြည်သူအချင်းချင်း သတင်းဖလှယ်မှု၊ ပရဟိတအဖွဲ့များ၏ အလျင်အမြန် အကူအညီပေးရန် စိုင်းပြင်းမှု၊ ပြင်ပ အကူအညီများ လက်ခံရေးတို့အပေါ် အစိုးရက မလိုအပ်ဘဲ သတိကြီးစွာ ထားနေသည်ကို တွေ့ရခြင်းမှာလည်း စိတ်ပျက်ဖွယ်ရာဖြစ်သည်။
အစိုးရအနေဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ် ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ရေးတို့ကို အာရုံစူးစိုက်စွာ လုပ်ဆောင်ရမည့်အစား တုံ့ပြန်လုပ်ဆောင်မှု နှောင့်နှေးခြင်း၊ ဝေဖန်မှုများကို လူမှုကွန်ရက်များပေါ် တက်၍ ကာကွယ်ရှင်းလင်းနေခြင်း၊ သတင်းဖလှယ်မှုများနှင့် ပတ်သက်၍ ဥပဒေကို ကိုင်ကာ တပ်လှန့်နေခြင်း စသည့် ကိစ္စများကို ပို၍အာရုံစိုက်နေသည်ကို တွေ့နေရသည်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရစဉ်ကလည်း တာဝန်ယူဖူးကြသည့် ယခု အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် သင်ခန်းစာယူပုံ မရသော်လည်း ပြည်သူများကမူ သတိကြီးကြီးထားကာ သဘာဝဘေးဒဏ်ကို အလျင်အမြန် တုံ့ပြန်ခြင်းအားဖြင့် သင်ခန်းစာယူပြီး တာဝန်ယူမှုကိုလည်း ပြသနေကြပေသည်။ အစိုးရ၏ လစ်ဟာပေါ့လျော့မှုများကို ပြည်သူများက ဖြည့်စွမ်းနေကြသည်ဟု မီဒီယာများတွင် ရေးသားခံရသည်မှာလည်း အစိုးရအတွက် အရှက်ရစရာ ဖြစ်သည်။
ရေးဘေးဒဏ် ပြင်းထန်စွာ ခံရပြီးနောက် လူနေအိမ်များ၊ ပစ္စည်း ဥစ္စာများ၊ ဆန်စပါး၊ လယ်ယာမြေများ ပျက်စီးပြီးနောက် နောက်ဆက်တွဲ အနေဖြင့် အချိန်ယူရဦးမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပရဟိတသမားများ၊ စေတနာရှင် အရပ်ဘက် အဖွဲ့အစည်းများ၏ အင်အားသက်သက်ဖြင့် လုံလောက်နိုင် မည်မဟုတ်ပါ။ ထို့ကြောင့် တာဝန်ရှိအစိုးရ အနေဖြင့် အရက်ဘက် အဖွဲ့အစည်းများ၊ ပရဟိတ ပြည်သူများနှင့်ပါ လက်တွဲ၍ အချိန်မီနှင့် ထိရောက်စွာလုပ်ဆောင်ရန် အသင့်ပြင်ထားသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။