လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအလွန်မှာ ပေါ်ထွက်လာမယ့် သမ္မတသစ် ဘယ်သူဖြစ်နိုင်သလဲဆိုတဲ့ မေးခွန်းက မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသူတိုင်းကို ခေါင်းစားနေစေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်တားဆီးထားတယ်။ သမ္မတဖြစ်ချင်တယ်လို့ လူသိရှင်ကြား ပြောထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကိုလည်း ပါတီတွင်း အာဏာသိမ်းလိုက်တော့ သမ္မတဖြစ်နိုင်ချေ နည်းသွားတယ်။ ဒီလိုဖြစ်လာတာတွေကိုကြည့်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ပဲ ဆက်လုပ်မလား၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်လာမလား သို့လောသို့လော တွေးလာစေပါတယ်။
ဇူလိုင်လလယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ရွေးကောက်ပွဲဝင်မယ်လို့ တရားဝင်ကြေညာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း မဲဆွယ်စည်းရုံးရေးတွေ လုပ်လာတာကြောင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကပါ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ ၂၀၁၁ ခုနှစ်က စခဲ့တဲ့ မြန်မာ့အပြောင်းအလဲကို နောက်တဆင့်ထပ်တက်မယ့် အနေအထားလို့ မြင်လာခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို သမ္မတအဖြစ် မြင်ချင်ကြသူ မြန်မာနိုင်ငံသား အများအပြားရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရဟောင်း လက်ထက်မှာ တဖက်သတ်အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုပြီး သား ၂ ယောက်ကလည်း နိုင်ငံခြားသားတွေ ဖြစ်နေတာကြောင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရပါတယ်။
သမ္မတမဖြစ်နိုင်တော့မှန်း သိရက်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရေးအရ စွန့်စားမှုပါ။ ရွေးကောက်ပွဲဆိုတာကလည်း တပ်မတော်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် သိမ်းပိုက်ထားတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်နဲ့ တိုင်းနဲ့ပြည်နယ်ဆိုင်ရာ လွှတ်တော်တွေရဲ့ ၇၅ ရာခိုင်နှုန်းအတွက် ရွေးကောက်ပွဲပါ။ အစိုးရဖွဲ့နိုင်ဖို့ဆိုတာ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ပေါင်းမှာ နေရာအများစုနဲ့ နိုင်ဖို့ လိုတဲ့အပြင် နောက်ဆုံးမှာ တပ်မတော်ရဲ့ ထောက်ခံမှု လိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက အစိုးရကို ဦးဆောင်ဖွဲ့ရပါတယ်။ သမ္မတကို လွှတ်တော် ၂ ရပ်နဲ့ တပ်မတော်က ရွေးချယ်တင်သွင်းတဲ့ ဒု-သမ္မတ ၃ ယောက်ထဲမှာ မဲခွဲလို့ မဲအများဆုံးသူက ဖြစ်ပိုင်ခွင့်ရှိပါတယ်။ ဒု-သမ္မတကိုယ်စားလှယ်လောင်းတွေကို အမျိုးသားလွှတ်တော်က တယောက်၊ ပြည်သူ့လွှတ်တော်က တယောက်၊ တပ်မတော်က တယောက် တင်သွင်းနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ လွှတ်တော် ၂ ရပ်က ရွေးချယ်မယ့် ဒု-သမ္မတကိုယ်စားလှယ်လောင်း ၂ ဦးကို တင်မြှောက်နိုင်ဖို့နဲ့ တပ်မတော်ကို နိုင်ငံရေးအရ အသာစီးနဲ့ ညှိနှိုင်းနိုင်ဖို့ လွှတ်တော် ၂ ရပ်လုံးမှာ ကိုယ်စားလှယ် အများအပြား (အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော်) နိုင်ချင်ပုံ ရပါတယ်။ ဒါကြောင့်လည်း မဲဆွယ်စည်းရုံးရေးကို ဒေါ်အောင်ဆန်းစုကြည် အားသွန်ခွန်စိုက် လုပ်နေတာပါ။ ဦးကိုကိုကြီး၊ ဒေါ်ညိုညိုသင်းတို့လို ၈၈ မျိုးဆက်တွေကို NLD ကိုယ်စားလှယ်လောင်းအဖြစ် လက်မခံတဲ့ကိစ္စ၊ မြို့နယ်အချို့မှာ ဗဟိုက ခန့်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန့်ကျင်ဆန္ဒပြတဲ့ကိစ္စ၊ မဲဆန္ဒနယ်မြေ အများဆုံး နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် တိုင်းရင်းသား မဟာမိတ်တွေကိုပါ အညှာမပေးနိုင်တော့တဲ့ကိစ္စတွေကြောင့် ဝေဖန်ခံနေရပေမယ့် NLD ဟာ စစ်အုပ်ချုပ်ရေးအောက်က ရုန်းထွက်ချင်သူ မြန်မာမဲဆန္ဒရှင်တွေအတွက် အင်အားအကောင်းဆုံး တခုတည်းသော ရွေးချယ်စရာ အတိုက်အခံပါတီဖြစ်နေဆဲပါ။ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရင် NLD မဲအပြတ်အသတ်နဲ့ နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
ဒါပေမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ NLD အနိုင်ရဖို့ မလွယ်ပါဘူး။ ဥပမာ ရခိုင်နဲ့ ကချင်အရေးတွေမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိပ်နေခဲ့တာကို ထောက်ပြပြီး တိုင်းရင်းသားအရေးမှာ အတိုက်အခံပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်ကို နယ်မြေခံတွေက ဘဝင်မကျဖြစ်နေခဲ့ပါတယ်။ တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ အကျိုးစီးပွားကို အာမခံသူ ဘယ်နိုင်ငံရေးအင်အားစုနဲ့မဆို ပိုလက်တွဲလုပ်ချင်တဲ့ အနေအထားကို ရှေးရှုနေပါတယ်။ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကြည့်ရင် ဒီသဘောကို တွေ့နိုင်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံရေးအရ အသိအမှတ်ပြုပေမယ့် အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်များနဲ့သာ တိုက်ရိုက် သဘောတူညီနိုင်မှ အလုပ်ဖြစ်မယ့် အနေအထားမျိုးလို့ တိုင်းရင်းသားတွေဘက်က ရှုမြင်နေကြပါတယ်။ တကယ်လို့ တိုင်းရင်းသား နိုင်ငံရေးသမားတွေက ဒေသခံ မဲဆန္ဒရှင်တွေကို တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား ရှေ့တန်းတင် ဦးစားပေးရေး တိုက်တွန်းလို့ မဲရလာခဲ့ရင် တိုင်းရင်းသားကိုယ်စားလှယ်တွေ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်တွေမှာ ပိုမြင်လာရနိုင်ပါတယ်။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးက ဖြုတ်ချအပြီး တပ်မတော်ရဲ့ ကျောထောက်နောက်ခံနဲ့ တစုတစည်းတည်း ပြန်အားယူပြီး ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်လာမယ့်အနေအထားကိုလည်း NLD ကြုံရဦးမှာပါ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲ မဝင်တော့ပေမယ့် လွှတ်တော်တွေထဲမှာ ဦးသိန်းစိန်ဂိုဏ်းသားတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ပေါင်းလို့ အများစုဖြစ်ရင် ဦးသိန်းစိန်ကို နောက်သက်တမ်း ဆက်လုပ်ဖို့ အဆိုပြုတင်သွင်းနိုင်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိထားပြီးတာမို့ အာဏာရ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေ ၂၆ ရာခိုင်နှုန်းနဲ့ နိုင်လာဖို့ လိုအပ်ပါတယ်။
ဒီလို အနေအထားမှာ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးက ဘာဆက်ဖြစ်မှာလဲ။ NLD က ရွေးကောက်ပွဲမှာ အမတ်နေရာအများစုနဲ့ နိုင်ခဲ့ရင်တောင် တပ်မတော်နဲ့ ဆက်ဆံရေးက ဘယ်လိုပုံဖြစ်လာမှာတုန်း။ NLD က တပ်မတော်နဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်မှာတုန်း။ တပ်မတော်ကရော NLD ကို ဘယ်လိုသဘောထားမှာတုန်း။ NLD နဲ့ တပ်မတော်ကြား ဖြစ်လာမယ့် ဆက်ဆံရေးသစ်ဟာ တိုင်းရင်းသားတွေအပေါ် အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွေမှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိမှာတုန်း။ မေးခွန်းတွေက အများကြီး ကျန်နေသေးပေမယ့် တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် NLD နဲ့ တပ်မတော်ကြား ဆက်ဆံရေး ကောင်းမွန်ဖို့ လိုတယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအရ ပြဌာန်းထားတဲ့ အုပ်ချုပ်ရေးစနစ်ကို ကြည့်ရင် အုပ်ချုပ်ရေးအာဏာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတနည်းတူ အရေးပါပါတယ်။ သမ္မတက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့နိုင်ပေမယ့် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးကို တပ်ချုပ်က ခန့်ထားပါတယ်။ ဒါ့အပြင် လူ ၁၁ ဦး ပါဝင်တဲ့ အာဏာအရှိဆုံး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ)မှာ သမ္မတ၊ ဒု-သမ္မတ ၂ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တပ်ချုပ်၊ ဒု-တပ်ချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်နေတာကြည့်ရင် တပ်မတော်ရဲ့ ချုပ်ကိုင်ထားမှုကို သိနိုင်ပါတယ်။ NLD အနေနဲ့ လွှတ်တော် ၂ ရပ်မှာ မဲအများစုနဲ့ သမ္မတ၊ ဒု-သမ္မတတဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အဆုံးစွန်ခန့်ထားနိုင်ခဲ့ရင်တောင် ကာ/လုံမှာ ၅ မဲသာ ရနိုင်မှာပါ။
မကြာသေးခင်က ပါတီတွင်း အာဏာအသိမ်းခံရတဲ့ သူရဦးရွှေမန်းအမှုကလည်း တပ်မတော်နဲ့ ဆက်ဆံရေး မပြေလည်လို့လို့ အတိုချုပ်အားဖြင့် ပြောနိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တပ်မတော်ရဲ့ ထောက်ခံမှုမရှိရင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ ဘာမှ ရှေ့ဆက်လုပ်မရဘူးဆိုတာ ပြဆိုနေပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ အောင်မြင်ပြီး ချောမွေ့ပြေပြစ်မယ့် အပြောင်းအလဲအတွက် အတိုက်အခံတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေကြား ကောင်းမွန်သန်စွမ်းတဲ့ ဆက်ဆံရေး ဘယ်လိုတည်ထောင်နိုင်ကြမလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုကြရပါမယ်။
၁၉၈၈ နောက်ပိုင်း နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် NLD နဲ့ တပ်မတော်ကြား ဆက်ဆံရေးဟာ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ ပဋိပက္ခတွေနဲ့ချည်းပါ။ လတ်တလောမှာကိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး NLD နဲ့ တပ်မတော် ရပ်တည်ချက်ခြင်း ဆန့်ကျင်ဘက်ဖြစ်နေရပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ NLD အမတ်နေရာ အများစုနဲ့ လွှတ်တော်တွေထဲဝင်လာရင် တိုင်းပြည်အကျိုး ရှေးရှုပြီး ၂ ဘက် ပူးပေါင်းဆောင်ရွက်ဖို့ လမ်းကြောင်းကို ရှာမတွေ့ရင် ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းနဲ့သာ ပြန်ကြုံရမယ့် အခြေအနေပါ။ ၂ ဘက် မညှိနှိုင်းနိုင်သရွေ့ မြန်မာ့နိုင်ငံရေး ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး၊ နိုင်ငံရေး အကျပ်အတည်းကို လွန်မြောက်နိုင်ချေ မရှိပါဘူး။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် နှစ်ဘက် ပိုပြီး အလှမ်းကွာဝေးစေမယ့် အပြန်အလှန်ဆန့်ကျင်နေမှုအစား ၂ ဘက် အပြန်အလှန် နားလည်ယုံကြည်မှုကို ဖြစ်စေပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ဗျူဟာနဲ့ အစီအစဉ်ကို ရှာဖွေနိုင်မလားဆိုတာ NLD ရော တပ်မတော်အတွက်ပါ အကြီးမားဆုံး စိန်ခေါ်ချက်ပါ။ ဒါမှ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံနိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အသည်းအသန် လိုအပ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆက်ပြီး စွဲဆောင်နိုင်မှာပါ။ အခုလတ်တလောမှာတော့ အနာဂတ် နိုင်ငံရေး မသေချာ မရေရာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အန္တရာယ်များတဲ့ စွန့်စားမှုမျိုးကို မလုပ်ချင်ကြပါဘူး။
အချုပ်အားဖြင့် မြန်မာပြည်ဟာ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ စီးပွားဖွံ့ဖြိုးရေးအတွက် သွားရမယ့် လမ်းက အဝေးကြီး ကျန်ရှိပါသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တင်းမာမှုတွေကို ဖန်တီးမယ့် အနေအထားမျိုးထက် ဒီစိန်ခေါ်ချက်တွေကို အတူတကွ ကျော်လွှားနိုင်မယ့် အခင်းအကျင်းမျိုး ဖန်တီးပေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ဉာဏ်အမြော်အမြင် ကြီးသင့်ကြပါတယ်။ ဒါကိုက နိုင်ငံသားတိုင်းရဲ့ မျှော်လင့်တောင့်တချက်ပါ။ ဒီတောင့်တချက်ကို ဖြည့်ဆီးပေးခြင်းသည်သာလျှင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ အားလုံးအတွက် သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတော့တယ်။