ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တာဝန်သိပြည်သူများ အင်တိုက်အားတိုက် လုပ်ဆောင်နေကြရာတွင် ကူညီကယ်ဆယ်သူများဘက်မှ လူအသေအပျောက် အဖိတ်အစင် ၁၀ ဦးခန့် ရှိလာသည်ကို တွေ့ရသည်။ တချို့ အန္တရာယ်များမှာ ရှောင်လွှဲရန် ခက်သော်လည်း တချို့အန္တရာယ်များမှာမူ ကြိုတင်ကာကွယ်ခြင်းဖြင့် ရှောင်လွှဲနိုင်ကြပါသည်။
နှစ်ပေါင်းများစွာအတွင်း ဆိုးဝါးသော ရေဘေးအန္တရာယ်ကို ကြုံရချိန်တွင် လူငယ်အများအပြား အပါအဝင် ပရဟိတသမားများ၊ အဖွဲ့များသည် လမ်းပေါ်ထွက်လာကြပြီး အလှူငွေကောက်ခံခြင်း၊ လိုအပ်သော ကူညီကယ်ဆယ်ရေး ပစ္စည်းများ ရှာဖွေ စုဆောင်းခြင်း၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခြင်းများကို ပြုလုပ်နေကြသည်။
ရေဘေးအန္တရာယ် ဆိုးဆိုးရွားရွား ကြုံနေရသည့် ဒေသများသို့ မြန်နိုင်သမျှ မြန်မြန် ရောက်ရှိကူညီရေးကို လုံးပမ်းကြရာတွင် မိမိထံသို့ ကျရောက်နိုင်သော အန္တရာယ်များကို ကြိုတင် ကာကွယ်ရေးမှာလည်း အချိန် မလောက်ငမှုကြောင့် လည်းကောင်း၊ ပစ္စည်းပစ္စယ မပြည့်စုံ၍ လည်းကောင်း၊ သတိလစ်ဟင်းမှုကြောင့် လည်းကောင်း ထောင့်စေ့အောင် မစီမံနိုင်မှုများလည်း ရှိခဲ့ကြသည်။
အသက်ကယ် အကျႌများ လူတိုင်းစေ့ ဆောင်ထားမှု မရှိခြင်း၊ သွားရောက်မည့် ဒေသများမှာ ရေမြုပ်ကာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသဖြင့် လမ်းခရီးကျွမ်းကျင်မှု အားနည်းခြင်း၊ ရေမကူးတတ်ခြင်း၊ မြွေပါးကင်းပါး အန္တရာယ်ကို သတိမပြုမိခြင်းတို့သည် အသက်အေးအန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်တတ်သည်။
ယခု ရေဘေး ကူညီကယ်ဆယ်ရေး သွားရောက်ကြရာတွင် ရေနစ်သေဆုံးခြင်း၊ ယာဉ်အန္တရာယ် ကြုံခြင်းတို့ကြောင့် အသက်ဆုံးရှုံးရကြောင်းကို တွေ့ရသည်။ ထိခိုက်ဒဏ်ရာ ရသူများလည်း အများအပြားရှိသည်။
ခရီးသွားလာရာတွင် မကျွမ်းကျင်သော နယ်မြေသို့ သွားသည့်အခါ ဒေသခံကျွမ်းကျင်သူများကို ခေါ်ဆောင်ခြင်း၊ အသက်ကယ် အကျႌဝတ်ဆင်ခြင်း၊ ထိုင်ခုံခါးပတ် ပတ်ခြင်း၊ ခရီးမထွက်မီ လုံလောက်စွာ အနားယူခြင်း၊ မလိုအပ်သည့်နေရာတွင် မစွန့်စားခြင်းများကို သတိပြု လုပ်ဆောင်သင့်ပါသည်။
ရေဘေး အန္တရာယ် ပြန်လည်ထူထောင်ရေးအတွက် ရေရှည် အချိန်ယူ လုပ်ကိုင်ရဦးမည်ဖြစ်ရာ သူတပါး၏ ပရဟိတ အကျိုးကို ဆောင်သကဲ့သို့ မိမိအကျိုးစီးပွား အတ္တဟိတ၏ ကျရောက်နိုင်သည့် အန္တရာယ် အတွက်လည်း အထူးသတိပြုကြရန် လိုအပ်ပါသည်။ သို့မှသာ တပူပေါ် နှစ်ပူဆင့်ရာ မရောက်ဘဲ ပြန်လည်ထူထောင်ရေး ပန်းတိုင်သို့ ရောက်နိုင်ကြမည်ဖြစ်ကြောင်း အသိပေး လှုံ့ဆော်အပ်ပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။