၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၁၃ အရ ဥပဒေတရပ်ရပ်သည် နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာသည့်နေ့၌ အတည်ဖြစ်သည်။ ယင်းဥပဒေ အတည်ဖြစ်ပြီးနောက် ပြစ်မှုကျူးလွန်သူ အနေဖြင့် ထိုဥပဒေအား ထုတ်ပြန်ထားခြင်းကို မသိရှိစေကာမူ ပြစ်ဒဏ်စီရင်ခြင်း ခံရမည်သာ ဖြစ်သည်။
“ဥပဒေကို မသိနားမလည်ဟု ဆင်ခြေမပေးနိုင်” ဆိုသော ဆိုရိုးစကားရှိသည်။ အဆိုပါ စကား၏ ရည်ရွယ်ချက်မှာ ဥပဒေကို နားမလည်၍ ကင်းလွတ်ခွင့်ပေးရလျှင် ပြစ်မှုကျူးလွန်သူတိုင်း ထိုထုချေချက်ကို အကာအကွယ်ယူကြမည်ဖြစ်ပြီး တရားစီရင်ရေး ကဏ္ဍကမောက်ကမ ဖြစ်စေမည့်အခြေအနေကို ကာကွယ်ရန် ဖြစ်ပါသည်။
ထိုစကားအရဆိုလျှင် လူတိုင်းလူတိုင်းသည် ဥပဒေကို နားလည်သိရှိရမည်ဟု အဓိပ္ပါယ်ပေါက်နေပါသည်။ အမှန်မှာ လူတိုင်းမဆိုထားဘိ ဥပဒေတတ်ကျွမ်းသည့် လောက၌ပင် မိမိနိုင်ငံက ထုတ်ပြန်ထားသော ဥပဒေ အားလုံးကို ကျွမ်းကျင်သူ ရှားပါးလှပေသည်။ သို့ရာတွင် ထိုကဲ့သို့ ယူဆခြင်း မပြုပြန်လျှင်လည်း တရားစီရင်ရေး ကမောက်ကမ ဖြစ်ရုံမက ပြည်သူတို့၏ အေးချမ်းသာယာရေးကိုပါ ထိခိုက်မည်ဖြစ်၍ ယင်းယူဆချက်ကို ယဉ်ကျေးသော လူ့အဖွဲ့အစည်းတိုင်းက ယနေ့တိုင် လက်ခံကျင့်သုံးနေရဆဲ ဖြစ်ပါသည်။
သို့ဖြစ်သော်လည်း အစစအရာရာ ပြီးပြည့်စုံသော ဥပဒေတရပ်ကို ရေးဆွဲပြဋ္ဌာန်းရန်မှာ လွယ်ကူသောကိစ္စတော့ မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် အခြေခံမူများဆိုင်ရာ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ ပုဒ်မ ၃၆၉ (ခ)၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ ၃၉၆၊ ၃၉၇ တို့တွင် လွှတ်တော် ကိုယ်စားလှယ် တဦးအား မဲဆန္ဒရှင်ပြည်သူများက တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိကြောင်း ယင်းကိစ္စများအတွက် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။ “Shall enact the necessary Laws” ဟု အတိအလင်း ပြဋ္ဌာန်းထားသော်လည်း မည်သည့် လုပ်ထုံးလုပ်နည်းဖြင့် ဆောင်ရွက်ရန် နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ထပ်ဆင့်ပြဌာန်းခြင်း မရှိသောကြောင့် ပထမ လွှတ်တော်သက်တမ်း ကုန်ဆုံးသည့်တိုင် စာရေးသူတို့ ပြည်သူများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားသည်ဆိုသော နိုင်ငံသား အခွင့်အရေးအရ မိမိတို့ မနှစ်သက်သည့် လွှတ်တော် ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ယနေ့တိုင် မရသေးပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆ (ခ) အရဆိုလျှင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြလျှင် ကော်မရှင်က စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည်ဖြစ်ရာ ယနေ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့ အကျိုးစီးပွားနှင့် ဆန့်ကျင်သော ယင်းဥပဒေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က (၂၇-၈-၂၀၁၂) ကပင် ဥပဒေကြမ်း ရေးဆွဲတင်ပြခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၇ က ပေးအပ်သော တာဝန်ကို ပျက်ကွက်ခဲ့ပါသည်။ ရှက်ဖွယ်ကောင်းသော တာဝန်မဲ့မှုပင် ဖြစ်ပါသည်။
အထက်ပါ အကြောင်းအရာမှာ ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များကို မလိုက်နာဘဲ ဥပဒေပြဌာန်းရန် ပျက်ကွက်မှုဖြင့် နိုင်ငံသား အခွင့်အရေးများကို လျစ်လျူရှုမှု ဖြစ်ပါသည်။
အောက်တွင် ဆက်လက်ဖော်ပြမည့် အကြောင်းအရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းပြီးသော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြေညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြု အကောင်အထည် ဖော်ရမည့် အစိုးရဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စု လွှတ်တော် အတည်ပြုပြဌာန်းပြီးဖြစ်သော ဥပဒေများနှင့် ဆန့်ကျင်သည့် နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန် လုပ်ဆောင်နေသဖြင့် နိုင်ငံသား နိုင်ငံ့ဝန်ထမ်းးများ၏ အခွင့်အရေး ဆုံးရှုံးရပုံကို သာဓကနှင့် တင်ပြလိုပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော် အခြေခံမူများဆိုင်ရာ ပုဒ်မ ၂၅၊ ၂၆ တွင် “နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ အကျိုးကို ကူညီဆောင်ရွက်ရမည်၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်း ရွက်သူများ၏ လုပ်ငန်းခွင် အာမခံနှင့် အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေများပြဋ္ဌာန်းရမည်” ဟု လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ “နိုင်ငံဝန်ထမ်း” ခေါင်းစီးအောက်ရှိ ပုဒ်မ ၂၉၀ တွင် “နိုင်ငံဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း စည်းကမ်းထိန်းသိမ်းခြင်း၊ အမှုထမ်း စည်းကမ်း သတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟု ၎င်း ပြဌာန်းထားသည်။
ထို့ပြင် “နိုင်ငံ့ဝန်ထမ်း တပ်မတော်သားနှင့် နိုင်ငံ့ဝန်ထမ်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုမူ ၎င်းတို့၏ ထူးခြားသော လုပ်ငန်း သဘာဝအရ တပ်မတော်ဆိုင်ရာ ဥပဒေ၊ သီးခြားဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၁၊ ၂၉၂၉ တွင် အတိအလင်း ပြဌာန်းထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာ ပုဒ်မ ၂၄၆ (က) တွင် “နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေး တာဝန်နှင့် နိုင်ငံဝန်ထမ်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ရေးတာဝန်များ လုပ်ဆောင်ရန် သမ္မတက ရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းရမည်” ဟု ပြဌာန်းထားရာ ရာထူးအဖွဲ့သည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် မပါသော နိုင်ငံဝန်ထမ်းများ အတွက်သာ အထက်ပါတာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါသည်။ သို့ဖြစ်၍လည်း (၂၈-၁၀-၂၀၁၀) တွင် နအဖအဖွဲ့ ဥပဒေအမှတ် ၂၄/၂၀၁၃ အဖြစ် ပြည်ထောင်စုရာထူးအဖွဲ့ ဥပဒေပုဒ်မ ၃ တွင် “ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများ (တပ်မတော်သားနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ) မှအပ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ နိုင်ငံ့ ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်” ဟု ပြဌာန်းထားခဲ့ပါသည်။
တနည်းအားဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းရေးရာကိစ္စတွင် ပတ်သက်စပ်ဆိုင်မှု မရှိကြောင်း အထက်ဖော်ပြပါ ဥပဒေပုဒ်မက အတိအကျ လမ်းညွှန်ထားပါသည်။
ထို့အတူ (၈-၃-၂-၁၃) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းသော ဥပဒေအမှတ် ၅ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၂ (င) တွင် “ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံဝန်ထမ်းကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မပါဝင်” ဟု ပြဌာန်းထားချက်အရ နိုင်ငံဝန်ထမ်း အဓိပ္ပါယ် ဖွင့်ဆိုရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် တခြားဝန်ထမ်းများနှင့် လုပ်ငန်းသဘာ၀ ထူးခြားမှုကြောင့် ပေါင်းစပ်မရနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများက အတိအကျ လမ်းညွှန်ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း စာဖတ်သူ ပြည်သူများ သိရှိနိုင်လောက်ပြီဟု စာရေးသူ ယူဆပါသည်။
အထက်ပါ (တပ်မတော်နှင့် ပြည်သူ့ရဲ မပါရှိသော) နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ရာထူးဝန်အဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် ရယူ၍ ထုတ်ပြန်နိုင်ကြောင်း နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၇၆ (က) တွင် ပြဌာန်းချက်အရ ရာထူးဝန်အဖွဲ့က ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသည့် ဥက္ကဋ္ဌ ဦးကျော်သူ နာမည်ပါရှိသော (၂၆-၃-၂၀၁၄) ရက်စွဲပါ “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ” ကို စာရေးသူ သုံးသပ်လေ့လာသောအခါ အထူးပင် အံ့သြတုန်လှုပ်သွားမိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ရေးထိုးပြန်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သည့် နိုင်ငံဝန်ထမ်း ဥပဒေများက လမ်းညွှန်ပြဌာန်းခဲ့သည့် (တပ်မတော်နှင့် ပြည်သူ့ရဲ မပါရှိသော) နိုင်ငံဝန်ထမ်း အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း နိုင်ငံဝန်ထမ်းနည်းဥပဒေများ၊ အခန်း (၁) ဥပဒေပုဒ်မ ၂ တွင် “ဤနည်းဥပဒေများပါ ပြဌာန်းချက်များသည် နိုင်ငံတော် ရသုံးခန့်မှန်းခြေ ငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့် စရိတ်များကို ခံစားခွင့်ရှိသော ဝန်ထမ်းများနှင့် သက်ဆိုင်သည်။ (ဤနည်း ဥပဒေများသည် တပ်မတော်သားများနှင့်ဖြစ်စေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ဖြစ်စေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဖြစ်စေ သက်ဆိုင်ခြင်း မရှိစေရ)” ဟု ဦးစွာ ဖော်ပြထားသည်။ ပြီးနောက် အခန်း (၃) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်ခြင်း ဆိုင်ရာ ပုဒ်မ ၂၄ (ဃ) တွင်
– ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများ ပြောင်းရွှေ့ခန့်အပ်လိုမှုအတွက်
– တာဝန်ထမ်းဆောင်ဆဲ အရာရှိအတွက် စစ်ရေးချုပ်ရုံး၏ ပြစ်မှုကင်းရှင်းခြင်း ရှိ၊ မရှိမှတ်တမ်း
– အငြိမ်းစားယူပြီး အရာရှိအတွက် စစ်ရာထူးခန့်ချုပ်ရုံးမှ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် စစ်ရာထူးခန့်မိန့်
– ပြောင်းရွှေ့လာမည့် အရာထမ်းကို မည်သည့်အဆင့်၊ လစာနှုန်းထားတွင် တာဝန်ပေး အပ်ခန့်မည်ဖြစ်ကြောင်းနှင့် အဖွဲ့အစည်း၏ အမှာစာများ ပါရှိရမည်။ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း မှတ်ချက် ပြုထားသည်ကို တွေ့ရပါသည်။
အထက်ပါအတိုင်း ရာထူးဝန်အဖွဲ့က ပြုစုထားသည့် နိုင်ငံဝန်ထမ်း နည်းဥပဒေများ ပုဒ်မ ၂ နှင့် ပုဒ်မ ၂၄ (ဃ) တို့သည် အမြီးအမောက် မတည့်ရုံမျှမက ပြည်သူအများ အသိအမှတ်ပြု ထောက်ခံသည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နအဖအဖွဲ့၏ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းသော နိုင်ငံသား ဥပဒေများနှင့် ချွတ်ချော်တိမ်းလွဲစွာ ရေးဆွဲလုပ်ဆောင် နေခြင်းကြောင့် အရပ်ဘက်သို့ ပြောင်းလာမည့် တပ်မတော်အရာရှိများသည် ယနေ့ “မိုးကျရွှေကိုယ်” များ၊ “နှစ်သီးစားများ” ဟု ဝန်ထမ်းလောက တခုလုံးက နာမည်ပျက်ဖြင့် ဆန့်ကျင်ခံရမည့် ဘေးအန္တရာယ် ကြုံရမည်ဖြစ်သည်။
နည်းဥပဒေ ရေးဆွဲသူသည် မူရင်းဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို ဆန့်ကျင်ကျော်လွှား ရေးဆွဲပြဌာန်းခွင့် မရှိပါ။ တပ်မတော်က အရပ်ဘက် နိုင်ငံဝန်ထမ်း အဖွဲ့အစည်းများသို့ ပြောင်းလာမည့် ပုဂ္ဂိုလ်များအတွက်လည်း ကောင်းသော လုပ်ငန်းခွင် ဖြစ်မလာနိုင်ပါ။ နိုင်ငံဝန်ထမ်းလောက စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေနိုင်ပါသည်။
သမ္မတနှင့် သမ္မတ ခန့်အပ်သော အကြီးအမှူးများသည် လွှတ်တော်က ရေးဆွဲပြဌာန်းသော ဥပဒေများကို ချွတ်ချော်တိမ်းလွဲမှုမရှိ တိတိကျကျ လိုက်နာဆောင်ရွက်ကြောင်း နိုင်ငံဝန်ထမ်းများ၏ ယုံကြည်ထောက်ခံမှု စိတ်ဓာတ်သည်သာ အစိုးရအဖွဲ့အစည်း၏ အဓိက မောင်နှင်ရေး အင်အားဖြစ်စေသည်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်များ သိသင့်ပါသည်။
စာရေးသူသည် ရှေ့နေတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံးအကြိမ် ထောင်မှ ပြန်လွတ်လာသည်။