မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများစွာ အိုးအိမ်ဆုံးရှုံးခြင်း၊ စားဝတ်နေရေး ဒုက္ခရောက်ခြင်းနှင့် စီးပွားရေးပြဿနာများစွာ ရင်ဆိုင်နေကြရသည်။ အဆိုပါ ဒေသခံများကို အဖွဲ့အစည်းအသီးသီးမှ ကူညီထောက်ပံ့လျက်ရှိရာ နာမည်ကျော်သရုပ်ဆောင် ဝေဠုကျော်လည်း တယောက်အပါအဝင်ဖြစ်သည်။ ဝေဠုကျော်သည် ၎င်း၏နာမည် ဖြင့် “ဝေဠုကျော် ဖောင်ဒေးရှင်း ”ကို တည်ထောင်ထားပြီး လောက်ကိုင်ဒေသ တိုက်ပွဲတွင်လည်း ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ ဒေသခံများကို ထောက်ပံ့ကယ်ဆယ်ခြင်းနှင့် စိတ်ဓာတ်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ဇွန်လ မှ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသအသီးသီးမှ ရေဘေးရှောင်ပြည်သူများရှိရာ ရွာများသို့ သွားရောက်နိုင်ရန် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းကို အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လက်ရှိ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကိုဝေဠုကျော်ကို ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကိုဝေဠုကျော် က ဖောင်ဒေးရှင်းလည်းထောင်ထားတယ်။ အဲဒီကတဆင့် ပရဟိတနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတော့ အဲဒီအကြောင်းပြောပြပါရှင့်။
ဖြေ။ ။ ဖောင်ဒေးရှင်း က ၂၀၁၁ က စခဲ့တာ။ ကရင်ပြည်နယ်ကို ငြိမ်းချမ်းရေးကိစ္စနဲ့သွားပြီးအပြန်မှာ စပြီးတော့ လုပ်ဖြစ်ခဲ့တာ။ လောက်ကိုင်ကိစ္စမှာ ပြည်သူတွေကိုကူညီခဲ့တယ်။ အခုလည်း ရေဘေးကိစ္စမှာ ကျနော်ပိုင်ဆိုင်တဲ့ငွေ သိန်း ၅၀၀ ကို မတည်ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တယ်။ လောက်ကိုင်မှာကူညီခဲ့တဲ့အတွက် ကိုးကန့်လူမျိုးတွေကလည်း ဒီ ကယ်ဆယ်ရေးမှာ သိန်း ၆၀ ထည့်တယ်။ KBZ ဘဏ်ကလည်း ထည့်တယ်။ အခုတော့ ငွေနဲ့ KBZ နဲ့ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီးလုပ်နေတာ။ ကျန်တဲ့အလှူရှင်တွေလည်း အများကြီး လှူကြတယ်။
မေး။ ။ ရေဘေးအတွက် ဘယ်တုန်းကလည်းက ကယ်ဆယ်ရေးတွေ စလုပ်နေတာလဲ။
ဖြေ။ ။ ၁ ရက်နေ့ကတည်းက ရောက်နေတာ ကလေးကို။ ကလေးကနေ ဟားခါးမြို့လည်း ရောက်ပြီးပြီ။ သူများတွေ ကျိုးသွားပြီလို့ပြောတဲ့ ရာဇဂြိုလ်ဆည်ကြီးကိုလည်း ရောက်ပြီးပြီ။ မကျိုးပါဘူး။ ပြီးတဲ့ ကလေးပတ်ချာလည်ရွာတွေကို KBZ အောင်မြင်သူ ဖောင်ဒေးရှင်း အနာဂတ်အလင်းတန်းမြန်မာရယ် အားလုံးပေါင်းလုပ်နေတာ။ လုံးဝ မအားဘူး။ ဖုန်းတွေ ပိတ်ထားရတယ်။ ရန်ကုန်က ရုံးမှာလည်း သွားလှူမယ့်လူတွေအတွက် အသင်းမှတ်ပုံတင် မိတ္ထူ၊ ရည်ရွယ်ချက် စတာတွေပြရင် သွားရမယ့်နေရာကို ညွန်ပေးတယ်။ ငွေ ၁၀ သိန်း ထောက်ပံ့တယ်။ ကျနော်တို့ ဖောင်ဒေးရှင်းအကျီၤ ဝတ်ဖို့မလိုဘူး။ ကျနော့်အသင်းနာမည်နဲ့ သွားဖို့ မလိုပါဘူး။ ဒေသဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့ ပြောပြတယ်။ အသင်းနာမည် ဗီနိုင်းကပ်ခွင့် မပေးဘူး။ မည်သည့်ဗီနိုင်းမှလည်း ကပ်ခွင့်မပေးဘူး။ ကျနော်တို့ အပျော်လုပ်နေတာ မဟုတ်ပါဘူး။
မေး။ ။ အကို ကူညီနေတဲ့ဒေသတွေတလျှောက်က ဒေသခံ ရေဘေးသင့်ပြည်သူတွေ အဓိက လိုအပ်နေတာ ဘာတွေလို့ မြင်ပါလဲ။
ဖြေ။ ။ လိုအပ်နေတာတော့ အကုန်လုံးပဲ။ တမူးမှာ ဆန်ရှိသေးတယ်။ ကလေး ဟားခါး ဆန်လိုအပ်နေတယ်။ အဝတ်အစား မလိုဘူး။ ဆန်အဓိက လိုအပ်နေတာ။ အဲဒါပဲ။ ဆေးဝါးတို့ ဘာတို့လည်း အနည်းအကျဉ်း လိုအပ်တယ်။ ကျနော်တို့ နေရာ ၉ နေရာ ခွဲပြီးလုပ်နေတယ်။ ကောလင်း၊ မိုးညိုကို ဦးမိုးဝင်းတို့ သွားနေတယ်။ ကျနော့်အမေ ညောင်တုန်းဘက်သွားတယ်။ ကျန်တဲ့နေရာတွေလည်း လုပ်နေတယ်။ လာချင်တဲ့အဖွဲ့အစည်းတွေ လာခဲ့ပါ။ ထောက်ခံစာတွေ လိုအပ်တာတွေ ယူခဲ့ပါ ကူညီနိုင်ဖို့ ကျနေ်ာတို့ ပိုက်ဆံချပေးမယ်။
မေး။ ။ ရွာတွေကို အကိုတို့ ကယ်ဆယ်ရေးနဲ့ ကူညီရေးဆင်းတော့ စက်သီးကြိုးတွေနဲ့ ခက်ခက်ခဲခဲ ဖြတ်ရတာတွေ တွေ့ရတယ်။ အဲဒီအပေါ်လည်း ပြောပြပါအုံး။
ဖြေ။ ။ အဲဒီရွာတွေက ချောင်းတွေက ရေစီးအရမ်းသန်တယ်။ သစ်တုံးတွေ မျောနေတယ်။ ရှိသမျှတံတားတွေ အကုန်ကျိုးသွားတယ်။ ဒါကြောင့် ခါးကို ကြိုးချည်ပြီး ဆွဲရတယ်။ စက်သီးနဲ့ချိတ်ပြီး ဆန်အိတ်တွေ ပို့ဖို့ ကြိုးစားရတယ်။ အဲဒီကလူတွေလည်း ဒီဘက်ကို ဘယ်လိုမှ ကူးလို့မရဘူး။ ကျနော်တို့ မပို့ဘူးဆိုရင် ဒီတမိုးတွင်းလုံး သူတို့ဆန်ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် သွားပို့နေတာ။