နိုင်ငံတနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုမှ အစ နိုင်ငံရေးအဆုံး ပြဿနာရပ် ပေါင်းစုံသည် ထိုနိုင်ငံ၏ ပညာရေး စနစ်အပေါ်၌ တည်ရှိနေပါသည်။ ပညာရေးစနစ် နိမ့်ကျနေပါက ထိုနိုင်ငံ၏ အဆင့်အတန်းသည်လည်း နိမ့်ကျရပါတော့မည်။
ကျနော် ကြုံတွေ့ခဲ့ရသော ပညာရေး စနစ်အကြောင်းနှင့် ကျနော့် ထင်မြင်ချက်များကို ပြောပြလိုပါသည်။
ပညာရေး၌ အခြေခံနှင့် အဆင့်မြင့်ပညာရေးဟူ၍ ခွဲခြားထားပါသည်။ ကျနော့်အနေဖြင့် အခြေခံပညာရေး၊ အထက်တန်း ပညာရေးနှင့် အဆင့်မြင့် ပညာရေးဟူ၍ ၃ ပိုင်း ခွဲခြားလိုပါသည်။
ပညာရေး အဆင့် ၃ ဆင့်၌ အောက်ခြေ အဆင့်ဖြစ်သော အခြေခံ ပညာရေးသည် အရေးကြီးဆုံး ဖြစ်သည်ဟု ထင်ပါသည်။ အောက်ခြေ၊ အခြေခံ ကြေညက်ဖို့ များစွာ အရေးကြီးသည်။ အောက်ခြေ မခိုင်ပါက အထက်သို့ မည်သည့်နည်းဖြင့် တက်တက်၊ အခြေခံ မခိုင်သဖြင့် ယိုင်နေပါမည်။
အခြေခံမှစ၍ အထက်တန်းနှင့် အဆင့်မြင့် ပညာရေးအထိ ထူးချွန်သော ကျောင်းသားများ၊ လူတော်များကို မွေးထုတ် နိုင်ရန် လက်သည် ဆရာသည် အရေးကြီးဆုံး ဖြစ်သည်။ ဆရာပီပြင်သော အတတ်ပညာများကို ကျွမ်းကျင်၍ ဆရာ့ ဂုဏ်သိက္ခာ ပြည့်စုံသော ဆရာများဖြင့် သင်ကြားရသော စနစ်သည်သာ အောင်မြင်သော ပညာရေးစနစ် ဖြစ်သည်။
ဆရာများကို မည်သို့ ပြုစုပျိုးထောင် မွေးထုတ်ရပါမည်နည်း။ ပညာရေးစနစ်က မွေးထုတ်ရပါမည်။ ပညာရေးစနစ် ညံ့က မွေးထုတ်လိုက်သော ဆရာများသည် အချည်းအနှီးသာ ဖြစ်သည်။
ကျနော်တို့ခေတ်က ကျောင်းစတင် တက်ရောက်ရမည့် အသက် သတ်မှတ်ချက်မှာ ၆ နှစ်ဖြစ်သည်။ အသက် ၆ နှစ် မပြည့်မချင်း ကလေးတယောက်သည် မိဘအိမ်၌ အပူအပင် ကင်းမဲ့စွာ နေထိုင်နိုင်ပါသည်။ ၆ နှစ်ပြည့်မှ အသိဉာဏ် ဖွံ့ဖြိုးတိုးတက် လာသည်ဟု သတ်မှတ်သဖြင့် ကျောင်းတွင် မူလတန်းကြို အတန်း စတင် တက်ရောက်ရသည်။ ၁ နှစ် သာ တက်ရပြီး ပထမတန်းသို့ ရောက်သွားပါတော့သည်။
မူလတန်း အဆင့်တွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းစာနှင့် ပတ်သက်၍ မည်သည့်အခါမှ စိတ်ဖိစီးမှု၊ ပင်ပန်းမှု မရှိခဲ့ရပါ။ စာကျက်ရသည်မှာလည်း မပင်ပန်း၊ အတန်းထဲ၌ ဆရာက နားလည်အောင် သင်ပေးပြီးဖြစ်၍ ပြန်ဖတ်ပါက သဘောပေါက်၍ မှတ်မိလာပါသည်။ ပထမတန်းမှ စတုတ္ထတန်း အထိ သက်သောင့်သက်သာ ကျောင်းတက်ခဲ့ရသည်။
မူလတန်းကျူရှင်ဟူ၍ ထိုခေတ်က လုံးဝမရှိပါ။ အတန်း၌ စာသင်ရသော ဆရာက ကျူရှင်ပေးသည် ဟုလည်း မကြားခဲ့ဖူးပါ။ အတန်းထဲ၌ ကျောင်းသားများကို နားလည် သဘောပေါက်အောင် သင်ကြားနေသည့် သင်ခန်းစာ၌ စိတ်ဝင်စားမှု ရှိလာအောင် ဆရာလုပ်သူက ဟောပြောသင်ကြားခဲ့၍ ကျူရှင်ယူ၍ ထပ်မံသင်ကြားမှု ခံယူရန် မလိုအပ်သောကြောင့် ဖြစ်ပါသည်။
ဆရာများကလည်း မိမိတို့ ရသည့်လစာနှင့် ဖူလုံအောင် နေထိုင်နိုင်ကြသဖြင့် ကျောင်းသားများ အပေါ်၌ မိမိတို့၏ ရင်သွေးကဲ့သို့ စေတနာ အပြည့်ဖြင့် သင်ကြားပေးနိုင်ကြသည်။ လစာက လုံလောက်သဖြင့် တခြားအပို ဝင်ငွေရှာရန် မလိုအပ်သောကြောင့် မိမိတို့၏ အဓိက တာဝန်သင်ကြားရေးကို ထိရောက်အောင် သင်ကြားနိုင်ကြသည်။
မူလတန်းဆရာ တယောက်၏ လခမှာ ၁၂၅ ကျပ် ဝန်းကျင်သာ ရှိသည်ဟု ဆိုသော်လည်း ထိုခေတ် (၁၉၅၀-၆၀) ခုနှစ် များ၏ ကုန်ဈေးနှုန်းသည် ဆရာတယောက်၏ လစာဖြင့် မိသားစု တစုကို ကျွေးမွေးရန် လုံလောက်ပါသည်။ လစာက စားဝတ်နေရေးအတွက် ဖူလုံနေပါသဖြင့် ဆရာများ ကျေနပ်ရောင့်ရဲကြပါသည်။
မူလတန်းပြဆရာ ဆိုသူများမှာ တက္ကသိုလ်ဘွဲ့ရ ဆရာများ မဟုတ်ပါ။ ပညာရေး စနစ်အရ ၁၀ တန်းအထိ ပညာ သင်ကြားခဲ့ဖူးသော သူတယောက်သည် မူလတန်းတွင် သင်ကြားရသော မည်သည့် ဘာသာရပ်ကိုမဆို ကျွမ်းကျင်စွာ သင်ကြားနိုင်ပါသည်။ ကျနော် တွေ့ကြုံသင်ကြားမှု ခံယူခဲ့ရသော မူလတန်း ဆရာများသည် အသက် ၂၀ ဝန်းကျင် ဘွဲ့ရဆရာများ မဟုတ်ကြပါ။ အသက် ၃၀၊ ၄၀၊ တချို့ဆိုလျှင် ၅၀ ဝန်းကျင်ရှိသူများ ဖြစ်၍ ဘဝအတွေ့အကြုံနှင့် အတွေးအခေါ် ရင့်ကျက်သူများ ဖြစ်သည်။ ကလေးများ၏ သဘောသဘာ၀ Child Psychology ကို ကောင်းစွာ နားလည် သိရှိပြီးဖြစ်သဖြင့် ကလေးများ စိတ်ပါဝင်စားလာအောင် သင်ပေးနိုင်ကြသည်။
ထို့အပြင် ကလေးတဦးချင်း၏ ဗီဇ၊ ဝတ်စားဆင်ယင်ပုံ၊ တကိုယ်ရေ သန့်ရှင်းရေးကအစ လိမ္မာယဉ်ကျေးအောင် သွန်သင် ဆုံးမပေးပါသည်။ ထိုဆရာကြီး၊ ဆရာမကြီးများကို ကျောင်းသားများက အလွန် ကြည်ညို လေးစားသည် သာမက မိဘများထက်ပင် ကြောက်ရွံ့ကြပါသည်။
ဤသို့ သိက္ခာရှိ၍ ကလေးတို့၏ စိတ်ဓာတ်ရေးရာကို နားလည်သော ဆရာများ သင်ကြားသည်ကို ကျောင်းသားများ နားလည်ကြသဖြင့် ကျူရှင်ယူရန် မလိုပါ။ ဆရာများကလည်း ဘ၀ အတွေ့အကြုံ ရှိသူများ ဖြစ်သည့်အလျောက် Multidisciplinary method ခေါ် ဘက်စုံဟောပြော သင်ကြားသော စနစ်၊ သင်ခန်းစာနှင့် ဆက်နွှယ် ပတ်သက်သော အကြောင်းအရာများ၊ ပြင်ပ ဗဟုသုတများကိုလည်း ဥပမာပေါင်း မြောက်များစွာဖြင့် မှတ်သားစရာကောင်းသော အကြောင်းအရာများကို ထည့်သွင်း ပြောဆိုသင်ကြားသဖြင့် ကျောင်းသားများ စိတ်ဝင်စားခဲ့ရပါသည်။
ဤသင်ကြားရေးစနစ်ဖြင့် ကျနော်တို့ ကျောင်းသားများ စာတက်မြောက်ခဲ့ရသည်။ ကျောင်းနေပျော်၍ စာတော်ရမည် ဟူသော ဆောင်ပုဒ်သည် အခြေခံမူလတန်းမှ စတင်ခဲ့သည်ဟု ထင်ပါသည်။ အထူး မှတ်ချက်ပြုလိုသည်မှာ မူလတန်း ကျောင်းသား ဘဝကပင် ကျနော်တို့သည် အလွတ်ကျက်၊ အာဂုံဆောင်သည့်စနစ်၊ Learning by heart or rote learning ကို နားမလည်ခဲ့ပါ။ ယနေ့ခေတ် သင်ကြားရေး စနစ်နှင့် နှိုင်းယှဉ်ကြည့်ပါ။
ကျနော်၏ အိမ်နီးချင်း ရင်းနှီးသော မိတ်ဆွေတယောက် ရှိ၏။ မကြာခဏ ၎င်း၏ အိမ်သို့ အလည်အပတ် သွားလေ့ရှိပါသည်။ ၎င်း၏ သမီးတယောက်သည် အသက် ၁၂ နှစ်အရွယ် သတ္တမတန်း ကျောင်းသူ ဖြစ်၏။ ကျောင်းသင်ခန်းစာများကို အကုန် အာဂုံဆောင် အလွတ်ကျက်ရ၏။ တနေ့လုံး ကျောင်းတက်ပြီးပါက ကျောင်းဆင်းလျှင် ကျူရှင်သို့ သွားရ၏။
တခါက ထိုသမီးလေးသည် စာမေးပွဲတွင် မေးနိုင်ဖွယ်ရှိသည့် မေးခွန်းများ၏ အဖြေကို အာဂုံဆောင် ကျက်နေ၏။ ဆရာမ သင်ပေးသည့်အတိုင်း ဖြစ်သည်။ ပို၍ ထူးဆန်းသည်မှာ အက်ဆေးခေါ် အင်္ဂလိပ် စာစီစာကုံးကို စာမေးပွဲမှာ မေးမည့် ခေါင်းစဉ်အတိုင်း ဆရာမက ရေးပေး၏။ ကလေးက အလွတ်ကျက်နေပါသည်။ ကျောင်းသားက သင်ခန်းစာကို နားမလည်၊ ထို့ကြောင့် အလွတ်ကျက်နေရခြင်း ဖြစ်ပါသည်။ လက်ပေးသင်ကြားသော စနစ်ဖြစ်၍ တက်အောင်သင်သော စနစ် မဟုတ်ပါ။
သင်ကြားရေး စနစ်အတိုင်း စာမေးပွဲ မေးခွန်းများမှာလည်း မူလတန်းမှ တက္ကသိုလ်အထိ မေးခွန်းများကို မေးထားပြီး အမှား၊ အမှန်ကို ကြက်ခြေစနစ်ဖြင့် ဖြေဆိုခိုင်းပါသည်။ အဖြေကို အမှားအမှန်ဖြင့် ကြက်ခြေခတ်ပြရသော မေးခွန်း စနစ် မည်မျှ ထိရောက်ကောင်းမွန်သည်ကို ကျနော် မသိပါ။ ကျနော်တို့ ခေတ်က မူလတန်းမှ တက္ကသိုလ် ဘွဲ့လွန်တန်း အထိ ဤမေးခွန်းပုံစံမျိုး တခါမှ မကြုံတွေ့ခဲ့ရဖူးပါ။
ကျနော်တို့ ခေတ်ပညာရေးစနစ်တွင် သတ္တမတန်းခေါ် ၇ တန်းသည် ဘဝတဆစ်ချိုးအတွက် အလွန်အရေးပါသော အတန်း ဖြစ်ပါသည်။ သတ္တမတန်း စာမေးပွဲကို အစိုးရစစ်ဟု ခေါ်၏။ သက်ဆိုင်ရာ ကျောင်းများက စစ်ဆေးခွင့် မရှိ။ ပညာရေး ဝန်ကြီးဌာနက တာဝန်ယူ စစ်ဆေးသော စာမေးပွဲကြီး ဖြစ်ပါသည်။ သတ္တမတန်း အောင်ရန်လည်း အလွန် ကြိုးစားရ၏။ ယနေ့ခေတ် ၁၀ တန်း စာမေးပွဲကြီးကဲ့သို့ ဖြစ်ပါသည်။ သတ္တမတန်း အောင်ပြီးနောက် အဋ္ဌမတန်းသို့ တက်ရသည်။ ကျောင်းစစ်ဖြစ်၍ မခက်ပါ။ ထိုခေတ်က နဝမတန်း မရှိပါ။
အဋ္ဌမတန်း အောင်မြင်ပြီးက Matriculation ခေါ် ဒသမတန်း (၁၀ တန်း) သို့ တက်ရ၏။ ၁၀ တန်းအောင်ရန် အလွန် ခက်ခဲပါသည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် တနှစ်လျှင် အောင်သည့် စာရင်းမှာ ဖြေဆိုသော ကျောင်းသားများ၏ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အများဆုံးသာ ဖြစ်သည်။ ၁၀ တန်းစာမေးပွဲ မအောင်သော်လည်း ကျောင်းသားများ ဘ၀ ရည်မှန်းချက် မပျက်ပါ။ ၁၀ တန်းအထိ သင်ယူခဲ့ရသော ပညာရပ်များသည် မိမိဘ၀ ရှေ့ရေးအတွက် အာမခံချက် ပေးပြီး ဖြစ်သည်။ မိမိသင်ယူခဲ့ရသည့် ပညာရပ်နှင့် ထိုက်တန်သော အလုပ်များကို အလွယ်တကူ ရရှိနိုင်ပါသည်။ ၁၀ တန်းအထိ မသင်ကြားနိုင်ခဲ့လျှင်လည်း ၇ တန်းအောင်လျှင်ပင် ထိုက်တန်သော အလုပ်ကို ရရှိနိုင်၏။
မူလတန်းပြဆရာ သင်တန်းတက်၍ ဆရာဖြစ်နိုင်သည်။ သို့မဟုတ် ရုံးလုပ်ငန်း လုပ်မည်ဆိုက အောက်တန်းစာရေး (Lower Division Clerk)၊ လခနှုန်းက ၁၂၀ ကျပ် ဝန်းကျင်မျှလောက်သော ဝင်ငွေဖြင့် မိသားစုကို ကျွေးမွေးထား နိုင်ပါသည်။ ထိုမှတဆင့်တက်၍ ၁၀ တန်းအထိ ပညာသင်ကြားဖူးသူဖြစ်ပါက အထက်တန်း စာရေးကြီး (Upper Division Clerk) ဖြစ်သွားပါတော့သည်။ ယင်းသည် နှယ်နှယ်ရရ ရာထူး မဟုတ်ပါ။ လခ ၁၈၅ ကျပ်ဖြင့် ရပ်ကွက်ထဲ၌ လူတကာက စာရေးကြီး၊ စာရေးကြီးဟု ဆို၍ တလေးတစား ဆက်ဆံခြင်းခံရသော ပုဂ္ဂိုလ်ဖြစ်လာပါသည်။
ဖော်ပြပါ အလုပ်များကို မလုပ်လိုက ဒု ရဲအုပ် (Sub-Inspector of Police) သင်တန်းတက်၍ ရဲအရာရှိငယ် ဖြစ်နိုင်၏။ သို့မဟုတ် အငယ်တန်း အင်ဂျင်နီယာ သင်တန်းအတွက် Government Technical Institute (GTI) သို့ တက်၍ အင်ဂျင်နီယာ ဖြစ်နိုင်ပါသည်။ ဆေးကုသခြင်းကို ဝါသနာပါက ကျန်းမာရေးမှူးသင်တန်း (Health Assistant) သင်တန်းကို ၁၀ တန်းအဆင့်ရောက် ကျောင်းသား မည်သူမဆို တက်ရောက်လိုက တက်နိုင်ပါသည်။ သို့မဟုတ် တိရစ္ဆာန် ဆေးကုသင်တန်းကိုလည်း အင်းစိန်၌ ဖွင့်ထားသော Veterinary Assistant တိရစ္ဆာန် ဆေးကုဆရာ လက်ထောက်သင်တန်းသို့ တက်နိုင်သည်။
စိုက်ပျိုးရေးကို ဝါသနာပါသည် ဆိုပါက ပျဉ်းမနား ရေဆင်းရှိ စိုက်ပျိုးရေး ဒီပလိုမာ သင်တန်းသို့ တက်ရောက်နိုင်သည်။ စစ်ကို ဝါသနာပါ၍ စစ်ဗိုလ် လုပ်လိုပါက မေမြို့စစ်တက္ကသိုလ် သင်တန်းသို့ လျှောက်ထားနိုင်ပါသည်။ ထို့ကြောင့် ၁၀ တန်း မအောင်၍ တက္ကသိုလ်သို့ မတက်ရောက်နိုင်သော်လည်း ကျောင်းသားများအတွက် သင်ကြားခဲ့ရသည့် ပညာရေးက ဘ၀ အာမခံချက်ကို ပေးပြီးဖြစ်ပါသည်။ ထိုခေတ် ပညာရေးစနစ်က အဆင့်မြင့်ပါသည်။
သင်ကြားရေး စနစ်က အဆင့်အလိုက် တတ်အောင်သင်သော စနစ်ဖြစ်ပြီး ပုံသေကားချပ် သင်ပေးသော စနစ်မဟုတ်၊ ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း မိမိတို့ သင်ပေးနေသော ဘာသာရပ်ကို ကျွမ်းကျင်စွာ တက်မြောက်သဖြင့် ကျောင်းသားများ နားလည် သဘောပေါက်အောင် သင်ပေးသော စနစ်ဖြစ် သည်။ ထို့ကြောင့် ၇ တန်း အောင်ပြီး၍ ၁၀ တန်းရောက်သော ကျောင်းသားများသည် ၁၀ တန်း အဆင့်အထိ တတ်သိ နားလည်ရမည့် ပညာရပ်များကို ကောင်းစွာ တတ်ကျွမ်းပြီး ဖြစ်ပါ၍ ဖော်ပြပါ အလုပ်များကို လုပ်ကိုင်နိုင်သည့် အရည်အချင်းရှိ ပုဂ္ဂိုလ်များ ဖြစ်လာပါတော့သည်။
ကျနော်တို့ ကျောင်းသားဘဝက ၁၀ တန်းရောက်သည်အထိ ဆရာဝန် ဖြစ်ရမည်၊ အင်ဂျင်နီယာ ဖြစ်ရမည်ဟု ရည်မှန်းချက် မရှိပါ။ ကျောင်းတက်၍ စာသင်ရခြင်းကို ပညာရှာဖွေခြင်း ဟူ၍သာ နားလည်ပါသည်။ ဘဝရှေ့ရေး အတွက် သိပ်မစဉ်းစားပါ။ ဆိုခဲ့ပြီးသည့် အတိုင်း ၁၀ တန်း အရောက်မှာတော့ ဘဝအာမခံချက်က အထိုက်အလျောက် ရရှိပြီး ဖြစ်သည်။
ကျောက်ရိုင်းများနှင့် တူသော ကျောင်းသားများကို အဖိုးတန် ကျောက်များ ဖြစ်အောင် ဆရာလုပ်သူက သွေးပေးရသည်။ ဆရာ၏ အရည်အချင်း၊ စေတနာနှင့် ကျောင်းသားတို့၏ ပင်ကိုယ်ဗီဇ ပေါင်းစပ်၍ ကျောက် အမျိုးအစား ပေါ်ထွက်လာပါသည်။ ထို့ကြောင့် ကျောင်းသားများ၏ ပင်ကိုယ်ဗီဇနှင့် စိတ်ပါဝင်စားရာ ဝါသနာတို့ မှန်မှန်ကန်ကန် ပေါ်ထွက်လာရေးမှာ ကျောက်သွေး ဆရာများ ဖြစ်ကြသော ဆရာတို့သည် အဓိက အရေးပါသူများ ဖြစ်၍ မည်သည့် ပညာရေးစနစ်ကို ကျင့်သုံးသည် ဖြစ်စေ၊ စနစ်ကြီးကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ ကျောင်းသားများ ထူးချွန်လာစေရန် ဆရာသည် ပညာရေး၌ နံပါတ် ၁ အရေးကြီးသူများ ဖြစ်ကြပါသည်။
(ရန်ကုန် အခြေစိုက် သမိုင်းဆရာ စိုင်းခမ်းမိုင်းသည် ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြအဖြစ် လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။ နိုင်ငံခြား တက္ကသိုလ် တချို့တွင် သုတေသီ ပညာရှင် အဖြစ်လုပ်ကိုင်ခဲ့သည်။)