၂၀၁၀ ခုနောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းမှာ ဂယက်ထမှု အကြီးဆုံးတခုလို့ ဆိုနိုင်မယ့် ဖြစ်ရပ် ယခုလ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ တာဝန်ယူထားသူ သူရဦးရွှေမန်းကို ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာငင်ကာ ပါတီဥက္ကဌရာထူးက ဖယ်ရှားခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ သူရဦးရွှေမန်းကို ပါတီဥက္ကဌ ရာထူးက ဖယ်ရှားလိုက်ခြင်းဟာ ပါတီတွင်းကိစ္စလို့ ဆိုပေမယ့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ စတဲ့ လွှတ်တော်တွင်း အဓိကတာဝန်ယူထားသူလည်း ဖြစ်နေတာကြောင့် အများပြည်သူကြားမှာရော၊ အခြားပါတီတွေ အသီးသီးကြားမှာရော နိုင်ငံတကာကပါ စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး ဂယက်ထခဲ့ပါတယ်။
သူရဦးရွှေမန်းကို ပါတီဥက္ကဌရာထူးက ဖယ်ရှားခံလိုက်ရခြင်းအတွက် သူရဦးရွှေမန်းရဲ့ နိုင်ငံရေးအနာဂတ် ရှေ့ဆက်ဘာတွေဖြစ်လာနိုင်မလဲ။ လွှတ်တော်တွင်းမှာရော ဆက်လက်တည်ရှိနိုင်တဲ့ ကံကြမ္မာ ရှိပါသေးရဲ့လား။ ဦးရွှေမန်းကို ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု စာရင်းသွင်းထားတာပေမယ့် ရွေးကောက်ပွဲ ဝင်နိုင်ပါဦးမလားဆိုတာ အလွန်စိတ်ဝင်စားရာဖြစ်နေပါတယ်။ ပါတီဥက္ကဌရာထူးက မဖယ်ရှားခင်နဲ့ ဖယ်ရှားခံရပြီး ဖြစ်စဉ်တွေကို အရင်လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။
သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးရွှေမန်း ပါတီဥက္ကဌရာထူးကဖယ်ရှားခံရတာနဲ့ ပတ်သတ်ပြီး 7 Day News သတင်းစာနဲ့ အင်တာဗျူးမှာ ယခုလိုဖြေကြားထားပါတယ်။
“ ဦးရွှေမန်း ဥက္ကဌတာဝန်ပူးတွဲထမ်းဆောင်စဉ်ကာလမှာ ပါတီတွင်း သဘောထားကွဲလွဲမှုတွေ များလာခြင်း၊ ပါတီတွင်းဒီမိုကရေစီမရှိပဲ တဦးတည်းသဘောနဲ့ဆောင်ရွက်လာခြင်း၊ ပါတီတွင်းရန်ပုံငွေသုံးစွဲမှုနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လွှတ်တော်တွင်း လုပ်ငန်းဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှုမရှိခြင်းတွေကြောင့်နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ပတ်သတ်ပြီး လုပ်ဆောင်ချက်များကြောင့် မဲဆန္ဒရှင်များရဲ့ ပါတီအပေါ် ယုံကြည်မှု လျော့ပါးလာခြင်းတွေကြောင့် ပါတီခေါင်းဆောင်တချို့က ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ သမ္မတကြီးထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့တယ်လို့ သိရပါတယ်”
ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခံရတာဟာ ပါတီတွင်းပြဿနာတွေအပြင် လွှတ်တော်တွင်း အခြေခံဥပဒေလိုက်နာမှုမရှိခြင်းတွေကြောင့်လို့ ဦးရဲထွဋ်က ဆိုလိုထားတာဖြစ်ပါတယ်။ ဦးရဲထွဋ်ရဲ့ စွပ်စွဲပြောဆိုချက်တွေအရဆို ဦးရွှေမန်းအတွက် ပြဿနာက အသေးစားတွေ မဟုတ်ပါဘူး။ ကာရန်မသင့်ရင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ထိုင်ခုံပါ လှုပ်လာနိုင်ပါတယ်။
ယခုအခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကို ပါတီက ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကာ ဦးရွှေမန်းဟာ အဲ့ဒီ ပြင်ဆင်လိုက်တဲ့ အဖွဲ့အသစ်မှာ ပါရှိမလာတော့ပါဘူး။ ပါတီဥက္ကဌရာထူးကလည်း ဖယ်ရှားခံရ၊ အမှုဆောင်အဖွဲ့အသစ်မှာလည်း မပါလာတာကြောင့် သမ္မတဖြစ်ချင်တယ်လို့ မကြာခဏပြောကြားလေ့ရှိတဲ့ သူရဦးရွှေမန်းရဲ့ သမ္မတဖြစ်ခွင့် အိပ်မက်ကလည်း အဆုံးသတ် နိထ္ထိတံခဲ့ရပြီဆိုတာ လုံး၀ သေချာသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းအနေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ဆက်လက်ကျင်လည်ဖို့ အဆုံးသတ်နိုင်တဲ့ အခြေနေမှာ ရှိနေပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံရေးသမိုင်းမှာ အာဏာရှိသူတွေဟာ သူတို့အလို တခုမကျရင် အဲ့ဒီသူတွေကို ရာထူးနေရာရော အနာဂတ်ကိုရော သင်းကွတ်ပစ်တက်တဲ့၊ ဖြုတ် ထုတ် သတ်တဲ့ အလေ့အထ သာဓကများစွာ ရှိခဲ့ဖူးပါတယ်။
သူရဦးရွှေမန်းကို ပါတီဥက္ကဌ ရာထူးကနေ ဖယ်ရှားခံရတဲ့ဖြစ်စဉ်ဟာ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲဇာတ်လမ်းလို့ ဆိုပေမယ့် ထူးခြားမှုအချို့ရှိနေခဲ့တာကို သေချာလေ့လာကြည့်ရင် ရှင်းလင်းစွာ မြင်တွေနိုင်ပါတယ်။ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေရော ပြည်သူတွေကပါ ဒီဖြစ်စဉ်ဟာ ကြိုတင် အကွက်ကျကျ အချိန်ကိုက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
သူရဦးရွှေမန်းအပါအဝင် ပါတီခေါင်းဆောင်အချို့ကို ပါတီဗဟိုအလုပ်အမှုဆောင်ကနေ မဖယ်ရှားခင် သြဂုတ်လ ၁၂ ရက်မှာ သမ္မတဦးသိန်းစိန်အစိုးအဖွဲ့မှာ ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးအချို့ကို တာဝန်က အနားပေးခဲ့သလို့ စစ်တပ်အရာရှိကြီးတချို့ကလည်း စစ်တပ်ရာထူးတွေကနေ နှုတ်ထွက်ခဲ့ကြပါတယ်။
ထူးခြားမှုအနေနဲ့ အဲ့ဒီသူတွေအားလုံးဟာ သူရဦးရွှေမန်းအဖယ်ရှားခံရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်မှာ ပါဝင်လာတာကိုတွေ့ရပါတယ်။
နောက်ထပ် ထူးခြားမှုအနေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ယခု အက်ကြောင်းဂယက်မတိုင်မီ တစ်လလောက်ကလည်း သူရဦးရွှေမန်းကို သူရဲ့ မဲဆန္ဒနယ်နယ်မြေက တပ်မတော်သားတွေက ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပါသေးတယ်။ဒါပေမယ် ပြည်ထောင်စုလွှတ်တော်ကနေ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းနိုင်ခြင်းမရှိသေးတာကြောင့် တောင်းဆိုမှုဟာ အသက်မဝင်ခဲ့ပါဘူး။
သူရဦးရွှေမန်း ပါတီဥက္ကဌ တာဝန်က ဖယ်ရှားခံရတဲ့နေမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ပြဌာန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကို ဆက်စပ်ကြည့်ရင် သူရဦးရွှေမန်းကို လွှတ်တော်တွင်းမှာ ဆက်လက်မရှိနိုင်အောင် တွန်းအားပေး စီစဉ်နေသလားဆိုတာ မေးခွန်းထုတ်စရာပါ။
အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အခြားခေါင်းဆောင်အများစုနဲ့ မတူကွဲပြားတဲ့ လုပ်ဆောင်ချက်အချို့ကြောင့် ပါတီတွင်းမှာ မျက်စိစပါးမွှေး အစူးခဲ့ခဲ့ရတဲ့ သူရဦးရွှေမန်းကို ပါတီတွင်းသာမက လွှတ်တော်တွင်းမှာရော အနာဂတ်နိုင်ငံရေးကနေပါ ဖယ်ရှားခံရမလားဆိုပြီး နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သံသယရှိနေကြပါတယ်။ သံသယရှိရလောက်အောင်လည်း အခြေအနေတွေက ဂယက်ထနေပါတယ်။
လာမယ့် ၁၈ ရက်နေ့မှာ လွှတ်တော်အသီးသီးပြန်စတော့မှာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကောမရှင်ရဲ့ တောင်းဆိုချက်ကြောင့် လွှတ်တော်ပြန်စစချင်းမှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို မြန်မြန်ဆန်ဆန် အတည်ပြုပေးဖို့ အရေးကြီးအဆို တင်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီလိုသာ အဆိုတင်လာရင်တော့ အများခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်ချက်အရဆို သူရဦးရွှေမန်းဟာ ပါတီမှာ သာမန်ပါတီဝင်အဖြစ်ရှိနေပြီး လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းကနေလည်း အပယ်ဖျက်မခံရသေးပဲ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းအနေနဲ့ သက်တမ်းမကုန်မီ လွှတ်တော်တွင်းက ဖယ်ရှားခံလိုက်ရမယ်ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်လာဖို့ အလားအလာ အင်မတန်နည်းပါးသွားမှာဖြစ်ပါတယ်။ ကံမကောင်းရင်တော့ ပုဒ်မတစ်ခုခုနဲ့ ငြိစွန်းတယ်လို့ စွတ်စွဲပြစ်တင်လာနိုင်စရာတောင်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။
အချုပ်ဆိုရရင်တော့ လာမယ့် သြဂုတ်လ ၁၈ ရက် လွှတ်တော်တွေ ပြန်လည်စတင်ရင် သူရဦးရွှေမန်းရဲ့ နိုင်ငံရေးအနာဂတ် ဘာဖြစ်လာနိုင်မလဲဆိုတာ ပုံရိပ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ လာမယ့် လွှတ်တော်ဟာ သူရဦးရွှေမန်း အနာဂတ် အထူးသဖြင့် နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် ရက်စွဲတွေဖြစ်နေပါပြီ။
သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်တွင်းက ဖယ်ရှားခံရမလား၊ ဒါမှမဟုတ် လွှတ်တော်ထိုင်ခုံပေါ်မှာတင် လွှတ်တောအဆောင်အယောင်တွေနဲ့ လွှတ်တော်သက်တမ်းကုန်အောင်အထိ ငြိမ်ငြိမ်လေး ထိုင်ခိုင်ဦးမလား၊ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရပါဦးမလားဆိုတာ ငွေရောင်ပိတ်ကားပေါ် ဆက်လက်ရှုစားရတော့မှာဖြစ်ပါတယ်။
မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။