မြန်မာနိုင်ငံ အနှံအပြားတွင် ရေကြီး၊ရေနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးမြေ လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိအချိန်တွင်လည်း ဆန်အဓိက စိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ စပါးစိုက်ပျိုးမြေများ ဆုံးရှုံးမှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားမှု၊ ဆန်စပါးများ သိုလှောင်ထားရှိမှု အခြေအနေနှင့် နောက်ပိုင်းကာလတွင် ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးနှုန်း မြှင့်လာနိုင်ခြေ ရှိမရှိ နှင့် အရံဆန် ထားရှိမှု၊ မျိုးစပါး အခြေအနေတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကို ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
မေး။ ။ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေက မြန်မာနိုင်ငံအောက်ပိုင်း ဆန်အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်းကို သက်ရောက်မှု ရှိနိုင်တယ်လို့ ကြားနေရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းက ဒီတိုင်းဒေသကြီးအတွက် ဘယ်လို ကြိုတင်ပြင်ဆင် နေကြပါလဲ။
ဖြေ။ ။ အဓိက ဒီနှစ်မှာတော့ ဧရာဝတီတိုင်းက အခါတိုင်းထက် ပိုပြီးပြင်ဆင်ထားတဲ့ အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုရင် အပေါ်ပိုင်းမှာ ရေကြီးတာ ပြင်းထန်တယ်။ အထက်မြန်မာပြည်မှာ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရေကြီးတဲ့ကိစ္စကို လုပ်ခဲ့တဲ့ဟာကြီးက ဧရာဝတီတိုင်းအတွက် ပြင်ဆင်ဖို့ တွန်းအား တခုလိုပဲပေါ့။
အဲဒီတော့ အသိဆန်စက်ပိုင်ရှင်တွေက နောက်ဆုံးမှာ ဆန်စက်မြုပ်ရင် မြုပ်သွားပါစေ။ ဆန်တွေနဲ့ စပါးတွေ မမြုပ်အောင်ဆိုပြီး အမြင့်ပိုင်းတွေမှာ ရွေ့ထားကြတယ်။ ဆန်စက်တွေကတော့ တည်ဆောက်ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ရေမြုပ်မယ်ဆိုရင်တောင် ရွေ့ဖို့က ခက်တယ်။ စပါးတို့ဆန်တို့ ဆိုတာက ရွေ့လို့ရတဲ့အတွက် အချိန်ကလည်း လုံလုံလောက်လောက် ရတဲ့အတွက်ကြောင့် ပြောမယ်ဆိုရင်တော့ တော်တော်များများ စပါးတို့ ဆန်တို့ဟာ ရေလွတ်တဲ့ နေရာတွေကို ပို့ထားစီစဉ်ထားပြီးတယ်လို့ သိရတယ်။
ဆန်စက်တို့ သိုလှောင်ရုံကတော့ ရွှေ့ပြောင်းလို့ မလွယ်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ဒါတွေကတော့ ရွေ့မရဘူး။ ဆန်တွေကလည်း များသောအားဖြင့် အဆောက်အအုံရဲ့ နှစ်ထပ်သုံးထပ်မှာ ထားကြတယ်။ စက်တွေက ဒုတိယအထပ်မှာ ရှိတာများတယ်။ အောက်မှာက သိပ်အရေးမကြီးတဲ့ စက်တွေရှိတယ်။ ဒါက စောင့်ကြည့်ရမှာပေါ့။
မေး။ ။ ဧရာဝတီတိုင်းမှာ ဆန်စက်ပေါင်း ဘယ်လောက်ရှိပါလဲ။ ဘယ်နေရာတွေ ရေဘေးကြုံတွေ့နေပါလဲ။
ဖြေ။ ။ ဆန်စက်တွေက အများကြီးပဲ ဧရာဝတီတိုင်း တခုမှာတည်းကို ထောင်ကျော်ရှိတယ်။ ဒါပေမယ့်လည်း ဧရာဝတီတိုင်းမှာက မြို့နယ်ပေါင်း ၂၆ မြို့နယ် ရှိတယ်။ ရေအန္တရာယ် ကြုံတွေ့နေရတာက အထူးသဖြင့်တော့ မြန်အောင်၊ ဟင်္သာတ၊ အင်္ဂပူ၊ ညောင်တုန်းပေါ့နော်။ ဒါက အဓိက ရေအန္တရာယ်ကို ကြုံတွေ့နေရတာ။ ဧရာဝတီတိုင်းက နှစ်တိုင်းလည်း ရေကြီးပါတယ်။ ရေကြီးတိုင်းလည်း တမြို့လုံး မြုပ်တာတော့ မဟုတ်ဘူး။ ဒီနှစ်ကတော့ ထူးခြားတယ်။ ရေကြီးတဲ့ ပမာဏများတယ်။ ဒါကြောင့်မို့ စောင့်တော့ ကြည့်ရမယ်။
စစ်ကိုင်းတိုင်း ဒီလိုပဲ မြို့နယ် ၃၀ ကျော် ရှိတယ်။ ရေဘေးအန္တရာယ် ကြုံတွေ့ရတဲ့ အဓိက မြို့နယ် လေးငါးမြို့နယ် ရှိတယ်။ ဘာပဲပြောပြော တနိုင်ငံလုံး ပြန်ပြောရရင် တနိုင်ငံလုံးမှာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်တာ မိုးစပါးဆို စိုက်ဧက ၁၅ သန်း ၁၆ သန်းလောက် နှစ်တိုင်း စိုက်တယ်။ ဒီအထဲမှာ ရေမြုပ်တာ ဧကတသန်း ရှိတယ်။ ဒီမြုပ်တဲ့ ပမာဏကလည်း များတယ်ပေါ့နော်။ ခါတိုင်းဆို ဧကနှစ်သိန်း သုံးသိန်းလောက်ပဲ မြုပ်တာ။ ဒီနှစ် ဧက တသန်းလောက် မြုပ်တယ်။ မြုပ်တဲ့ထဲက ပြန်ပေါ်မှာလည်း ရှိသေးတယ်။ ပေါ်တာကိုလည်း သုံးလို့ရသေးတယ်ပေါ့။ လုံး၀ ပျက်စီးတာကတော့ ဧက နှစ်သိန်းလောက် ရှိတယ်။
မေး။` ။ အရန်ဆန် ထားရှိမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ လောလောဆယ်မှာ အရံဆန်ထားရှိတဲ့ အပိုင်းက ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ ပရဟိတ အဖွဲ့အစည်းတွေ လှုဒါန်းချင်တဲ့ အလှုရှင်တွေကို ပေးနိုင်မယ့်ဆန်ကို ပြင်ဆင်ပေးထားတယ်။ ဒါတွေကို ကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အလှုရှင်တွေ စေတနာရှင်တွေက ဈေးကွက်ထဲက လက်လီဆိုင်တွေမှာ ဝယ်တဲ့အခါမှာ ဈေးတွေမြင့်တယ်ပေါ့။ ရန်ကုန်မှာ ဆိုလို့ရှိရင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနကိုလည်း တင်ပြထားတယ်။
ဒီနေရာ ဒီနေရာမှာတော့ ဝယ်ကြပါ။ ဒီနေရာတွေမှာ ဝယ်မယ်ဆိုရင်တော့ သောင်းခုနှစ်ထောင်နဲ့ ရောင်းပေးမယ်။ အများဆုံး နှစ်သောင်း၊ နှစ်သောင်းတထောင်ပေါ့နော် အရည်အသွေး အရမ်းနိမ့်တဲ့ ၂၅ မတ်လို ဆန်ဆို ၁၆,၀၀၀ ၊ ၁၇,၀၀၀ ရောင်းပေး နေတယ်။ ဆန်က လုံလုံလောက်လောက် ရှိတယ်။ ရန်ကုန်မှာလည်း ဆန်အိတ်ရေ သုံးသိန်းလောက် ရောင်းပေးနိုင်အောင် စီစဉ်ထားတယ်။
နောက်တခါ နိုင်ငံတော်အတွက် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ အတွက်ကို ဈေးနှုန်းကို ထိန်းညှိပေးဖို့ ဆန်ကိုလည်း ဆန်အိတ်ရေ နှစ်သိန်းလောက် ဝယ်ယူဖို့ ရှိတယ်။ ဒါလည်း သိုလှောင်ထားရှိပြီးသား ဖြစ်တယ်။ မန္တလေးမှာ ငါးသောင်းလောက် သိုလှောင်မယ်။ ရန်ကုန်မှာက ငါးသောင်းလောက် သိုလှောင်ထားမယ်။ ဒါကလည်း ဈေးကွက်ထဲကို လိုအပ်လာရင် ထည့်ပေးလို့ ရအောင်ပေါ့။ နောက် ဒီကြားထဲမှာလည်း ပြည်ပတင်ပို့တဲ့ ကိစ္စကိုလည်း စက်တင်ဘာလလည် အထိ ရပ်ထားဖို့ရှိတဲ့အတွက် ပြည်တွင်းဆန်ဈေးနှုန်းက မကြာခင်မှာ ပြန်ငြိမ်သွားဖို့ ရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းက ရေဘေးအတွက် ထုတ်ရောင်းပေးနေတဲ့ ဆန်ပမာဏ ဘယ်လောက် ရှိပါလဲ။
ဖြေ။ ။ နေ့စဉ် လာရောက်ဝယ်ယူနေတဲ့ ပမာဏက ဒီရက်ပိုင်းမှာ တနေ့ကို အကြမ်းဖျဉ်း အိတ်ရေ တသောင်းလောက် ရှိတယ်။ အသင်းအနေနဲ့ အဓိကစပြီး ဆောင်ရွက်ပေးခဲ့တာက ဇူလိုင်လ ၃၀ ရက် လောက်က စပြီးလုပ်နေတာ။ ပထမပိုင်းမှာတော့ တနေ့ကို အိတ်ရေ ၂,၀၀၀၊ ၃,၀၀၀ က နေပြီးတော့ အခုရက်ပိုင်းမှာ တရက်ကို အိတ်ရေ ၇,၀၀၀ ၊၈,၀၀၀ ၊ ၉,၀၀၀ ၊ ၁၀,၀၀၀ ပေါ့။ အခုဆို ရခိုင်ကို တင်နေတဲ့အတွက် တရက်ကို တသောင်း လောက်တော့ ထုတ်ပေးနေတယ်။ ဒါကလည်း ပြဿနာ မရှိဘူး။ တဖက်ကလည်း ထုတ်သလို တဖက်ကလည်း စပါးတွေကို ကြိတ်ပြီးတော့ ဆန်ပြန်လုပ်နေတယ်။ ပြန်ဖြည့်နေတာပေါ့။
မေး။ ။ ဆန်လက်ကျန် အခြေအနေရော ဘက်လောက်ရှိပါလဲ။
ဖြေ။ ။ လက်ကျန်က လုံလုံလောက်လောက် ရှိပါတယ်။ အိတ်ရေ သုံး၊လေး သိန်း ရှိပါတယ်။
မေး။ ။ ရေကြီးပြီးတဲ့ နောက်ပိုင်းမှာ ဆန်ပြတ်လပ်တာတို့၊ ဈေးကြီးတာတွေ ဖြစ်လာနိုင်မလား။
ဖြေ။ ။ စပါးက လေးလမှာ တခါပေါ်တယ်။ ခုဏက ပြောသလို စိုက်ဧက ၁၅ သန်း၊ ၁၆ သန်းမှာ တသန်းလောက် မြုပ်တော့ ဆန်ပေါ်မယ့် နေရာတွေ ရှိသေးတယ်။ ဒါကြောင့် စပါးပေါ်မယ့် အချိန် နိုဝင်ဘာဆို စပါးက လှိုင်လှိုင်ပေါ်ပြီ၊ ကောက်စောစပါးဆိုရင် စက်တင်ဘာ၊ အောက်တိုဘာဆိုရင် ပေါ်တယ်။ ကောက်စောစပါးက အများဖြင့် သုံးခွတို့ ခရမ်းတို့ တွံတေးတို့မှာ ပေါ်တာပေါ့နော်။ စပါးကလည်း အောက်တိုဘာ၊ နိုဝင်ဘာဆို စပါးက ပေါ်ပြီ။ အဓိက စောင့်ကြည့်ရမယ့် အခြေအနေသည် သြဂုတ်၊ စက်တင်ဘာ နှစ်လပဲ ရှိတယ်။ အထူးသဖြင့် သြဂုတ်ပဲ ရှိတယ် စက်တင်ဘာဆို သေချာတယ် ရေဘယ်တော့မှ မကြီးဘူး။ သြဂုတ်လကတော့ ရေကြီးနိုင်တယ်ပေါ့။
စောင့်ကြည့်ရမယ့် အချိန်ကာလက စပါးပေါ်ဖို့ နှစ်လ၊ သုံးလပဲ ရှိတယ်။ အဲဒီအတွက် ဆန်တွေက လုံလုံ လောက်လောက် ရှိပါတယ်။ ပြတ်လပ်စရာ မလိုဘူး။ နိုဝင်ဘာ ဒီဇင်ဘာဆိုရင် ပေါ်ပြီ။ ပြီးရင်လည်း နွေစပါး ဆက်စိုက်ဦးမှာ နွေစပါးကလည်း ထပ်ပေါ်လာဦးမှာ။ ဒါကြောင့် ဆန်ပြတ်လပ်မှု ဆန်ဖူလုံမှုကတော့ လုံး၀ စိုးရိမ်စရာ မလိုဘူး။ ဘယ်လိုမှကို ဆန်ဖူလုံမှုကို ထိခိုက်စရာ မရှိဘူး။ ဒါပေမယ့် ထိခိုက်စေနိုင်တာက ဈေးနှုန်းပေါ့နော်။ ဈေးနှုန်းဆိုတာက ဘာပေါ်မူတည်နေတာလဲ ဆိုတော့ ပစ္စည်းရှိတာ မရှိတာထက် ဝယ်လိုအားနဲ့ ရောင်းလိုအား အပေါ်မှာ မူတည်တယ်။ သယ်ယူပို့ဆောင်ရေး စရိတ်ပေါ်မှာ မူတည်တယ်။
အခုတက်သွားတဲ့ ဆန်ဈေး “ကလေး”မှာ ဆန်တအိတ်ကို သုံးသောင်း ၊ သုံးသောင်းခွဲ ဖြစ်နေတယ် ဆိုတာသည် ဆန်မရှိလို့ မဟုတ်ဘူး။ “ကလေး”ကို ပို့မယ့် ယာဉ်တွေ၊ လမ်းကြောင်းတွေ အဆင်မပြေလို့ ။“ကလေး” ကို ပို့လို့ရမယ့်ယာဉ်တွေ လမ်းကြောင်းတွေ အဆင်ပြေသွားရင် ဒီဆန်အိတ်က ဒီအောက်မြန်မာပြည်မှာ နှစ်သောင်းဆိုရင် နှစ်သောင်းသုံးထောင်ပဲ။ သယ်ယူပို့ဆောင်ရေး စရိတ်က ပုံမှန်ပဲ။ ဒါကြောင့် အဓိကကတော့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အဆင်ပြေဖို့လိုတယ်။ ဆန်က လုံလုံ လောက်လောက် ရှိတယ်။ စပါးတွေလည်း ရှိတယ်။ လက်ကြီး ဆန်စက်ကြီးတွေမှာဆိုရင် စပါးတွေ လှောင်ထားတာ ရှိတယ်။ လယ်သမားကြီးတွေမှာလည်း စပါးတွေ ရှိနေသေးတယ်။
မေး။ ။ ဆုံးရှုံးသွားတဲ့ စပါးတွေအတွက် အသင်းအနေနဲ့ ပြန်လည်ကူညီပံ့ပိုးပေးဖို့ အစီအစဉ် ရှိပါလား။
ဖြေ။ ။ အသင်းအနေနဲ့ တတ်နိုင်သလောက် မျိုးစပါး ကူညီဖို့ ရှိတယ်။ နောက် ဒီအချိန်မှာတော့ ဆန်စပါးအသင်းချုပ် အနေနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စကို မလုပ်နိုင်သေးဘူး။ အခုချိန် အသင်းက လုပ်နေတာက ကယ်ဆယ်ရေးကိစ္စနဲ့ လက်တလော ရေမြုပ်နေရာ ရေပြန်ကျတဲ့ နေရာမှာ စားနပ်ရိက္ခာ အဆင်ပြေဖို့ကိုပဲ စီစဉ်ပေးနေရသေးတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ရေပြန်ကျသွားပြီ လုပ်ငန်းခွင် အသီးသီးကို ပြန်ဝင်နိုင်တဲ့ အနေအထား ရောက်ပြီဆိုရင်တော့ ပြန်လည်ထူထောင်ရေးကို အဓိက ထားရမယ်။
အခု လောလောဆယ်မှာတော့ အဓိကကျတဲ့ မကွေးတိုင်း၊ ပခုက္ကူ၊ မန္တလေး၊ ပျဉ်းမနား စစ်ကိုင်းတိုင်း ရွှေဘို မုံရွာ၊ ရခိုင်ပြည်နယ် စစ်တွေ၊ ဧရာဝတီတိုင်းဆိုရင် ညောင်တုန်း၊ ကျိုက်လတ်၊ မြောင်းမြ၊ ဓနုဖြူ နေရာတွေမှာ ဆန်တွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်အောင် ဖြန့်ဖြူးနိုင်အောင် ဆန်တွေကို ပို့ဖို့စီစဉ်နေတယ်။ တဖက်ကလည်း မျိုးစပါးကို ရနိုင်သမျှ စုပေးထားတယ်။ မျိုးစပါး လိုအပ်ချက်က တင်းပေါင်း သုံးသိန်း၊ လေးသိန်းလောက် ရှိနိုင်တယ်။ဒါပေမယ့်လည်း ရေပြန်ကျသွားလို့ရှိရင် နေရာကိုကြည့်မယ်။ ရာသီဥတုကိုလည်း ကြည့်ပြီးတော့ စပါးက ရာသီသီးနှံဖြစ်တော့ ကိုယ်စိုက်ချင်တဲ့အချိန် စိုက်လို့မရဘူး။
ဒီတော့ အချိန်ရော ကျန်သေးလား။ အချိန်လည်း ကျန်သေးတယ် မျိုးစပါးကလည်း သက်တမ်းတိုတယ် ဆိုရင် စိုက်ရမယ်။ ဒီလိုမဟုတ်ရင် တောင်သူက မိုးနှောင်းစိုက်ရင် အခက်အခဲ ရှိနိုင်မယ်။ ဒါကြောင့် စိုက်လို့ရတဲ့နေရာ စိုက်ရမယ်။ မရတဲ့ နေရာကို အခြားသီးနှံ စိုက်ရမယ်။ ဒါကတော့ တောင်သူလယ်သမား ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးဆိုတဲ့ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ဦးဆောင်အဖွဲ့မှာ ပြည်ထောင်စု ဝန်ကြီးတွေလည်း ပါတယ်။ ခေါင်းဆောင်က ဒုတိယ သမ္မတ ဖြစ်တယ်။ ဒီဥပဒေရဲ့ အစီအမံနဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်ထောက်ပံ့ ပေးရမှာပေါ့။
မေး။ ။ သဘာ၀ ဘေးအန္တရာယ်က တနိုင်ငံလုံး အနှံအပြားမှာ မကြုံဘူးလောက်အောင် ဖြစ်ခဲ့တဲ့အတွက် ဒီလိုအချိန်မှာ လုပ်ကြရတဲ့အခါ ကြီးမားတဲ့ စိန်ခေါ်မှုက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ အဓိကကတော့ ဆန်စပါးမှာ စိုက်ပျိုးထုတ်လုပ်တဲ့ အပိုင်းတင် မဟုတ်ဘူး။ သိုလှောင်ထားရှိရတဲ့ အပိုင်းက အရေးကြီးတယ်။ ကိုယ့်တိုင်းပြည်မှာ စနစ်တကျ ဆန်စပါးကို သိုလှောင်ထားဖို့လိုတယ်။ ဆန်သိုလှောင်ရုံတွေ အများကြီး တိုးချဲ့ဆောက်ဖို့လိုတယ်။ ဒီဆန်သိုလှောင်ရုံတွေကိုလည်း ရာသီဥတု ဘေးအန္တရာယ်နဲ့ လွတ်မယ့်နေရာတွေမှာ တည်ဆောက်ဖို့လည်း လိုတယ်။
အခု နေပြည်တော်၊ ပျဉ်းမနားမှာရှိတဲ့ ဆန်စက်ဆိုရင် အထောက်အပ့ံ့ ဖြစ်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံ အပေါ်ပိုင်းမှာ ဖြစ်နေတဲ့ဟာကို ပျဉ်းမနားက နေပြီးတော့ တောက်လျှောက်ထောက်ပံ့နေခြင်းအားဖြင့် အောက်ဘက်နဲ့ သယ်ယူပို့ဆောင်ရေး ဆိုင်ရာမှာ အများကြီး အဆင်ပြေတယ်။ မြန်မာနိုင်ငံရဲ့ သင့်တင့်တဲ့ နေရာတွေမှာ အရန်ဆန်တို့ စပါးတို့ကို သိုလှောင်ထားရှိပြီးတော့ အရေးပေါ် အခြေအနေ ကျရောက်တဲ့ အခါမှာ လွယ်လင့်တကူ ဖြန့်ဖြူးပေးနိုင်မယ့် အစီအမံတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။
ကြီးမားတဲ့ စိန်ခေါ်မှုတွေက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေပဲ။ ဥပမာ ဟားခါးလို နေရာမျိုးမှာ ဆန်သိုလှောင်ထားတာ မရှိတဲ့ အခါကျတော့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းလည်း ပြတ်လည်းပြတ်ရော ဆန်ဈေးနှုန်းတွေက တသိန်း ဖြစ်သွားတာပေါ့။ “ကလေး”ရောပေါ့။ ဒါကြောင့် နယ်စပ်ဒေသတွေမှာ ဆန်စပါးကို သူရဲ့ မြို့နေ လူထုအတွက်ကို တလစာ နှစ်လစာလောက် သိုလှောင်ထားသင့်တဲ့ အနေအထားမျိုးတွေ လုပ်သင့်တယ်။ ဒါတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်း အနေနဲ့ နောက်ပိုင်းမှာ လုပ်သွားဖို့ ရှိပါတယ်။