ဒဲလ်ဖင်ရှရင့် (Delphine Schrank) သည် Virginia Quarterly Review မှ အယ်ဒီတာတဦးဖြစ်ပြီး နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ အဖွဲ့အစည်း တခုဖြစ်သည့် DECA Stories ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။ The Washington Post သတင်းစာ၏ မြန်မာနိုင်ငံ သတင်းထောက်လည်း ဖြစ်ပြီး သူ လတ်တလော ရေးသားခဲ့သည့် The Rebel of Rangoon: A Tale of Defiance and Deliverance အမည်ရှိ စာအုပ်ကို Nation Books စာအုပ်တိုက်မှ ယခုနှစ် ဇူလိုင်လအတွင်းတွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးအတိုက်အခံများ၏ အကြောင်းနှင့် သူတို့၏ မျိုးဆက်နှင့်ချီသည့် ဒီမိုကရေစီတိုက်ပွဲဝင်မှုများ အကြောင်း ရေးသားထားခြင်းဖြစ်ပါသည်။
မကြာသေးမီက The Diplomat အွန်လိုင်းမဂ္ဂဇင်း၏ တွဲဘက်အယ်ဒီတာ ပရာရှန့်ပါရမီဆွာရမ်သည် ဒဲလ်ဖင်ရှရင့်နှင့် တွေ့ဆုံပြီး ယခုနိုဝင်ဘာလ အတွင်း သမိုင်းဝင် ရွေးကောက်ပွဲတခု ကျင်းပရန်ရှိနေသည့် မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုက ရေစီနှင့် လူ့အခွင့်အရေး အခြေအနေများကို မေးမြန်းခဲ့ပါသည်။
မေး။ ။ ခင်ဗျား စာအုပ်ရဲ့ အခြေခံ ဖြစ်တဲ့ စစ်အစိုးရကို နိုင်ငံရေးအရ ဆန့်ကျင်ခဲ့သူတွေနဲ့ ဆက်ဆံဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီလို အတွေ့အကြုံက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ပိုပြီး အကောင်းမြင်လာအောင် ဒါမှ မဟုတ် အဆိုးမြင်လာစေခဲ့သလား။
ဖြေ။ ။ အကောင်းမြင်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ကန့်သတ်မှု အများဆုံး အစိုးရတခုရဲ့ လက်အောက်မှာ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့် ရည်ရွယ်ချက်ကို ဆယ်စုနှစ်ပေါင်းများစွာ ဖော်ဆောင်ခဲ့ကြသူတွေရဲ့ လူထုလှုပ်ရှားမှုကို ရှားရှားပါးပါး ထုတ်ပြနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဖိအားတွေအောက်မှာ နှစ်ပေါင်းများစွာ ပြည်သူတွေအနေနဲ့ အသက်ဆုံးရှုံးမှုတွေ၊ နိုင်ငံခြားကို ထွက်ပြေးရတာတွေ၊ မိသားစု တကွဲတပြား ဖြစ်ရတာတွေ ဖြစ်ခဲ့ရပါတယ်။
ဒါက အောင်မြင်တဲ့ ဇာတ်လမ်းတခုတော့ မဟုတ်ပါဘူး။ သူတို့ အချိန်တွေ ဆုံးရှုံးခဲ့တယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ ကျရှုံးပြီလို့ ခံစားခဲ့ကြရတယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေကို သူတို့ လေ့လာတယ်။ သမိုင်းကနေ သင်ခန်းစာတွေ ယူတယ်။ ဒါမှမဟုတ် ပြင်ပက အကြံဉာဏ်တွေ ရှာဖွေတယ်။ ပြီးတော့ သူတို့ ပြောင်းလဲခဲ့ကြတယ်။ ဒါကြောင့် သူတို့တွေဟာ လွတ်မြောက်ရေးအတွက် ရုန်းကန်နေတဲ့ တခြားပြည်သူတွေထက်စာရင် မတူညီတဲ့ တိုးတက်မှုတွေ ဖြစ်လာခဲ့ပါတယ်။ စစ်တပ်က လွှမ်းမိုးထားတဲ့ အစိုးရက ဘယ်လိုရည်ရွယ်ချက်တွေ ရှိသည်ဖြစ်စေ သူတို့က ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ရရှိလာတဲ့ နိုင်ငံရေး အခြေအနေကို အပြည့်အ၀ အသုံးချနေကြတယ်ဆိုတာကို ကျမတို့ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ မီဒီယာ၊ ကုန်သွယ်ရေးနဲ့ ပညာရေးလိုမျိုး အခြား ကဏ္ဍတွေ အားလုံးမှာလည်း ပြည်သူတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေကို တည်ထောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အားနည်းချက်တွေ ရှိနေတဲ့ ပါလီမန် စနစ်ရဲ့ သတ်မှတ်ချက် ဘောင်အတွင်းမှာလည်း အဆင်ပြေအောင် လုပ်ဆောင်နေကြပါတယ်။ နောက်ကြောင်းပြန်မလှည့်မသွားနိုင်မယ့် နည်းလမ်းတွေ ကို သူတို့ ရှာဖွေပါလိမ့်မယ်။
မေး။ ။ နိုင်ငံခြားသား စာနယ်ဇင်းသမားတဦး အနေနဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ မီဒီယာ လောကကို ကြုံတွေ့ခွင့်ရခဲ့ပါတယ်။ မီဒီယာလောကရဲ့ အခြေအနေက ဘာတွေပြောင်းလဲခဲ့ပြီလို့ ထင်ပါသလဲ။ ကျန်နေ သေးတဲ့ စိန်ခေါ်မှုတွေက ဘာတွေပါလဲ။
ဖြေ။ ။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်လောက် အထိ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးစနစ်က ကမ္ဘာပေါ်က အဆိုးဆုံး တွေထဲမှာ ပါပါတယ်။ ပုံနှိပ်ထုတ်ဝေသမျှ အားလုံးက စာပေစိစစ်ရေးအဖွဲ့ကို ဖြတ်ရပါတယ်။ အင်တာနက်ကိုလည်း အစိုးရက အပြည့်အ၀ ထိန်းချုပ်ထားပါတယ်။ ပြည်သူတွေက တားဆီးထားတာတွေကို ရှောင်ရှား ကျော်ဖြတ်ဖို့အတွက် proxy ဝက်ဘ်ဆိုက် တွေ၊ ဆော့ဖ်ဝဲတွေ အသုံးပြုခဲ့ရပါတယ်။
Flash-drive တွေ ဝယ်ယူတာကနေပြီးတော့ စာရွက်ကို မိတ္တူကူး တာအထိ လိုင်စင်တွေ၊ စည်းကမ်းတွေနဲ့ အားလုံးကို ထိန်းချုပ်ထားတယ်။ အစိုးရကို ဝေဖန်တဲ့ စာတွေကို ထုတ်ဝေဖို့ မဖြစ်နိုင်သလောက်ပါပဲ။ စောင်းပါးရိပ်ခြည် ပြောတာမျိုးတောင် မရပါဘူး။ စိစစ်ရေးမူဝါဒတွေ ဒါမှမဟုတ် ဆက်သွယ်ရေးဥပဒေ လိုမျိုး ဥပဒေတွေကို ချိုးဖောက်ရင် ထောင်ဒဏ် နှစ်နဲ့ ချီပြီးတော့ ကျခံရပါတယ်။ ယုံကြည်လက်ခံနိုင်လောက်တဲ့ သတင်းတွေကို သိရှိနိုင်ဖို့ ပြည်သူတွေဟာ နိုင်ငံခြားကနေ မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ BBC (British Broadcasting Corporation )၊ VOA (Voice of America)၊ RFA (Radio Free Asia ) နဲ့ အော်စလိုမှာ အခြေစိုက်တဲ့ DVB (Democratic Voice of Burma) လိုမျိုး သတင်းဌာနတွေကို မှီခိုဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၁ ခုနှစ် မတိုင်မီ ဆယ်စုနှစ်အတွင်းမှာ စိတ်အားထက်သန်တဲ့ မြန်မာစာနယ်ဇင်းသမားတွေက အပတ်စဉ် ထုတ် သို့မဟုတ် လစဉ်ထုတ် ဂျာနယ်ပေါင်း ၁၀၀ -၁၅၀ လောက်ကို ဆက်လက် ရပ်တည်နိုင်အောင် လုပ်ဆောင်ခဲ့ကြပါ တယ်။ သူတို့အနေနဲ့ စီးပွားရေး သို့မဟုတ် နိုင်ငံရေး အကြောင်းအရာတွေကို သွယ်ဝိုက်ပြီးတော့သာ တင်ပြနိုင်ခဲ့ကြပြီး တော့ စာမျက်နှာပြည့်အောင်လို့ ဗေဒင်တွေ၊ အားကစားသတင်းတွေ ထည့်ခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေက ပိုပြီး ကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေကို လိုချင်နေခဲ့ကြပါတယ်။
ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ စိစစ်ရေး စနစ်ကို ပယ်ဖျက်လိုက်တဲ့အခါ သတင်းဂျာနယ် စာစောင်တွေ အများကြီး ထွက်လာတာ၊ စာနယ်ဇင်းတွေက ကျယ်ကျယ်လောင်လောင် ဝေဖန်ထောက်ပြလာကြတာတွေကို ကျမ မအံ့သြပါဘူး။ တချို့တွေဆိုရင် အလွန်အကဲဆတ်ပြီး နိုင်ငံရေးအရ အန္တရာယ်ရှိတဲ့ အစိုးရအာဏာပိုင်အဆင့်ဆင့် အတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ ဆန္ဒပြ တောင်းဆိုသူတွေကို အစိုးရက အကြမ်းဖက်ဖြိုခွဲခြင်းလိုမျိုး အကြောင်းအရာတွေကိုတောင် ဖော်ပြဖို့ အသင့်ဖြစ်နေကြပါပြီ။
အခုဖြစ်နေတဲ့ တိုက်ပွဲကတော့ လွတ်လပ်စွာရေးသားခွင့် ဖြစ်ပါတယ်။ ဒါပေမယ့် စာနယ်ဇင်းသမားတွေကတော့ ရေးနေကြပါတယ်။ နောက်ပြီး စာနယ်ဇင်းသမား အသစ်တွေလည်း အများကြီးပေါ်လာတဲ့အတွက် အကောင်းဆုံး တည်းဖြတ်နိုင်မှုနဲ့ စာနယ်ဇင်းကျင့်ဝတ် စံနှုန်းတွေနဲ့တော့ အမြဲတမ်း ကိုက်ညီနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သွားရမယ့် ခရီးက ဝေးပါသေးတယ်။ သတင်းစာတွေ စာစောင်တွေ ဆိုတာပေါ်လာမယ် ပြီးရင် မြန်မြန်ဆန်ဆန် ပျောက်သွားတာမျိုး ရှိလိမ့်မယ်။ ဒါပေမယ့် စတုတ္ထမဏ္ဍိုင်ကတော့ အမြဲတမ်းရှင်သန် ကျန်နေမယ်။ အချိန် အနည်းငယ် အတွင်းမှာ ကြီးထွားလာလိမ့်မယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ဒီမိုကရေစီပုံရိပ်အဖြစ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြီးမားစွာ လွှမ်းမိုးခဲ့တယ်။ သူ့အပေါ် မြန်မာနိုင်ငံက အတိုက်အခံတွေက ဘယ်လို သဘောထား ကြသလဲ။ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လိုသဘောထားသင့်သလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပြိုင်ဘက်ကင်းတဲ့ ခေါင်းဆောင်အဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု မပါဘဲ ပိုမို ကြီးမားတဲ့ အသိုင်းအဝိုင်း ရှိပါတယ်။ ဒီအတွက် ဗျူဟာကျတဲ့ အကြောင်း ပြချက်တခု ရှိပါတယ်။ အတိုက်အခံတွေက သူ့ကို ကျယ်ပြန့်တဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်တဲ့သူ၊ အရေးပါသူ အသီးသီးကို အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ခေါ်ဆောင်ပေးနိုင်မယ့်သူ၊ လူသိများတဲ့ ပုံရိပ်တခု အနေနဲ့ မြင်ခဲ့ကြပါတယ်။
၁၉၈၈ အရေးအခင်းကို ဦးဆောင်ခဲ့ကြတဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေတောင် သူ့ အပြင် ဘယ်သူမှ မရှိဘူးလို့ ပြောကြတယ်။ ပုဂ္ဂိုလ်ရေး အရဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အလုပ်လုပ်ခဲ့တဲ့သူတွေ ဒါမှမဟုတ် သူ့ကို လေးစားလို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဝင်ခဲ့တဲ့သူတွေက သူ့ရဲ့ခေါင်း ဆောင်မှုစွမ်းရည်၊ အသိဉာဏ်ပညာနဲ့ အကျင့်စရိုက် ကောင်းမွန်မှုတွေ အကြောင်း ကျမကို ထပ်တလဲလဲ ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတချို့ကို သူတို့ သဘောမကျတာမျိုး ရှိနေခဲ့ရင်တောင် သူက စုစည်းပေးနိုင်တဲ့ အင်အားတခု၊ အတိုက်အခံတွေအတွက် ဆုံချက်နေရာအဖြစ် လိုအပ်တယ်လို့ ယူဆကြတယ်။
ဒါပေမယ့် အခုအချိန်မှာ လက်တွေ့ အမှန်တရားက ပိုပြီးရှုပ်ထွေးတယ်လို့ ကျမထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တခုတည်းသော မျှော်လင့်ချက်နဲ့ သူတို့ရဲ့ အခွင့်အရေးနဲ့ ဆန္ဒတွေကို ကာကွယ်ပြောဆိုအပေးနိုင်ဆုံး အဖြစ် ရှိနေဆဲပဲ လို့ ဆိုရင်တောင် ဒီမိုကရေစီ အတိုက်အခံတွေထဲမှာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိလာပြီးတော့ ပြည်သူတွေအတွက် ပိုပြီး လွတ်လွတ်လပ်လပ် တောင်းဆိုပေးလာတဲ့ တခြားသူတွေလည်း ရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ သူတို့ ပြောလာနိုင်ပြီလေ။ ခုချိန်အထိတော့ သူတို့ထဲက တချို့ပဲ ဖောက်ထွက်ချင်ကြသေးတယ်။ သူတို့မှာ ကွဲပြားမှုတွေ ရှိနေတယ်ဆိုရင်တောင် အာဏာရှင်ဆန်တဲ့ စနစ်ရဲ့ အတားအဆီးတွေအောက်မှာ အလုပ်လုပ်တဲ့အခါ တိတ်တဆိတ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နောက်မှာပဲ ရပ်တည်သင့်တယ်လို့ သူတို့နားလည်ကြတယ်။
မေး။ ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှာ သမိုင်းဝင်မယ့်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မျှော်လင့် ရပါတယ်။ ဒီရွေးကောက်ပွဲက တိုင်းပြည်အပေါ် ဘယ်လိုသက်ရောက်လိမ့်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်းကို ရွေးကောက်ပွဲက ရွေးချယ်ပါလိမ့်မယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးခဲ့ပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ (USDP)က သူတို့ရဲ့ လူများစုနေရာကို ဆုံးရှုံးတော့မယ့် သဘောဖြစ်နေပါတယ်။ တကမ္ဘာလုံးက စောင့်ကြည့်နေပြီး ရွေးကောက်ပွဲက အရင်တခါထက်စာရင် ပိုပြီးသန့်ရှင်းလာမယ်ဆိုရင် လွှတ်တော်မှာ ဒီမိုကရေစီလိုလားတဲ့ ပါတီ တွေနဲ့ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေ အများအပြား ရောက်လာဖို့ ရှိနေပါတယ်။ လူထုကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ NLD ပါတီက အများဆုံး အနိုင်ရမယ်လို့ မျှော်လင့်နေကြပါတယ်။
ကောင်းတာ တခုရှိလိမ့်မယ်လို့ ကျမထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာကို ဆုပ်ကိုင်ဖို့ အခြေအနေ နည်းပေမယ့် ဒီပါတီတွေက ရှင်းရှင်းလင်းလင်း ရွေးကောက် တင်မြှောက်ထားတဲ့ ပါတီတွေဖြစ်တာမို့ ပြည်သူတွေ နှစ်ပေါင်း များစွာ တောင်းဆိုခဲ့တာတွေ အပေါ်မှာ ပေးထားတဲ့ ကတိတွေကို လုပ်ပေးကြရမှာ ဖြစ်လို့ပါ။ သူတို့မှာ အတွေ့အကြုံ နည်းတာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ နှစ်ပေါင်းများစွာ ဘာမှပြောခွင့်မရခဲ့တဲ့ နိုင်ငံရေးသမားတွေပါ။ အများစုဟာ ထောင်ချခံခဲ့ရပါတယ်။ ခုအချိန်မှာ သူတို့တွေ လွှတ်တော်အတွင်းမှာ ပွင့်ပွင့်လင်းလင်း ပြောနိုင်လာကြပါလိမ့်မယ်။ ပြည်သူတွေရဲ့ ဘဝအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်စေမယ့် အကြောင်းအရာ အများအပြားကို ဥပဒေပြု ပြဌာန်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်က ၅ နှစ်ကြာတိုင်း သူတို့တွေ ကိုယ်စားလှယ်နေရာ နည်းနည်း ပိုရလာမယ်။ အဲဒီနည်းနဲ့ လွှတ်တော်အတွင်းက ဒီမိုကရေစီ လမ်းမကျတဲ့ အပြစ်အနာတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်နိုင်မယ်လို့ လူတွေက ပြော ကြတာ ကျမ ကြားခဲ့ရပါတယ်။ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်ရှိနေပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအတွက် အတားအဆီးဖြစ်စေမယ့် တခြားကဏ္ဍတွေ ကျန်နေသေးတယ် ဆိုရင် တောင် ဥပဒေစနစ်ရဲ့ သတ်မှတ်ချက်ဘောင်တွေ အတွင်းကနေ အပြောင်းအလဲအတွက် သူတို့ဘယ်လို တွန်းအားပေးလိမ့်မယ် ဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။
ဒါကြောင့် အတိုချုပ်ကြည့်မယ်ဆိုရင် လွှတ်တော်ထဲမှာ စစ်တပ်က လူတွေနဲ့ စစ်အရာရှိဟောင်းတွေ နည်းလာတာက အာဏာ အချက်အချာနေရာဟောင်းတွေ ပြိုကွဲမှုဖြစ်စေပြီးတော့ ပြုပြင်ပြောင်းလဲရေး ပိုလုပ်လာနိုင်ပါလိမ့်မယ်။ ယူနီဖောင်းဝတ်တွေဆီက အမိန့်ကို ဆန့်ကျင်တွန်းလှန်ပြီး ပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေကနေတဆင့် သူတို့ရဲ့ မကျေနပ်မှု နစ်နာမှုတွေကို ရှင်းလင်းစွာ နားလည်နိုင်တဲ့ အတွက် လိုက်လျောညီထွေ ဥပဒေပြုခြင်းတွေ နက်ရှိုင်းတဲ့ ပြောင်းလဲမှုတွေလည်း တဖြည်းဖြည်း ရှိလာနိုင်ပါလိမ့်မယ်။
အခုအချိန်အထိ အာဏာ အများအပြားကို ထိန်းချုပ်ထားပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အမှားအယွင်းဖြစ်စေဖို့ နည်းလမ်းရှာဖွေနေသူတွေနဲ့ ရင်ဆိုင်ရမှာတွေ ထည့်ပြောတာ မရှိတဲ့အတွက် ဒါမျိုးက အရမ်း အကောင်းမြင် လွန်းပေမယ့် နိုင်ငံရေးရဲ့ အဓိပ္ပါယ်ဆိုတာ ဒါပါပဲ။
မေး။ ။ အခုနှစ် အတွင်းမှာ ရိုဟင်ဂျာ ပြဿနာက ကမ္ဘာပေါ်မှာ သတင်းခေါင်းစဉ်ဖြစ်လာပြီးတော့ သူတို့နဲ့ ပတ်သက် လို့ ကမ္ဘာက အာရုံစိုက်လာကြတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေး တိုက်ပွဲ အတွင်းမှာ ရိုဟင်ဂျာ ပြဿနာက ဘယ်လို ရှိသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ပဋိပက္ခတွေ စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုကို မတားဆီးနိုင်တဲ့ ဒါမှမဟုတ် တားဆီးဖို့ ဆန္ဒမရှိတဲ့ပုံပါ။ မြေယာပြဿနာနဲ့ ပညာရေး အခွင့်အရေးတွေ အတွက် တောင်းဆိုဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အလွယ်တကူ ဖြိုခွဲခဲ့တာတွေကို ပြည်သူတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ အဲဒီ လုံခြုံရေး အဖွဲ့တွေက ရိုဟင်ဂျာဆန့်ကျင်ရေး၊ မူဆလင်ဆန့် ကျင်ရေး လုပ်ရပ်တွေကို ဗုဒ္ဓဝါဒနဲ့ ဗုဒ္ဓဘာသာနာမည်ခံပြီး လုပ်ဆောင်နေတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကိုတော့ ထိန်းချုပ်ဖို့ ဘာမှ မလုပ်ခဲ့ပါဘူး။ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုရှိတဲ့ နိုင်ငံမှာ ဘာကြောင့် ရိုဟင်ဂျာတွေကို မုန်းတီးရသလဲ၊ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုပေးဖို့ ဘာကြောင့် တရားဝင် ငြင်းပယ်ရသလဲဆိုတာက လျှို့ဝှက်ချက်တခု ဖြစ်နေပါသေးတယ်။
ရိုဟင်ဂျာတွေဘက်ကနေ လူသိရှင်ကြား ဘာမှ ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကြီးအကျယ် ဝေဖန်မှုတွေရှိခဲ့တယ်။ အထူးသဖြင့် ပြည်ပနိုင်ငံတွေက ဖြစ်ပါတယ်။ NLD ပါတီကလည်း နှုတ်ဆိတ်နေခဲ့ ပါတယ်။ သူတို့ဟာ တောင်းဆိုဖို့ အကောင်းဆုံးနေရာမှာ ရှိပြီးတော့ သူတို့ တိုက်ပွဲဝင်ခဲ့တဲ့ ကျယ်ပြန့်တဲ့ အခွင့်အရေးတွေ ရှိနေပေမယ့် ဒါက သူတို့ရဲ့ အားနည်းချက်လို ဖြစ်နေပါတယ်။ နောက်ပြီးတော့ သူတို့ဟာ မြန်မာနိုင်ငံက လူများစုဖြစ်တဲ့ ဗုဒ္ဓ ဘာသာဝင်တွေ ကျေနပ်ဖို့တခုတည်းကိုပဲ ဘယ်တော့မှ မရည်ရွယ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသားရေး လက္ခဏာက အမြဲတမ်း ရှုပ်ထွေးပြီးတော့ မဖြေရှင်းနိုင်သေးတဲ့ နိုင်ငံတခုမှာ ဒါက တကယ့်ကို စိန်ခေါ်မှုတခုပဲလို့ ကျမ ထင်ပါတယ်။ NLD နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ရည်ရွယ်ချက်တွေ အပြည့်အ၀ မရှိသေးဘူး ဆိုတာကို သတိထားဖို့လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခု မဟုတ်သေးပါဘူး။ နိုင်ငံက စစ်တပ်က လွှမ်းမိုးထားတဲ့ စနစ်တခုအောက်မှာပဲ ရှိပါသေးတယ်။ NLD နဲ့ ဒီမိုကရေစီ အင်အားစုတွေ ဆက်သွားရမယ့် အတိမ်းအစောင်း မခံနိုင်တဲ့ လမ်းကြောင်းတခုပေါ်မှာ ရှိနေတုန်းပါပဲ။ သူတို့လည်း ဒါကို ကောင်းကောင်း သတိထား မိပါတယ်။ အပေါ်မှာ ကျမပြောခဲ့သလို ဒါက မဖြစ်မနေ လိုအပ်တာတွေရဲ့ တစိတ်တပိုင်းသာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ အခုအချိန်အထိ တိုက်ရိုက် တည့်တည့် သွားလို့ မရသေးပါဘူး။ သူတို့ သွယ်ဝိုက်ပြီး လုပ်ရတာတွေ ရှိပါတယ်။ စစ်တပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရင်ဆိုင်တာက ရလဒ်မကောင်းတာတွေ ဖြစ်လာတတ်တယ်ဆိုတာ သမိုင်းက သူတို့ ကို ပြခဲ့ပြီးပါပြီ။
ဒါကြောင့် နောက်ကျိပြီး ရှုပ်ထွေးတဲ့ အမှန်တရားကို သိရှိဖို့ အရေးကြီးတယ်လို့ ကျမထင်ပါတယ်။ အထူးသဖြင့် အဖြူနဲ့ အမဲလို ကွာခြားတဲ့ အာဏာရှင်စနစ်နဲ့ ပြည်သူ ကြားက ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ တခြား အရေးပေါ်ကိစ္စတွေ အပေါ်မှာ ပြည်သူတွေ ဘယ်လို သဘောထားသလဲ။ အဲဒီ သဘောထားတွေက ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲရဲ့ ပင်ကိုယ် ခက်ခဲ ရှုပ်ထွေးမှုတွေကို နားလည်သဘောပေါက်ဖို့အရေးကြီးတယ်လို့ ကျမထင်ပါတယ်။ သူတို့ရဲ့ ပျက်ကွက်မှုကို ကာကွယ်တာ မဟုတ်ပါဘူး။ အခု အချိန်မှာ သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ်။
(The Diplomat အွန်လိုင်းမဂ္ဂဇင်းပါ Prashanth Parameswaran ၏ The Future of Democracy and Human Rights in Myanmar ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)