အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းနေသော သူရဦးရွှေမန်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သြဂုတ်လ ၁၂ ရက်နေ့ညပိုင်းတွင် ရာထူးမှဖြုတ်ချလိုက်ရာ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်နေသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်သိမ်းကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အန်ကယ် လက်ရှိမှာ အထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူးလို့ မီဒီယာတချို့မှာ ဖြေထားတာ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ။
မေး။ ။ လက်ရှိ အန်ကယ်နဲ့ ဦးရွှေမန်းအခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်လည်း ကျနော့်အိမ်မှာ ကျနော်ရှိပါတယ်။ ကျန်းကျန်းမာမာပါပဲ။ အန်ကယ်ဦးရွှေမန်းလည်း သူ့အိမ်မှာ ကျန်းကျန်း မာမာပါပဲ။ အခုလောလောဆယ်မှာ။
မေး။ ။ အန်ကယ်တို့ လက်ရှိဒီလိုခြေအနေအတွေ ဘာကြောင့် ဖြစ်သွားရတာလဲ။
ဖြေ။ ။ ဦးဌေးဦးသာ မေးကြည့်လိုက်သမီး။ အန်ကယ်တို့ လုံးဝမသိဘူး။
မေး။ ။ အန်ကယ်က အထွေထွေအတွင်းရေးမှူးမဟုတ်တော့ဘူးဆိုတော့ ဦးရွှေမန်းကရော။
ဖြေ။ ။ သူ(ဦးရွှေမန်း) လည်း ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ မဟုတ်တော့ဘူး။ အဲလိုပဲ မှတ်ထားပေးပါနော်။
မေး။ ။ အခုလက်ရှိ အခြေအနေအရဆိုရင် ပါတီတွင်း အာဏာသိမ်းခံရတာလား။
ဖြေ။ ။ အဲမှတ်ချက်တော့ အန်ကယ်ဘာမှ မပေးပါရစေနဲ့။